အလကားရရင် အကုန်ယူမှာပဲ
Vol. 36 Ch. 504
“အရှင်သခင်ကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီးများ…” လျန်ချန်ပိက စူးစမ်းလိုသည်။
ထိုက်ချူသူတော်စင်သခင်သည် အနည်းငယ် စဉ်းစားခန်းဝင်လိုက်သည်။
မူလအစ မသိနိုင်သော ဤ မသေမျိုးအခွင့်အရေးတွင် သူ မပါဝင်ချင်ပေ၊ ထို့အပြင် စစ်တုရင်ပွဲကို အနိုင်ရမည်ဟု သူ ယုံကြည်မှုမရှိ။ ဆုသုံးခုရရှိရန်အတွက်သာ သွားပြိုင်မည်ဆိုလျှင် ၎င်းသည် သူ့ဂုဏ်သိက္ခာသူ အောက်ချမိသလိုသာ ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေ သူသည် ထိုက်ချူသူတော်စင်နယ်မြေ၏ ခေါင်းဆောင်၊ အလယ်ပိုင်းဒေသ၏ ကျင့်ကြံသူများထံမှ သူတော်ကောင်းလမ်းစဥ်၏ ရှေ့ဆောင်အလင်းရောင်ဟု ကင်ပွန်းတပ်ခံထားရသူ တစ်ဦးဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ဤ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲသည် မြင်ရသည့်အတိုင်း ရိုးရှင်းနေမည်မဟုတ်ပေ။ နောက်ကွယ်တွင် မမြင်နိုင်သော ထောင်ချောက်တစ်ခု ရှိကောင်းရှိနိုင်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုက်ချူသူတော်စင်နယ်မြေက အလွန်အကျွံ စွက်ဖက်စရာ မလိုပါဘူး၊ ဒါပေမယ့် မင်းကတော့ အခြေအနေရဲ့ ဦးတည်ရာကို အနီးကပ် စောင့်ကြည့်နေရဦးမယ်၊ တစ်စုံတစ်ယောက်က စစ်တုရင်ပွဲကို ချိုးဖျက်ပြီး ပွဲရဲ့နောက်ဆုံးဆုကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်”
“မင်းသိရမှာက အဲ့ဒီအချိန်မှာ စန်းမူပြည်နယ်ဟာ နဂါးနဲ့မြွေများ ရောနှောနေထိုင်ရာ ရတနာဂူသိုက်ဖြစ်လာလိမ့်မယ်။ ပြီးတော့ အဲ့ဒီနေရာဟာ ထိုက်ချူသူတော်စင်နယ်မြေရဲ့ အုပ်ချုပ်မှုအောက်မှာရှိတယ်။ သူတော်ကောင်းလမ်းစဥ်ကို မြှင့်တင်ဖို့အတွက် ငါတို့ဟာ အနိုင်ရတဲ့သူကို ကောင်းကောင်းဂရုစိုက်ပေးဖို့လိုတယ်”
ထိုက်ချူသူတော်စင်သခင်က အဓိပ္ပာယ်အပြည့်ဖြင့် မှာကြားသည်။
လျန်ချန်ပိ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် ရိုသေစွာဖြင့် “အရှင်သခင်ကြီးက ပညာဉာဏ်နဲ့ပြည့်စုံလှပါတယ်။ ဒီ တပည့်ကိုယ်တိုင် စန်းမူပြည်နယ်ကို သွားရောက်ပြီး အနီးကပ်ကြီးကြပ်စောင့်ကြည့်ပါ့မယ်။ ဘယ်လိုဖရိုဖရဲကိစ္စမှ ဖြစ်မလာစေရပါဘူး။ တစ်စုံတစ်ယောက်က စစ်တုရင်ပွဲရဲ့ နောက်ဆုံးဆုကို တကယ်ပဲ အနိုင်ရခဲ့ရင် ဒီ တပည့်က သူ့ကို သေချာပေါက်အနီးကပ်ဂရုစိုက်ပေးလိုက်ပါ့မယ်"
ဂရုစိုက်ပေးလိုက်ပါ့မယ် ဟူသောစကားက အဓိပ္ပာယ်နှစ်ခွပါဝင်နေခဲ့သည်။
“ကောင်းတယ်”
ထိုက်ချူသူတော်စင်သခင်သည် ကြင်နာတတ်ပြီး စေတနာကောင်းသော အဘိုးအိုတစ်ဦးကဲ့သို့ ပြုံးလိုက်သည်။
“တခြား ဘာမှမရှိရင်၊ မင်း အရင်သွားနိုင်ပြီ”
“ဟုတ်ကဲ့၊ အရှင်သခင်ကြီး”
လျန်ချန်ပိ ထွက်ခွာသွားပြီးနောက် ထိုက်ချူသူတော်စင်သခင်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် အမှောင်ထဲမှ တစ်စုံတစ်ရာကို ခံစားမိပုံရပြီး သူ၏မျက်ခုံးများသည် နက်နက်ရှိုင်းရှိုင်း တွန့်ကွေးသွားသည်။
မကြာသေးမီကတည်းက သူသည် အမြဲတမ်းလိုလို စိတ်မသက်မသာ ခံစားနေရသည်ပင်။ ထို မသေမျိုးအခွင့်အရေးကြောင့်ပေလား?
