အခန်း (၄၉၆)
Vol. 36 Ch. 496
သို့သော် ယခုမူ။
ကူဝူချန်သည် ဘေးဆိုးကျရောက်တော့မည်ဟူသော အာရုံတစ်ခုကို မသိစိတ်မှ ခံစားနေရ၏။
“ဒီလိုမဖြစ်သင့်ဘူး၊ ငါပဲ အတွေးလွန်နေတာလား?”
အမှောင်ထဲမှ တိတ်တဆိတ် ရေရွတ်မိသည်။
ရုတ်တရတ်။
မှိန်ပျသောခန်းမသည် ရုတ်တရက် တောက်ပလာသည်။ မီးခွက်တိုင်းတွင် ပြင်းထန်သောမီးတောက်များ တောက်လောင်နေကာ အေးစက်သောပတ်ဝန်းကျင်သို့ နွေးထွေးမှုအချို့ကို ယူဆောင်လာသည်။
ပလ္လင်ပေါ်တွင် အနက်ရောင်ဦးထုပ်ရှည်နှင့် အနက်ရောင်ဝတ်ရုံဝတ်ထားသော ပိန်ပိန်ပါးပါးလူသည် ဖြူဖျော့သောမျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသရောယှက်နေပြီး အော်ဟစ်လိုက်သည်။
“ဘယ်သူက မီးထွန်းတာလဲ။ သေချင်လို့လား?”
ကူဝူချန် ဒေါသထွက်သွားသည်။ သူသည် မှောင်မိုက်သောပတ်ဝန်းကျင်တွင် နေထိုင်ရသည်ကို ကြိုက်သည်ပင်။ ၎င်းက သူ့ကို လုံခြုံမှုခံစားရစေသောကြောင့်။ ထို့ကြောင့် ခန်းမတွင် မီးအလင်းမရှိစေရဟု သူ ယတိပြတ် အမိန့်ပေးခဲ့သည်။ ယခုအခါ တစ်စုံတစ်ဦးက သူ့အမိန့်ကို အတင့်ရဲလို့ ဆန့်ကျင်နေခဲ့လေပြီ။
“ပါးစပ်ပိတ်ထား။ မင်းက အရှက်မရှိတဲ့ လူလိမ်တစ်ယောက်ပဲ” တံခါးအပြင်ဘက်မှ ကျယ်လောင်ပြီး ဒေါသထွက်နေသောအသံတစ်သံ ထွက်ပေါ်လာသည်။ ကူဝူချန် ကွက်ခနဲ မျက်နှာပျက်သွားရ၏။
ကွေ့ကျန်းချုံသည် ဒေါသအပြည့်လွှမ်းနေသော မျက်နှာထားဖြင့် ဝင်လာကာ ပလ္လင်ပေါ်မှ ပုံရိပ်ကို စူးစိုက်ကြည့်နေသည်။
“လူယုတ်မာ”
ကူဝူချန်သည် နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ကာ အမိန့်တော်တံဆိပ်အား ထုတ်ယူလိုက်ပြီး ကွေ့ကျန်းချုံအား နှိမ်နင်းရန် အဆင်သင့်ဖြစ်နေသည်။ “ငါ့မှာ နတ်ဆိုးဂိုဏ်းချုပ်က ပေးအပ်ထားတဲ့ မြင့်မြတ်သောအမိန့်တော်ရှိတယ်။ ဒါတောင် မင်းက ငါ့ကို အတုလို့ ပြောဝံ့တယ်ပေါ့။”
ကွေ့ကျန်းချုံသည် ဘာတစ်ခွန်းမှ ထပ်ပြောမနေတော့ဘဲ ရိုသေစွာ ဘေးသို့ဆုတ်လိုက်သည်။ “နတ်ဆိုးဂိုဏ်းချုပ်၊ ကူဝူချန်ဆိုတာ ဒီကောင်ပါ”
