နှင်းကျားသစ် ပြောင်းလဲသွားပြီ
Vol. 36 Ch. 497
ကူဝူချန်မှာ သက်သောင့်သက်သာ သေဆုံးခဲ့ရခြင်း မရှိပေ။
သူသည် ဟုန်ချန်ယဲ့အား နှိမ်နင်းရန် တံဆိပ်၏စွမ်းအားကို အပြည့်အဝ အသုံးပြုလိုက်ချိန်တွင် ဟုန်ချန်ယဲ့ထံမှ ရယ်သံတစ်ချက်ထွက်လာကာ အင်္ကျီလက်ဖျားစကို တစ်ချက်ခတ်လိုက်သည်ကိုသာ မြင်လိုက်ရ၏။
အုံး!
ဧရာမ နှင်းဖြူဝံပုလွေလက်သည်းသည် ထိုလက်တစ်ခတ်စာဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရသည်။
“ဘာ”
ကူဝူချန် ထိတ်လန့်သွားသည်၊ သူ့လက်ထဲမှ တံဆိပ်ကို အမြန်ပြန်ကြည့်လိုက်ရာ ၎င်း၏မျက်နှာပြင်တွင် အက်ကြောင်းများ ပြည့်နေပြီး ဝိညာဥ်စွမ်းအင်လည်း လုံးဝပျောက်ဆုံးအသက်မဲ့နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထို့နောက် အားကြီးသော ဆွဲငင်အားတစ်ခုက သူ့ကို ပလ္လင်ပေါ်မှ ရှက်စရာကောင်းစွာ ခွေးကျဝက်ကျ ဆွဲချသွားသဖြင့် မြေပြင်ပေါ်သို့ ပုံလဲကျသွားသည်။ တောင်ကြီးတစ်လုံးဖြင့် ပစ်ပေါက်ဖိချေခံရသကဲ့သို့ သူ့အရိုးများ ကျိုးပဲ့ချွတ်ယွင်းကာ တဂျွတ်ဂျွတ်မြည်သံများပင် ထွက်လာတော့၏။
“မင်းလို ညံ့ဖျင်းတဲ့ပိုးစုန်းကြူးကောင်က တောက်ပတဲ့လမင်းနဲ့ ယှဥ်ပြိုင်ရဲတယ်ပေါ့”
ဟုန်ချန်ယဲ့၏ ခပ်ထေ့ထေ့စကားသံ ထွက်ပေါ်လာသည်။
ဤအချိန်တွင်။
ကူဝူချန်ဝယ် အစပိုင်းက ထောင်လွှားမောက်မာနေသော မာန်မာနများ မရှိတော့။ သူ၏မျက်လုံးများမှ ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နီကျင်လျက်ရှိသည်။
“နတ်ဆိုးဂိုဏ်းချုပ် နတ်ဆိုးဂိုဏ်းချုပ် အသက်ချမ်းသာပေးပါ၊ ဒီငယ်သားက အရှင့်ကို စနောက်ရုံသက်သက်ပါ"
“ပါးစပ်ပိတ်ထား၊ မင်းလို ရှက်စရာကောင်းတဲ့လူယုတ်မာက နတ်ဆိုးဂိုဏ်းချုပ်လို့ ခေါ်ဝံ့သေးလား၊ မင်းက မီးလျှံနတ်ဆိုးဂိုဏ်းက အဖွဲ့ဝင်တောင် မဟုတ်ဘူး” ကွေ့ကျန်းချုံက ဒေါသတကြီး ဆဲဆိုလိုက်သည်။
ဟုန်ချန်ယဲ့၏ လှုပ်ရှားမှုကို တစ်ချက်မျှ တွေ့ပြီးနောက် ကူဝူချန်လောက်ကတော့ ပြဿနာဟုပင် ထည့်တွက်စရာမလိုတော့ကြောင်း သူနားလည်လိုက်သည်။
