အခန်း (၅၀၃)
Vol. 36 Ch. 503
ထျန်းယွမ်ပြည်နယ်။
ထိုက်ချူသူတော်စင်နယ်မြေ။
အဖြူရောင် ချည်သားဝတ်ရုံရိုးရိုးအား ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ပေသုံးထောင်အမြင့်ရှိသည့် ရေတံခွန်တစ်ခု၏ရှေ့တွင် ထိုင်နေသည်။
သူ၏ ချီလွှမ်းမိုးမှုကြောင့် ရေတံခွန်သည် ကြက်သွေးရောင်တောက်တောက်ဖြင့် နီရဲနေပုံရ၏။ ရေမျက်နှာပြင်သည်လည်း အလွန်အမင်း သွေးရောင်လွှမ်းလျက်ရှိကာ ရေကန်တစ်ခုလုံး သွေးရည်ပျစ်ပျစ် အပြည့်စီးဝင်နေသကဲ့သို့ ထင်မှတ်ရပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအား ဖန်တီးလျက်ရှိသည်။
အလယ်ပိုင်းဒေသ ကျင့်ကြံသူများထံမှ သူတော်ကောင်းလမ်းစဥ်၏ ရှေ့ဆောင်အလင်းရောင်ဟု ချီးကျူးခံရသော ထိုက်ချူသူတော်စင်သခင်သည် သွေးမျိုးနွယ်၏ မွေးရာပါ စွမ်းရည်များကို လျှို့ဝှက်စွာ အသုံးပြု၍ သူတော်ကောင်းဂိုဏ်းများမှ မသေမျိုးများကို ရက်ရက်စက်စက် ချောင်းမြောင်းတိုက်ခိုက်သည်။ ထိုသူတို့၏ မသေမျိုးသွေးကို စုပ်ယူပြီး သူ၏ကိုယ်ပိုင် ကျင့်ကြံမှုအတွက် အာဟာရအဖြစ် အသုံးပြုနေသည် ဆိုသော်ငြား မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို သံသယမဝင်မိခဲ့ကြ။
လက်ရှိ ထိုက်ချူသူတော်စင်သခင်သည် ဉာဏ်အလင်းမသေမျိုး သတ္တမအဆင့် ကျွမ်းကျင်သူဖြစ်နေပြီဖြစ်သည်။
သူ၏လက်ရှိ ကျင့်ကြံဆင့်နှင့်ဆိုလျှင် အခြား သူတော်စင်နယ်မြေသခင်သုံးဦးကို အသာလေးလွှမ်းမိုးနိုင်သည်။ ရွှယ်ထျန်းသူတော်စင်သခင် ကျန်းထျန်းမင်ပင်လျှင် သူ့နောက်တွင် ကျန်ရစ်ခဲ့လိမ့်မည်။
သွေးမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်တိုင်-ပြန်လည်ကုသနိုင်ခြင်း စွမ်းရည်နှင့်အတူ သူသည် မသေမျိုးအုပ်စိုးသူအဆင့် စွမ်းအားရှင်များနှင့်ပင် ယှဥ်ပြိုင်ရန် ယုံကြည်မှုရှိနေပြီ ဖြစ်၏။
ဤအကြောင်းကြောင့် ထိုက်ချူသူတော်စင်သခင်သည် ဤရွေးချယ်မှုကား ပညာသားပါကာ အကျိုးအမြတ်ဖြစ်လှကြောင်း အတွေးဖြင့် ဝမ်းသာပီတိဖြာမဆုံး ဖြစ်နေသည်။ သွေးမျိုးနွယ်ဝင်တစ်ဦးဖြစ်လာခြင်းကား အမှန်တကယ်ပင် ထူးခြားသော အားသာချက်များ ပေါများလှ၏။
ဤ နိမ့်ကျသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခု မဖြစ်ခြင်းကပင် အတော်လေးကံကောင်းလှပြီ!!
