← Chapters

အတုနှင့်အစစ်

Vol. 36 Ch. 495

အတုနှင့်အစစ်

Vol. 36 Ch. 495

နန်းတော်အဆုံးတွင် အမှောင်ထုဖုံးလွှမ်းနေသကဲ့သို့ပင်။

မြင့်မားသော ပလ္လင်ပေါ်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ထိုင်နေသည်။ သူ၏ မျက်နှာအစစ်အမှန်ကို ခွဲခြား၍မရပေ။ သူ၏လက်ချောင်းများသည် လက်တင်ခုံကို ထူးခြားသော စည်းချက်တစ်ခုဖြင့် ညင်သာစွာ တဒေါက်ဒေါက် ခေါက်နေသည်။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရဟန်ဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ စူးရှသောအကြည့်သည် ချက်ချင်းပင် အမှောင်ထုကို ဖြတ်သန်းကာ တောက်ပသောမီးရှူးတိုင်ကဲ့သို့ မှိန်ဖျသောပတ်ဝန်ကျင်ဝယ် ထင်းလင်းထွက်ပေါ်နေခဲ့၏။

“ထူးဆန်းတယ်၊ ငါ ဘာလို့ စိတ်မသက်မသာခံစားနေရတာလဲ။ လီထန်မြို့ကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်တဲ့စစ်တပ် တစ်ခုခု ကြုံလာရတာလား”

ကူဝူချန် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

အပြင်လူများအတွက် သူသည် မီးလျှံနတ်ဆိုးဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဂိုဏ်း၏ ဒုတိယရာထူးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဤ ကြီးမားသော ဝိုင်းရံတိုက်ခိုက်မှုစစ်ဆင်ရေးကို နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့၏ အမိန့်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကူဝူချန် တစ်ယောက်သာလျှင် ၎င်းသည် အစမှအဆုံးအထိ စေ့စေ့စပ်စပ်စီစဉ်ထားသော လျှို့ဝှက်ကြံစည်မှုတစ်ခုဖြစ်သည်ကို သိထား၏။

၎င်း၏ ရည်ရွယ်ချက်မှာ အချိန်တိုအတွင်း နတ်ဆိုးလမ်းစဉ်မှလူများကို လျင်မြန်စွာစုဆောင်းပြီး လီထန်းမြို့ကို တိုက်ခိုက်ရန်ဖြစ်သည်။

ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ လီထန်းမြို့၏ အရှင်တင်းကျန်းအား ရေခဲဝိညာဉ် အမတပုလဲကို မတတ်သာစွာ ထုတ်ယူအသုံးပြုစေရန် ဖြစ်၏။

“တာဝန်အောင်မြင်သရွေ့တော့ နှင်းဝံပုလွေဘုရင် စတင်လှုပ်ရှားလိမ့်မယ်၊ သူသာ နောက်ကနေပံ့ပိုးပေးရင် ငါက ဒီနတ်ဆိုးလမ်းစဉ်ပေါ်မှာ ရေထဲလွှတ်လိုက်တဲ့ငါးလို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တော့မယ်။ ငါ့ရဲ့လက်ရှိမျက်နှာဖုံးက အတုဖြစ်နေရင်တောင် ဘာအရေးလဲ။ အချိန်တစ်ခုကြာရင် အတုက အစစ်ဖြစ်လာလိမ့်မယ်။ အခုကစပြီး ငါဟာ မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ အစစ်အမှန် စွမ်းအားရှင်ဖြစ်လာဖို့ လက်တစ်ကမ်းပဲလိုတော့တယ်"

(နှင်းဝံပုလွေဘုရင်ဆိုတာ နှင်းကျားသစ်ရဲ့ကိုယ်ကို ထိန်းချုပ်ထားတဲ့ သတ္တဝါပါ)

ကူဝူချန်၏အသံက တိုးလျပြီး သူ၏မျက်လုံးများတွင် ကြီးမားသောရည်မှန်းချက်များ ပြည့်နှက်နေသည်။

