← Chapters

အထူး မသေမျိုးအခွင့်အရေး

Vol. 36 Ch. 502

အထူး မသေမျိုးအခွင့်အရေး

Vol. 36 Ch. 502

နှင်းဝံပုလွေဘုရင်မှာ မိမိ၏အဖိုးတန်ဘဝလေး ဤသို့ အဆုံးသတ်ရမည်ဟု စိတ်ပင်မကူးခဲ့ဖူး။ ရေခဲဝိညာဉ် အမတပုလဲဖြင့် တူညီသောအဆင့်မှ ကျင့်ကြံသူအားလုံးကို လွှမ်းမိုးနိုင်သည်ဟု ယုံကြည်မှု အပြည့် ရှိနေချိန်တွင် သူ၏ဘဝသည် နောက်ဆုံးအချိန်ကား ဤကဲ့သို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာခဲ့သည်။

အေးစက်သောလေသည် ပြင်းထန်စွာတိုက်ခတ်နေပြီးပြီး ဆီးနှင်းများလည်း တဖွဲဖွဲလွင့်ပျံနေသည်။

ထိုအခါမှသာ ပတ်ဝန်းကျင်မှ လူအပေါင်းလည်း သတိပြန်ဝင်လာကြသည်။ သူတို့၏အကြည့်များသည် ယဲ့ကျွင်းလင်ထံသို့သာဦးတည်ကာ စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

အလယ်ပိုင်းဒေသမှ အကြီးမြတ်ဆုံး နတ်ဆိုးဂိုဏ်းချုပ်၏ ဆရာသခင် ဖြစ်နိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။ ထိုသူသည် တိုက်ကွက်ဆန်းဆန်းပြားပြား အများကြီးထုတ်မသုံးပေသည့် ထုတ်သုံးသည့်တစ်ကွက်တည်းကပင် အလွန်အမင်း အစွမ်းထက်သည်။

“နောက်ဆုံးတော့ တိတ်ဆိတ်သွားပြီ” ယဲ့ကျွင်းလင် ယခုမှ စိတ်သက်သာသွားသလို ရေရွတ်လိုက်သည်။

“ဆရာသခင်၊ တပည့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အားလုံးပြီးစီးသွားပါပြီ” ဟုန်ချန်ယဲ့က အလေးအနက်ထား လျှောက်တင်လိုက်သည်။

“အဲ့လိုဆိုရင် ဒီနေရာမှာ ဆက်နေစရာ မလိုတော့ဘူး”

ယဲ့ကျွင်းလင် ထွက်ခွာကြဖို့ စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏စီးတော်ယာဉ်ကို အလေ့အကျင့်အတိုင်း လှမ်းခေါ်လိုက်သည်။ “အားခွင်း”

ထူးဆန်းစွာပင် အဖြေမရှိခဲ့ပေ။

ယဲ့ကျွင်းလင် စိတ်ရှုပ်ထွေးနေစဉ် လီဝူကျယ်က အံ့ဩစွာနှင့် လက်ညှိုးထိုးပြလိုက်သည် "ဆရာသခင်၊ ဟိုဘက်ကိုကြည့်ပါဦး”

သူ၏လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ ရေခဲဖြင့်ပြုလုပ်ထားသော မြင့်မားသော ပလ္လင်တစ်ခုကို တွေ့ရသည်။ ထိုပလ္လင်ပေါ်တွင် လက်ရာမြောက် ရေခဲပန်းပုများစွာရှိနေပြီး သလင်း‌ကျောက်ဖြင့် ထုလုပ်ထားသကဲ့သို့ ကြည်လင်တောက်ပနေတော့၏။

ဆံပင်အလယ်ခွဲထားသော လူငယ်တစ်ဦးသည် ကိရိယာတန်ဆာပလာများကို ကိုက်ကာ ရေခဲပန်းပုများကြားတွင် စိတ်ဝင်တစားနှင့် တက်တက်ကြွကြွ တလှုပ်လှုပ်လုပ်နေသည်။

ရုပ်တုအားလုံး ပြီးစီးသွားသောအခါ အားခွင်းသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ခါးထောက်လျက် သူ့လက်ရာသူပြန်ကြည့်ကာ ဂုဏ်ယူစွာဖြင့် မေး၏။ “ဘယ်လိုလဲ? တူရဲ့လား?”

