အခန်း (၄၉၂)
Vol. 36 Ch. 492
ဆန့်ကျင့်ဘက်ဓာတ်နှစ်ခု တွေ့ဆုံရင်ဆိုင်ရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုများကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ပြင်းစွာသော အပူနှင့်အအေးအား တစ်လှည့်စီခံစားနေရပြီး မျက်နှာအမူအရာများမှာ အတော်လေးမအီမသာဖြစ်နေကြဟန်ရှိ၏။
“ဘယ်-ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”
တင်းကျန်း၏ နဖူးမှ ချွေးအေးများ စီးကျနေသည်။ သူ့မျက်နှာမှာ ဤရလဒ်အား လုံးဝမယုံကြည် လက်မခံနိုင်သကဲ့သို့။
သူ၏လက်ထဲရှိ အမတပုလဲလုံးမှ ထုတ်လွှတ်လိုက်သည့် စွမ်းအားသည် သာမန် မသေမျိုးဘုရင်တစ်ပါးကို အသေသတ်နိုင်လောက်မှန်း သူသေချာသိထား၏။ သို့သော် တစ်ဖက်လူမှ ဤစွမ်းအားကို နိုင်နိုင်နင်းနင်း တားဆီးနိုင်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့စဖူး။
ဒါ ဒါ ဘယ်လိုသဘောတရားမျိုးလဲ?
ဉာဏ်အလင်းမသေမျိုးတစ်ပါးရဲ့ တိုက်ခိုက်ရေးစွမ်းအားက မသေမျိုးဘုရင်တစ်ပါးနှင့် ဘယ်လိုလုပ်တူညီနေနိုင်မှာလဲ?
ဤနှိုင်းယှဥ်ချက်ကို တွေးမိလိုက်သည်နှင့် တင်းကျန်း၏နှလုံးအိမ်မှာ ကြောက်လန့်မှုကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားသည်။
ဤ နတ်ဆိုးဂိုဏ်းချုပ်၏ ကြောက်မက်ဖွယ်သတင်းများကား စကားသက်သက်ဟုတ်မနေခဲ့။
ဟုန်ချန်ယဲ့၏ အမူအရာမှာတော့ ပျော်ရွှင်မြူးထူးလျက်ရှိ၏။ သူရင်ဆိုင်နေရသည့် ဖိအားမှာ အတော်ပင် လေးလံဖိစီးသော်လည်း ထိုဖိအားကို တန်ပြန်တိုက်ခိုက်နိုင်နေသည့် သူ့ကိုယ်သူ အလွန်ကျေနပ်အားရမိသည်။
တိုက်ခိုက်နေစဥ် အတောအတွင်းတွင်ပင် သူ၏စွမ်းအားအဟုန်မှာ အဆင့်သစ်တစ်ခုသို့ ချိုးဖျက်တက်ရောက်နိုင်သွားခဲ့လေပြီ။
“အရှင့်အတွက် ဖျက်ဆီးလိုက်"
ရွှတ်
ကြာနီမီးလျှံသည် ပါးလွှဦပျက်စီးတော့မည့်အချိန်တွင် ရုတ်တရက် ၎င်း၏နောက်ဆုံး ကျန်ရှိသည့် အပူဓာတ်ဖြင့် ပေါက်ကွဲထွက်လာပြီး ရေခဲဝိညာဥ် အမတအလင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
“အား"
တင်းကျန်းမှာ မိုးကြိုးအပစ်ခံရသကဲ့သို့ ဆတ်ခနဲတုန်သွားသည်။ ကောင်းကင်မှ သွေးတပွက်ပွက်အန်ရင်း ပြုတ်ကျလာပြီး ခံတပ်တံတိုင်းပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မိ၏။ လက်ထဲမှ အမတပုလဲလုံးမှာလည်း တောက်ပလင်းလက်ခြင်း စိုးစဥ်မရှိတော့။
“သွားပြီ”
လီထန်းမြို့မှ ကျင့်ကြံသူများ စိတ်ပျက်လက်ပျက် ရေရွတ်မိကြသည်။
“သွေးနီဂိုဏ်းချုပ်ရဲ့ မသေမျိုးစွမ်းအားဟာ ပြိုင်ဘက်ကင်းပါ။ စွမ်းအားမှာ အကန့်အသတ်မရှိဘူး!"