သူသည် ယခင်က တာအိုလောကတွင် မထင်မရှား ပါမွှားလေးသာဖြစ်ပါသော်လည်း ကမ္ဘာကြီး၏ ပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် အခွင့်အရေးကို ဆုပ်ကိုင်ကာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် မြောက်ပိုင်းလွင်ပြင်ပြည်နယ်ကို ဖြတ်သန်း၍ ခရီးသွားစဉ်ဝယ် ယခုလက်ရှိ မဟာမိတ်ဖြစ်သည့် နှင်းဝံပုလွေဘုရင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းကား ရှေးခေတ်မှ သတ္တဝါတစ်ကောင်ဟု ဆို၏။ ကူဝူချန်က သူ့ကို တစ်စုံတစ်ခု အောင်မြင်အောင် ကူညီပါက ကြီးမားသောအကျိုးကျေးဇူးများ ပေးဆပ်ပါမည်ဟု ကတိပေးခဲ့သည်။

ကူဝူချန်သည် အစကတော့ မယုံကြည်ခဲ့ပေ။ သို့သော် မသေမျိုးဘုရင်အဆင့်ရှိ အရှိန်အဝါတစ်စွန်းတစ်စဖြင့် ခြိမ်းခြောက်ခံရချိန်တွင် သူ၏စိတ်နေစိတ်ထားသည် ၃၆၀ ဒီဂရီ အလှည့်ခံလိုက်ရသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

မသေမျိုးဘုရင်။

ထိုသတ္တဝါသည် မသေမျိုးဘုရင်အဆင့် ဖြစ်သည်။

အလယ်ပိုင်းဒေသကို ကြည့်လိုက်လျှင် ကျွမ်းကျင်သူများသည် တောအုပ်ထဲရှိ သစ်ပင်များကဲ့သို့ များပြားထူထပ်လှ၏။ ကောင်းကင်မသေမျိုးအဆင့်သို့ ရောက်ရှိခြင်းကပင်လျှင် နေရာအများစုကို အတော်လေးအုပ်စိုးခြယ်လှယ်နိုင်ပြီး ဉာဏ်အလင်းမသေမျိုးသည်ကား ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သည်။

ထိုအချိန်တွင်၊ မသေမျိုးဘုရင်တစ်ဦး အမှန်တကယ်ပေါ်လာခဲ့သည်။ ဤနယ်မြေတွင် ဉာဏ်အလင်းအဆင့်သာ စွမ်းအားအကြီးဆုံးဟု အသိပညာကန့်သတ်ထားသော ကူဝူချန်အတွက် ဤအရာသည် မည်မျှ ထိတ်လန့်စရာကောင်းလိုက်မည်နည်း။

ထိုကဲ့သို့သော အစွမ်းထက်သူတစ်ဦးကို သူ ဆုပ်ကိုင်ထားနိုင်ပါက အနာဂတ်တွင် သူကိုယ်တိုင်လည်း ထိတ်လန့်စရာတည်ရှိမှုတစ်ခုသာ ဖြစ်လာပေရော့မည်။

တစ်ချိန်တည်းတွင်ပင် ကူဝူချန်သည် အလွန်အမင်းစိုးရိမ်ပူပန်နေသည်။ တစ်ဖက်မှ အလွန်အမင်း တောင်းဆိုမှုများ ပြုလုပ်လာမည်ကို စိုးရိမ်မိခြင်းပင်။

နှင်းဝံပုလွေဘုရင်မှ သူ၏တောင်းဆိုချက်များကို ရှင်းလင်းစွာ ပြောပြလာမှသာ ကူဝူချန်သည် တိတ်တိတ်ကလေး သက်ပြင်းချလိုက်ပြီး နဖူးမှချွေးစက်များကို အသာသုတ်ချနိုင်သည်။