ရုတ်တရက်၊
ရေကန်ဘေးတွင် လူတစ်ဦး ပေါ်လာသည်။ ထိုသူသည် လက်များကို ယှက်၍ ရေတံခွန်၏ထိပ်တွင် တင်ပျဥ်ခွေထိုင်နေသော ထိုက်ချူသူတော်စင်သခင်အား ရိုသေစွာ ဦးညွှတ်သည်။
“အရှင်သခင်ကြီး၊ တပည့်မှာ အရေးပေါ် အစီရင်ခံစရာ ကိစ္စရှိပါတယ်”
ထိုသူသည် အနက်ရောင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ လခြမ်းရောင် ခါးပတ်ကို ပတ်ထားသည်။ ခေါင်းပေါ်တွင် ခရမ်းရောင်နှင့် ရွှေရောင်နှော ရှေးဟောင်းသရဖူကို ဆောင်းထားသောကြောင့် အရှိန်အဝါမှာ သာမန်မဟုတ်စွာ တမူထူးခြားလှ၏။ သို့သော် သူ၏မျက်လုံးများသည် တစ်မျိုးတစ်မည် မှိုင်းညို့လျက်ရှိကာ မျက်နှာပြင်မှာ သွေးရောင်ကင်းမဲ့လျက် ပုံမှန်မဟုတ်စွာ ဖြူဆုတ်နေခဲ့သည်။
ထိုသူသည် ထိုက်ချူသူတော်စင်နယ်မြေ၏ သူတော်စင် လျန်ချန်ပိ ဖြစ်သည်!
သို့သော် ပြင်ပကမ္ဘာမှလူများ မသိသေးသောအရာမှာ လျန်ချန်ပိသည် မကြာသေးမီက နှစ်ခြင်းမင်္ဂလာခံယူကာ သွေးကျွန်အဖြစ် ပြောင်းလဲခဲ့ခြင်းပင်။
အစပိုင်းတွင် လျန်ချန်ပိသည် ထိုပြောင်းလဲမှုကို မလက်ခံနိုင်ဘဲ ထိုက်ချူသူတော်စင်သခင်၏ လုပ်ရပ်များကိုလည်း မကျေမနပ်ဖြစ်ခဲ့သည်။ သို့သော် လက်တွေ့ကို လက်ခံနိုင်ပြီးနိုင်တွင်မူ သွေးကျွန်ဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို မြင်နိုင်လာပြီး ဖြောင့်မတ်သောစိတ်နေစိတ်ထားသည်လည်း ခန္ဓာနှင့်အညီ အလိုက်သင့်ပြောင်းလဲလာခဲ့သည်။
သွေးကျွန်တစ်ဦးအနေဖြင့် မိမိကိုယ်ပိုင် ကျင့်ကြံမှုသည်လည်း ဆရာသခင်၏ထိန်းချုပ်မှုအောက်တွင်သာ ရှိပေမည်။ သွေးဖြင့်ချိတ်ဆက်ထားသော သခင်နှင့်ကျွန်မှာ ချမ်းသာလည်းအတူ ဆင်းရဲလည်းအတူ လောကဓံကို ဝေမျှခံစားရတော့မည်သာ ဖြစ်၏။
ဤအကြောင်းကြောင့်ပင် လျန်ချန်ပိသည် ထိုက်ချူသူတော်စင်နှင့်အတူ ကျင့်ကြံမှုတွင် ကြီးစွာတိုးတက်ခဲ့သည်။ ကနဦး စစ်မှန်သောမသေမျိုး၏ အထွတ်အထိပ်အဆင့်မှ ဉာဏ်အလင်းမသေမျိုး နယ်ပယ်သို့ လျင်မြန်စွာ တိုးတက်နိုင်ခဲ့၏။
သို့သော် နောင်လာမည့်ရက်များတွင် သူသည် ထိုက်ချူသူတော်စင်သခင်ထံမှ အနှစ်သာရသွေး အနည်းငယ်ကို အချိန်မှန် တောင်းခံရမည်ဖြစ်သည်။ မဟုတ်ပါက သွေးကျွန်တစ်ဦးအနေဖြင့် သူသည် မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရမည်၊ အထိန်းအကွပ်လွတ်ကာ ရူးသွပ်လာမည်၊ နောက်ဆုံးအထိ မည်သည့်အသက်ကယ်ဆေးကိုမှ ရှာတွေ့နိုင်မည်မဟုတ်ဘဲ ချီလမ်းစဥ်သွေဖယ်ရာမှ ချီပျက်စီးခြင်းသို့သာ ဦးတည်ဆိုက်ရောက်သွားရတော့မည် ဖြစ်၏။
