အခန်း (၄၉၄)
Vol. 36 Ch. 494
ကျယ်ပြန့်သော နတ်ဆိုးလမ်းစဥ် စစ်တပ်သည် ဒီရေကဲ့သို့ ရွှေ့ဆိုင်းသွားခဲ့ကြ၏။ အုံ့မှိုင်းရီဝေနေသော ကောင်းကင်သည်လည်း နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့သည်။ မြို့သူမြို့သားများ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရသော နေရောင်ခြည်သည် လီထန်းမြို့ပေါ်သို့ ကျရောက်လာသည်။ အလွန်နွေးထွေးချိုမြိန်လှ၏။
မီးလျှံနတ်ဆိုးဂိုဏ်းမှ တိုက်ခိုက်ခံရသည့် နေ့ရက်များအတွင်း သူတို့သည် တစ်ရက်တလေမျှ ငြိမ်းချမ်းမှုကို မရရှိခဲ့ကြပေ။ ယခုမူ သူတို့သည် တိုက်ပွဲရှုံးခဲ့သော်လည်း ပြီးစီးလွတ်ကျွတ်သွားသည့် စိတ်သက်သာမှုအား ခံစားရရှိနေသည်။
ခွန်အားချင်း ကွာခြားမှုကို ကိုယ်တိုင်မျက်မြင် တွေ့ရှိပြီးနောက် လူတိုင်းသည် ရိုကျိုးစွာ လက်အောက်ခံပြီး လက်ဆောင်ပဏ္ဍာများ ဆက်သခြင်းသည်ကား ပညာရှိသော ရွေးချယ်မှုဖြစ်ကြောင်း ရုတ်တရက် နားလည်ခံစားလိုက်ရသည်။
ရေတွက်မရသော တလေးတစား အကြည့်များအောက်တွင် ယဲ့ကျွင်းလင်တို့အဖွဲ့ လီထန်းမြို့တွင်းသို့ တရားဝင် ဝင်ရောက်ခဲ့ကြသည်။
ခွင်းဖန်းသည် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီး မြို့ထဲတွင် ဆင်းသက်လာကာ ပတ်ပတ်လည်ကို ကြည့်သည်။ ရုတ်တရက် လှဲလျောင်းနေသော နှင်းကျားသစ်ကိုမြင်သော် ပျော်ရွှင်မြူးထူးစွာဖြင့် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားပြီး နှင်းကျားသစ်၏ ကျောပေါ်သို့ တိုက်ရိုက်တက်စီးကာ နားနှစ်ဖက်ကို အားနှင့်ဆွဲလိုက်သည်။
“ဟေ့ဟေ့! ပြေးစမ်းဟေ့!”
“ဝေါင်း…” နှင်းကျားသစ် နာကျင်စွာ အော်ဟစ်လိုက်သည်။ သို့သော် ရုန်းကန်ရန် မရဲဘဲ သူလုပ်သမျှကို သာ ငြိမ်ခံနေနိုင်၏။ အကြောင်းမှာ ကျောပေါ်ရှိလူငယ်လေးမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သူ့အား နက်နဲသောကြောက်ရွံ့မှုကို ခံစားရစေသောကြောင့်ပင်။
၎င်းသည် နတ်သားရဲမျိုးနွယ် ဘုရင်တစ်ပါး သူ့ကျောပေါ်တက်စီးနေသကဲ့သို့ လေးလံဖိစီးလှ၏။
“နှင်းကျားသစ်၊ ပါးစပ်ပိတ်ထားစမ်း!”
