အမွေးပင်မကျန်
Vol. 36 Ch. 499
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နှင်းဝံပုလွေဘုရင်သည် အူသံကို ချက်ချင်းရပ်လိုက်သည်။
သူ၏မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေလျက် မီးတောက်တော့မတတ်။ ထို့နောက် အံကြိတ်သံဖြင့် မေးသည်။ “ဘယ်သူလဲ? ဘယ်သူက ဒီဘုရင်ကို ခွေးလို့ ခေါ်ရဲတာလဲ? ဘယ်သူက ဒီလောက်ရဲရဲတင်းတင်း ပြောဆိုရဲတာလဲ? သတ္တိရှိရင် ဒီဘုရင်ရှေ့ ထွက်လာခဲ့”
သူ စိတ်လက်ကြည်သာနေချိန်၌ တစ်စုံတစ်ဦးက သူ၏ အော်ဟစ်ကြွေးကြော်သံကို ‘ခွေးအူသံ’ ဟု ခေါ်ဝံ့သည်။ ၎င်းသည် နှင်းဝံပုလွေဘုရင်ကို အကြီးအကျယ် စော်ကားလိုက်ခြင်းပင်။ သူ၏ နဂိုစိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး သတ်ချင်ဖြတ်ချင်စိတ်ကသာ အစားထိုးဝင်ရောက်လာတော့၏။
“ငါမေးတာကွာ ဘာလို့အူနေတာလဲ? ဘာလို့အူနေတာလဲ?"
တဲထဲမှ ယဲ့ကျွင်းလင်က မကျေနပ်နေဟန်မျက်နှာဖြင့် ထွက်လာကာ နှင်းဝံပုလွေဘုရင်ကို အကဲခတ်ရင်း မေးခွန်းထုတ်သည်။
ဝုန်း~
ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်သည့် အရှိန်အဝါသည် နှင်းဝံပုလွေဘုရင်ထံမှ ပေါက်ကွဲထွက်လာကာ နေရာအနှံ့အပြားသို့ ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
သူ၏မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် တောက်လောင်နေလျက် ယဲ့ကျွင်းလင်ကို စိုက်ကြည့်နေသည်။ ထို့နောက် အေးစက်သော သားရဲတစ်ကောင်၏ ကြုံးဝါးသံ ထွက်ပေါ်လာသည်။ “လူသားမျိုးနွယ်၊ မင်းက သေလမ်းရှာနေတာပဲ"
သူ၏ မြင့်မြတ်သော နှင်းဝံပုလွေမျိုးနွယ် အဆင့်အတန်းနှင့် လူသားမျိုးနွယ်ရှေ့ ဤမျှအရှက်တကွဲ စော်ကားခံရလိမ့်မည်ဟု နှင်းဝံပုလွေဘုရင် မမျှော်လင့်ခဲ့ပေ။
“အကြီးအကဲ၊ ကျွန်တော့်အတွက် တရားမျှတမှု ယူဆောင်ပေးပါ၊ ဒီသားရဲသတ္တဝါက ရောက်လာလာချင်းပဲ ကျွန်တော့်ရတနာကို လုယူသွားတယ်၊ တော်တော်ယုတ်မာတဲ့ ဓားပြကောင်ပါ” တင်းကျန်းသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ယဲ့ကျွင်းလင်ဆီ အလျင်အမြန်ပြေးလာပြီး တိုင်တန်းသည်။
“ဪ အဲ့လို”
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ သူ၏အကြည့်သည် နှင်းဝံပုလွေဘုရင်၏လက်ထဲမှ တင်းတင်းဆုပ်ကိုင်ထားသော ရေခဲဝိညာဉ် အမတပုလဲပေါ်သို့ ကျရောက်သွားကာ လှောင်ပြောင်စကားက ထပ်ထွက်လာပြန်၏။ “ခွေးလိုအူရုံတင်မက တခြားလူရဲ့ ပစ္စည်းကိုလည်း လုယူသေးတယ် ဟုတ်လား?”