ကွေ့ကျန်းချုံသည် ဟုန်ချန်ယဲ့မှ အစွမ်းကုန်တိုက်ခိုက်သည့်မြင်ကွင်းအား ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အလွန်အထင်ကြီးသွားသည်။ သူ၏မျက်နှာမှာ ရူးသွပ်မှုအပြည့်ဖြင့် ထိန်းမနိုင်သိမ်းမရဖြစ်ကာ လက်များကိုလေထဲသို့မြှောက်လျက် အားရပါးရ အော်ဟစ်ဂုဏ်ပြု၏။
နောက်လိုက် နတ်ဆိုးကျင့်ကြံသူများလည်း စိတ်လှုပ်ရှားစွာ ဝမ်းသာအားရ အော်ဟစ်ကြသည်။ ထိုမျှစွမ်းအားကြီးသော သွေးနီဂိုဏ်းချုပ်၏ နောက်လိုက်နောက်ပါများအဖြစ် အမိန့်စကားအား လိုက်နာနိုင်ခြင်းသည် သူတို့ ဤဘဝတွင် မပြတ်ကျင့်ကြံအားထုတ်ခဲ့ခြင်း၏ ကောင်းချီးတစ်ခုဖြစ်သည်ဟု ခံစားမိရသည်။
ဤမြင်ကွင်းကို မြင်သောအခါ နှင်းကျားသစ်၏မျက်လုံးများ၌ အံ့အားသင့်ဟန် အရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ၎င်း၏ သိစိတ်ပင်လယ်အတွင်းမှ ခပ်နိမ့်နိမ့် ငြီးတွားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အမှောင်ထုထဲမှ အမျိုးအမည်မသတ်မှတ်နိုင်သော ရှေးဟောင်းသတ္တဝါတစ်ကောင်၏ ငြီးတွားသံကဲ့သို့။
“သူ တကယ်ပဲ တားဆီးနိုင်ခဲ့တယ်လား။ နောက်ပိုင်းခေတ်တွေမှာ ဒီလို ပါရမီရှင်တစ်ယောက် ရှိလာလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။
ရှေးခေတ်အချိန်တွေတုန်းကဆိုရင် ဒီကောင်လေးမှာ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။”
“အင်း၊ အချိန်တွေက ပြောင်းလဲနေပြီလေ
လူသားမျိုးနွယ်ရဲ့ မျိုးဆက်သစ်လေးတွေမှာတောင် ဒီလိုစွမ်းရည်တွေ ရှိနေပြီ။
ငါ အရှင်လည်း အနာဂတ်တက်လူတွေနဲ့ ရင်ဆိုင်ဖို့အတွက် ငါ့ရဲ့စွမ်းအားကို အမြန် ပြန်လည်ရယူရမယ်။”
ပြောနေရင်း သူ၏အကြည့်သည် တင်းကျန်း၏လက်ထဲမှ အမတပုလဲလုံးဆီသို့ စူးစိုက်သွားသည်။ ထို့နောက် ထိုအသံနိမ့်နိမ့်က ဆက်လက်ရေရွတ်လာ၏။
“ဒါပေမဲ့ ကံကောင်းတာက အဲ့ဒီလူဆီမှာ ရေခဲဝိညာဥ်အမတစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း လုံးဝကင်းမဲ့တယ်ဆိုတာ သိလိုက်ရပြီ
ငါ အရှင် သတိထားခဲ့မိလို့ တော်သေးတယ်ဆိုရမယ်
ဒီအချိန် အဲ့အမတပုလဲလုံးသာ ငါအရှင့်လက်ထဲ ရှိနေမယ်ဆိုရင် ထွက်လာတဲ့စွမ်းအားက ကမ္ဘာတစ်ခုစာလောက် ကွာခြားသွားမှာပဲသိလား?"