မြေပြင်ပေါ်တွင် ဆီးနှင်းလုံးများကို ပုံဖော်နေသော ပုရှောင်ရှီးသည် ရေခဲပန်းပုများကို မော့ကြည့်လိုက်ရာ ကလေးဆန်ဆန်မျက်နှာလေးမှာ အံ့သြတကြီးဖြစ်သွားရပြီး ချယ်ရီသီးလို နှုတ်ခမ်းနီနီလေးများက အားရပါးရချီးကျူးပြောဆိုသည်။ “ဝိုး၊ အားခွင်းက အံ့ဩစရာပဲ"

မှိူဘုရင်ကတော့ နည်းနည်းတုံ့ဆိုင်းနေသည်။ နောက်ဆုံးတွင် သတ္တိကို စုစည်းပြီး ရေခဲပန်းပုတစ်ခုကို လက်ညှိုးထိုးပြကာ မေးလိုက်၏။ “ဟို၊ ဘာလို့ မင်းတို့အားလုံးက လူသားဖြစ်နေပြီး ငါ့ပုံကတော့ မှိုကြီးတစ်လုံး ဖြစ်နေရတာလဲ”

“မင်းက မှိုမဟုတ်ဘူးလား” အားခွင်းက ပြန်ပက်သည်။

မှိူဘုရင်မှာ စိတ်ရှုပ်ထွေးနေပုံရသည်။ “ငါက မှိုတော့ မှိုပဲ၊ ဒါပေမယ့်…”

“ဒါဆို ဒါပဲလေ၊ လိုချင်တာတွေများလိုက်တာ”

အားခွင်းက စိတ်တိုစွာ ပြန်ပြောသည်။

“ပြဿနာက ဘာလို့ မင်းက ငါ့ခေါင်းပေါ်ကို နင်းထားတာလဲ” မှိူဘုရင်က လေသံပျော့လေးဖြင့် ဝမ်းနည်းပမ်းနည်းမေးသည်။

အဘယ်ကြောင့်ဆိုသော် ထိုမှိုပုံသဏ္ဍာန် ရေခဲပန်းပုပေါ်တွင် လက်များကို ဟန်ပါပါ ပိုက်ထားသော အားအင်အပြည့်ဖြင့် လူငယ်တစ်ဦး၏ပုံသဏ္ဍာန် ရေခဲပန်းပုလည်းရှိနေ၍ပင်။

“အသေးစိတ်တွေထိ လိုက်ဂရုမစိုက်နဲ့လေ”

“အဲ့လိုလား…”

“မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ” ယဲ့ကျွင်းလင်က သူတို့ဘက်ကို လျှောက်လာပြီး သူ၏အကြည့်သည် မြင့်မားသော ရေခဲပန်းပုများထံသို့ ဆိုက်ရောက်သွားသည်။

“ဆရာသခင်၊ ဆရာသခင်၊ ဒါတွေအားလုံး ကျွန်တော် ပုံဖော်ထားတာပါ၊ ဆရာသခင်ရဲ့ ရေခဲပန်းပုက အရှေ့ဆုံးမှာပါ”

အားခွင်း၏ မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး စိတ်လှုပ်ရှားစွာဖြင့် အလယ်ဗဟိုရှိ လူပုံသဏ္ဍာန် ရေခဲပန်းပုကို လက်ညှိုးထိုးပြသည်။ ချီးမွမ်းစကားကို အမျှော်လင့်ကြီး မျှော်လင့်နေပုံရ၏။

ယဲ့ကျွင်းလင်သည် သူ့နှင့်သဏ္ဍာန်တူသော ရေခဲပန်းပုကို သေချာကြည့်ရှုနေပြီး ခဏအကြာတွင် သက်ပြင်းချလိုက်သည်။

“အင်း၊ အတော်အသင့်တော့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ခန့်ညားပြီး ကျက်သရေရှိတဲ့ပုံရိပ်ကို ဒီလို ရေခဲတုံးတွေနဲ့ ဘယ်လို ပြန်ဖန်တီးနိုင်မှာလဲလေ”