“အဓိပ္ပာယ်မရှိတာ၊ ငါက မီးလျှံနတ်ဆိုးဂိုဏ်းကို စုစည်းခဲ့တဲ့သူပဲ။ ငါ အသုံးပြုခဲ့တဲ့နည်းလမ်းတွေမှာ ပြဿနာရှိတယ်ဆိုပေမယ့် ငါ့ရည်ရွယ်ချက်တော့ စစ်မှန်ပါတယ်။ အခု မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ အင်အားစုတစ်ခုလုံးကို ငါ့လက်နဲ့ ငါကိုယ်တိုင် တည်ဆောက်ခဲ့တာ၊ ငါ့မှာ ဂုဏ်သိက္ခာမရှိဘူးဆိုရင်တောင် ကြိုးစားခဲ့တဲ့ရလဒ်ကတော့ မင်းတို့မျက်မြင်ပဲလေ"
ကူဝူချန်သည် နောင်တတရားဖြင့် တစ်ကိုယ်လုံး ချွေးများရွှဲရွှဲစိုနေကာ အူအသည်းတွေ ပြတ်ထွက်တော့မတတ် နာကျင်နေရသည်။ ဟုန်ချန်ယဲ့၏ ခွန်အားသည် ထိုမျှအထိ အစွမ်းထက်ပြီး နှင်းဝံပုလွေဘုရင် ပေးအပ်ထားသော တံဆိပ်ကိုပင် ချိုးဖျက်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အခြားရွေးချယ်စရာမရှိသဖြင့် သူသည် သေခြင်းတရားကို ကန်ထုတ်ရုန်းထွက်ဖို့ကြိုးစားရင်း မျှော်လင့်ချက်တစ်စွန်းတစ်စကို ဆုပ်ကိုင်နိုင်ရန် မျှော်လင့်ခဲ့သည်။
“ရယ်စရာပဲ၊ မင်းသာ ပြဿနာတွေကို ဒီလောက်ကြီးအောင်မဖွထားရင် ဒါတွေဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီအရှင် အလယ်ပိုင်းဒေသမှာ လက်တစ်ဖက် မြှောက်ပြလိုက်ရုံနဲ့ နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူအားလုံးက သံသယမရှိ လိုက်လာကြမှာပဲ”
ဟုန်ချန်ယဲ့၏ လေသံသည် ရုတ်တရက် အေးစက်သွားသည်။ “ဒါ့အပြင် မင်းကြောင့် ဒီအရှင်ကို သစ္စာရှိတဲ့ နောက်လိုက်နောက်ပါတွေ ဘယ်လောက်တောင် သေဆုံးခဲ့ရလဲ။ ဒီကြီးမားတဲ့ ရာဇဝတ်မှုအတွက်နဲ့တင် မင်းက ဒီအရှင်ရဲ့မျက်လုံးထဲမှာ သေဆုံးပြီးသားပဲ"
ကြီးမားသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ကူဝူချန်သည် သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်ကာ အံတင်းတင်းကြိတ်လျက် ခြိမ်းခြောက်သည်။ “သွေးနီနတ်ဆိုး၊ ငါ့မှာ နောက်ခံရှိတယ်၊ သူက ဒဏ္ဍာရီလာ မသေမျိုးဘုရင် ကျင့်ကြံသူတစ်ဦးပဲ၊ မင်း ငါ့ကို သတ်ရင် မင်းရဲ့အဆုံးသတ်ကလည်း ငါနဲ့ထူးမခြားနား ဆိုးရွားလိမ့်မယ်"
ဤစကားကို ကြားသောအခါ။
ဟုန်ချန်ယဲ့ တစ်ချက်တန့်သွားပြီး သူ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်များ တောက်ပလာသည်။ “ရှေးခေတ်က နောက်ထပ် နိုးထလာသူတစ်ဦးပေါ့”