သို့မဟုတ် နောက်ပိုင်းတွင် ကိစ္စကြီးတစ်ခုခု ဖြစ်ပွားပေဦးတော့မည်လား?
“မကြာခင်မှာ ပိုဝေးတဲ့ တာအိုပြည်နယ်ကို ခရီးထွက်ရဦးမယ်။ တတ်နိုင်သမျှ မသေမျိုးအားလုံးကို သတ်ပြီး ငါ့ရဲ့ ကျင့်ကြံမှုကို အမြင့်ဆုံးထိ မြှင့်တင်ရမယ်”
“ဉာဏ်အလင်းမသေမျိုးဆိုတာ ဘာမလို့လဲ။ ငါ မသေမျိုးအုပ်စိုးသူဖြစ်တဲ့အထိ တိုးတက်ချင်တယ်၊ မသေမျိုးဘုရင်ဖြစ်တဲ့အထိတောင် တိုးတက်ချင်တယ်။ အနာဂတ်မှာ အလယ်ပိုင်းဒေသရဲ့ စစ်မှန်တဲ့ လွှမ်းမိုးသူ ဖြစ်လာဖို့က ငါ့ရည်မှန်းချက်ပဲ”
“အဲ့ဒီအချိန်ရောက်ရင် အလယ်ပိုင်းဒေသရဲ့ ရှိရှိသမျှ သက်ရှိသတ္တဝါတွေကို လက်သပ်မွေးမြူပြီး ငါ့အတွက် အဆုံးမရှိတဲ့ အားဖြည့်ဆေးပင်လယ်ကြီးကို စိုက်ပျိုးရမယ်"
အိုမင်းသော အသံသည် ကြီးမားသော ရည်မှန်းချက်ဖြင့် ထည်ဝါလျက်ရှိ၏။ ထိုက်ချူသူတော်စင်သခင်၏ နှုတ်ခမ်းများမှ အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ခမ်းနားသော ရေတံခွန်နှင့် ရေကန်သည် တစ်ဖန် ထူးဆန်းသော သွေးနီရောင်သို့ ပြောင်းလဲသွားသည်မှာ အသူရာငရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှ၏။
ရက်များ ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲ၏ နာမည်သည် အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ စန်းမူပြည်နယ်သည်လည်း မကြုံစဖူး စည်ကားလာသည်။
ကမ္ဘာအနှံ့အပြားမှ ကျင့်ကြံသူများသည် အခမဲ့ ကျင့်ကြံမှုအရင်းအမြစ်များ ရရှိရန် မျှော်လင့်ချက်ဖြင့် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော ဒေသအပေါင်းမှ အပြေးအလွှား လာရောက်ကြကုန်၏။
သူတို့ စစ်တုရင်မကစားတတ်သည်ဖြစ်စေ စစ်တုရင်ကို ကိုင်ပင်မကိုင်ဖူးသည်ဖြစ်စေ အရေးမကြီး။
အဓိကအချက်ကတော့ ပါဝင်ဖို့သာပင်!
ဒီလို ကျပ်တည်းနေတဲ့ ခေတ်ကာလမှာ အခမဲ့ပစ္စည်းတွေကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ?