ဤသည်မှာ သွေးကျွန်တစ်ယောက်၏ အားနည်းချက်သာပင်။
သွေးကျွန်ဖြစ်လာသည့်နေ့မှစ၍ မိမိကိုယ်တိုင်သည် မိမိမဟုတ်တော့။ မိမိ၏ စိတ်နှင့်ခန္ဓာသည် ဆရာသခင်၏ အပိုသုံးပစ္စည်းတစ်ခုသာ ဖြစ်၏။ တာအိုလမ်းစဥ်ကိုလည်း နည်းမှန်လမ်းမှန် ဆက်လက်လျှောက်လှမ်းဖို့ ခက်ခဲလိမ့်မည်။
သို့သော် အကျိုးကျေးဇူးများက ရှင်းလင်းသည်။ သခင်တိုးတက်သည်နှင့် ကျွန်ပါအတူ ကြိုးစားအားထုတ်ဖို့မလိုအပ်စွာ လိုက်လံတိုးတက်မြင့်မားမည်။
“ဘာလဲ” ထိုက်ချူသူတော်စင်သခင်သည် မျက်လုံးများကို မှေးမှိတ်ထားရင်းသာ ပါးလွှာသော နှုတ်ခမ်းများမှ စကားလုံးနှစ်လုံးကို ညင်သာစွာ ပြောလိုက်သည်။
ထို့နောက် လျန်ချန်ပိသည် သူ မြင်ခဲ့ကြားခဲ့ရသမျှ အရာအားလုံးကို အသေးစိတ် ပြန်လည်ပြောပြသည်။
“ထူးဆန်းလိုက်တာ၊ ဒီလိုဖြစ်ရပ်မျိုး တကယ်ရှိခဲ့တာလား"
ဟူး...
ထိုက်ချူသူတော်စင်သခင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏အကြည့်သည် ပင်လယ်ကဲ့သို့ နက်ရှိုင်းကာ မှိန်ဖျော့ဖျော့နှင့် ထူးဆန်းသောအရောင်တစ်ခု မသိမသာ လင်းလက်သွားသည်။
သွေးရောင် ရေတံခွန်နှင့် ရေကန်သည်လည်း ချက်ချင်း မူလအခြေအနေသို့ ပြန်ရောက်သွားကာ ကန်တွင်းမှရေသည် အောက်ခြေအထိ ကြည်လင်သန့်ရှင်းလျက် ကူးခတ်နေသော ဝိညာဉ်ငါးများကို မှိန်ပျပျ မြင်နေရသည်။
“အရှင်သခင်ကြီးကို အစီရင်ခံပါရစေ၊ တပည့်ရဲ့ စကားတွေ အားလုံးမှန်ပါတယ်။ ဒီအံ့ဩစရာသတင်းက အခုတလော နေရာအနှံ့ ပျံ့နှံ့နေပြီး နောက်ရက်အနည်းငယ်အတွင်း အလယ်ပိုင်းဒေသက ကျွမ်းကျင်သူတွေအားလုံး စန်းမူပြည်နယ်မှာ စုဝေးကြနိုင်ချေ အတော်လေးများပါတယ်” လျန်ချန်ပိက ပြောလိုက်သည်။
ထိုက်ချူသူတော်စင်နယ်မြေသည် ထျန်းယွမ်ပြည်နယ်တွင် တည်ရှိသည်။ ထျန်းယွမ်ပြည်နယ်ကို အထင်ကရပြည်နယ်ကြီးငါးခုက ဝန်းရံထားပြီး သူတို့အားလုံးမှာ တစ်ခုနှင့်တစ်ခု နယ်နိမိတ်ချင်း ထိစပ်နေသည်။
စန်းမူပြည်နယ်ဆိုသည်မှာ ထိုပြည်နယ်ကြီးငါးခုထဲမှ တစ်ခုဖြစ်သည်။
လျန်ချန်ပိ၏ စကားအရ မကြာသေးမီက စန်းမူပြည်နယ်တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အထူး မသေမျိုးအခွင့်အရေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းပင်။
ဘာကြောင့် အထူးအခွင့်အရေးလို့ ခေါ်ရတာလဲ။
ဘာကြောင့်လဲဆိုတော့ ဒီ မသေမျိုးအခွင့်အရေးအတွက် လူတိုင်းပါဝင်ယှဥ်ပြိုင်လုယူနိုင်ပြီး အကျိုးအမြတ်မှာ ပုံမှန်မဟုတ်ဟု ဆိုရလောက်အောင်အထိ ထူးခြားသောကြောင့်။
ပြိုင်ပွဲမှာ စစ်တုရင်ပြိုင်ပွဲဖြစ်၏!!