နှင်းဝံပုလွေဘုရင် လိုချင်တပ်မက်သော အရာသည် လီထန်းမြို့အရှင် တင်းကျန်း၏ လက်ထဲရှိ ရေခဲဝိညာဉ် အမတပုလဲသာ ဖြစ်သည်ပင်။ ထိုပစ္စည်းသည် မူလလက်ရင်း အမြင့်ဆုံးရတနာဖြစ်ပြီး နှိုင်းယှဥ်စရာမရှိသော ရေခဲစွမ်းအင်ကို ပိုင်ဆိုင်သည်။ အရည်အချင်းပြည့်မီသော စွမ်းအားရှင်တစ်ဦးကသာ အသုံးပြုပါက ထိုရတနာ၏စွမ်းအားမှာ စိတ်ကူးစိတ်သန်းများကိုပင် ‌ကျော်လွန်နိုင်မည်။

နှင်းဝံပုလွေဘုရင်ကိုယ်တိုင်က တင်းကျန်းတစ်ယောက် ရေခဲဝိညာဉ် အမတပုလဲကို အပြည့်အဝ ကျွမ်းကျင်၏ မကျွမ်းကျင်၏ မသိနိုင်သောကြောင့် သူ့အနေဖြင့် အတင်းအဓမ္မသိမ်းပိုက်ရန် ကြိုးစားခြင်းသည် အသက်အန္တရာယ်အတွက် စိတ်မချရသော စွန့်စားမှုတစ်ခုသာ ဖြစ်ပေမည်။

ထို့ကြောင့် နှင်းဝံပုလွေဘုရင်သည် တင်းကျန်း၏ ခွန်အားအစစ်အမှန်ကို စုံစမ်းရန် ယုံကြည်စိတ်ချရသောအကူအညီ လိုအပ်သည်။

တောင်းဆိုချက်ကိုကြားရသောအခါ ကူဝူချန် နက်နက်ရှိုင်းရှိုင်း စဉ်းစားခန်းဝင်မိသည်။ လီထန်းမြို့အရှင် တင်းကျန်း၏ ဂုဏ်သတင်းသည် မြောက်ပိုင်းလွင်ပြင်ပြည်နယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်လောက်အောင် ကျော်ကြားပေ၏။ ကြီးမားသော ပြင်ပခြိမ်းခြောက်မှုတစ်ခုခု ရှိလာမှသာ ထိုသူသည် ရေခဲဝိညာဉ် အမတပုလဲကို မဖြစ်မနေ အသုံးပြုပေလိမ့်မည်။

သူ တစ်ယောက်တည်း စွတ်သွားခဲ့ပါလျှင် လူကို မတွေ့ခင်ပင် သေသွားနိုင်ဖွယ်ရှိသည်။

သိထားသင့်သည့် တစ်ချက်မှာ လီထန်းမြို့သည် လုံခြုံရေးတင်းကျပ်ပြီး မြောက်ပိုင်းလွင်ပြင်ပြည်နယ်၏ ထိပ်တန်း ကျင့်ကြံရေးမြို့တော်ဖြစ်သည်။

ထို့ကြောင့် ကူဝူချန်သည် သူ၏ဦးနှောက်ကိုခြစ်ကာကုတ်ကာ စဥ်းစားနေရင်း မိမိ၏ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူဘဝနှင့် လွန်ခဲ့သောတစ်ချိန်က အလယ်ပိုင်းဒေသကို လှုပ်ခတ်ခဲ့သော သွေးနီနတ်ဆိုး၏ဂုဏ်ပုဒ်ကိုပါ ထည့်သွင်းစဥ်းစားမိသည်။ ရုတ်တရက် ရဲရင့်သောစိတ်ကူးတစ်ခုက ဖြတ်ပြေးဝင်လာခဲ့၏။