ထို့နောက် အရပ်မြင့်မြင့် ခပ်သွယ်သွယ် ပုံရိပ်တစ်ခုသည် နောက်ဘက်မှ လက်ပိုက်ကာ ဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။ သူ၏လှပသောမျက်နှာသည် အဖိုးတန်ကျောက်စိမ်းကဲ့သို့ ချောမွေ့နုထွတ်ကာ နှင်းခဲကဲ့သို့ အေးစက်နေသည်။ မျက်လုံးများက နတ်ဘုံနတ်နန်း၏ ဆီမီးအလင်းရောင်ကို ထည့်သွင်းထားသကဲ့သို့ တောက်ပနေပြီး ပါးလွှာသောနှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော စကားလုံးများမှာ ရေခဲကဲ့သို့ အေးစက်၏။
“ဒီအရှင်က ဘယ်တုန်းက မင်းကို အမိန့်တော်ပေးခဲ့ဖူးလို့လဲ”
ထိုလူကိုမြင်သော်။
ကူဝူချန်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ထိတ်လန့်သွားပြီး သူ့လက်ထဲမှ တံဆိပ်ကို လွှတ်ချမိမတတ်ပင်။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး တုန်ယင်နေသောလက်ဖြင့် ထိုသူကို လက်ညှိုးထိုးကာ အံ့သြတကြီး အော်ဟစ်လိုက်သည်။
“မင်း၊ မင်းက သွေးနီနတ်ဆိုးလား”
တစ်ဖက်လူမှ ဤမျှလျင်မြန်စွာ မမျှော်လင့်သောနည်းဖြင့် ရောက်လာလိမ့်မည်ဟု သူတစ်ခါမှ မတွေးထင်စဖူး။
နာမည်တစ်လုံးဖြင့် လောကတစ်ခွင်ကို အရိပ်ကဲ့သို့ အမှောင်ဖုံးစေခဲ့သော ထိုပုဂ္ဂိုလ်။
သူ မကြောက်ဘူးဟု ဆိုလျှင် လိမ်ရာရောက်မည်။ အထူးသဖြင့် တစ်ဖက်လူ၏နာမည်ကို အလွဲသုံးစားလုပ်ခဲ့သော ပစ်မှုကြောင့် ကြောက်စိတ်တွင် အပြစ်ရှိစိတ်ပါ ရောယှက်ပါဝင်နေခဲ့သည်။
“မင်းလို ခွေးတစ်ကောင်က မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ဖြစ်ဖို့ ထိုက်တန်ရဲ့လား?"
ဟုန်ချန်ယဲ့ လှောင်ရယ်လိုက်သည်။
ထိုစကားလုံးများမှာ မြနေအောင်သွေးထားသော ဓားဦးချွန်ကဲ့သို့ ကူဝူချန်၏ အတ္တနှင့်မာနအား တည့်တည့်ထိုးနှက်ခဲ့၏။
ကူဝူချန်သည် အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားပြီး ယုတ်မာသောရယ်သံကို လုပ်ယူလိုက်သည်။ “ဒီလိုဆိုရင် ငါကမင်းနဲ့ အပိုစကားတွေ ပြောနေတော့မှာ မဟုတ်ဘူး။ မင်းက အလယ်ပိုင်းဒေသကို လှုပ်ခါစေခဲ့တဲ့ နတ်ဆိုးလမ်းစဉ်က ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးပဲ။ ငါ မင်းကို အရင်က အလွန်လေးစားခဲ့ဖူးတယ်၊ မင်းရဲ့လုပ်ဆောင်ချက်တွေက နောက်တက်လူသစ်များစွာကို အားကျစေခဲ့တယ်၊ ဒါပေမယ့် ခေတ်တွေပြောင်းနေပြီ၊ အရည်အချင်းရှိသူတွေက အုပ်စိုးသူအသစ်ပဲ။ မင်းရဲ့ရာထူးက အခု ငါ့အပိုင်ဖြစ်သင့်ပြီ။”
“မိုက်မဲလိုက်တာ။ နတ်ဆိုးဂိုဏ်းချုပ်ကို ဒီလို မရိုမသေလုပ်ရဲသလား။ ဆင်းလာခဲ့စမ်း” ကွေ့ကျန်းချုံက ကြုံးဝါးလိုက်ပြီး ရှေ့တက်လာသည်။
