အခန်း (၄၉၃)
Vol. 36 Ch. 493
တင်းကျန်းမှ သူ၏ဘယ်ဘက်မျက်လုံးကို ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ခြင်းက လီထန်းမြို့မှ ကျင့်ကြံသူတို့၏ သူ့အပေါ်အမြင်ကို ဖျက်ဆီးပစ်လိုက်ခြင်းနှင့်မခြား။ သို့သော် အခြေအနေအရ တဟဲဟဲသာပြုံးရယ်ဖားယားကာ လူပြက်တစ်ဦးနှယ်သာ ပြုမူနိုင်ခဲ့လေသည်။
“ဟဲဟဲ၊ အခုပုံစံက မင်းနဲ့တော်တော်လိုက်တာပါကွာ” ဟုန်ချန်ယဲ့ကလည်း အားမနာတမ်းလှောင်သည်။
ထို့နောက် သူ၏အကြည့်သည် တင်းကျန်း၏လက်ထဲရှိ အမတပုလဲလုံးပေါ်သို့ ကျရောက်သွားခဲ့ပြီး မကြာသေးမီကမှ ထိုပုလဲလုံး ထုတ်လွှတ်ခဲ့သော ကြောက်မက်ဖွယ်စွမ်းအားကို သတိရမိသဖြင့် ဟုန်ချန်ယဲ့၏မျက်လုံးများမှာ စိတ်ဝင်တစားဖြင့် အရောင်တစ်ဝင်းဝင်း လက်သွားသည်။
“ဒီဂိုဏ်းချုပ် မင်းကို မေးမယ်၊ မင်းလက်ထဲက အဲ့ဒီရတနာက ဘယ်ကလာတာလဲ။”
တင်းကျန်းမှာ အန္တရာယ်အခြေအနေက လွတ်ကင်းခဲ့ပြီဖြစ်ကြောင်း သိသဖြင့် အမတ ပုလဲလုံးကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် မြှောက်ကိုင်လိုက်ပြီး ဝါကြွားစွာဆိုသည်။ “သွေးနီဂိုဏ်းချုပ်၊ ကောင်းကင်နဲ့မြေကြီးတို့ ပြောင်းလဲတိုးတက်နေချိန်မှာ ဒီပုလဲလုံးကို မဟာနှင်းတောင်ပေါ်ကနေ ကျွန်တော်ကောက်တွေ့လာတာပါခင်ဗျာ။ ဂိုဏ်းချုပ်စိတ်ဝင်စားရင် ယူသွားနိုင်ပါတယ်"
တင်းကျန်းသည် ဤအမတပုလဲလုံးမှာ မသေမျိုးဘုရင်တစ်ဦးနှင့်ပင် ရင်ဆိုင်နိုင်သည့် စွမ်းအားကို ထုတ်လွှတ်နိုင်သော ရှားပါးရတနာကောင်းတစ်ခုဖြစ်သည်ကို ကောင်းကောင်းနားလည်ထား၏။ သို့သော် တစ်ဖက်လူမှ ထိုစွမ်းအားကို မြင်တွေ့သွားပြီးဖြစ်သောကြောင့် ဆက်လက်ဖုံးကွယ်ထားဖို့ရာ မရဲတော့ပေ။
သို့သော် မထင်မှတ်ထားစွာပင် ဟုန်ချန်ယဲ့သည် အထင်တသေး အမူအရာဖြင့်သာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ “အဲ့ပုလဲအစုတ်က ဒီအရှင်နဲ့ မကိုက်ညီဘူး။ မင်းဘာမှမလုပ်စရာ မရှိရင် ကိုယ့်ဘာသာကိုယ် သိမ်းထားလိုက်ပါတော့"
သူသည် မီးစွမ်းအင်အခြေခံ တာအိုကျင့်စဥ်များကို ကျွမ်းကျင်ပြီး ဤအမတပုလဲလုံးမှာ ဆန့်ကျင်ဘက် ရေခဲဓာတ်သောကြောင့် သူ့အတွက် လုံးဝမသင့်တော်ပေ။ သူတစ်ခုတည်းကိုသာ သီးသန့်အသုံးပြုပါလျှင်လည်း ၎င်းမှထုတ်လွှတ်သောစွမ်းအားသည် မိမိ၏လက်ရှိစွမ်းအားထက် လျော့နည်းမည်ဖြစ်ရာ အကျိုးထူးစရာ ရှိမနေချေ။
