← Chapters

နတ်ဘုရား နည်းစနစ်များ တိုက်ခိုက်မှု

Vol. 151 Ch. 2152

နတ်ဘုရား နည်းစနစ်များ တိုက်ခိုက်မှု

Vol. 151 Ch. 2152

မျက်မမြင်ထျယ်ထံမှ ထုတ်လွှတ်နေသော တိုက်ပွဲဆန္ဒကို ခံစားမိသည့်အခါ မုယွင်လန်က ကောင်းကင် အမြင့်သို့ ဆုတ်ခွာသွားခဲ့သည်။ သူ၏ ရွှေရောင်အကြည့်များက အောက်ဘက်သို့ ကျဆင်းလာပြီး မျက်မမြင်ထျယ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ခင်ဗျားရွာကို ပြန်ပြီးနောက် ဘယ်လောက်တိုးတက်လာတယ်ဆိုတာ ကြည့်ကြရအောင်။"

ဘန်း...

မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်သို့ ထိုးတက်သွားပေသည်။ သူက မုယွင်လန်၏ ရှေ့တွင် ထွက်ပေါ်လာခဲ့၏။ သူတို့ နှစ်ယောက်က မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး အချင်းချင်း စိုက်ကြည့်နေခဲ့သည်။ ချက်ချင်းပင် နတ်အလင်းများက တောက်ပလာပြီး မြင်ကွင်းက ကြောက်မက်ဖွယ်ပင် ဖြစ်လေသည်။

တောက်ပသည့် နတ်သဘာဝ ဖြစ်စဥ်တစ်ခုက မုယွင်လန်၏ အနောက်တွင် ထွက်ပေါ်လာခဲ့သည်။ သူ၏ အထက် ကောင်းကင်တွင် လောက တစ်ခုသဏ္ဌာန်ပုံ ပေါ်လာပေသည်။ ကြီးမားလှသော ရွှေတောင်ပံခွန်ပန်ငှက်ကြီးက လောက၏ အုပ်စိုးသူ ဖြစ်လာပုံ ရလေသည်။ ၎င်းသည်   နတ်ဆိုးအားလုံးကို အောင်နိုင်သည့် ဘုရင်တစ်ပါးသဖွယ် ဖြစ်ပေသည်။ ရွှေတောင်ပံခွန်ပန်ငှက်၏ နတ်အလင်းတို့ လွှမ်းခြုံသွားသည့် နေရာတိုင်းတွင် အရာအားလုံးက မှေးမှိန်သွားပုံ ပေါ်လေသည်။

ရွှေရောင်အလင်းတန်းများက ပြိုင်ဘက်ကင်းလှသည့် အရှိန်နှင့် ကောင်းကင်တစ်ခွင်ကို ဖြတ်ပြေးသွားခဲ့သည်။ ချက်ချင်းပင် ရွှေတောင်ပံခွန်ပန်ငှက်၏ အရိပ်က မျက်မမြင်ထျယ်နှင့် အလွန် နီးကပ်လာခဲ့သည်။ ၎င်း၏ ရွှေရောင်ခြေသည်းများက လေဟာနယ်ကို စုတ်ဖြဲလိုက်ပြီး မျက်မမြင်ထျယ်ကို တိုက်ရိုက်ကုပ်ဆွဲလာခဲ့၏။ ၎င်း၏ အရှိန်က မည်သူမှ တုံ့ပြန်ချိန်ပင် မရလောက်အောင် အလွန် လျင်မြန်လှသည်။ အရာအားလုံးသည် စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။

မျက်မမြင်ထျယ်က အရာအားလုံးကို မမြင်နိုင်လျှင်ပင် သူ၏ အာရုံက အလွန် ထက်ရှပေသည်။ တောက်ပသည့် အလင်းတန်းများ ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ ရွှေတောင်ပံခွန်ပန်ငှက်ကြီးက အလင်းတန်းများကို ရိုက်ခတ်လိုက်ပြီး ၎င်းတွင် အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း ရွှေတောင်ပံခွန်ပန်ငှက်၏ အရိပ်က အလင်းတန်းများကို ချိုးဖျက်နိုင်ခြင်း မရှိပေ။ ရှင်းလင်းစွာပင် ၎င်း၏ တိုက်ခိုက်မှုက စွမ်းအားနည်းပါးနေဆဲ ဖြစ်ပေသည်။

မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလိုက်လျှင် ရွှေတောင်ပံခွန်ပန်ငှက်ကြီးက ကွဲကြေကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ မျက်မမြင်ထျယ်၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်သော နတ်အလင်းများ ထွက်ပေါ်လာသည်။ အသင်္ချေအလင်းကျောက်တိုင်များက ကောင်းကင်ထက်မှ ကျဆင်းလာ၏။ ဆင်တူသော နတ်သဘာဝဖြစ်စဥ်တစ်ခုက မျက်မမြင်ထျယ်၏ နောက်တွင် ဖြစ်ပေါ်လာပေသည်။ လက်ထဲတွင် နတ်ဘုရားတူတစ်လက် ကိုင်စွဲထားသော မြင့်မားထည်ဝါသော စစ်နတ်ဘုရားတစ်ပါး ပေါ်ပေါက်လာကာ မတုန်မလှုပ် ရပ်နေခဲ့သည်။ စစ်နတ်ဘုရားသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ တောက်ပနေပြီး ခြိမ်းခြောက်နိုင်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

နတ်သဘာဝဖြစ်စဥ်၏ အလယ်တွင် မျက်မမြင်ထျယ်၏ မရေတွက်နိုင်သော ပုံရိပ်ယောင်များကို မြင်တွေ့ရပေသည်။ ပုံရိပ်ယောင်တစ်ခုချင်းစီသည် ရွှေရောင်နတ်ရောင်ဝါတို့ကို ထုတ်လွှတ်နေပြီး နတ်ဘုရားတူကို ကိုင်စွဲထား၏။ ကောင်းကင်တစ်ခွင်တွင် မျက်မမြင်ထျယ်က အကြွင်းမဲ့ အုပ်စိုးသူတစ်ယောက်ဟု ထင်မှတ်ရပေသည်။

ထိုအချိန်တွင် စူးရှကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။ ရွှေတောင်ပံခွန်ပန်ငှက်၏ ခန္ဓာကိုယ်က ကျယ်ပြန့်လာပြီး ကျန်း ၁၀၀ ထက်ပို၍ ရှည်လျားလာခဲ့သည်။ ၎င်းသည် အဆုံးမဲ့လေဟာနယ် အောက်တွင် တောင်ပံကို ဖြန့်ကျက်ကာရံထားသည့် နတ်ငှက်တစ်ကောင်နှင့် အလားသဏ္ဌာန်တူပေသည်။ လူအုပ်ကြီးက ခေါင်းကို မော့၍ ကြည့်လိုက်သည့်အခါ သူတို့အားလုံးက ရွှေတောင်ပံခွန်ပန်ငှက်ကြီး၏ မျက်နှာကို မြင်နိုင်ပေသည်။

ရွှေတောင်ပံခွန်ပန်ငှက်ကြီးက ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး ချက်ချင်းပင် မရေတွက်နိုင်သော ရွှေရောင်အလင်းများက ကောင်းကင်နှင့်မြေကြီးအတွင်း လှုပ်ရှားလာပေသည်။ ရွှေရောင်အလင်းများတွင် နဂါးများနှင့် ဖီးနစ်တို့ကိုပင် သတ်ဖြတ်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားများ ပါဝင်နေသည်။ ရွှေတောင်ပံခွန်ပန်ငှက်၏ ပုံရိပ်ယောင်များသည် ကောင်းကင်တွင် မျောလွင့်နေပြီး ၎င်းတို့က မျက်မမြင်ထျယ်ထံသို့ တစ်ပြိုင်တည်း တိုးဝင်သွားလေသည်။ ထိုမြင်ကွင်းက ခမ်းနားထည်ဝါလှသည်။