တစ်ဖန် အရှက်ရသွားသော နှင်းဝံပုလွေဘုရင်၏ နဖူးတွင် အကြောများ ထောင်ထလာသည်။ ဒေါသတကြီးဖြင့် တိုက်ခိုက်ဖို့ပြင်ဆင်လေတော့၏။
ထိုအချိန်တွင် မီးလျှံများ ဝန်းရံနေသော အနီရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာသည်။
ရောက်ရှိလာသူမှာ ဟုန်ချန်ယဲ့ဖြစ်၏။
“မင်းပဲ”
နှင်းဝံပုလွေဘုရင် အံ့ဩသွားသည်။ သူသည် ဤလူကို အထူးတလည် မှတ်မိနေပါ၏။ ဉာဏ်အလင်းမသေမျိုး အဆင့်တွင်ရှိသော်လည်း မသေမျိုးဘုရင်နှင့် နှိုင်းယှဥ်နိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည့် မကြုံစဖူး ပါရမီရှင်တစ်ဦးပင်။
ဟုန်ချန်ယဲ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဝံပုလွေခေါင်း၊ လူကိုယ်ခန္ဓာရှိသော သတ္တဝါကို စိုက်ကြည့်သည်။ “မင်းက ကူဝူချန်ရဲ့ နောက်ခံအင်အား ဖြစ်ပုံရတယ်”
“ဟဲဟဲ၊ မင်းပြောတာ အဲ့ဒီ နတ်ဆိုးကျင့်ကြံသူလား၊ ဒီဘုရင်က သူ့ကို မလိုအပ်တော့ဘူး၊ တကယ်တော့ မင်းကိုပဲ ကျေးဇူးတင်သင့်တယ်၊ မင်းသာ အဲ့ဒီကောင်လေးရဲ့ နောက်ခံကို မစုံစမ်းခဲ့ရင် ဒီဘုရင်က ဒီလို ရဲရဲတင်းတင်း ရှေ့ထွက်ဖို့ သတ္တိရှိမှာမဟုတ်ဘူး” နှင်းဝံပုလွေဘုရင်က လှောင်ပြောင်လိုက်သည်။
နောက်ကွယ်မှ ကြိုးကိုင်သူတစ်ဦးအနေဖြင့် သူ အလိုရှိသောအရာကို ရရှိခဲ့ပြီးနောက် ခံစားချက်မှာ စစ်ပွဲတစ်ခုကို အနိုင်ရသကဲ့သို့ပင်။ သူ့စိတ်ထဲ ဂုဏ်မယူမိဟုဆိုလျှင် လိမ်ရာရောက်မည်။
“ဟမ့်၊ ဒီကျိုးပဲ့နေတဲ့ပုလဲက ဘာများ အစွမ်းထက်လို့လဲ၊ အရင်ကလည်း ငါ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ နှိမ်နင်းနိုင်ခဲ့တယ်၊ အခုလည်း နှိမ်နင်းနိုင်သေးတယ်” ဟုန်ချန်ယဲ့၏ ဆံပင်နက်များသည် ပြင်းထန်စွာ ယမ်းခါနေကာ အရှိန်အဝါသည် ပြင်းထန်လာသည်။
“ဟဲဟဲ၊ အဲ့ဒီညံ့ဖျင်းတဲ့ကောင်က ရေခဲဝိညာဉ် အမတပုလဲရဲ့ စွမ်းအား ဆယ်ပုံတစ်ပုံတောင် မထုတ်လွှတ်နိုင်ဘူးလို့ ဒီဘုရင်က မင်းကို ပြောပြချင်သား"
နှင်းဝံပုလွေဘုရင်က အဓိပ္ပာယ်ပါပါ ပြောသည်။
ထို့နောက် အားလုံး၏မျက်လုံးရှေ့တွင်ပင် မှိန်ဖျော့သော မသေမျိုးချီကို ထုတ်လွှတ်နေသည့် ရေခဲပြာရောင်ပုလဲအား သူ၏ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပြီး မျိုချလိုက်သည်။
အုံး~!!
