← Chapters

တစ်ဖက်လပ် တင်းကျန်း

Vol. 36 Ch. 491

တစ်ဖက်လပ် တင်းကျန်း

Vol. 36 Ch. 491

“ဟင်?”

ဟုန်ချန်ယဲ့သည် ခေါင်းကိုလှည့်ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အံ့သြရိပ်ပေါ်လာသည်။

“ငါက မင်းကို ဒုက္ခပေးဖို့ အတွေးမရှိပါဘူး။ ဒါပေမဲ့မင်းက သေဖို့ကို အဲ့လောက်တောင် စိတ်စောနေတာလား?"

မူလက ဟုန်ချန်ယဲ့သည် လီထန်းမြို့ကို စိတ်လည်းမဝင်စားလှသောကြောင့် ကိုယ့်လမ်းကိုယ်ဆက်သွားဖို့သာ အစီအစဥ်ရှိ၏။ ဤစစ်ဆင်ရေးတစ်ခုလုံးအား အခြားသူတစ်ဦးမှ ကြိုးကိုင်ထားခြင်းကြောင့်ဖြစ်သောကြောင့် သူတာဝန်ယူရန်လည်း မလိုအပ်ပေ။

သို့သော်လည်း သူထွက်ခွာတော့မည့်အချိန်တွင်မှ လီထန်းမြို့မှ ကျင့်ကြံသူများက တိုက်ခိုက်သတ်ဖြတ်ရန် အော်ဟစ်စိန်ခေါ်လာကြသည်။

နဂိုကတည်းက စိတ်မြန်လက်မြန်ရှိသူတစ်ဦးအနေဖြင့် တိုက်ပွဲစိန်ခေါ်သံအား မည်သို့သည်းခံနိုင်မည်နည်း။

ကွေ့ကျန်းချုံတို့ နတ်ဆိုးစစ်တပ်သာမက လီထန်းမြို့မှ ကျင့်ကြံသူများပါ တုန်လှုပ်သွားကြသည်။

“အရှင်တင်း စိတ်ရှုပ်ထွေးနေတယ်ထင်ပါတယ်"

“အဲ့ဒီလူက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သွေးနီနတ်ဆိုးနော်၊ တာအိုဂိုဏ်း မဟာမိတ်တပ်ကို တစ်ယောက်တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တဲ့လူ၊ ရက်စက်တဲ့နေရာမှာ နာမည်ကြီးပဲ"

" သူ့ကို ဘယ်လိုတောင်းသွားဆွရဲတာလဲ"

“ရာသီမလာသေးတဲ့ နွားပျိုမလေးလို စိတ်တွေမူမမှန်နေပါရော့လား"

“ဒါ၊ ဒါ…”

မိသားစုခေါင်းဆောင်များ ကြောက်လန့်တကြားဖြစ်ကုန်ကြသည်။ ကျောဘက်မှ ချွေးအေးများစီးကျလျက်သားဖြင့် အနီရောင်ဝတ်ရုံနှင့်အဖိုးကြီးအား မယုံနိုင်စွာ ပြူးကြောင်ကြောင် စိုက်ကြည့်မိနေကြ၏။

“အမြဲတမ်း စိတ်တည်ငြိမ်တဲ့ အရှင်တင်းက ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါ ဖြစ်သွားရတာလဲ။”

လူတိုင်း၏ အာရုံစိုက်ရာဖြစ်နေသော တင်းကျန်းက အဓိပ္ပာယ်ရှိသောအပြုံးတစ်ခုကို ပြသလိုက်သည်။

အခြားသူများအမြင်တွင် သူသည် သေလမ်းရှာနေသူ လူမိုက်တစ်ဦးသာဖြစ်ပေမည်။ သို့သော် သူ့တစ်ဦးတည်းသာ ဤအရာသည် တစ်သက်တာတွင် တစ်ကြိမ်သာ ရနိုင်သည့် အခွင့်အရေးဖြစ်သည်ကို သိထား၏။

မီးလျှံနတ်ဆိုးဂိုဏ်းမှ ရက်အတန်ကြာ ဝိုင်းရံထားချိန်တွင် သူသည် တစ်ချိန်လုံး စောင့်ကြည့်လေ့လာ၍သာနေခဲ့သည်။ အကြောင်းမှာ ထိုလူများသည် သူ၏ အဖိုးတန်လက်နက်ကို အသုံးပြုရန် မထိုက်တန်သောကြောင့်ပင်။