မျက်မမြင်ထျယ်က သူ့ပြိုင်ဘက်ကို ရင်ဆိုင်လိုက်ကာ ခေါင်းကို အနည်းငယ် မော့လိုက်သည်။ သူက မည်သည်တို့ ဖြစ်ပျက်နေသည်ကို မမြင်နိုင်လျှင်ပင် ပြိုင်ဘက်ကင်း နတ်ရောင်ဝါများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် သူ့အနောက်မှ စစ်နတ်ဘုရားနှင့် တသားတည်း ဖြစ်သွားကာ နတ်ရောင်ဝါများကို ထုတ်လွှတ်လာ၏။ မျက်မမြင်ထျယ်က သူ့လက်များကို မ လိုက်လျှင် စစ်နတ်ဘုရားကလည်း သူ့အတိုင်း လိုက်လုပ်လိုက်သည်။ ထို့နောက် သူက လက်မောင်းကို လွှဲယမ်း၍ အောက်ဘက်သို့ ခုတ်ချလိုက်လေသည်။

ချက်ချင်းပင် အမျိုးမျိုးသော ရွှေရောင်ပုံရိပ်ယောင်များက ကောင်းကင်တွင် ပေါ်ပေါက်လာပြီး သူတို့၏ နတ်တူများကို တပြိုင်တည်း လွှဲယမ်းလာ၏။ သူတို့က အဆုံးမဲ့ အလင်းများ စီးဆင်းနေသည့် တူများကို ရန်သူများထံ ဝှေ့ယမ်းလိုက်သည်။ ခြောက်ခြားဖွယ်ရာ တုန်ခါသံများ ထွက်ပေါ်လာသည်။ တိုက်ပွဲက သူတို့ထံမှ ဝေးကွာနေလျှင်ပင် တန်ခိုးရှင်များသည် ဖွင့်ဆို၍မရအောင် လေးလံသည့် မွန်းကြပ်ဖွယ် ဖိအားကို ခံစားမိပေသည်။ သူတို့အထက်မှ ကောင်းကင်က အစွမ်းထက် တန်ခိုးရှင်နှစ်ယောက်၏ သိမ်းပိုက်ခြင်းကို ခံထားရကာ စစ်မြေပြင်တစ်ခု ဖြစ်လာပေသည်။

ကောင်းကင်ထက်တွင် သူတို့၏ အကြိမ်ကြိမ် တိုက်ခိုက်နေမှုများကြောင့် ကောင်းကင်နှင့် မြေကြီးက အော်မြည်လာနေ၏။ အဆုံးမဲ့စီးဆင်းနေသော အလင်းများက ဖျက်ဆီးခံလိုက်ရပြီး သူတို့အနီးမှ အရာအားလုံးက အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပေသည်။ လေဟာနယ်က အရူးအမူး ပြိုကျလာသည်။ ဖျက်ဆီးခြင်းမုတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အောက်ဘက်ရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။ ၎င်းသည် ရန်ဟောင်များစွာကို သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် စွမ်းအားများ ထုတ်လွှတ်လိုက်ရစေသည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ ကောင်းကင်ထက်မှ တိုက်ပွဲကို မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်များကို ဆက်ခံခဲ့ကြပြီး ထိုသည်မှာ ရွှေတောင်ပံခွန်ပန်ငှက်နည်းစနစ်နှင့် စောင့်ရှောက်သူနတ်ဘုရားတူတို့ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က တူညီလုနီးပါးပင် ဖြစ်သည်။ ရီဖူရှင်းသည် မည်သူက ပို၍ အားကောင်းသည်ကို မသိပေ။

သနားညှာတာမှုကင်းမဲ့လှသည့် တိုက်ခိုက်မှုကို ကြည့်ရင်း မုယွင်လန်၏ အမူအရာက မပြောင်းမလဲရှိနေပုံရသည်။ သူ့မျက်လုံးများက တည်ငြိမ်နေပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ ကောင်းကင်ထက်တွင် မရေတွက်နိုင်သော အလင်းတန်းများက တောက်ပသော ပုံရိပ်များမှ ထိုးထွက်လာခဲ့သည်။ ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင်ချင်းစီသည် ဖျက်ဆီး၍မရနိုင်သော ရွှေရောင်ဓားသွားများ ဖြစ်လာသည်။

