အခန်း (၅၀၁)
Vol. 36 Ch. 501
“စိတ်ဝင်စားစရာပဲ၊ ဒီတိုက်ကွက်ကို မင်းနဲ့ စမ်းကြည့်ရတာပေါ့”
ယဲ့ကျွင်းလင် ပျော်ရွှင်စွာ ပြောလိုက်သည်။
ထို့နောက် သူ၏နောက်တွင် ခမ်းနားပြီး ကြီးမားသော အလင်းရောင်နှင့် ပုံရိပ်တစ်ခု ပေါ်လာကာ စကားလုံးဖြင့် ဖော်ပြ၍မရသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ လူအများအား လက်နက်ချဒူးထောက်လိုစိတ် အလိုလိုဖြစ်ပေါ်စေတတ်သော ထိုအရှိန်အဝါ။
“ကောင်းကင်ရိုင်း အကျဥ်းချလက်ဝါး”
ယဲ့ကျွင်းလင်၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်သွားသည်။ သူသည် သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ကာ အမြင့်တစ်နေရာတွင်ရှိသော နှင်းဝံပုလွေဘုရင်ဆီသို့ ဦးတည်လျက်သားဖြင့် ရုတ်တရက် ဆုပ်ကိုင်သည့်ပုံလုပ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် သူ၏နောက်မှ အလင်းရောင်များ ဖြာထွက်နေသော ထိုပုံရိပ်သည်လည်း ၎င်း၏လက်ဖဝါးကို မြှောက်ပြီး တစ်ပုံစံတည်း ဆုပ်ကိုင်လိုက်တော့၏။
ဤသည်မှာ လီထန်းမြို့သို့ ရောက်ရှိပြီးနောက် စနစ်က ယဲ့ကျွင်းလင်အား ဆုချခဲ့သော ကောင်းကင်ရိုင်း အကျဥ်းချလက်ဝါး၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။
လေထဲတွင် ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ အလင်းတန်းများ ကောင်းကင်ကိုဖြတ်သန်း၍ ပြေးလွှားနေကာ ကောင်းကင်ထက်မှ ပေတစ်သန်းခန့်ကျယ်ပြန့်သော ဧရာမလက်ဝါးကြီးကား မှော်သင်္ကေတများ အပြည့်ဖုံးအုပ်လျက် ရှေးဟောင်းဆန်ပြီး ထူးဆန်းသောအငွေ့အသက်တစ်ခုကား ထုတ်လွှတ်နေသည်။
“ဒါ ဘယ်လို မသေမျိုးကျင့်စဥ်လဲ” မကြုံစဖူး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားမိသဖြင့် နှင်းဝံပုလွေဘုရင်၏ မျက်လုံးများတွင် ကြောက်စိတ်များ ထင်ဟပ်လာသည်။
နောက်တစ်စက္ကန့်တွင်။
မိမိ၏ ရှိရှိသမျှ စွမ်းအားအလုံးစုံ ထည့်သွင်းထားသော ရေခဲပြာရောင် လက်သည်းပုံရိပ်သည် ကောင်းကင်ရိုင်း အကျဥ်းချလက်ဝါးနှင့် ထိပ်တိုက်တွေ့ကာ လီထန်းမြို့တစ်ခုလုံးကို မြေလှန်ပစ်လုနီးပါး ပြင်းထန်သော မကြုံစဖူး စွမ်းအင်စီးကြောင်းကို ဖြစ်ပေါ်စေသည်။
မကြာမီပင် ရေခဲပြာရောင် လက်သည်းပုံရိပ် ကွဲကြေသွားကာ ကောင်းကင်ရိုင်း အကျဥ်းချလက်ဝါးသည်လည်း အလင်းရောင် အနည်းငယ် မှိန်ဖျော့သွားသည်။ သို့ပေသည့် မလျော့သောအားဖြင့် နှင်းဝံပုလွေဘုရင်ကို တိုက်ရိုက်ဆုပ်ကိုင်လိုက်လေ၏။
“မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး”
“ဒီဘုရင်ဟာ အခု မရှုံးနိမ့်နိုင်ဘူး၊ ငါဟာ ဘယ်သူနဲ့ယှဥ်လို့မှ ရှုံးနိမ့်နိုင်မှာ မဟုတ်ဘူး”
အသည်းအသန် ထိတ်လန့်နေသော နှင်းဝံပုလွေဘုရင်သည် ဤဧရာမလက်ကြီးမှ လွတ်မြောက်ရန် ရူးသွပ်စွာ ရုန်းကန်နေသည်။
“ဟာသပဲ”
လီဝူကျယ်က ဂုဏ်ယူစွာပြောသည်။ “ငါ့ ဆရာသခင်ရှေ့မှာ ဘယ်သူက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ခေါ်ဝံ့မှာလဲ၊ ဘယ်သူက သူ့ကိုယ်သူ မရှုံးနိမ့်ဘူးလို့ ပြောဝံ့မှာလဲ”
ဂျွတ် ဂျွတ် ဂျွတ်
