အခန်း (၅၀၀)
Vol. 36 Ch. 500
ရုတ်တရက် မူလက ယိုင်နဲ့အားပျော့လျက်ရှိပြီဖြစ်သော ဟုန်ချန်ယဲ့သည် ရုတ်ခြည်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအား လှိုင်းလုံးများဖြင့် ပေါက်ကွဲထွက်လာသည်။ သူ၏လက်ထဲမှ ကြာနီမီးလျှံသည် ငြိမ်းတော့မည့် အနေအထားမှ မြင်သာသောနှုန်းဖြင့် ပို၍ပို၍ကြီးမားလာကာ နေလုံးအသေးစားလေးကဲ့သို့ အလျှံငြီးငြီး တောက်ပလာတော့၏။
ပူပြင်းသောအပူလှိုင်းများမှာ အဆုံးမဲ့မီးမြစ်တစ်ခုကဲ့သို့ လွှမ်းခြုံဖို့ကြိုးစားနေသော ရေခဲချီကို အတင်းအကျပ် နှိမ်နင်းလိုက်သည်။
“ဘာ”
ဤရုတ်တရက်ဆန်သော အလှည့်အပြောင်းသည် နှင်းဝံပုလွေဘုရင်၏ အောင်နိုင်သူ မျက်နှာအမူအရာကို လုံးဝပြောင်းလဲသွားစေသည်။
ဟုန်ချန်ယဲ့၏ မျက်နှာတွင် အံ့ဩမှုများ ထင်ဟပ်လာကာ အနောက်တွင်ရပ်နေသော လူငယ်ကို လှည့်ကြည့်ပြီး ကျေးဇူးတင်စွာဆိုသည်။ “ကျေးဇူးတင်ပါတယ် ဆရာသခင်”
ယဲ့ကျွင်းလင်၏ ညာဘက်လက်သည် ဟုန်ချန်ယဲ့၏နောက်ကျောကို ကပ်ဖိထားကာ အမြင့်မြတ်ဆုံး အသန့်စင်ဆုံးသော ယန်မသေမျိုးစွမ်းအားကို ဆက်တိုက်ပို့လွှတ်နေသည်။
“ဆရာသခင် နောက်မှာရှိနေတာမို့ မင်းရဲ့စွမ်းအားကို ကြိုက်သလောက် အပြည့်အဝ ထုတ်လွှတ်နိုင်တယ်” ယဲ့ကျွင်းလင်က ပြုံးပြုံးလေး ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဟုန်ချန်ယဲ့သည် အသက်ကို ဝဝရှူကာ ဆက်လက်ကြိုးစားတိုက်ခိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးဖိုတစ်ခုကဲ့သို့ အရှိန်ပြင်းပြင်း လောင်ကျွမ်းနေပြီး ဝင်ရောက်စီးနင်းဖို့ကြိုးစားသော ရေခဲချီမှာလည်း မထိုးဖောက်နိုင်တော့ပေ။
“စောက်ကျိုးနည်း၊ ဒီကောင်က ပြန်လည်နိုးထလာသူတစ်ဦးပဲ…”
ထိုအချိန်တွင် နှင်းဝံပုလွေဘုရင်သည် ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်အား သိရှိလိုက်သည်။ ထိုသူသည် မသေမျိုးဘုရင် နဝမအဆင့်ပင်။
ရှေးခေတ်တစ်ချိန်ကတည်းက ရှင်သန်ကျန်ရစ်သော ရှေးဟောင်း စွမ်းအားရှင်များသာ ဤခေတ်တွင် ထိုသို့သောကျင့်ကြံဆင့်ကို ထိုမျှလျင်မြန်စွာ ရောက်ရှိနိုင်ပေမည်။ ထို့ကြောင့် သူချက်ချင်း သိလိုက်ရခြင်းဖြစ်၏။
သာမန်အခြေအနေများတွင် ဉာဏ်အလင်းမသေမျိုးသို့တိုင် ကျင့်ကြံတက်ရောက်နိုင်သည့် ခေတ်ပေါ်ကျင့်ကြံသူတစ်ဦးသည်ပင် ရှားပါးထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်နှင့်နေပြီဖြစ်သည်။
ဒုန်း ဒုန်း… အုံး အုံး…
မရေမတွက်နိုင်သော လူများ၏ တုန်လှုပ်နေသော အကြည့်များအောက်ဝယ် ဆန့်ကျင်ဘက်စွမ်းအင်နှစ်ခုက လက်မလျှော့တမ်း ပြင်းပြင်းထန်ထန် ရင်ဆိုင်အားပြိုင်နေခဲ့ကြသည်။