မုယွင်လန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မရေတွက်နိုင်သော အလင်းတန်းများက ချက်ချင်း ရှေ့သို့ တိုးဝင်သွားသည်။ ၎င်းသည် ကမ္ဘာအဆုံးသတ် ကျရောက်လာတော့မလို ထင်မှတ်ရပေသည်။

မျက်မမြင်ထျယ်၏ ပုံရိပ်ယောင်များစွာက ရွှေရောင်နတ်ဘုရားတူများကို ဆက်လက်ဝှေ့ယမ်းနေခဲ့သည်။ သို့သော် အဆုံးမဲ့အလင်းတန်းများက သူ၏ ပုံရိပ်ယောင်များကို ဆက်လက် ချေမွဖျက်ဆီးပစ်နေကာ မျက်မမြင်ထျယ်ထံသို့ ဆက်လက်တိုးဝင်လာပေသည်။

မျက်မမြင်ထျယ်က ထိုစွမ်းအားကို ခံစားမိလိုက်သည့်အခါ သူက လက်နှစ်ဖက်လုံးကို တစ်ချိန်တည်း မြှောက်လိုက်၏။ မရေတွက်နိုင်သော နတ်ရောင်ဝါများက နတ်ဘုရားကဲ့သို့ ပုံရိပ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ သူက နတ်ဘုရားတူကို ဝှေ့ယမ်းလိုက်ကာ ၎င်းကို ရှေ့မှ လေဟာနယ်အား ရိုက်ခတ်လိုက်ပြီး ထိုလေဟာနယ်အား ဖိနှိပ်ထားလိုက်သည်။

ဘုန်း.....

နတ်ဘုရားတူက ကျဆင်းလာပေသည်။ အရာအားလုံးနီးပါးက ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေသည်။ ရွှေတောင်ပံခွန်ပန်ငှက်များမှ ထွက်ပေါ်လာသော အဆုံးမဲ့ ရွှေရောင်အလင်းများကလည်း ​ဖျက်ဆီးခံလိုက်ရပေသည်။ အညှာတာ ကင်းမဲ့သော စွမ်းအားများက ချက်ချင်းပင် မုယွင်လန်ရှိနေသည့်နေရာသို့ ကျဆင်းလာလေသည်။

မုယွင်လန်က သူ့နောက်ကျောရှိ နတ်တောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သည်။ သူက ချက်ချင်းပင် အလင်းတန်းတစ်ခု ဖြစ်လာပြီး မူလနေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်ထက် ထိုးတက်သွားလေသည်။

ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေ၏။ ထိတ်လန့်အံ့သြဖွယ် လှိုင်းတစ်ခုရ အပြင်ဘက်သို့တိုင် ဖြန့်ကျက်လာသည်။ သို့သော် မုယွင်လန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဖြစ်လေသည်။ သူက ကောင်းကင်အမြင့်တစ်နေရာ၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ နတ်ရောင်ဝါများ ဖုံးလွှမ်းထားရင်းနှင့် သူက အောက်ဘက်ရှိ မျက်မမြင်ထျယ်ကို ငုံ့ကြည့်နေဆဲ ဖြစ်သည်။

သူတို့၏ ယခု တိုက်ခိုက်မှုမှ မုယွင်လန်သည် ရိုးရှင်းသော တိုက်ခိုက်မှုမျိုးနှင့် မျက်မမြင်ထျယ်အား ရင်ဆိုင်ရန် မဖြစ်နိုင်သည်ကို နားလည်သွားပေသည်။ သူ့ပြိုင်ဘက်၏ စွမ်းရည်က ယိုယွင်းမသွားဘဲ အားကောင်းနေဆဲ ဖြစ်သည်။ ထိုသည်မှာ သူ့ကဲ့သို့ပင် နတ်ဘုရားနည်းစနစ်ကို ဆက်ခံကာ ရွာမှထွက်ခွာသွားခဲ့သည့် တန်ခိုးရှင်တစ်ယောက်၏ စွမ်းအားပင် ဖြစ်သည်။