သို့သော် ယခုမူ သွေးနီနတ်ဆိုး ကိုယ်တိုင်က မြို့ကို တိုက်ခိုက်ရန် ပေါ်လာခဲ့ပြီ။ ထိုရတနာကိုလည်း အသုံးပြုချိန်တန်လေပြီ။

တင်းကျန်း မသိခဲ့သည်မှာ တစ်ဖက်လူသည် မူလက အေးအေးဆေးဆေးသာ ထွက်ခွာရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ထိန်းချုပ်မရသော အခြေအနေတစ်ခုဆီသို့ ဦးတည်ခဲ့လေပြီ။

“ဒီအဖိုးကြီးက မြို့ထဲမှာ ဘယ်လိုရာထူးမျိုးရှိလို့လဲ?” ဟုန်ချန်ယဲ့က ကွေ့ကျန်းချုံကို မေးသည်။

ကွေ့ကျန်းချုံက လက်သီးဆုပ်ကာ အရိုအသေပြုရင်း ပြန်ဖြေသည်။ “သွေးနီဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်၊ ဒီလူက လီထန်းအရှင် တင်းကျန်းပါ။”

“လီထန်းအရှင်? ဟမ့်”

ဟုန်ချန်ယဲ့က လှောင်ပြောင်သည်။

“ကျားမရှိတော့ မျောက်ကဘုရင်လုပ်နေသပေါ့"

"မသေမျိုးအဆင့်လောက်နဲ့ ငါ့ကိုလာပြီး သတ်မယ်ဖြတ်မယ် ကြုံးဝါးရဲသေးတာလား"

“ဒီ တင်းကျန်းကတော့ စိတ်လွတ်သွားပြီထင်ပါတယ်"

“ဟေ့၊ လူအိုကြီး၊ ခင်ဗျား ကျုပ်နဲ့တိုက်ချင်တာ သေချာလား” ဟုန်ချန်ယဲ့၏ ပုံရိပ်သည် ကြယ်တံခွန်ကဲ့သို့ မြင့်တက်သွားကာ တစ်ဖက်လူနှင့် တန်းတူအမြင့်တွင် မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး မထီမဲ့မြင်ဆိုသည်။

တင်းကျန်းက သတ္တိရှိရှိတုံ့ပြန်၏။ “သွေးနီနတ်ဆိုး၊ တခြားလူတွေ မင်းကိုကြောက်ချင်ကြောက်လိမ့်မယ်။ ငါကတော့ ကြောက်စရာမရှိဘူး"

မင်းက မင်းရဲ့လက်အောက်ခံတွေကို မြို့ကိုတိုက်ခိုက်ဖို့ အမိန့်ပေးခိုင်းစေခဲ့တဲ့။ မင်းရဲ့အမိန့်စကားတစ်ခွန်းကြောင့် ငါတို့ရဲ့ မြောက်ပိုင်းလွင်ပြင်နယ်မြေမှ ရဲရင့်တဲ့လူငယ်များစွာ အလဟဿ အသက်ဆုံးရှုံးခဲ့ရတယ်။

ယနေ့၊ ငါက သူတို့အတွက် လက်စားချေတဲ့အနေနဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို ရှင်းလင်းဖယ်ရှားရလိမ့်မယ်"

သူ၏ လေသံသည် စိတ်အားထက်သန်မှုအပြည့်ဖြစ်သည်။ တံတွေးများပင် တဖတ်ဖတ်စင်ထွက်လျက်။

နှလုံးခုန်သံမှာ ဆူညံအားကောင်းကာ သွေးများက တစီစီဆူပွက်နေသည်။

အကယ်၍ သူသာ သွေးနီနတ်ဆိုးကို အမှန်တကယ် ဖယ်ရှားနိုင်ခဲ့လျှင် သူ၊ တင်းကျန်း၏ ဂုဏ်သတင်းသည် အလယ်ပိုင်းဒေသတစ်ခုလုံးကို လွှမ်းမိုးပျံ့နှံ့သွားမည်ဖြစ်ပြီး ကျင့်ကြံမှုလောက၏ သမိုင်းမှတ်တမ်းများတွင် ထာဝရ ရှင်သန်နေတော့မည်ဖြစ်၏။

“အရှင်တင်း…” လူတိုင်း ကြောင်အသွားကြသည်။ အနီရောင်ဝတ်ရုံဝတ် အဖိုးကြီး၏ ပုံမှန်မဟုတ်သော အပြုအမူကို မြင်သောအခါ သူတို့နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခု မရဲတရဲ မြင့်တက်လာကြတော့၏။

မဟုတ်မှလွဲရော ဤပုဂ္ဂိုလ်က ဖြစ်တောင့်ဖြစ်ခဲ အောင်နိုင်မှုတစ်ခုကိုများ ဖန်တီးယူနိုင်လေတော့မလား?