တင်းကျန်း ဒေါသတကြီး ဆူပူလိုက်သည်။ ထို့နောက် ဧည့်ဝတ်မကျေဟုခံစားရကာ မိမိ၏ညံ့ဖျင်းမှုအတွက် နောင်တရမိသည်။
အလယ်ခွဲဆံပင်ပုံစံရှိသော လူငယ်လေးကို ကြည့်လိုက်မိသော် သူ၏နှလုံးသားထဲတွင် ကြောက်လန့်မှုနှင့် စိုးရိမ်မှု နှစ်မျိုးလုံးကို ခံစားနေရသည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူငယ်မှာ နတ်သားရဲခွင်းဖန်း၏ အသွင်ပြောင်းလူငယ်ဖြစ်ကာ ထိုအကြီးအကဲ၏ စီးတော်ယာဥ်လည်းဖြစ်သည်။ အကယ်၍ နှင်းကျားသစ်သာ အပြုအမူမယဥ်ကျေး၍ တစ်ဖက်မှ မကျေမနပ်ဖြစ်ပါက သူကိုယ်တိုင်လည်း အသက်ရှင်ဖို့ အခွင့်အရေးရှိပါ့မလား မသေချာလှ။
ယဲ့ကျွင်းလင် စိတ်ပျက်လက်ပျက်ဖြင့် ဆူပူလိုက်သည်။ “အားခွင်း၊ မြန်မြန်ဆင်းစမ်း၊ အဲဒါ ဘာအပြုအမူမျိုးလဲ!”
“ဟုတ်~”
အားခွင်းသည် နှင်းကျားသစ်၏ ကျောပေါ်မှ မကျေမချမ်းဖြင့် ခုန်ဆင်းလိုက်သည်။ ထို့နောက် လက်များကို နောက်သို့ပစ်လျက် ယဲ့ကျွင်းလင်အနောက် တန်းနေအောင်လိုက်သွားလေတော့၏။
နှင်းကျားသစ်မှာတော့ ကြောက်လန့်မှုကြောင့် တုန်ယင်နေဆဲပင်။
“အကြီးအကဲ ဒီလမ်းကနေ ကြွပါ။” တင်းကျန်းသည် သူ၏မိသားစုအိမ်တော်ရှိရာ ဦးတည်ရာသို့ လက်ကိုဆန့်တန်းညွှန်ပြကာ ဖားယားဖိတ်ခေါ်လိုက်သည်။
တစ်ခုရှိသည်မှာတော့ သူ၏ဘယ်ဘက်မျက်လုံးအိမ်သည် အနက်ရောင်မျက်လုံးအဖုံးအကာတစ်ခုဖြင့် ဖုံးအုပ်ထားပြီးဖြစ်သောကြောင့် ပင်လယ်ဓားပြလို ဘာလိုလိုဖြစ်နေခြင်းပင်။
“မင်းက လီထန်းမြို့ရဲ့ မြို့အရှင်လို့ကြားတယ်၊ မင်းကို အရှင်တင်းလို့ခေါ်ကြတာဆို” ယဲ့ကျွင်းလင် စိတ်ဝင်စားစွာ ပြောသည်။
တင်းကျန်းသည် ကြောက်လန့်စွာဖြင့် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒါတွေက အပေါ်ယံပကာသနတွေပါ။ အကြီးအကဲရှေ့မှာ ကျွန်တော်က ဘယ်လိုလုပ် မြို့အရှင်လို ပြုမူရဲပါ့မလား။ အကြီးအကဲအဆင်ပြေမယ်ဆိုရင် ကျွန်တော့်ကို ရှောင်တင်းလို့ပဲခေါ်နိုင်ပါတယ်"
“ရှောင်တင်း?"
“ဟုတ်ကဲ့!”