မုယွင်လန်ထံမှ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ကြည့်ရသည်မှာ နတ်ရောင်ဝါအလင်းတို့က အဝေးသို့တိုင် ထိုဖောက်သွားပုံရလေသည်။ နတ်ရောင်ဝါများက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံကာ သူ၏ မဟာလမ်းစဥ်နယ်မြေတစ်ခု ဖွဲ့တည်လာစေ၏။ လွှမ်းမိုးနိုင်သော ရွှေတောင်ပံခွန်ပန်ငှက် ပန်းချီမြင်ကွင်းက အစစ်အမှန်လောကတွင် ပေါ်ပေါက်လာပုံရလေသည်။ အလင်းတန်းများကျဆင်းလာပြီး အက်ကြောင်းများကလည်း ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ လေဟာနယ်က အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရကာ လေဟာနယ်ကိုပင် ကွဲအက်သွားစေသည်။

ဘုန်း...

ရွှေရောင်နတ်တောင်ပံများက ဖြန့်ကျက်လာပြီး နေမင်းကိုပင် ဖုံးကွယ်ထားခဲ့သည်။ စူးရှသော အော်မြည်သံနှင့် မုယွင်လန်၏ ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူက ချက်ချင်းပင် ရွှေတောင်ပံခွန်ပန်ငှက်နှင့် တသားတည်းဖြစ်လာပြီး နတ်ငှက်ကြီး ဖြစ်လာသလိုပင်။ ဤရွှေတောင်ပံခွန်ပန်ငှက်က လူသားမျက်နှာရှိသော်လည်း ငှက်တစ်ကောင်၏ ခန္ဓာကိုယ်ရှိပေသည်။ ၎င်း၏ တောင်ပံများက ကောင်းကင်ကို ပိတ်ဆို့ကာဆီးထားကာ ၎င်း အကြည့်များက လေဟာနယ်ကို ထိုးဖောက်ကာ မျက်မမြင်ထျယ်အား စိုက်ကြည့်လိုက်သည်။

မုယွင်လန်က ယခုမှသာ သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ပြသလာသည်။

ကြီးမားလှသော ရွှေတောင်ပံခွန်ပန်ငှက်ကြီးက ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း ကောင်းကင်ကို ဖြတ်သန်းသွားလာနေကာ လေဟာနယ်ကို အရူးအမူး ဖျက်ဆီးနေသည်။ ချက်ချင်းပင် လေဟာနယ်အတွင်း၌ မဟာလမ်းစဥ်အက်ကြောင်းများ ပေါ်ပေါက်လာသည်။ ငှက်က ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဟုန်နှင့် မျက်မမြင်ထျယ်ထံ ပျံသန်းသွားလေသည်။ ငှက်က သူ့ကို ရိုက်ခတ်လာသည့်အခါ သူ့ခန္ဓာကိုယ်က ဖျက်ဆီးခံရလုနီးပါး ဖြစ်လာပေသည်။

'ဒါက ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းနည်းစနစ်ပဲ' ဟု  ကောင်းကင်ထက်မှ တိုက်ပွဲကို ကြည့်နေရင်း ရီဖူရှင်းက တွေးလိုက်ပေသည်။ ထိုသို့သော အစွမ်းထက်လှသည့် တိုက်ခိုက်ရေးနည်းပညာနှင့် ရင်ဆိုင်တွေ့ရသည့်အခါ ထိုနေရာတွင် စောင့်ကြည့်နေသော ပုဂ္ဂိုလ်ကြီးများထဲမှ အချို့သာ တောင့်ခံနိုင်ပေသည်။