လော့ရိတောင်တန်းများသည် ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးချမ်းသည်။ ပထဝီမြေပြင်အနေအထားက ကြမ်းတမ်းခက်ထန်လှပြီး ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲမှာ ဤတောင်တန်းပေါ်တွင် တည်ရှိလေသည်။
အဝေးမှကြည့်လျှင် ဧရာမ ရွှေရောင် စစ်တုရင်ခုံပုံရိပ်တစ်ခု လင်းလက်နေသည်ကို တွေ့မြင်ရမည်။ အရှိန်အဝါတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအချို့ ပါဝင်နေပုံရပြီး သန့်စင်မြင့်မြတ်သော အငွေ့အသက်တစ်ခုကို ခံစားရရှိနိုင်၏။
လူအများသည် အခါအားလျော်စွာ စိတ်လိုလက်ရ ချဉ်းကပ်လာတတ်ကြကာ စစ်တုရင်ပွဲထဲသို့ ဝင်ရောက်ပြီး စတင်ကစားကြသည်။ သို့သော် ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သူတို့အားလုံးသည် အကျိုးအမြတ်ကြီးကြီး ပိုက်လာနိုင်ပြီးသကဲ့သို့ ပြုံးရွှင်စွာ ထွက်လာတတ်ကြသည်သာ။
ကောင်းကင်တွင်။
အရောင်တလက်လက် မြင်းရထားပျံများ၊ ဒီဇိုင်းပုံစံစုံ စီးတော်ယာဉ်များနှင့် အမျိုးမျိုးသော ပျံသန်းနိုင်သည့် မှော်ရတနာများဝေ့ဝဲနေလျက်ရှိသည်။ ခရီးသွား ကျင့်ကြံသူအားလုံး လော့ရိတောင်တန်းများ၏ အထက်ကောင်းကင်ဝယ် စုရုံးရောက်ရှိနေကြသည်ပင်။
မြင်ကွင်းသည် အလွန်တရာမှ စည်ကားနေသည်။
အချို့သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ကျင့်ကြံသူအချို့က စီးပွားရေးဆန်ဆန်ပင် တောင်တန်းအတွင်းတွင် ယာယီ လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ပြီး နေရာအနှံ့အပြားမှ ဧည့်သည်များကို ဖျော်ဖြေကာ ပိုက်ဆံရှာကြသည်။
လော့ရိတောင်တန်းများတစ်လျှောက်လုံးတွင် ဆွေးနွေးမှုများစွာ စီစီညံလျက်ရှိ၏။ အားလုံးသည် စစ်တုရင်ပွဲမှ မည်သူက မည်မျှကောင်းမွန်သော အကျိုးအမြတ်ကို အခမဲ့ရရှိခဲ့သည် ဆိုသည့်အကြောင်းများကိုသာ ပြောဆိုဆွေးနွေးနေကြသည်။
“တာအိုရောင်းရင်းတို့ ကြားပြီးကြပလား။ ခုနက ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံသူတစ်ယောက် စစ်တုရင်ပွဲကို သုံးကြိမ်ဆက်တိုက် ပါဝင်ခဲ့တယ်၊ နောက်ဆုံးအကြိမ်မှာ စစ်တုရင်ပွဲက သူ့ကို ထိပ်တန်းအဆင့် စစ်မှန်သော မသေမျိုးလက်နက်တစ်ခု ချီးမြှင့်ခဲ့တယ်တဲ့”
“ဘုရားရေ၊ ဒီလောက်တောင် ကံကောင်းတာလား”
“ဒီလောက်က ဘာရှိဦးမလဲ။ ငါကြားခဲ့တာဆို မယုံနိုင်လောက်အောင် ကံကောင်းတဲ့ ညီအစ်ကိုတစ်ယောက်ရှိတယ်၊ သူ သုံးကြိမ်ဆက်တိုက် ထိပ်တန်းအဆင့် ဝိညာဉ်သလင်းကျောက် တစ်သန်းကို လက်ခံရရှိခဲ့တာတဲ့၊ တစ်ညတည်းနဲ့ သန်းကြွယ်သူဌေးဖြစ်သွားတာပဲ"
“ဟဲဟဲ၊ ထိပ်တန်းအဆင့် ဝိညာဉ်သလင်းကျောက် ဘယ်လောက်ပဲများများ၊ မသေမျိုးသလင်းကျောက်တစ်ခုရဲ့ တန်ဖိုးနဲ့ နှိုင်းယှဥ်လို့မရဘူး။ ဝိညာဉ်ဓားဂိုဏ်းရဲ့ အကြီးအကဲဖုန်းကို မင်းသိလား? သူရဲ့ ပထမဆုံးဆုနှစ်ခုက အတော်အသင့်ပဲ၊ ဒါပေမယ့် နောက်ဆုံးအကြိမ်မှာ သူဟာ မသေမျိုးသလင်းကျောက် ငါးထောင်တောင် လက်ခံရရှိခဲ့တယ်”
“မသေမျိုးသလင်းကျောက် ငါးထောင်? အလိုလေးလေး!”
“ဒီ ကောင်းကင်နှင့်မြေကြီး စစ်တုရင်ပွဲရဲ့ ဆုပေးစနစ်က အကျိုးအမြတ်တွေကို အလကားပစ်ပေးနေတာပဲ”
“ဟုတ်ပါ့ဗျာ!”