ဘေးပတ်လည်ရှိ သဘာဝပတ်ဝန်းကျင် ရာသီဥတုမှာလည်း ပြင်းထန်စွာ ထိခိုက်ခံရသည်။ တစ်ခါတစ်ရံတွင် အေးစက်သောလေများနှင့် ခုန်ပျံနေသော ဆီးနှင်းများက လွှမ်းမိုးလာပြီး တစ်ခါတစ်ရံတွင် မခံမရပ်နိုင်အောင် လောင်ကျွမ်းနေသောအပူရှိန်က အားသာလာတတ်၏။
မွေးရာပါမီးဓာတ်အမြစ်၏ သန့်စင်မှု အားသာချက်နှင့် ယဲ့ကျွင်းလင်၏ စွမ်းအင်နောက်ခံကြောင့် ဟုန်ချန်ယဲ့သည် တိုက်ခိုက်ခြင်းကို စတင်အသာစီးရလာခဲ့သည်။ နှိမ်နင်းခံရသော အခြေအနေကို ပြောင်းပြန်လှန်ကာ ပြင်းထန်သော အရှိန်ဖြင့် ရှေ့သို့မပြတ်တိုးလာသည်။
“မင်းတို့…”
နှင်းဝံပုလွေဘုရင်၏ မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ မြင်ကွင်းတစ်ခုလုံးကို လွှမ်းမိုးနေသော ပြင်းထန်သည့် မီးတောက်များအား အကူအညီမဲ့စွာ မော့ကြည့်နေရုံမှအပ သူဘာမှမတတ်နိုင်။ မီးတောက်များက တစ်စထက်တစ်စ ကြီးထွားလာကာ ကောင်းကင်ကို ဖုံးအုပ်ထားသော မီးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို နစ်မြုပ်စေသည်။ ထို့နောက် အားပြင်းသော ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး အပူလှိုင်းများမှာ နေရာအနှံ့အပြားသို့ တိုက်ခတ်ပျံ့နှံ့သွားတော့၏။
ပြိုပျက်ကြေမွနေသော မြေပြင်သည် မီးကျွမ်းထားသောအရောင်ဖြင့် မည်းနက်နေလျက်။
“အောင်မြင်ပြီ”
ဟုန်ချန်ယဲ့သည် အလွန်ပင်ပန်းနွမ်းနယ်နေသဖြင့် ပြိုလဲကျလုနီးပါးဖြစ်နေသည်။ စကားပြောဖို့ပင် အနိုင်နိုင် ကြိုးပမ်းနေရလျက်။
သူ၏ မွေးရာပါ ထူးခြားသောခန္ဓာကိုယ်နှင့် အဆင့်ရှစ်မိုးကြိုးဘေးကို ခံနိုင်ရည်ရှိခဲ့သော စွမ်းအားကြောင့်သာ မဟုတ်လျှင်၊ သာမန် ဉာဏ်အလင်းမသေမျိုးတစ်ပါးသည် ဤကဲ့သို့ နှိပ်စက်ခံရပါက ခန္ဓာကိုယ်တစ်ခုလုံး အပေါက်များဖြင့်ပြည့်နှက်သည်အထိ စုတ်ပြတ်သတ်ကာ မသေမျိုးအမြစ်ပါ ဖျက်ဆီးခံရသည်အထိ ဝက်ဝက်ကွဲရှုံးနိမ့်ပေမည်။
ယဲ့ကျွင်းလင် ခေါင်းခါလိုက်သည်။ “ဒီလောက်နဲ့မပြီးသေးဘူး။ အဲ့ဒီခွေးလေးက အသက်ပြင်းတာပဲ"
ဒုံး ဒုံး ဒုံး
လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ လျှင်မြန်စွာ ငြိမ်းကျသွားသည်။ မီးကျွမ်းနေသော မြေပြင်သည် ထူထဲမာကျောသော ရေခဲများဖြင့် တစ်ဖန်ပြန်လည် ဖုံးလွှမ်းသွားလေတော့၏။
နှင်းဝံပုလွေဘုရင်သည် ပြင်းထန်သောအရှိန်အဝါဖြင့် ပြန်လည်ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများတွင် သွေးနီရောင်အလင်းများ ပြည့်နှက်နေသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်း၏။ မည်သည့်အချိန်တွင် ၎င်းသည် ခမ်းနားသော ရေခဲချပ်ဝတ်တန်ဆာအား ဝတ်ဆင်လိုက်မှန်းလည်း မသိရပေ။ တစ်ကိုယ်လုံး အပြည့်အဝ လက်နက်တပ်ဆင်ထားပြီး တောက်ပသော ရေခဲပြာရောင်အလင်းများက သူ၏ကိုယ်ခန္ဓာတစ်ခုလုံးတွင် စီးဆင်းနေသည်။