ချက်ချင်းဆိုသလိုပင် နှင်းဝံပုလွေဘုရင်၏ မျက်လုံးများမှ လေဟာနယ်ကို ဖျက်ဆီးဆုတ်ဖြဲနိုင်လောက်သော အေးစက်စက်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်၊ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးမှ အေးစက်သော ချီးအငွေ့အသက်များ ထွက်ပေါ်လာကာ မုန်တိုင်းတစ်ခုကဲ့သို့ နေရာအနှံ့အပြားကို လွှမ်းခြုံသွားသည်။
ထိုချီအငွေ့အသက် ဖြတ်သန်းသွားရာတိုင်းတွင် ထူထဲသောရေခဲထုများ ဖြစ်ပေါ်လာသည်။ အဆောက်အအုံများစွာသည် ချက်ချင်း ရေခဲပန်းပုရုပ်ထုများအဖြစ် ပြောင်းလဲသွားကာ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေလျက်။
“ဒီ…”
ဟုန်ချန်ယဲ့သည် သူ၏ကိုယ်ခန္ဓာတစ်ခုလုံးတွင်ပင် အေးစက်မှုကို ခံစားနေရသဖြင့် မျက်လုံးအကြည့်က စတင်တုန်လှုပ်လာသည်။
“စိတ်မပူပါနဲ့၊ မင်းက လူသားမျိုးနွယ်ရဲ့ ထူးချွန်တဲ့ ပါရမီရှင်တစ်ဦးပဲ၊ ဒီဘုရင်က မင်းကို ထာဝရ အေးခဲစေပြီး အလှပြထားဦးမယ်"
နှင်းဝံပုလွေဘုရင်၏ နှုတ်ခမ်းများတွင် ရက်စက်သော အပြုံးတစ်ခု တည်ရှိနေသည်။ သူသည် လက်ချောင်းတစ်ချောင်းကို ဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်ရာ အဆုံးမဲ့ ရေခဲစွမ်းအားသည် လက်ချောင်းထိပ်ဖျားတွင် လှည့်ပတ်ပေါ်ထွက်လာ၏။
ရွှစ်!
ရေခဲစွမ်းအားသည် လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟုန်ချန်ယဲ့ကို ဝန်းရံလိုက်သည်။ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ချီစွမ်းအင်မှာ လမ်းကြောင်းတစ်လျှောက်ရှိ လေဟာနယ်ကိုပင် အေးစက်ခဲသက်သွားစေ၏။
“ကြာနီမီးလျှံ”
ဟုန်ချန်ယဲ့သည် သူ၏အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်လွှတ်သည်။ ဖျက်ဆီးရေးစွမ်းအင်ပါဝင်သော မီးပဒုမ္မာကြာပန်းတစ်ခုကို လွှင့်ထုတ်လိုက်ရာ ပြင်းထန်သော အပူလှိုင်းများ လှိမ့်ဝင်လာပြီး ပတ်ဝန်းကျင်ရှိ ရေခဲများကို အရည်ပျော်စေသည်။
ရေခဲနှင့် မီးတို့ ထိပ်တိုက်တွေ့ဆုံကာ တစ်ခုနှင့်တစ်ခု ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည်။ ထိုဆန့်ကျင်ဘက်တိုက်ခတ်မှုမှ လွင့်ပျံလာသောမြူခိုးမီးခိုးများက ကောင်းကင်ကြီးတစ်ပြင်လုံးကိုပင် ဖုံးလွှမ်းကာရံလျက်။
“မကောင်းတော့ဘူး”
စွမ်းအင်အားလုံးကို သွန်ထည့်အသုံးပြုနေသော ဟုန်ချန်ယဲ့သည် စက္ကန့်အနည်းငယ်အတွင်းတွင်ပင် အလွန်သိသာသော ကွာခြားမှုကို ခံစားလာရသည်။ သူ၏အရေပြားပေါ်တွင် နှင်းခဲများ စတင်ဖွဲ့စည်းလာကာ အရိုးများအထိ အေးခဲထုံကျဥ်လာသည်။
အအေးဓာတ်က ပို၍ပို၍ လွန်ကဲလာကာ သူ၏မျက်ခုံးများမှာ နှင်းခဲများဖုံးလွှမ်ူနေသည်။ ကိုယ်ခန္ဓာတစ်ခုလုံးသည် ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲတော့မည့် လက္ခဏာများ စတင်ပြသလာ၏။
“ဘယ်လိုနေလဲ၊ ဒါက ဒီဘုရင်ရဲ့ စွမ်းအားအစိတ်အပိုင်းလေးတစ်ခုပဲ ရှိသေးတယ်” နှင်းဝံပုလွေဘုရင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။