ထိုစစ်တုရင်ပွဲကို ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲဟု ခေါ်သည်။
စစ်တုရင်ပွဲထဲသို့ ဆန္ဒအလျောက် ပါဝင်ယှဥ်ပြိုင်သူတိုင်း ကျပန်း မသေမျိုးမှော်ရတနာတစ်ခု သို့မဟုတ် ပမာဏအတိအကျမပြောထားသော မသေမျိုးသလင်းကျောက်များကို လက်ခံရရှိလိမ့်မည်။ လူတစ်ဦးစီတွင် စုစုပေါင်း အခွင့်အရေး သုံးခုရှိသည်။
စစ်တုရင် ဆော့ကစားတတ်သည်ဖြစ်စေ၊ မကစားတတ်သည်ဖြစ်စေ၊ ပွဲတွင်ပါဝင်နေရုံမျှဖြင့် သူတို့သည် ဆု တစ်ခုမဟုတ်တစ်ခုတော့ လက်ခံရရှိလိမ့်မည်။
ကျင့်ကြံသူများစွာအတွက် ပျော်ပွဲရွှင်ပွဲတစ်ခုဟု သတ်မှတ်နိုင်သည်။
ငါးကြော်မကြိုက် ကြောင်မိုက် ဟုပင် ဆိုရိုးစကား ရှိသေးသည်မဟုတ်လော။
စစ်တုရင်ပွဲကို ရှုံးသွားရင်တောင် သူတို့မှာဘာမှ ဆုံးရှုံးစရာမရှိဘူး။ နိုင်သွားရင်လည်း ဆုကရပြန်ဦးမယ်။ ဘယ်လိုလုပ် မကြိုက်ဘဲရှိပါ့မလဲ?
ဤသို့ဖြင့် ကျင့်ကြံသူများစွာသည် စစ်တုရင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် သူတို့အားလုံး ပွဲတိုင်းကို ဝက်ဝက်ကွဲရှုံးနိမ့်ခဲ့ရသည်ဆို၏။ ကိုယ်တွေ့မျက်မြင် တွေ့ကြုံခဲ့ရသူများ၏အဆိုအရ တစ်ဖက်မှ တောက်လျှောက်အနိုင်ယူနေသော စစ်တုရင်သမားကား အဘိုးအိုတစ်ဦးဖြစ်သည်ပင်။
သူတို့ ရှုံးနိမ့်ခဲ့သော်လည်း ဆုံးရှုံးမှုမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် အခမဲ့ ကျင့်ကြံမှုအရင်းအမြစ်များကိုပါ ရရှိခဲ့သေးသည်။ ထို့ကြောင့် လူတိုင်း မကျေနပ်စရာမရှိပါပဲ ထိုအထူးမသေမျိုးအခွင့်အရေးက နှုတ်မှမချစတမ်း ချီးမွမ်းပြောဆိုနေကြသည် ဟူ၏။
ထိုစစ်တုရင်ပွဲတွင် တစ်စုံတစ်ဦးသည် နောက်ဆုံးသောအောင်နိုင်သူဖြစ်သည်အထိ တောင့်ခံနိုင်ပါက ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲ၏ စစ်မှန်သောဆုလာဘ်ကို လက်ခံရရှိလိမ့်မည်ဟူသော အထင်အမြင်များ စတင်ပေါ်ပေါက်လာသည်။
တွေးကြည့်ကြစမ်းပါ။
ရှုံးနိမ့်ရင်တောင် အလကားနေရင်း ဆုတွေစွတ်ပေးနေသေးတာဆိုတော့၊ အနိုင်ရတဲ့ဆုလာဘ်က ဘယ်လောက်တောင် ရက်ရောကြီးကျယ်လိုက်မတဲ့လဲ။
ထို့ကြောင့် ကျင့်ကြံသူများစွာသည် ဝေးဝေးလံလံ ဒေသခေါင်ဖျားမှ ထိုစစ်တုရင်ပွဲအတွက် တကူးတကလာရောက်ကြကာ အများစုမှာတော့ အခမဲ့ပစ္စည်းများ မျှော်ကိုးတတ်ကြခြင်းသာ။ သို့ပေသည့် စစ်တုရင်တာအိုမှာ ကျွမ်းကျင်သူများလည်း များစွာရှိသည်။ ထိုကျွမ်းကျင်သူများကတော့ စစ်တုရင်ပွဲကို အနိုင်ယူပြီး အထူးမသေမျိုးအခွင့်အရေးကို အမှန်တကယ် ရရှိနိုင်မလား ဆိုသည့်မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်းပင်။