“အိုး၊ ဟုတ်ပါပြီခင်ဗျာ။”
တင်းကျန်းသည် ခေါင်းကို အကြိမ်ကြိမ်ညိတ်ပြီး အမတပုလဲလုံးကို သူ၏လက်ထဲသို့ ပြန်ထည့်လိုက်၏။ ထို့နောက် ရိုးရိုးသားသား ပြန်ပြုံးပြလိုက်သည်။
သို့သော် မျက်လုံးတစ်ဖက်က မပါတော့လေသဖြင့် အပြုံးမှာ နည်းနည်းထူးဆန်းပြီး ယုတ်မာသယောင်ပေါက်နေသည်ကိုတော့ သူမသိခဲ့ပါချေ။
တင်းကျန်းသည် အပြစ်ခံယူခြင်း၏ စိတ်ရင်းကို ပြသရန်အတွက် သူ၏မျက်လုံးကို ထုတ်ပစ်စဉ် မသေမျိုးတာအို စည်းမျဉ်း၏ စွမ်းအားကိုပင် အသုံးပြုခဲ့သည်။ ထိုဘယ်ဘက်မျက်လုံး၏ ပြန်လည်သက်ဝင်စွမ်းအားကို အတင်းအဓမ္မ ပျက်ပြယ်သွားအောင် ပြုလုပ်ခဲ့ပြီး မျက်လုံးအသစ်ပြန်မပေါက်လာဖို့ အပြီးတိုင်ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်တော့၏။
မိမိအသက်လေးတစ်ချောင်းကိုတော့ တည်မြဲအောင်ထိန်းသိမ်းထားချင်ပါသေး၏။
မည်သို့ပင်ဆိုစေကာမူ ရှားရှားပါးပါ တစ်ကြိမ်တစ်ခါမျှ အသက်ရှင်ခွင့်ရချိန်တွင် သေလမ်းကို မည်သူကရွေးချယ်ရဲပါဦးမည်နည်း?
သူ ထိုမျှတော့ မရူးသွပ်သေး။
“သွေးနီဂိုဏ်းချုပ်၊ ခင်ဗျား အရမ်းဝေးတဲ့နေရာက လာခဲ့ရတာပဲ၊ ကျွန်တော်တို့ တင်းမိသားစုနေအိမ်ကို ခဏလောက် လာထိုင်ပြီး အနားယူပါလား။ ကျွန်တော် လီထန်းအရှင်က လီထန်းမြို့ကို ကိုယ်စားပြုပြီး ခင်ဗျားကို ကောင်းကောင်း ဧည့်ခံပါ့မယ်။” တင်းကျန်း၏ လေသံသည် အလွန် ရိုကျိုးလှ၏။
မြို့တွင်းရှိ ကျင့်ကြံသူတို့မှာ လီထန်းအရှင်ကိုယ်စား ရှက်ရွံ့နေကြပြီး မျက်နှာများပင် ပူလောင်နေကြသည်။ လွန်ခဲ့သောတစ်ခဏလေးကပင် သူတို့သည် အသေအကျေတိုက်ခိုက်ခဲ့ကြသော ရန်သူများဖြစ်ခဲ့ပြီး ယခုမူ မျက်စိတစ်မှိတ်အတွင်း၌ တစ်ဖက်က တစ်ဖက်ကို မျက်နှာချိုသွေးနေကြပြန်ပြီ။ ရပ်တည်ချက်ပြောင်းလဲမှုကား အလွန်လျင်မြန်လှပါ၏။
“မလိုပါဘူး၊ ဒီအရှင်မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးတယ်။ မင်းက ငါ့ရဲ့ ဆရာသခင်ကို ကောင်းကောင်း ဧည့်ခံပေးလိုက်။”
ဤသို့ပြောဆိုပြီး ဟုန်ချန်ယဲ့ တစ်နေရာသို့ လှည့်ကြည့်လိုက်ကာ လက်များကို ရိုသေစွာဆုပ်ယှက်လျက် လျှောက်တင်သည်။ “ဆရာသခင်၊ ဒီတပည့် အရင်ဆုံး ထွက်ခွာပါဦးမယ်။ ကိစ္စပြီးပြတ်တဲ့အခါမှ ဆရာသခင့်ကို ပြန်လာရှာပါမယ်"
ထိုစကားကို ကြားလိုက်ရသည်နှင့်..