“အခုကတော့ တကယ်လှုပ်ရှားဖို့ အခွင့်အရေးတစ်ခုကို ရှာရမယ့်အချိန်ပဲ…”
နှင်းကျားသစ်၏ သိစိတ်ပင်လယ်ထဲမှာ ထိုအသံသည် ပြန်လည်တိတ်ဆိတ်သွားသည်။ ထိုအခိုက်တွင် နှင်းကျားသစ်၏ မျက်လုံးများက ပြန်လည် ကြည်လင်လာသည်။ သို့တိုင် အကြောင်းအရာတစ်ခုခုကြောင့် ရှုပ်ထွေးနေသကဲ့သို့။
ထိုအချိန်တွင်။
တင်းကျန်းက အားတင်း၍ ထရပ်လိုက်သည်။ ထို့နောက် ဖြူဖျော့သွေးဆုတ်နေသောမျက်နှာဖြင့် တောင်းပန်စကားဆို၏။ “သွေးနီဂိုဏ်းချုပ်၊ အခုကစပြီး လီထန်းမြို့ကို ခင်ဗျားရဲ့ မီးလျှံနတ်ဆိုးဂိုဏ်းကို ပိုင်ဆိုင်ပါတယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကျန်တဲ့လူတွေရဲ့ အသက်ကို ချမ်းသာပေးပါ။”
“ကျွန်တော့်အတွက်ကတော့၊ ခင်ဗျား သတ်သတ် လှီးလှီးဖြတ်ဖြတ်၊ ကျွန်တော် ကံကြမ္မာကို လက်ခံပါ့မယ်။”
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ပျက်စီးသွားခဲ့ပြီ။ မြို့တစ်ဝှမ်းလုံးမှ ကျင့်ကြံသူများမှာ နှလုံးသားများ ကွဲအက်ကြေမွလျက်သားဖြင့် သွေးနီနတ်ဆိုး၏ စီရင်ချက်ကို စောင့်ဆိုင်းနေကြသည်။
ဟုန်ချန်ယဲ့က တစ်ချက်ရယ်သည်။ "အဘိုးကြီး ဒါကအစကတည်းက အထင်အမြင်လွဲသွားတဲ့ကိစ္စတစ်ခုပါပဲ
ဒီအရှင်က မင်းတို့ရဲ့ လီထန်းမြို့ကို စိတ်မဝင်စားဘူး။
မင်းဘက်က တိုက်ခိုက်ဖို့ အပြင်းအထန်တောင်းဆိုခဲ့လို့ ဒီအခြေအနေကို ရောက်လာတာ။”
“ဟင်?!”
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့်။
“ဒုတိယဂိုဏ်းချုပ်၊ ဒါတကယ်လား?” အခြားဂိုဏ်းသားများက သတိကြီးစွာ စူးစမ်းလာကြသည်။
ကွေ့ကျန်းချုံမှာလည်း အမှန်အတိုင်းပြောပြဖို့ရာ အခက်တွေ့နေရ၏။ အလုံးစုံဖွင့်ချလိုက်ပါကလည်း တပ်အတွင်း ရှုပ်ထွေးမှုများ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် တည်တည်ငြိမ်ငြိမ်ဖြင့်သာ မုသားတစ်ဝက်သုံးလိုက်သည်။
“ယခင် ဒုတိယဂိုဏ်းချုပ်၊ ကူဝူချန်က စိတ်ပုံမှန်မဟုတ်တော့ဘဲ ဂိုဏ်းချုပ်ရဲ့အမိန့်မဟုတ်တာတွေကို လိမ်လည်ထုတ်လွှင့်ခဲ့တာပါ၊ ဒါကြောင့် ညီအစ်ကိုတွေက အလကားသက်သက် အားထုတ်ခဲ့ရတာပေါ့။
သွေးနီဂိုဏ်းချုပ် ဒီတစ်ခေါက်ရောက်လာတာက အထင်အမြင်လွဲမှားမှုတွေကို အမှန်ပြန်ပြင်ဖို့ပဲ။”
ထိုအကြောင်းကို ကြားသောအခါ။
နတ်ဆိုးကျင့်ကြံသူများမှာ အံ့သြတုန်လှုပ်စွာဖြင့် ဒေါသလည်း ထွက်မိသည်။
ဒါဆို ဒီလိုတွေဖြစ်ခဲ့တာကိုး။