ဤသို့ဖြင့် ယဲ့ကျွင်းလင်နှင့် သူ၏အဖွဲ့မှာ တင်းမိသားစုအိမ်တော်သို့ တခမ်းတနား ဖိတ်ခေါ်ခံခဲ့ရသည်။ မိသားစုတစ်ခုလုံး အလုပ်များသွားခဲ့ကြ၏။ သူတို့တစ်သက်သာတွင် အကြီးကျယ်ဆုံး စားသောက်ပွဲတော်ကို ပြင်ဆင်ရပေတော့မည်။
အပြင်ဘက်တွင် လီထန်းမြို့ရှိ မိသားစုအသီးသီးမှ ခေါင်းဆောင်များ သူတို့၏လက်များကို သပ်သပ်ရပ်ရပ်ယှက်၍ လေးစားစွာ ရပ်နေကြသည်။
မြောက်ပိုင်းလွင်ပြင်ပြည်နယ်ရှိ ဝေးလံသော တောင်တန်းတစ်နေရာတွင်မူ လမ်းတစ်လျှောက်လုံး နတ်ဆိုးကျင့်ကြံသူများ နေရာယူထားသည်။
သူတို့သည် လမ်းလျှောက်နေစဥ်ပင် ခါးများဖြောင့်မတ်နေကာ ရှေ့တူရူသို့ စိုက်ကြည့်နေသော မျက်လုံးများက အလွန်ပင်စူးရှပြန်သားသည်။ သူတို့သည် မီးလျှံနတ်ဆိုးဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်သောကြောင့် မဖြိုဖျက်နိုင်သော ယုံကြည်မှုဖြင့် အားအင်ပြည့်ဝလျက်ရှိကြ၏။
တာအိုလောကတွင် ဆိုရိုးစကားတစ်ခွန်းရှိ၏။
နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတစ်ဦးအနေဖြင့် မီးလျှံနတ်ဆိုးဂိုဏ်းကို ဝင်ရောက်ပြီးနောက် နိမ့်ကျသည့်ခံစားချက်ကို နောက်တစ်ဖန် မခံစားရနိုင်တော့ ဟူ၍။
ရိုးရှင်းစွာ ဆိုရသော် မီးလျှံနတ်ဆိုးဂိုဏ်းသည် လက်ရှိတွင် အလယ်ပိုင်းဒေသ၌ အကျော်ကြားဆုံး နတ်ဆိုးလမ်းစဥ် အင်အားစုဖြစ်သည်။
ဝင်ရောက်နိုင်သူ မည်သူမဆို ကြီးမြတ်သော အနာဂတ်တစ်ခုက စောင့်ကြိုနေပေမည်။
တောင်တန်း၏ အနက်ရှိုင်းဆုံး တစ်နေရာတွင်။
အမှောင်နန်းတော်၏ အတွင်းပိုင်းတွင် ပိန်းပိတ်အောင် မှောင်မိုက်နေသည်။
ထိုအမှောင်ထုမှာ ထိတ်လန့်ဖွယ်ကောင်းပြီး မြင်တွေ့ရသူ၏ ဦးရေပြားကို ကျဥ်တက်စေသည်အထိ ခြောက်လှန့်နိုင်သည်။
နေရာအသစ်ခန့်အပ်ခြင်း ခံထားရသော နတ်ဆိုးကျင့်ကြံသူတစ်ဦး နံဘေးမှအဖော်ကို တိုးတိုးလေး မေးသည်။ “ဘာလို့ မီးမထွန်းတာလဲ? ရေနံဆီ ဈေးကြီးလို့လား?”
အဖော်ြဖစ်သူက ဆယ်စက္ကန့်ကျော်ကြာအောင် တိတ်ဆိတ်နေပြီးမှ မပြုံးမရယ်ဆိုသည်။ “ဒါက ဒုတိယဂိုဏ်းချုပ်ရဲ့ ရည်ရွယ်ချက်ပါပဲ။ သူက မှောင်မိုက်တဲ့ပတ်ဝန်းကျင်တွေကိုပဲကြိုက်တယ်။ နောက်ထပ်အဓိပ္ပာယ်တစ်မျိုးလည်း ရှိသေးတယ်"
“မကောင်းတဲ့အရာတွေကို လုပ်ဖို့အတွက် အသင့်တော်ဆုံးပဲတဲ့!”