၎င်းစိတ်ကူးသည် သွေးနီနတ်ဆိုး၏နာမည်ကို အသုံးပြု၍ အလယ်ပိုင်းဒေသတွင် မီးလျှံနတ်ဆိုးဂိုဏ်းကို ပြန်လည် တည်ထောင်ရန်ဖြစ်သည်။ သူသည် ဒုတိယဂိုဏ်းချုပ်အဖြစ် အမည်ခံကာ သွေးနီနတ်ဆိုးထံတွင် အမှုထမ်းလိုသော နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူများကို စုဆောင်းမည်ဖြစ်ပြီး၊ ထို့နောက်တွင်တော့ လီထန်းမြို့ကို ကြီးမားသောထိုးစစ်တစ်ခု စတင်ကာ တင်းကျန်းအား ရေခဲဝိညာဉ် အမတပုလဲကို အသုံးပြုရန် ဖိအားပေးမည်။

မကြာမီပင် ကူဝူချန်သည် သူ၏အစီအစဥ်ကို စတင်ခဲ့သည်။ အခြေအနေသည် သူ၏မျှော်မှန်းချက်များထက်ပင် များစွာကျော်လွန်သွားခဲ့၏။ ထိုကြေညာချက်ကို ထုတ်ပြန်လိုက်သည်နှင့် နတ်ဆိုးလမ်းစဉ်၌ ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကမ္ဘာ့နေရာအနှံ့အပြားမှ နတ်ဆိုးကျင့်ကြံသူပေါင်းများစွာသည် နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့အား အမှုထမ်းရန် စိတ်အားထက်သန်စွာဖြင့် မီးလျှံနတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်လာကြသည်။

ဤကာလအတွင်း ကောက်ကျစ်သောလူများစွာသည် ကူဝူချန်၏ ဒုတိယဂိုဏ်းချုပ်ဟူသည် ပါးစပ်ပြော အထောက်အထားကို သံသယဝင်ခဲ့ဖူးသည်ပင်။ ကံကောင်းထောက်မစွာဖြင့် ကူဝူချန်သည် ထိုဖြစ်နိုင်ချေအတွက် ကောင်းစွာပြင်ဆင်ထားပြီး နှင်းဝံပုလွေဘုရင် ပေးအပ်ထားသော အဆောင်တံဆိပ်တစ်ခုကို ထုတ်ပြနိုင်ခဲ့သည်။ ထိုတံဆိပ်တွင် နှင်းဝံပုလွေဘုရင်၏ စွမ်းအားတစ်စွန်းတစ်စ ပါရှိပြီး၊ ၎င်းမှ ထုတ်လွှတ်သော အရှိန်အဝါသည် ဉာဏ်အလင်းမသေမျိုးတစ်ပါးကို ခြိမ်းခြောက်ရန် လုံလောက်သည်ထက် ပိုသည်။

ကူဝူချန်သည် ထိုအဆောင်ကို မလွတ်တမ်း ကိုင်ဆောင်ထားပြီး ၎င်းသည် နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့ကိုယ်တိုင် ပေးအပ်ထားသော အမိန့်တော်တံဆိတ်ဖြစ်ကြောင်း၊ ဤအမိန့်တော်တံဆိတ်ကို မြင်လျှင် နတ်ဆိုးဂိုဏ်းချုပ်ကိုယ်တိုင်ကို မြင်တွေ့ရသည်နှင့် မခြားကြောင်း ကြေညာခဲ့သည်။

ဤသို့ဖြင့် အစက ကူဝူချန်ကို မေးခွန်းထုတ်ခဲ့သော နတ်ဆိုးကျင့်ကြံသူတို့၏ နှလုံးသားထဲမှ သံသယများ ပျောက်ကွယ်သွားပြီး၊ နက်ရှိုင်းသော ရိုသေမှုများဖြင့် အစားထိုးခံခဲ့ရသည်။

သူ၏ရာထူးကို ခိုင်မာအောင်လုပ်ပြီးနောက် ကူဝူချန်သည် နတ်ဆိုးဂိုဏ်းချုပ်က မြောက်ပိုင်းလွင်ပြင်ပြည်နယ်ကို သိမ်းပိုက်လိုသည်ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ နောက်လိုက်များကို ကျယ်ကျယ်ပြန့်ပြန့်စုဆောင်းခဲ့၏။ ထို့နောက် လက်အောက်ခံများကို နတ်ဆိုးဂိုဏ်းစစ်တပ်တစ်ခု ဖွဲ့စည်းစေပြီး သူတို့၏နယ်မြေကို စတင်ချဲ့ထွင်စေခဲ့သည်။