အားခွင်း၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။

ဟုန်ချန်ယဲ့ကလည်း ထိုမှတ်ချက်ကို သဘောတူသည်။ “ထွင်းထုတဲ့နည်းကတော့ ကောင်းပါတယ်၊ ဒါပေမယ့် ငါ့ရဲ့ တကယ့်ပုံစံနဲ့ နှိုင်းယှဥ်ရင်တော့ အများကြီးကွာသေးတယ်”

အားခွင်းသည် ပြန်မချေပ။ ခေါင်းငိုက်စိုက်သာကျလျက်ရှိကာ သူ၏ မိမိကိုယ်ကိုယုံကြည်မှုမှာလည်း အပြင်းအထန်ကိုင်လှုပ်ခံခဲ့ရလေသည်။

“ဟုတ်တယ် ငါလည်း အဲ့ဒီလိုပဲခံစားရတယ်” လီဝူကျယ်ကလည်း မေးစေ့ကိုပွတ်သပ်ကာ ဝင်ရောက်ထောက်ခံပြန်သည်။

အားခွင်းက မကျေမနပ်ဖြင့် ခေါင်းမော့လာကာ မျက်လုံးများသည် ဦးထုပ်နှင့်လူကို မထီမဲ့မြင် စိုက်ကြည့်နေ၏။

မင်းက မတူဘူးလို့ ပြောရဲတာ?

မင်း ကိုယ့်ကိုယ်ကို ဘယ်လိုပုံလဲဆိုတာရော သိရဲ့လား။

ဤအချိန်တွင် တင်းကျန်းက ရုပ်တုများကို အနီးကပ်လာရောက်ကြည့်ရှုကာ ချီးမွမ်းသည်။ "အံ့သြစရာပါလား၊ ဒါကလုံးဝကို အနုပညာလက်ရာပါပဲ"

“အားလုံး စိတ်ချပါ၊ ကျွန်တော်တို့ တင်းမျိုးနွယ်စုရဲ့ ကာကွယ်မှုအောက်မှာ ဒီရေခဲပန်းပုတွေဟာ ထာဝရ တည်ရှိနေပြီး ကမ္ဘာတခွင်လုံးဆီက အချီးမွမ်းခံရမှာပါ”

တင်းကျန်းသည် စိတ်ကူးယဉ်မှုများကို မတားဆီးနိုင်တော့ပေ။ ပြင်ပလူများ တင်းအိမ်တော်ကို လာရောက်လည်ပတ်သောအခါ သူသည် ရေခဲပန်းပုများ၏ မူလအစကို မိတ်ဆက်ရန် အခွင့်အရေးရနိုင်ပြီး တင်းမျိုးနွယ်စုသည် ယဲ့ကျွင်းလင်တို့ ဆရာတပည့်များနှင့် မည်မျှ ရင်းနှီးသည်ကို ကြွားဝါဂုဏ်ယူနိုင်သည်…

ဤစကားကို ကြားသောအခါမှ အားခွင်းသည် နောက်ဆုံးတွင် ကျေနပ်ပြုံးတစ်ခုထွက်ပေါ်လာ၏။ ဒီတင်းကျန်းဆိုတဲ့တစ်ယောက် အတော်လေးအမြင်ရှိသားပဲ။

“အဟမ်း၊ ဒီနေရာကနေ ထွက်ခွာဖို့ အချိန်တန်ပြီ” ယဲ့ကျွင်းလင်က ချောင်းတစ်ချက်ဟန့်ပြီး အားလုံးကိုသတိပေးသည်။

“အားခွင်း”

“နားလည်ပါပြီ”

အားခွင်းသည် လေထဲသို့ခုန်တက်လိုက်ကာ တောက်ပသော မသေမျိုးအလင်းရောင် ထွန်းလင်းလာသည်နှင့်အမျှ ဝေလငါးနှင့်တူသော ဧရာမ သတ္တဝါတစ်ကောင် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။ ကမ္ဘာကို ဖုံးအုပ်သိမ်းပိုက်ထားနိုင်လောက်အောင် ကြီးမားသော အတောင်ပံများကို အားအင်အပြည့်ရိုက်ခတ်ကာ စွမ်းအားပြည့်သော ချီစီးကြောင်းများကို ဖြစ်ပေါ်စေ၏။