ဖျတ်ခနဲဆိုသလိုပင် မုန်တိုင်းကဲ့သို့သော ဖိနှိပ်သည့် အရှိန်အဝါသည် ချက်ချင်းပျံ့နှံ့သွားသည်။ တင်းကျန်းနှင့် အခြားသူများမှာ ကြောက်လန့်တကြားခံစားချက်ကြောင့် မျက်နှာများဖြူဖျော့သွားပြီး သွားချင်းရိုက်သံ တဂတ်ဂတ်ပင် ထွက်ပေါ်လာသည်။
နှင်းဝံပုလွေဘုရင်၏ အရှိန်အဝါသည် အလွန်အမင်း ထက်ရှအားသန်၏။ သူ၏မျက်လုံးများသည် ယဲ့ကျွင်းလင်ကို စိုက်ကြည့်နေလျက် အေးစက်စက် စကားဆိုသည်။ “မင်းရဲ့ တာအိုအဆင့်က နက်ရှိုင်းပေမယ့် ဒီဘုရင်ကိုတော့ အတင့်ရဲလို့ မဆန့်ကျင်သင့်ဘူး၊ ရေခဲဝိညာဉ် အမတပုလဲနဲ့ပေါင်းစပ်ရင် ဒီဘုရင်ဟာ လက်ရှိ ခွင်းလွင်ကမ္ဘာမှာ လုံးဝမရှုံးနိမ့်နိုင်တဲ့သူပဲ”
သူ့တွင် ဤသို့ပြောဆိုရန် အခွင့်အရေးရှိသည်ဟု ဆိုရမည်။ လက်ရှိအခြေအနေတွင် နှင်းဝံပုလွေဘုရင်၏ ခွန်အားသည် မသေမျိုးဧကရာဇ်တစ်ပါးနှင့်ပင် ယှဥ်ပြိုင်နိုင်သည်။ ဤအရာအားလုံးသည် ရေခဲဝိညာဉ် အမတပုလဲ၏ စွမ်းအားဖြည့်တင်းမှုကြောင့်ပင်။
“ဟင်?”
ယဲ့ကျွင်းလင်၏ မျက်လုံးများတွင် ထူးဆန်းသောအကြည့်တစ်ခု လင်းလက်သွားသည်။
ပြိုင်ဘက်၏ကိုယ်ခန္ဓာပေါ်ရှိ အရှိန်အဝါသည် ပင်လယ်ဝေလငါးဘိုးဘေးထက် များစွာပိုမို အစွမ်းထက်သည်။ သူ့အတွက် ယခုအချိန်အထိ ကြုံတွေ့ဖူးသမျှထဲမှ အားအကြီးဆုံး ပြိုင်ဘက်ဟု ဆိုနိုင်၏။
“အခု မင်းတို့အားလုံး ဒီဘုရင်အတွက် အသက်ပေးလိုက်ကြ”
နှင်းဝံပုလွေဘုရင်သည် ကောင်းကင်သို့ အရှိန်ဖြင့်ပျံတက်သွားလေရာ သူခြေချခဲ့သော မြေပြင်သည် ဒိုင်းခနဲ ပြိုကျသွားသည်။
ကောင်းကင်တွင် ဝံပုလွေခေါင်း၊ လူကိုယ်ခန္ဓာရှိသော ထိုရှေးဟောင်းသတ္တဝါသည် သူ၏ဝံပုလွေလက်သည်းကို မြှောက်လိုက်လေရာ ကျယ်ပြန့်သော ရေခဲစွမ်းအားမှာ ပင်လယ်မုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဝုန်း!
ခမ်းနားသော ဖိအားတစ်ခုက သူတို့အားလုံးကို ဝန်းရံလိုက်သည်။ လီထန်းမြို့တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ကျင့်ကြံသူများစွာသည် ကြောက်စိတ်ဖြင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်လျက် မည်သို့တုံ့ပြန်ရမည်ကို မတွေးတတ်ကြတော့ပေ။
“သွားပြီ” တင်းကျန်းသည် ကြောက်လန့်တကြား မြေပြင်ပေါ် ဒူးထောက်ချလိုက်သည်။ ဧရာမ ရေခဲပြာရောင် လက်သည်းပုံရိပ်ကြီး ကောင်းကင်ယံမှ ဆင်းသက်လာသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့၏။
မည်သူမျှ ၎င်းကို မတားဆီးနိုင်ပါက ကျယ်ပြန့်ခမ်းနားသော တင်းအိမ်တော်သာမက ဤတစ်မြို့လုံးပါ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားမည်ဖြစ်သည်။