အဲ့ဒီကူဝူချန်၊ သွေးနီဂိုဏ်းချုပ်ရဲ့အမိန့်ကိုများ လိမ်လည်ထုတ်လွှင့်ရဲတယ်၊ သူတကယ်ပဲ သေသင့်တယ်။
စိတ်ဓာတ်အကျဆုံးသူမှာ သေချာပေါက် တင်းကျန်း ဖြစ်သည်။
ဒါဆို၊ သူသာလျှာမရှည်ရင် ဒီလိုတွေဖြစ်သွားစရာ အကြောင်းလည်း မရှိဘူးပေါ့လေ။
သူ စိတ်ထွေပြားပြီး စကားတစ်လုံးပိုပြောခဲ့မိလို့ ဒီလို ကြီးမားတဲ့ကပ်ဆိုးက သူ့ဆီဆိုက်ရောက်လာခဲ့တာပဲ။
ဟုန်ချန်ယဲ့က ခပ်မဲ့မဲ့ပြုံးရင်း ဆိုသည်။ “ဒီအရှင်က မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးနိုင်ပါတယ်၊ ဒါပေမဲ့ လီထန်းမြို့က ငါ့ရဲ့မီးလျှံနတ်ဆိုးဂိုဏ်းကို နှစ်စဥ် အခွန်ဆက်ရမယ်။
ဒီစည်းမျဥ်းကို ချိုးဖောက်တဲ့သူတွေ အကျိုးဆက်တွေကို ခံစားရလိမ့်မယ်။”
ဤကိစ္စသည် မူလကတည်းက အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်ခဲ့သော်လည်း ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတစ်ခုကို ကံကြမ္မာဟုလည်း သတ်မှတ်နိုင်သောကြောင့် သူ့ဂိုဏ်းအတွက် အကျိုးအမြတ်တချို့တော့ ရယူထားရမည်ဖြစ်၏။
မြို့ထဲမှ ကျင့်ကြံသူများ သက်ပြင်းချလိုက်ကြသည်။ ဤရလဒ်သည် ဖြစ်နိုင်ချေများစွာထဲမှ အကောင်းဆုံးသာဖြစ်၏။
“ဒီလူအိုကြီးကတော့ မျက်စိကန်းပြီး ဒီအရှင်ကို စော်ကားခဲ့တယ်။”
ဟုန်ချန်ယဲ့သည် ပုံပျက်ပန်းပျက် ဖြစ်နေသည့် အနီရောင်ဝတ်ရုံဝတ် အဖိုးကြီးကိုကြည့်ပြီး မေးသည်။ “မင်းပြော၊ မင်းကိုယ်မင်း ဘယ်လို အပြစ်ပေးချင်လဲ။”
တင်းကျန်း၏ ကိုယ်ပေါ်ဝယ် ချွေးအေးများ ရွှဲစိုနေသည်။ သူ၏အတွေးများက ပြင်းထန်စွာ ဟိုဟိုသည်သည် ပြေးလွှားနေလျက်။
သူ့ပြစ်ဒဏ်စီရင်ချက်ကို တစ်ဖက်လူမှ မကျေနပ်လျှင် သူဤနေရာတွင်ပင် အသက်သေဆုံးသွားနိုင်သည်။
စိတ်ပျက်လက်ပျက်ဖြင့် တင်းကျန်းသည် အံတင်းတင်းကြိတ်ပြီး သူ၏လက်ကို ဆန့်ထုတ်လိုက်သည်၊ ထို့နောက် သူ၏ဘယ်ဘက်မျက်လုံးကို အားဖြင့် ဆွဲထုတ်လိုက်ပြီး ခြေဖျက်ပစ်လိုက်တော့၏။
ဗလာကျင်းသွားသော မျက်လုံးပေါက်မှ သွေးများ စီးကျလာသည်။
တင်းကျန်းသည် နာကျင်မှုကို အတင်းအဓမ္မ အံကြိတ်သည်းခံကာ ရှုံ့မဲ့နေသော မျက်နှာဖြင့် ဇွတ်အတင်းပြုံးပြသည်။ “သွေးနီဂိုဏ်းချုပ်၊ ခင်ဗျား ကျွန်တော့်ကို မျက်စိကန်းတယ်လို့ ပြောခဲ့လို့ ကျွန်တော် ပြုခဲ့တဲ့အပြစ်ကို အစဥ်အမြဲ သတိရနေစေဖို့အတွက် မျက်လုံးတစ်လုံးကို ထုတ်ပစ်လိုက်ပါတယ်။”
ယခုမူ၊ သူသည် …
မျက်စိတစ်ဖက်လပ် တင်းကျန်း ဖြစ်သွားခဲ့လေပြီ။