ကူဝူချန်ကို ယုံကြည်သော နတ်ဆိုးကျင့်ကြံသူတို့သည် နတ်ဆိုးဂိုဏ်းချုပ်ကိုယ်စား တာဝန်ပေးအပ်သည်ဆိုသော အမိန့်စကားကို မြူမှုန်မျှပင် သံသယမဝင်လှစွာ ချက်ချင်းပင် အဖွဲ့များဖွဲ့စည်းကာ မြောက်ပိုင်းလွင်ပြင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည်။ သူတို့၏ လှံစွပ်ထိပ်ဖျားသည်ကား လီထန်းမြို့ကို တိုက်ရိုက်ဦးတည်နေလျက်။

ထိုအချိန်တွင် ကူဝူချန်သည် နတ်ဆိုးလမ်းစဉ်မှ ပါရမီရှင်အမျိုးမျိုးကို စုစည်း၍ ဤမြို့ကို တိုက်ခိုက်ခြင်းဖြင့် ကြီးမားသော ပြင်ပခြိမ်းခြောက်မှုအောက်တွင် တင်းကျန်းတစ်ယောက် မလွဲမသွေ ရေခဲဝိညာဉ် အမတပုလဲကို အသုံးပြုရတော့မည်ဟု ယုံကြည်ခဲ့သည်။ အားလုံးအဆင်ပြေခဲ့ပါက သူ၏အစီအစဥ် အောင်မြင်လိမ့်မည်။

စေလွှတ်လိုက်သော နတ်ဆိုးကျင့်ကြံသူများစွာ၏ စတေးခံရခြင်းအတွက်တော့ ကူဝူချန် လုံးဝဂရုမစိုက်ခဲ့။

နတ်ဆိုးလမ်းစဉ်၌ မသေရုံတမယ် ရုန်းကန်ခဲ့ရသူအနေဖြင့် ရန်တိုက်ခြင်းမှ အကျိုးအမြတ်ထုတ်ယူရသည့် နိယာမကို သူ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့သည်။ ကြီးမြတ်ခမ်းနားသော ဘုရင် သို့မဟုတ် ဂိုဏ်းချုပ်တစ်ဦး၏ ခြေအောက်တွင် မရေမတွက်နိုင်သော စတေးခံအရိုးဖြူများက အစဥ်အလာမပြတ် ရှိမြဲရှိဆဲပါပင်။

အစီအစဥ်ပြီးမြောက်သည်နှင့် သူသည် နှင်းဝံပုလွေဘုရင်၏အကူအညီကို ကတိအတိုင်း ရရှိမည်ဖြစ်ပြီး ဒုတိယဂိုဏ်းချုပ်အဖြစ် သူ၏ရာထူးကို ခိုင်မာစွာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

တစ်နေ့နေ့တွင် သူ၏လှည့်ဖြားမှု ပေါ်သွားနိုင်ပြီး အစစ်အမှန် နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့ကိုယ်တိုင် သူ့ကို လာရှာခဲ့ပါလျှင် မသေမျိုးဘုရင်ကို နောက်ခံအဖြစ် ရရှိထားသောသူအနေဖြင့် တစ်ဖက်ရန်သူကို ကြောက်ရွံ့နေစရာ လိုနေပါဦးမည်လော။

ထိုအချိန်တွင် ကူဝူချန်သည် လူကိုသတ်ကာ ရာထူးကိုလွှဲပြောင်းယူရန် တွန့်ဆုတ်နေမည်မဟုတ်။ သူ၏ အဓိကပန်းတိုင်မှာ မီးလျှံနတ်ဆိုးဂိုဏ်း၏ အစစ်အမှန် နတ်ဆိုးဂိုဏ်းချုပ် ဖြစ်လာရန်ဖြစ်သည်။

All Chapters