ဦးခေါင်းခွံများစွာသည် အနက်ရောင်လက်ကြီးတစ်ဖက်အဖြစ် ပေါင်းစည်းသွားပြီး ပလ္လင်ပေါ်မှ ကူဝူချန်ကို ဆုပ်ကိုင်ရန် လှမ်းလာ၏။
တစ်ခဏအတွင်းပင် ကူဝူချန်၏ရှေ့တွင် တောက်ပသော အဖြူရောင်အလင်းဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဒိုင်းကာကို ကြီးမားသော ဝံပုလွေခေါင်းပုံစံဖြင့် ထပ်ဆင့်ဖုံးအုပ်ထားကာ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အနက်ရောင်လက်ကြီးသည် ချက်ချင်းပျောက်ကွယ်သွားပြီး ဝိညာဥ်များနှင့် ဝံပုလွေများ၏ ငြီးတွားသံဖျော့ဖျော့ကို ကြားရသည်။
“အား” ကွေ့ကျန်းချုံ၏ ရင်ဘတ်သည် လေးလံသောတူဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ နာကျင်အောင့်သက်သွားရ၏။ ခန္ဓာကိုယ်သည် နောက်သို့အနည်းငယ်ယိုင်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာကာ မျက်နှာအကြောများတောင့်တင်းသည်အထိ ကြိတ်ခံလိုက်ရသည်။
ကူဝူချန်၏လက်ထဲတွင် ကြေးတံဆိပ်တစ်ခု ရောက်နေခဲ့သည်။ ထိုသူက အနိုင်ရသူတစ်ဦး၏လေသံဖြင့် လှောင်ရယ်၏။ “မင်းတစ်ယောက်တည်းနဲ့ ငါ့ကို အနိုင်ယူချင်တယ်ပေါ့လေ"
ဟုန်ချန်ယဲ့၏အကြည့်သည် ကြေးတံဆိပ်ပေါ်သို့ ကျရောက်သွားပြီး သူ၏ထူးခြားသော ဖီးနစ်မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။ “ဒါက အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ဦးက ပြုလုပ်ထားတဲ့ မှော်ရတနာပဲ။ မင်းမှာ နောက်ခံကောင်းကောင်း ရှိပုံရတယ်။”
ကူဝူချန်သည် သူ့လက်ထဲမှ တိုကင်ကို ဆော့ကစားရင်း လှောင်ပြောင်လိုက်သည်။ “သွေးနီနတ်ဆိုး၊ မင်း အရှေ့ပိုင်းဒေသမှာပဲ အသက်ရှင်နေခဲ့ရင် ကိစ္စမရှိဘူး၊ ဒါပေမယ့် အခု ဒီနေရာအထိနယ်ကျော်ပြီး လာတိုက်ခိုက်တဲ့အတွက် အနာတရမရှိဘဲ ပြန်ထွက်သွားဖို့တော့ စိတ်မကူးလေနဲ့"
သူ၏စကားများအဆုံးတွင် ကြီးမားသော သတ်ဖြတ်လိုစိတ်က မြင့်တက်လာသည်။
နှင်းဝံပုလွေဘုရင်ပေးထားသော ရတနာကြောင့် ကူဝူချန်သည် လုံးဝကို မာန်မာနထောင်လွှားနေသည်။
ဤ နတ်ဆိုးလမ်းစဉ်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကို အစတုန်းက အားကျအတုယူခဲ့ရာမှ နောက်ဆုံးတွင် သူ့ကိုယ်သူ တန်းတူအဖြစ် မြင်ယောင်လာပြီး ထိုသူ၏နေရာကို အစားထိုးဝင်ယူလိုသည်အထိ မာန်မာနထောင်လွှားလာခဲ့သည်။ ပုရွက်ဆိတ်တစ်ကောင်ပင် အားကိုးရာရှိသော် အစွယ်ထုတ်ပြတတ်ကြောင်း သက်သေပြနေသကဲ့သို့။