မျက်မမြင်ထျယ်သည်လည်း ခြိမ်းခြောက်မှုကို ခံစားမိပေသည်။ သူ့ခန္ဓာကိုယ်က စစ်နတ်ဘုရား ခန္ဓာနှင့် ပေါင်းစပ်သွားကာ အစစ်အမှန် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာပေသည်။ သူက လက်ကို ဆန့်ထုတ်ကာ အဆုံးမဲ့ နတ်ရောင်ဝါများကို စုစည်းလိုက်ပြီး စောင့်ရှောက်သူ နတ်ဘုရားတူကို သဏ္ဌာန်ဖြစ်တည်လာစေသည်။ ကောင်းကင်ထက်မှ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်ရောင်ဝါ အလင်းတန်းတို့ ဖြာကျနေပြီး ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေ၏။ ထိုစွမ်းအားက တဖြေးဖြေး ကြီးထွားလာပြီး ကောင်းကင်၏ စွမ်းအားများပင် သူ့ခန္ဓာကိုယ်သို့ ပေါင်းစပ်လာသလို ထင်မှတ်ရပေသည်။

ဘုန်း.....

စစ်နတ်ဘုရားက သူ၏ လက်ကို မြှောက်ကာ နတ်ဘုရားတူကို လွှဲယမ်းလိုက်ပြီး ကောင်းကင်၌ ပြင်းထန်သော တုန်ခါသံများ ထုတ်ဖော်ပြသလာသည်။ ကောင်းကင်၏ မဟာလမ်းစဥ်က ပြင်းထန်စွာ တုန်ခါလာသလို ထင်မှတ်ရသည်။ စစ်နတ်ဘုရားအား ရည်ရွယ်လာသော တိုက်ခိုက်မှုအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ မည်သည့် မဟာလမ်းစဥ် စွမ်းအားမှ သူ့ခန္ဓာကိုယ်အနီး ရောက်လာလိမ့်မည် မဟုတ်ပေ။

စောင့်ရှောက်သူနတ်ဘုရားတူက နတ်ပြည်ထောင်အတွင်းမှ ပရမ်းပတာဖြစ်မှုများအား ဖိနှိပ်နိုင်စွမ်းရှိသည်။ ၎င်းက အကြွင်းမဲ့ ပြိုင်ဘက်ကင်း စွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းက ကောင်းကင်ကိုလည်း ဖျက်ဆီးပစ်နိုင်ပေသည်။

အရောင်စုံအလင်းများနှင့် ဖုံးလွှမ်းခံထားရသော မျက်မ​မြင်ထျယ်မှ အသွင်ပြောင်းထားသော စစ်နတ်ဘုရား၏ ပုံရိပ်သည် လက်နှစ်ဖက်နှင့် နတ်ဘုရားတူကို မ,လိုက်သည်။ ကောင်းကင်တွင် နောက်ထပ် ကြီးမားသော နတ်ဘုရားတစ်ပါး၏ ပုံရိပ် ပေါ်ပေါက်လာ၏။ ထိုနတ်ဘုရားသည် ၎င်း၏ စွမ်းအားများကို မျက်မမြင်ထျယ်ထံသို့ ပေးအပ်ထားပုံရကာ ထို့ကြောင့်ပင် မျက်မမြင်ထျယ်က ဖျက်ဆီးခြင်းနတ်ဘုရားတူကို လွှဲယမ်းနိုင်ပေသည်။

ဘုန်း...

ကောင်းကင်ထက်တွင် မဟာလမ်းစဥ်က ကြေမွပျက််စီးကာ လေဟာနယ်အတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ ၎င်းသည် မဟာလမ်းစဥ်နယ်မြေ၏ ပျက်စီးခြင်းပင် ဖြစ်သည်။ ပြိုင်ဘက်ကင်းစွမ်းအားနှင့် နတ်ဘုရားတူက ရွှေတောင်ပံခွန်ပန်ငှက်ထံသို့ အင်အားအပြည့်နှင့် လွှဲယမ်းလိုက်သည်။ နတ်ဘုရားတူ၏ စွမ်းအားက လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံသွားပေသည်။ ရွှေတောင်ပံခွန်ပန်ငှက်က ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့သလိုပင်။

ထိုအချိန်၌ မုယွင်လန်သည်ပင် တူ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်နိုင်ဘဲ ရှောင်တိမ်းရန် လိုအပ်ပေသည်။ လျှပ်စီးကဲ့သို့သော အရှိန်နှင့် ရွှေတောင်ပံခွန်ပန်ငှက်ကြီးက နေရာပြောင်းရွှေ့သွား၍ လေဟာနယ်အား ဖျက်ဆီးကာ စစ်နတ်ဘုရားထံသို့ တိုးဝင်သွားလေသည်။