အရှေ့ပိုင်းဒေသမှ အလယ်ပိုင်းဒေသတစ်လျှောက်လုံး ထိုကဲ့သို့သော ရှေးဟောင်းသတ္တဝါများ ပေါ်ထွက်နိုးထလာမှု အကြိမ်ရေသည် တစ်စထက်တစ်စ တိုးများလာသည်။ ၎င်းသည် ခေတ်ပြိုင် ကျင့်ကြံသူများအတွက် ကောင်းသောကိစ္စ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ခွန်အားကြီးသူများက တားမြစ်ထားသောစည်းမျဥ်းများကို ချိုးဖောက်လွန်ဆန်ကာ အရှုပ်အထွေးများ ဖြစ်ပေါ်စေမည် ဖြစ်သောကြောင့်ပင်။
သို့သော် မသေမျိုးဖြစ်ပြီးနောက်ပိုင်း ခွန်အားများစွာ ဆက်တိုက်တိုးပွားလာသော ဟုန်ချန်ယဲ့သည် အရင်ကထက် ပိုမို ယုံကြည်မှုရှိလာပြီး ကူဝူချန်၏ ခြိမ်းခြောက်မှုကို လုံးဝ အရေးစိုက်စရာဟု မသတ်မှတ်ထား။
မသေမျိုးဘုရင်ဆိုတာ အဲ့လောက် အင်အားကြီးသတဲ့လား?
ငါ့ဆရာသခင် သတ်နေကျကောင်တွေပဲကို!
“သေစမ်း”
အေးစက်သောအလင်းရောင်သည် ဟုန်ချန်ယဲ့၏မျက်လုံးများမှ ထွက်ပေါ်လာပြီး လက်ညှိုးတစ်ချောင်းကို အသာမြှောက်လျက် ထိုးညွှန်လိုက်ရာ မည်းနက်သော မီးလျှံဖျော့ဖျော့သည် ကူဝူချန်၏ကိုယ်ခန္ဓာထဲသို့ ထူးဆန်းစွာ ဝင်ရောက်သွားတော့၏။
ကူဝူချန်၏ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားသည်။ သူသည် ထွက်ကျမတတ် ပြူးကျယ်နေသောမျက်လုံးများဖြင့် အလွန်နာကျင်စွာ အော်ဟစ်နေသည်။
“အား အား အား အား အား…”
ခန္ဓာကိုယ်တစ်ခုလုံးကို ပိုးမွှားဘီလီယံနှင့်ချီ၍ ကိုက်ဖြတ်စားသောက်နေသည်ဟု သူ ခံစားရသည်။ အသွေးအသားကိုသာမက ဝိညာဥ်ကိုပါ ကိုက်ဖောက်စားမျိုနေသည့် နာကျင်မှုမျိုး။
ကွေ့ကျန်းချုံ၏ ထိတ်လန့်နေသောမျက်လုံးများရှေ့တွင် ကူဝူချန်သည် အလွန်လျင်မြန်စွာပင် သွေးအိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့၏။
“အမိန့်၊ ကူဝူချန်ဟာ တာအိုစည်းမျဥ်းများကို ဆန့်ကျင်ပြီး လှည့်ဖျားယုတ်မာခဲ့တဲ့အတွက် ဒီအရှင်က အခုပဲ စီရင်လိုက်ပြီ။ အခုကစပြီး မီးလျှံနတ်ဆိုးဂိုဏ်းဟာ တရားမျှတသောလမ်းကို တရားဝင်လျှောက်လှမ်းရမယ်” ဟုန်ချန်ယဲ့သည် လက်ဖျားစကို တစ်ချက်ခါလိုက်ကာ ပြန်လှန်မေးခွန်းထုတ်ဝံ့မရှိသော အသံဖြင့် အမိန့်ချသည်။