“အရူး၊ မင်းလက်ထဲက ပစ္စည်းလောက်နဲ့ ဒီအရှင်ရှေ့မှာ ဝင့်ကြွားနေစရာ အကြောင်းမရှိဘူး” ဟုန်ချန်ယဲ့၏လေသံသည်လည်း မထီမဲ့မြင်ပြုခြင်းများဖြင့် ပြည့်နေသည်။
ထူးဆန်းသည်မှာ ကူဝူချန်သည် ဒေါသမထွက်ဘဲ ဟုန်ချန်ယဲ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
တစ်ဖက်လူမှာ အမျိုးသမီးမဟုတ်သော်လည်း အမျိုးသမီးများထက် ပိုမိုလှပနေသည်။ သူ၏ဆံပင်နက်များသည် ရေတံခွန်ကဲ့သို့ ခါးအထိ ကျဆင်းနေကာ အသားအရေသည် အပြစ်ကင်းစင်စွာ ဖြူစင်သန့်ရှင်းနေသည်။ တစ်မူထူးခြားစွာ အချိုးအစားကျနသော ရုပ်ရည်သွင်ပြင်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ခမ်းနားသည်။ မျက်ခုံးများကြားတွင် ရဲဝံ့ထောင်လွှားသော အရိပ်အယောင်တစ်မျိုးကို ခံစားနိုင်ပြီး ထိုသူ၏ နဖူးပေါ်ရှိ တောက်ပသော မီးလျှံအမှတ်အသားသည်ကား အသက်ရှုမှားဖွယ် ဆွဲဆောင်မှုအချို့ကို ပေါင်းထည့်ပေးနေသည်။ အထူးသဖြင့် ယခု ဝင့်ကြွားပြောဆိုချိန် မေးစေ့ကို မြှင့်တင်လိုက်သောအခါ လှောင်ရိပ်ရောယှက်နေသော မျက်နှာလှလှလေးမှာ ကူဝူချန်၏အတွေးစဥ်ကို အရောင်ဆိုးပေးလိုက်သကဲ့သို့ ထူးဆန်းထွေပြားလာစေ၏။
“ဒီလောက်လှတဲ့ဟာလေးကို ငါ အရှင်ဖမ်းဆီးပြီး သေချာဆုံးမနိုင်ခဲ့ရင် တန်းသတ်လိုက်တာထက် ပိုပြီးစိတ်ကျေနပ်စရာကောင်းမှာပဲ"
ကူဝူချန်သည် ထိုအကြောင်းအား ပိုတွေးလေလေ၊ ပို၍စိတ်လှုပ်ရှားလာလေလေပင်။ သူသည် လက်ထဲမှတံဆိပ်ကို စိတ်အားထက်သန်စွာ မြှောက်လိုက်ပြီး မသေမျိုး ချီကို ထည့်သွင်းလိုက်ပြီးနောက်တွင် တိုကင်မှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ချက်ချင်းပင် ကြီးမားသော အဖြူရောင်ဝံပုလွေလက်သည်းတစ်ခု ထွက်ပေါ်လာကာ ဟုန်ချန်ယဲ့အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။ လေဟာနယ်သည်ပင် သိသာထင်ရှားစွာ တုန်ခါသွားလျက်။
“ငါ၊ ကူဝူချန်က ဒီနေ့ကစပြီး မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးဂိုဏ်းချုပ်ရာထူးကို တရားဝင်ဆက်ခံပြီ"
“မင်းကတော့ ဒီနတ်ဆိုးဂိုဏ်းချုပ်ရှေ့မှာ ဒူးထောက်လိုက်စမ်း”