သို့သော် မျက်မမြင်ထျယ်၏ နတ်ဘုရားတူက လျင်မြန်စွာ ဦးတည်ရာ ပြောင်းလဲသွားပြီး ၎င်းပြိုင်ဘက်နောက်မှ လိုက်ကာ ပုံရိပ်များစွာ ချန်ရစ်ခဲ့ပေသည်။ မိုးခြိမ်းသံကဲ့သို့ တုန်ခါသော အသံများနှင့်အတူ နတ်ဘုရားတူနှင့် ရွှေတောင်ပံခွန်ပန်ငှက်က ကောင်းကင်တွင် ထိပ်တိုက်တွေ့ဆုံသွားပေသည်။

ဘန်း..

ကျယ်လောင်သော အသံနှင့်အတူ နတ်ဘုရားတူမှ လေပွေတစ်ခု ဖြစ်ပေါ်လာစေကာ ရွှေတောင်ပံခွန်ပန်ငှက်အား နောက်သို့ ဆုတ်ခွာသွားစေသည်။ တစ်ချိန်တည်းတွင် ခြိမ်းခြောက်နိုင်သော ကောင်းကင်ခွင်းအလင်းက အောက်သို့ ထိုးတကဆင်းလာပြီး စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ရစ်ထားခဲ့သည်။

လေပွေများက ကောင်းကင်ထက်တွင် ထိန်းချုပ်မှုကင်းမဲ့စွာ အော်မြည်နေ၏။ ကောင်းကင်အထက်တစ်နေရာတွင် ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင်၏ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး မရေတွက်နိုင်သော ကောင်းကင်ခွင်းအလင်းများ ဖြစ်တည်လာစေသည်။ တစ်ချိန်တည်းတွင် မုယွင်လန်၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်ကို ဖြတ်သန်းသွားခဲ့သည်။

မျက်မမြင်ထျယ်က ၎င်းကို မမြင်နိုင်သော်လည်း သူက နတ်ဘုရားတူကို တည်ငြိမ်စွာ ​ဝှေ့ယမ်းလိုက်သည်။ သူ့အနီးတွင် မရေတွက်နိုင်သော ပုံရိပ်ယောင်များ ဖြစ်ပေါ်လာပေသည်။ စောင့်ရှောက်သူ၏ နတ်ဘုရားတူကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်နှင့် မြေကြီးက တုန်ခါလာပြီး ကောင်းကင်တစ်ခွင်လုံးကို ထိုကြီးမားလှသော စွမ်းအားက ဖိနှိပ်လိုက်လေသည်။

သူတို့နှစ်ယောက်က တစ်ဖန် တွေ့ဆုံသည့်အခါ လူအုပ်ကြီးသည် ရွှေတောင်ပံခွန်ပန်ငှက်နှင့် စစ်နတ်ဘုရားတို့ တိုက်ခိုက်နေကြသည်ဟု ခံစားမိလိုက်ပေသည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်သောအခါ ပြိုင်ဘက်ကင်း စွမ်းအားများ ပါဝင်နေပေသည်။ ရွှေတောင်ပံခွန်ပန်ငှက်ကြီးက လျင်မြန်လှသော အရှိန်နှုန်းကို ပိုင်ဆိုင်ထားသလို မျက်မမြင်ထျယ်ကလည်း ကြီးမားလှသော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

ရီဖူရှင်းက တိုက်ပွဲကို စူးစမ်းလိုက်ပြီးနောက် မုယွင်လန်သည် မျက်မမြင်ထျယ်အား လှုပ်ခါရန် မဖြစ်နိုင်သည်ကို သိရှိလိုက်သည်။ မျက်မမြင်ထျယ်က မမြင်နိုင်သော်လည်း သူသည် ပို၍ပင် တည်ငြိမ်ကာ ပြင်းထန်သော ခုခံမှုကို ထုတ်လွှတ်လိုက်သည်။ သူက ထိုနေရာတွင် ရပ်နေကာ လှုပ်ခတ်၍ မရနိုင်သော နတ်ဘုရားတစ်ပါးသဖွယ် ရပ်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မုယွင်လန်ထက် အနည်းငယ် ပိုမြင့်မားပေသည်။