“ဟုတ်ကဲ့ပါ နတ်ဆိုးဂိုဏ်းချုပ်”
ကွေ့ကျန်းချုံသည် လက်များကို စုစည်းဆုပ်ကိုင်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထို့နောက် ဤအမိန့်သည် မီးလျှံနတ်ဆိုးဂိုဏ်း၏ ဌာနချုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး တပည့်သားအားလုံးကို တုန်လှုပ်စေခဲ့သည်။
ဟုန်ချန်ယဲ့သည် ဂိုဏ်း၏ အတွင်းပိုင်း အဆင့်သတ်မှတ်ချက်စနစ်ကိုလည်း ပြန်လည်ပြုပြင်ခဲ့သည်။ ဒုတိယ နတ်ဆိုးဂိုဏ်းချုပ်အောက်တွင် မဟာအကြီးအကဲလေးဦး၊ ထို့နောက် အကြီးအကဲများ၊ ခန်းမ ကွပ်ကဲရေးမှူးများ၊ အထူးတပည့်များ၊ သာမန်တပည့်များနှင့် အလုပ်သင်တပည့်များ ပါဝင်သည်။
သူသည် လက်အောက်ခံတပည့်များ တိုက်ခိုက်လိုစိတ်နှင့် စိတ်အားတက်ကြွထက်သန်မှု ပြည့်ဝစေရန် အမျိုးမျိုးသော ဆုပေးစနစ်များကိုလည်း ပြီးပြည့်စုံစွာ စီစဥ်စေခဲ့သည်။
ပြီးစီးသည့်နောက် ဟုန်ချန်ယဲ့သည် လီထန်းမြို့သို့ ပြန်ရန် စီစဉ်ခဲ့သည်။
“နတ်ဆိုးဂိုဏ်းချုပ်၊ ဒီငယ်သား အတူလိုက်ဖို့ လိုအပ်ပါသေးသလား”
“မမေ့လိုက်နဲ့၊ မင်းက ဒုတိယဂိုဏ်းချုပ်ပဲ။ မင်း ဒီမှာပဲ နေသင့်တယ်။ ဒီအရှင် မရှိတဲ့အခါ ဂိုဏ်းတွင်းအရေးကိစ္စတွေကို ကောင်းကောင်းကိုင်တွယ်ရမယ်၊ ဒီအရှင်ရဲ့ ယုံကြည်မှုကို စိတ်မပျက်ပါစေနဲ့"
“နတ်ဆိုးဂိုဏ်းချုပ်၊ ကျွန်တော် ကွေ့ကျန်းချုံဟာ မီးလျှံနတ်ဆိုးဂိုဏ်းအတွက် တစ်သက်တာလုံး အသက်ကိုပေးဆပ်ပြီး တာဝန်ထမ်းဆောင်ပါ့မယ်လို့ ကောင်းကင်ကို တိုင်တည်သစ္စာဆိုပါတယ်”
“ကောင်းပြီ၊ အနာဂတ်မှာ အရေးကြီးတာတစ်ခုခုရှိရင် ငါ ပေးထားတဲ့ အသံလှိုင်းလက်စွပ်နဲ့ ဆက်သွယ်လိုက်။ ဒီအရှင် သွားတော့မယ်”
“နတ်ဆိုးဂိုဏ်းချုပ် သွားလိုက်ပါဦး”
ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ကွေ့ကျန်းချုံသည် အရိုသေပြုဦးညွှတ်ရင်း ဒူးထောက်၍ မျက်ရည်များစီးကျနေလျက် အော်ဟစ်လိုက်သည်။
ဤသို့ဖြင့် ဟုန်ချန်ယဲ့သည် အမှုကိစ္စအဝဝကို ကွေ့ကျန်းချုံဆီသို့သာ လက်လွှဲကာ လီထန်းမြို့သို့ အလျင်အမြန်ပြန်သွားခဲ့သည်။
သူ့စိတ်ထဲတွင် အမှန်တကယ် ကြိုးကိုင်သူသည် ပေါ်ပေါက်လာတော့မည်ဟု မရေမရာ သံသယရှိနေသည်။