ထိုအချိန်တွင် အရိပ်ထဲမှ စောင့်ကြည့်နေသည့် နှင်းကျားသစ်သည် တင်းကျန်းက ထိုရတနာကို အသုံးပြုတော့မည်အား ရိပ်စားမိလာသဖြင့် ၎င်း၏မျက်လုံးများက အလင်းရောင်တစ်မျိုးဖြင့် တောက်ပလာခဲ့သည်။ ဤအခိုက်အတန့်ကို တစ်သက်လုံးစောင့်ဆိုင်းနေခဲ့ရသကဲ့သို့။

“ဆရာသခင်၊ အခြေအနေက ထိန်းချုပ်ရခက်နေပါပြီ၊ ကျွန်တော်တို့ ဝင်တားသင့်လား။” ခွင်းဖန်း၏ကျောထက်က ကျွန်းပေါ်တွင် ပွဲကြည့်နေသည့် လီဝူကျယ်က ပဋိပက္ခမြင်ကွင်းကို မြင်သောအခါ မရေမရာအမူအရာဖြင့် အနောက်မှလူငယ်ကို လှည့်မေးလိုက်သည်။

ယဲ့ကျွင်းလင်က ကရမယ်လ်အရသာရှိ ဖရဲစေ့ကို တဖျောက်ဖျောက်ခွာစားရင်း စိတ်ဝင်စားစွာ တုံ့ပြန်သည်။ "နေပါဦး ပွဲကြည့်ရအောင်"

ရှောင်ဟုန့်ကို စိန်ခေါ်ဖို့ ဒီလူ ဘယ်ကနေသတ္တိရလာသလဲဆိုတာ ငါအရမ်း သိချင်နေတယ်။”

ဘာပဲဖြစ်ဖြစ် ဟာသပြဇာတ်တစ်ခုပဲဖြစ်မှာကို အဆုံးထိ ကကြစမ်းပါစေ။

ကောင်းကင်ထက်တွင် ပုံရိပ်နှစ်ခု မျက်နှာချင်းဆိုင် ရပ်နေသည်။

“စတိုက်ပါ” ဟုန်ချန်ယဲ့၏ လေသံမှာ မထီမဲ့မြင်မှု အပြည့်ဖြစ်သည်။ သူသည် တင်းကျန်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူထားသည်မဟုတ်။

အထင်သေးခံနေရသည်ကို သိသည့် တင်းကျန်းက အနည်းငယ် လှောင်ပြောင်ရယ်မောသည်။

ထို့နောက် သူ၏ဝတ်ရုံရင်ဘတ်မှ အမတပုလဲလုံးတစ်လုံးကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

အမတပုလဲလုံး၏ မျက်နှာပြင်သည် ရေခဲပြာရောင်အလင်းဖြင့် တောက်ပနေလျက် ကြောက်မက်ဖွယ်ကောင်းသည့် အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

“ဒါက?”

လူတိုင်း၏ အာရုံစိုက်မှုသည် ချက်ချင်းပင် အမတပုလဲလုံးဆီသို့ ရောက်ရှိသွားသည်။

နှင်းကျားသစ်သည်လည်း ရုတ်တရတ် ဦးမော့လာသည်။ ၎င်း၏မျက်လုံးများက အမတပုလဲလုံးကို စူးစိုက်ကြည့်နေပြီး အသက်ရှူသံမှာ စိတ်လှုပ်ရှားသကဲ့သို့ မြန်ဆန်လာသည်။

၎င်း၏ အသိစိတ်ပင်လယ်ထဲတွင် အင်မတန်မှ စိတ်လှုပ်ရှားနေသောအသံတစ်ခု ထွက်ပေါ်လာသည်။ “ကောင်းလေစွ၊ ရေခဲဝိညာဥ် အမတပုလဲလုံး ထွက်လာခဲ့ပြီပဲ!