"သူအရမ်းအစွမ်းထက်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့မိဘူး။" သွမ့်ချုံးက အံ့အားတသင့်နှင့် မှတ်ချက်ပေးလိုက်သည်။ ယခင်က သူသည် မျက်မမြင်ထျယ် အပြင်လောက၌ ရှိနေစဥ်အခါက အကြောင်းများကို ကြားဖူးခဲ့သည်။ နောက်ပိုင်းတွင် မျက်မမြင်ထျယ်က အခြားလူများ၏ တိုက်ခိုက်မှုကိုခံခဲ့ရပြီး ရွာသို့ ပြန်ရောက်လာပေသည်။ ယခု သူ တစ်ဖန်ထွက်ပေါ်လာသည့်အခါ ယခင်ကထက် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပေသည်။

မျက်မမြင်ထျယ်က ရွာအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သူက ပန်းပဲထုခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ သူက သူ၏ ကျင့်ကြံခြင်းပေါ် မမှီခိုသော်လည်း သူ့နည်းစနစ်က ပို၍ပင် အစွမ်းထက်လာပေသည်။ သူ၏ စောင့်ရှောက်သူနတ်ဘုရားတူက ပို၍ပင် သန့်စင်ကာ ချို့ယွင်းချက်ကင်းလာပေသည်။

မုယွင်ရှုက သူ့အစ်ကိုကြီး မျက်မမြင်ထျယ်အား အလဲမထိုးနိုင်သည်ကို မြင်သည့်အခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ဤမျက်မမြင်ရ ရွာထဲ၌ သူ၏ စွမ်းရည်ကို မည်သည့်အခါကမှ ထုတ်ဖော်ပြသဖူးခြင်း မရှိပေ။ လူအများသည် သူက ကျင့်ကြံခြင်း ဖျက်ဆီးခံရပြီး မကျင့်ကြံနိုင်တော့ဟု ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် သူက အလွန် အစွမ်းထက်နေဆဲ ဖြစ်ပြီး ယခင်ကထက်ပင် ပိုအစွမ်းထက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

"အစ်မကြီး သူ့ကို သတ်ဖို့ ကူညီပေးနိုင်မလား။" မုယွင်ရှုက သူ့ဘေးမှ နန်ဟိုင်ချန်းရွှယ်ကို မေးလိုက်သည်။ နန်ဟိုင်ချန်းရွှယ်သည်လည်း အစွမ်းထက်ကာ ကျော်ကြားသူတစ်ယောက် ဖြစ်သည်။ သူမက နန်ဟိုင်မိသားစု၏ ဂုဏ်ယူရသော ကောင်းကင်သမီးတော်တစ်ပါး ဖြစ်လေသည်။ သူမ၏ စွမ်းရည်များက ထူးချွန်ထက်မြက်လှပြီး ချို့ယွင်းချက်ကင်းမဟာလမ်းစဥ်နှင့် အဆင့်ခုနစ် ကျင့်ကြံခြင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ယခု မုယွင်လန်နှင့် မုယွင်ရှုတို့က နန်ဟိုင်မိသားစု၏ တောက်ပသော အနာဂတ်များ ဖြစ်လေသည်။ သူတို့သည် အလွန် ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်လာနိုင်သည်။ နန်ဟိုင်မိသားစု၏ မူလဇာစ်မြစ်က အဆင့်မြင့်ကောင်းကင်သုံးလွှာမှ ဖြစ်ပြီး အစွမ်းထက်စွမ်းရည်များ ရှိသည်ကိုပါ ထပ်ပေါင်းလျှင် သူတို့က ရှန်ချင်းနယ်မြေ၏ ထိပ်ဆုံးသို့ တက်သွား၍ အားအကောင်းဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။

***

All Chapters