သို့သော် ခြွင်းချက်မရှိ သူတို့အားလုံး ရှုံးနိမ့်ပြီး ပြန်သွားခဲ့ကြရသည်။
ဤ ထူးခြားချက်များကြောင့်ပင် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲမှာ ပို၍ပို၍ နာမည်ကျော်ကြားလာသည်။ အလယ်ပိုင်းဒေသ၏ အဓိက ပြည်နယ်များစွာတွင် အသံလွှင့်သလင်းကျောက်သည် ဤအဓိကသတင်းကို စတင်ထုတ်လွှင့်နေပြီဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍များပြားသော ကျင့်ကြံသူအပေါင်းတို့ စန်းမူပြည်နယ်သို့ အုပ်လိုက်သွားရောက်လှည့်ပတ်ကာ စစ်တုရင်ပွဲကို အနီးကပ်လာရောက်လေ့လာကုန်ကြသည်။
ပျော်ပွဲရွှင်ပွဲလာရောက်ရင်း ဆုလည်းလက်ခံယူရင်း အမြင်လည်းကျယ်ပြန့်နိုင်မည့် အခွင့်အရေးဆိုသည်မှာ လက်လွှတ်ချင်စရာမဟုတ်။
လျန်ချန်ပိ၏ ဖော်ပြချက်ကို ကြားသောအခါ ထိုက်ချူသူတော်စင်သခင် မျက်မှောင်ကြုတ်သွားသည်။ ဒီ အပြိုင်အဆိုင် အခက်အခဲများတဲ့ ကမ္ဘာကြီးမှာ ဒီလောက်ကောင်းတဲ့အရာ ဘယ်လိုရှိနိုင်မလဲ?
သူ့အမြင်တွင်တော့ ဤအစီအစဥ်တွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟုသာ ခံစားမိရ၏။ သို့သော် အတိအကျထုတ်မပြောနိုင်ခဲ့။
“ဒီအဘိုးကြီး မင်းကိုမေးမယ်၊ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲမှာ ပါဝင်တဲ့လူတွေ နောက်ပိုင်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တာတွေ ကြုံခဲ့ရလား”
ထိုက်ချူသူတော်စင်သခင်က အလေးအနက် မေးခွန်းထုတ်လိုက်သည်။
လျန်ချန်ပိကလည်း အလေးအနက်ဖြေကြားသည်။ “အရှင်သခင်ကြီးကို အစီရင်ခံပါရစေ၊ အခုအချိန်ထိ နားစွင့်ထားသမျှ သတင်းများအရ စစ်တုရင်ပွဲတွင် ပါဝင်ခဲ့သူတိုင်း နောက်ပိုင်းတွေမှာ လုံးဝ ဘေးကင်းခဲ့ပါတယ်”
“ဘယ်လိုပါလိမ့်? တကယ်ပဲ ထူးဆန်းလိုက်တာ”
ထိုက်ချူသူတော်စင်သခင်သည် ဤကမ္ဘာဝယ် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပါသော်ငြား ဤသို့ ထူးဆန်းရက်ရောက်လှသည့် မသေမျိုးအခွင့်အရေးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဒါက တကယ်ပဲ လူထုအတွက် လက်ဆောင်ပေးခြင်းသက်သက်လား?