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
လီထန်းမြို့၏ ကျင့်ကြံသူများရော မြို့တံတိုင်းပြင်ရှိ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများပါ ဟုန်ချန်ယဲ့၏ စကားနှင့် ရိုရိုသေသေအပြုအမူကြောင့် ကြောင်အသွားကြသည်။
ဤကြောက်မက်ဖွယ်ကောင်းသော သွေးနီနတ်ဆိုး၊ မီးလျှံနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်သည် တစ်စုံတစ်ဦး၏ တပည့်အဖြစ် ဆန္ဒအလျောက် ခံယူထားပါသလား? မည်သို့သော တည်ရှိမှုမျိုးက သူ၏ဆရာသခင်ဖြစ်ဖို့ ထိုက်တန်မည်နည်း?
မည်သူသည် ထိုမျှအစွမ်းရှိနိုင်မည်နည်း။
ဤထိတ်လန့်ဖွယ်သတင်းသာ ပျံ့နှံ့သွားခဲ့ပါလျှင် အလယ်ပိုင်းဒေသတစ်ခုလုံး အုံးအုံးခတ်သွားမည် အသေအချာပင်။
“ဂိုဏ်းချုပ်က တခြားတစ်ယောက်ကို ဆရာသခင်အဖြစ် လက်ခံထားတာလား?" ကွေ့ကျန်းချုံ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ၏ကျောမှ ချွေးအေးများ စီးကျလာသည်။
သူ၏အမြင်တွင် ဂိုဏ်းချုပ်သည် နတ်ဆိုးလမ်းစဥ်၏ အငြင်းပွားဖွယ်မရှိသော ထိပ်သီးခေါင်းဆောင်ဖြစ်၏။ အလယ်ပိုင်းဒေသရှိ နတ်ဆိုးကျင့်ကြံသူအားလုံး ကိုးကွယ်ကိုင်ရှိုင်းကြပါသော တည်ရှိမှုတစ်ခုဖြစ်သည်။ ထို့အပြင် ဂိုဏ်းချုပ်၏ တိုက်ရည်ခိုက်ရည် ပြသပွဲကိုလည်း သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရပြီးလေပြီ။ သူကိုယ်တိုင်ပင် မည်မျှအသည်းစိမ့်အောင် ကြောက်လန့်ခဲ့ရသနည်း?
မမျှော်လင့်ဘဲ ဂိုဏ်းချုပ်ကဲ့သို့ အစွမ်းထက်သူတစ်ဦးပင်လျှင် အခြားတစ်ဦးအား ဦးညွတ်ရန် ဆန္ဒရှိနေခဲ့ကာ လူအများရှေ့တွင်ပင် ဤမျှ နှိမ့်နှိမ့်ချချ ဆက်ဆံပေးနေခဲ့သည်။ ဤအချင်းအရာအား ကွေ့ကျန်းချုံ မည်မျှထိတ်လန့်အံ့သြခဲ့ရသည်ကို ဖော်ပြဖို့ရာ စကားလုံးပင် ရှာမတွေ့နိုင်တော့။
လူတိုင်းသည် ကြောက်လန့်မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြသည်။ ဟုန်ချန်ယဲ့ကဲ့သို့ ကြီးမားသော နတ်ဆိုးဂိုဏ်းချုပ်၏ ဆရာသခင်ဖြစ်သူတွင် မည်မျှကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေနိုင်မည်နည်း?
ထိုကဲ့သို့ နက်နက်ရှိုင်းရှိုင်း စဉ်းစားမိသောအခါ သူတို့သည် အသက်ရှူရန်ပင် မဝံ့ရဲလောက်အောင် စိတ်ဖိစီးသွားကြသည်။
ဤအချိန်တွင်။
ဓားကဲ့သို့ ချွန်ထက်သောမျက်ခုံးမွှေးများနှင့် ကြယ်ကဲ့သို့ တောက်ပလင်းချင်းသည့် မျက်လုံးများနှင့် အနက်ရောင်ဝတ်ရုံဝတ် လူငယ်တစ်ဦးသည် လက်များကိုအနောက်သို့ပစ်ကာ ထွက်ပေါ်လာခဲ့သည်။ နတ်သားရဲခွင်းဖန်း၏ ခေါင်းထိပ်ပေါ်တွင် မတ်မတ်ရပ်နေသော ထိုပုံရိပ်ဝယ် လမင်းရောင်ကဲ့သို့ ဖြူစင်တောက်ပသည့် ဆံနွယ်ရှည်က ခါးလယ်ထိကျဆင်းနေပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် နတ်ဘုရားတစ်ပါး၏ အဆုံးမဲ့အရှိန်အဝါအား ထုတ်လွှတ်နေ၏။