နှင်းဝံပုလွေဘုရင်၏ကိုယ်ခန္ဓာကို ဖုံးအုပ်ကာကွယ်ထားသော ရေခဲချပ်ဝတ်တန်ဆာသည် ကြီးမားသော ဖိအားအောက်တွင် ကွဲကြေလုနီးပါး လက္ခဏာများ ပြသလာသည်။ အက်ကွဲရာများမှတစ်ဆင့် အေးစက်စက်ချီများ လျှံထွက်ကျလာသောအခါ သူ၏မျက်နှာတွင် မခံမရပ်နိုင်သော နာကျင်မှုများ ပြည့်နှက်လာသည်။ ဒွာရခုနစ်ပေါက်မှ သွေးများ စတင်စီးကျလာချိန်တွင် သူခက်ခက်ခဲခဲ အားထုတ်စကားဆိုလိုက်သည်။
“ဒါက ပြိုင်ဘက်ကင်းကျင့်စဥ်ဖြစ်ရမယ်”
ပြိုင်ဘက်ကင်း ကျင့်စဥ်၊ မသေမျိုးကျင့်စဥ်၏ အမြင့်ဆုံးအဆင့်။
နှင်းဝံပုလွေဘုရင် စိတ်ရှုပ်ထွေးသွားသည်။ မသေမျိုးဘုရင်တစ်ဦးသည် ပြိုင်ဘက်ကင်းကျင့်စဥ်ကို မည်သို့ ကျွမ်းကျင်နိုင်ပြီး အောင်မြင်စွာ ထုတ်သုံးနိုင်မည်နည်း။
ဤ လူသားမျိုးနွယ်သည် ရှေးခေတ်က မသေမျိုးဘုရင်အဆင့် စွမ်းအားရှင် မဟုတ်ဘဲ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုခုမှ တည်ရှိမှုပေလား?
ဘန်း!
သူ၏ကိုယ်ခန္ဓာပေါ်ရှိ ရေခဲချပ်ဝတ်တန်ဆာသည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။
“အား အား အား အား အား”
နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်သည် ပြိုလဲကျလုနီးပါးဖြစ်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ နှိုင်းယှဥ်မရသော ကြီးမားသည့်နာကျင်မှုက သူ့ကို သနားစဖွယ် အော်ဟစ်ငိုယိုစေကာ ထိုအော်သံမှာ သေခြင်းတရားအား ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုဖြင့် ရောယှက်နေ၏။
သူ၏ ခန္ဓာအတွင်းပိုင်းမှ မသေမျိုးစွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားရသဖြင့် ယဲ့ကျွင်းလင်သည် ဤထိပ်တန်းအဆင့် ပြိုင်ဘက်ကင်းကျင့်စဥ်သည်ကား စိတ်တိုင်းကျ ထုတ်လွှတ်နိုင်သောအရာ မဟုတ်ကြောင်း သိနားလည်လိုက်သည်။
သို့သော် ကံကောင်းထောက်မစွာ ထိုစွမ်းအားသည် ပစ်မှတ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် လုံလောက်နေသေးသည်။
ယဲ့ကျွင်းလင်သည် သူ၏အခြေအနေကို တည်ငြိမ်အောင် ပြန်လည်ချိန်ညှိကာ ပါးလွှာသော နှုတ်ခမ်းများမှ အေးစက်သောအမိန့်သံ ထွက်ပေါ်လာသည်။
“သေတော့”
ခမ်းနားသောအသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်မှာ ကောင်းကင်ဘုံအရှင် နတ်မင်းတစ်ပါးက စီရင်ချက်ချလိုက်သကဲ့သို့ပင်။
စကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် ဧရာမလက်ကြီးသည် ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တော့ရာ နှင်းဝံပုလွေဘုရင်၏ ဝမ်းနည်းဖွယ် အော်ဟစ်သံ ရုတ်တရက် ရပ်တန့်သွားသည်။
ကောင်းကင်ရိုင်း အကျဥ်းချလက်ဝါးသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ဆီးနှင်းများ ဆက်လက်ကျဆင်းနေကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ အံ့ဩစွာ ပါးစပ်အဟောင်းသား ဖြစ်လျက်ရှိကြသည်။ မျက်စိရှေ့တင် ဖြစ်ပွားသွားသော ထိတ်လန့်စရာမြင်ကွင်းကြောင့် သူတို့ စကားမဟနိုင်သေး။
ပျက်စီးကွဲကြေနေသော ရေခဲပြာရောင် ပုလဲတစ်ခုသည် ကောင်းကင်မှတစ်ဆင့် ဆီးနှင်းများဖုံးနေသော မြေပြင်ပေါ်သို့ ကျဆင်းလာသည်။
တင်းကျန်းသည် တုန်ယင်နေသောလက်ဖြင့် ရေခဲဝိညာဉ် အမတပုလဲကို ကောက်ယူလိုက်သည်။ ထို့နောက် ကျယ်ပြန့်သော ကောင်းကင်သို့ မော့ကြည့်ကာ စိတ်လှုပ်ရှားစွာ တံတွေးတစ်ချက် မျိုချလိုက်သည်။
နှင်းဝံပုလွေဘုရင် အခု ဘယ်ရောက်သွားလဲ?
အမွေးတစ်မွေးတောင် မကျန်ခဲ့ပါလေ!