ငါ အရှင် လိုချင်ဆန္ဒရှိခဲ့တဲ့ ရေခဲဝိညာဥ် အမတပုလဲလုံး နောက်ဆုံးတော့ ပေါ်လာပြီ။”

ထို့နောက်။

တင်းကျန်းသည် ပုလဲလုံးထဲသို့ သူ၏မသေမျိုးစွမ်းအင်အား ထည့်သွင်းလိုက်ကာ ပုလဲလုံး၏အစွမ်းသတ္တိကို အပြည့်အဝ အသက်သွင်းလိုက်သည်။

ဒုန်းဒုန်း…

နှင်းများထူထပ်စွာ ကျဆင်းလာသည်။ မြေကြီးလည်း တုန်ခါလာသည်။

ဝှစ်!

ထိုရေခဲဝိညာဥ် အမတပုလဲလုံးသည် အဆုံးမဲ့ မသေမျိုးအလင်းတန်းဖြင့် ပေါက်ကွဲထွက်လာကာ စိတ်နှင့်ခန္ဓာကို လွှမ်းမိုးခဲသက်စေသော အအေးဓာတ်အား ယူ‌ဆောင်လာပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတိုင်းအား တိုက်စားသွားခဲ့သည်။

၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အကောင်အထည်မရှိသော လေဟာနယ်သည်ပင် အေးခဲသွားသကဲ့သို့ ခံစားရ၏။

ဤ ကြောက်မက်ဖွယ်ကောင်းသော နှင်းခဲစွမ်းအားသည် နတ်ဆိုးလမ်းစဥ် တပ်မတော်တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် အသာလေးလုံလောက်သည်။

ကောင်းကင်မသေမျိုးတစ်ပါးကို မဆိုထားနှင့်၊ သာမန် မသေမျိုးဘုရင် တစ်ပါးသည်ပင် သာမန်မဟုတ်သော ရေခဲစွမ်းအား၏ တိုက်စားမှုအောက်တွင် အေးခဲ၍ သေဆုံးသွားပေလိမ့်မည်။

“ဘုရားရေ…” ကွေ့ကျန်းချုံတို့ တပ်သားတစ်စုမှာ ကိုယ်တစ်ပိုင်းသေမတတ် ကြောက်ရွံ့သွားကြသည်။ ထို့နောက် အနီရောင်ဝတ်ရုံ အဖိုးကြီး ထိုမျှ ယုံကြည်မှုရှိနေရခြင်း၏ အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားကြသည်။

“ဟင်?”

ဟုန်ချန်ယဲ့လည်း အလွန်အံ့အားသင့်သွားသည်။ သို့သော် လျင်မြန်စွာ တန်ပြန်ခုခံဖို့ပြင်ဆင်၏။

ယခင်ကအတိုင်းဆို သူတားဆီးနိုင်လောက်မည်မဟုတ်။ သို့သော် ဒီကြားထဲ မရပ်မနားတိုးတက်လာသော ကျင့်ကြံဆင့်နှင့်အတူ စွမ်းအားအဟုန်သည်လည်း တစ်ပြိုင်နက်တည်း မြင့်တက်လာခဲ့သည်။

“ကြာနီမီးလျှံ”

ကြာပန်းနှင့်တူသော မီးလျှံတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။

ပွင့်ချပ်တစ်ခုစီသည် ကြည်လင်ပြီး ထင်ရှားသော မီးလျှံပုံစံများ ထင်ဟပ်လျက်ရှိ၏။ ထိုပွင့်ချပ်များမှ ကောင်းကင်ကို မီးရှို့ပြီး ပင်လယ်ကို ဆူပွက်စေနိုင်သည့် ကြောက်ခမန်းလိလိ အပူစွမ်းအင်အား ထုတ်လွှတ်လျက်ရှိသည်။

ကောင်းကင်ယံကို ထိုးဖောက်နေသော ရေခဲဝိညာဥ် အမတအလင်းနှင့် ရင်ဆိုင်ရသည့်အခါ ဟုန်ချန်ယဲ့သည် မဆိုင်းမတွပင် တန်ပြန်အပူဓာတ်ဖြစ်သော ကြာနီမီးလျှံကို ထုတ်လွှတ်လိုက်သည်။

အုံး အုံး အုံး အုံး!!!!

မြင်ကွင်းမှာ မယုံနိုင်လောက်အောင် ခမ်းနားပြီး တောက်ပလှ၏။

၎င်းသည် ရေခဲနှင့်မီး၏ တိုက်ပွဲဖြစ်သည်။

All Chapters