ကောင်းကင်ထက်မှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထိုပုံရိပ်သည် ရွှေရောင်တောက်သောမျက်လုံးများဖြင့် အောက်ရှိ ဟုန်ချန်ယဲ့ကို ကြည့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။
“သွားပါ၊ ဆရာသခင်က မြို့ထဲမှာ မင်းကိုစောင့်နေမယ်။”
သူ၏လေသံသည် သက်သောင့်သက်သာရှိပြီး ဖော်ရွေလှ၏။ မည်သည့် ဟန်ဆောင်မှုမှ မပါရှိသော်လည်း ၎င်းသည် အတွေးလွန်နေပြီးဖြစ်သော လူတို့အား နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုနှင့် အကြောက်တရားတစ်မျိုးကို ပေးစွမ်းလျက်ရှိသည်။
“ဒီလူက ဂိုဏ်းချုပ်ရဲ့ ဆရာသခင်ပဲ…” ကွေ့ကျန်းချုံ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။ သူ၏မျက်လုံးများတွင် ထိုမကြုံစဖူး လှပသည့် ပုံသဏ္ဍာန်ကသာ အရိပ်ထင်လျက်ရှိ၏။
ဟုန်ချန်ယဲ့သည် သူ့နှလုံးသားတွင် ကျော်လွှား၍မရသော မြင်းမိုရ်တောင်ဖြစ်ခဲ့ပါလျှင်၊ သူ့ရှေ့တွင် ပေါ်လာသော ထိုလူငယ်သည် တောင်အားအုပ်မိုးထားသော ကောင်းကင်ယံသာ ဖြစ်ပေမည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်း ကြက်သေသေနေကြသည်။
တင်းကျန်းမှာ အာခေါင်ခြောက်သွေ့လာပြီး နှလုံးခုန်သံသည် စည်တီးသကဲ့သို့ မြန်ဆန်နေသည်။
ဟုန်ချန်ယဲ့၏ ဆရာသခင်ကို ဧည့်ခံရမည်ဖြစ်သောကြောင့် ပျော်လည်းပျော်သလို စိုးရိမ်လည်းစိုးရိမ်သည်။ ထိုကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိုလ်နှင့် ဆက်ဆံရင်းနှီးခွင့်ရခြင်းသည် ကောင်းသောကိစ္စဖြစ်သည် ဆိုသော်ငြား သူ့ဘက်မှ ကောင်းကောင်းမွန်မွန် ဧည့်မခံနိုင်မည်ကို တွေးကြောက်မိသည်။ တစ်ခုခုသာ လွဲချော်သွားပါက ဒီတစ်ခေါက် အနှုတ်ယူခံရမည်မှာ မျက်လုံးတစ်လုံးသာ မကလောက်တော့။
“အကြီးအကဲ တင်းမိသားစုအိမ်တော်ကို လာရောက်လည်ပတ်ခြင်းဟာ ကျွန်တော့်အတွက်တော့ အကြီးမားဆုံး ဂုဏ်သိက္ခာပါပဲ" တင်းကျန်းက ပြောဆိုသည်။
“စိတ်မပူပါနဲ့၊ ငါက ဘယ်လိုနေနေ အဆင်ပြေပါတယ်” ယဲ့ကျွင်းလင်က အပြုံးဖြင့် ဆိုသည်။
“ဒါဆိုလည်း ကောင်းတာပေါ့ခင်ဗျာ"
တင်းကျန်းသည် စီးကျနေသော ဇောချွေးများကို သုတ်ရန် အင်္ကျီလက်စကိုမြှောက်လိုက်ရင်း စိတ်အစဥ်က တစ်စထက်တစ်စ လေးလံလာတော့သည်။
သူ၏အမြင်တွင် သွေးနီနတ်ဆိုးကို လက်အောက်ခံအဖြစ် ဖိနှိပ်နိုင်သူသည် ထိုသူကိုယ်တိုင်ထက်ပင် ပို၍ကြောက်စရာကောင်းသည့် နတ်ဆိုးခေါင်းဆောင်သာ ဖြစ်ရမည်။ ထို့ကြောင့် တင်းကျန်းသည် ယဲ့ကျွင်းလင်ကို အပြုံးမျက်နှာအား တစ်ချိန်လုံးတပ်ဆင်ထားရင်း လူတွေကို အရိုးမကျန်အောင် စားမျိုရှင်းလင်းသည့် သိုးရေခြုံသောကျားမျိုးဖြစ်မည်ဟု သတ်မှတ်ထားလိုက်သည်။
ထို့နောက်။
ဟုန်ချန်ယဲ့သည် ကွေ့ကျန်းချုံတို့ တပ်ဖွဲ့နှင့်အတူ ထွက်ခွာသွားသည်။