ဟုန်ချန်ယဲ့သည် အနီရောင်ဝတ်ရုံဝတ် အဘိုးအိုကို နက်ရှိုင်းသောမျက်လုံးများဖြင့် အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်သည်။ “မီးလျှံနတ်ဆိုးဂိုဏ်းကို နှစ်စဥ်အခွန်ဆက်ဖို့ မမေ့နဲ့၊ ငြင်းဆန်ရင် ဘယ်လို အကျိုးဆက်တွေရှိလာမလဲဆိုတာ မင်းသိမှာပါ”

“သွေးနီဂိုဏ်းချုပ် မှာကြားတဲ့အတိုင်း ကျွန်တော် သေချာပေါက် တာဝန်ကျေစေရပါ့မယ်” တင်းကျန်းသည် ကြောက်လန့်စွာဖြင့် အခိုင်အမာ ကတိစကားဆိုရ၏။ တစ်ဖက်လူ စိတ်ချလက်ချ ထွက်ခွာသွားပြီးမှသာ သူ့ခမျာ စိတ်လက်ချမ်းသာစွာဖြင့် လွတ်လပ်ပေါ့ပါးသွားပုံရသည်။

“ရှောင်တင်း၊ ငါတို့ သွားတော့မယ်” ယဲ့ကျွင်းလင်က နှုတ်ဆက်လိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

“အကြီးအကဲ၊ ရှောင်တင်းက ခင်ဗျားကို လွမ်းနေမှာပါ”

တင်းကျန်းက မျက်ရည်များဖြင့် ပြောလိုက်သည်။

သူသည် ယဲ့ကျွင်းလင်ကို ရင်ထဲအသည်းထဲမှ အလွန်ကျေးဇူးတင်မိနေဆဲပင်။ အကယ်၍ တစ်ဖက်လူသာ ပြင်းထန်သောတိုက်ပွဲကို ဝင်ရောက်မဆင်နွှဲခဲ့ပါက နှင်းဝံပုလွေဘုရင်သည် ရက်စက်ကြမ်းကြုတ်သော သားရဲတောကောင်သဘာဝအတိုင်း သူ၏ဝမ်းကိုဖြည့်ရန် မြို့လုံးကျွတ်သတ်ဖြတ်ရှင်းလင်းတော့မည်သာ။

“အကြီးအကဲ၊ ခရီးလမ်းသာယာချောမွေ့ပါစေ”

ခွင်းဖန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း လီထန်းမြို့မှ ကျင့်ကြံသူများသည် လက်များကိုယှက်ကာ အရိုအသေပေးလိုက်သည်။ အနည်းငယ်မှပင် မလေးမစားပြုဖို့မရဲဝံ့စွာ စိတ်လိုလက်ရ ဦးညွှတ်လိုက်ကြတော့၏။

ကြားထဲတွင် အလှည့်အပြောင်းများစွာ ရှိခဲ့သော်လည်း ယဲ့ကျွင်းလင်တစ်ဦးတည်းကသာ နှင်းဝံပုလွေဘုရင်ကို သတ်နိုင်သည်အား ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် သူတို့၏လေးစားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီးဖြစ်၏။

ထို့ကြောင့် ယဲ့ကျွင်းလင်တစ်ယောက် ခွင်းဖန်းနှင့်အတူ ခရီးဆက်ထွက်ခွာသည်ကိုမြင်သော် သူတို့အားလုံး လွမ်းဆွတ်တမ်းတစိတ်တော့ ဖြစ်မိပါသေးသည်လေ။

“ဝေါင်း" နှင်းကျားသစ်သည် အကျင့်ပါနေသည့်အတိုင်း အသံသြသြဖြင့် ဟိန်းလိုက်သည်။

“နှင်းကျားသစ်၊ ပါးစပ်…” တင်းကျန်း“ပါးစပ်ပိတ်” ဟု ပြောတော့မည့်ဆဲဆဲမှ သူ့ကိုယ်သူ အလျင်အမြန်တားဆီးလိုက်ရသည်။

အခြားအကြောင်းပြချက်မရှိ။ ‌နောက်တစ်ခေါက် ခုန်အုပ်ခံရမည်ကို ကြောက်သောကြောင့်ပင်။

All Chapters