ထိုအချိန်တွင်။
လက်ဖက်ရည်ဆိုင်အတွင်း၌ ပညာရှိတစ်ဦးကဲ့သို့ သေသပ်ကျနစွာဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးသည် လက်ဖက်ရည်ခွက်ကို အသာချကာ ကောင်းကင်ထက်လှည့်လည်နေသော အုပ်စုတစ်စုအား လှမ်းကြည့်နေသည်။ ဦးဆောင်သူသည် ဂုဏ်သိက္ခာကြီးမားသော အမူအရာရှိသော်ငြား သူ၏မျက်လုံးများသည် အနည်းငယ် မှိုင်းညို့နေကာ အသားအရေသည် အတော်လေး ဖြူဖျော့နေရှာ၏။
“အစ်ကို၊ သူတို့က ဘယ်သူတွေလဲ”
ပညာရှိဝတ်ရုံဝတ် ကျင့်ကြံသူသည် သိလိုစိတ်ကြောင့် သူ့ဘေးတွင် ထိုင်နေသော ဧည့်သည်ကို မေးလိုက်သည်။
ဧည့်သည်က ခေါင်းလှည့်ကြည့်လိုက်ကာ သူ့မျက်နှာတွင် ကြောက်ရွံ့သောအကြည့်တစ်ခု ပေါ်လာသည်။
“ဒါက ထိုက်ချူသူတော်စင်နယ်မြေက အဖွဲ့တစ်ဖွဲ့ပဲ၊ သူတို့ကို ဦးဆောင်နေတာက ထိုက်ချူသူတော်စင် လျန်ချန်ပိဆိုတဲ့သူလေ”
“ဘာ၊ ထိုက်ချူသူတော်စင်နယ်မြေတောင် ရောက်လာတာလား”
“ဒါ ပုံမှန်ပဲမဟုတ်ဘူးလား။ ထိုက်ချူသူတော်စင်နယ်မြေက ငါတို့နောက်က ထျန်းယွမ်ပြည်နယ်မှာရှိတယ်၊ စန်းမူပြည်နယ်နဲ့ ဒီလောက်နီးနေတာ။ ဒီပွဲကို စောင့်ကြပ်ထိန်းသိမ်းဖို့ လူတွေ စေလွှတ်မှာ သေချာတယ်၊ ဒါပေမယ့် ဒီလောက်အရေးစိုက်လိမ့်မယ်လို့ မထင်ခဲ့တာအမှန်ပဲ"
“ဟားဟား၊ လော့ရိတောင်တန်းမှာ ဒီလောက်စည်ကားနေတာတောင် ပဋိပက္ခတွေ ဘာလို့ နည်းနေတာလဲလို့ ငါ အစက တွေးနေမိတာ။ ထိုက်ချူက သူတော်စင်ကိုယ်တိုင် လာရောက်ကြီးကြပ်နေတာကိုး"
အလယ်ပိုင်းဒေသ၏ မဟာသူတော်စင်နယ်မြေကြီးလေးခုမှာ ရွှယ်ထျန်းသူတော်စင်နယ်မြေ၊ ထိုက်ချူသူတော်စင်နယ်မြေ၊ ယင်းယန်သူတော်စင်နယ်မြေနှင့် ယောင်ကွမ်းသူတော်စင်နယ်မြေတို့ ဖြစ်ကြသည်။
ထိုက်ချူသူတော်စင်နယ်မြေ၏ သူတော်စင်တစ်ပါးအနေဖြင့် လျန်ချန်ပိသည် ပြင်ပကမ္ဘာတွင် ထင်ရှားကျော်ဇောသည်မှာ မထူးဆန်းလှပေ။
ထိုအချိန်တွင် လျန်ချန်ပိသည် သူ၏လက်များကို နောက်ကျောတွင် ထားလျက် ရပ်နေကာ အကြည့်မှာ လျှပ်စီးကဲ့သို့ စူးရှသည်။ မိုးတိမ်များပေါ်သို့ နင်းတက်ကာ လော့ရိတောင်တန်းများကို လှည့်လည်ကြည့်ရှုနေသည်။ သူသွားရာနေရာတိုင်းတွင် မည်သူတစ်ဦးတလေမှာ ရန်စဖို့ရာ မရဲဝံ့ကြပေ။ သူ၏ အရှိန်အဝါသည် အလွန်အမင်း အစွမ်းထက်သောကြောင့် အကြီးအကဲများပင် တိတ်တိတ်လေးသြချယူရသည်အထိ။
သူ၏ရောက်ရှိမှုကြောင့် လော့ရိတောင်တန်းများတဝိုက် ပြဿနာကင်းရှင်းစွာ စည်းစနစ်တကျ ရှိနေခဲ့သည်။
မကောင်းသော အကြံအစည်များဖြင့် လာရောက်ပါဝင်သည့် အချို့ ကျင့်ကြံသူများပင်လျှင် လက်ရှိအခြေအနေကြောင့် ရဲရဲတင်းတင်း မလုပ်ဆောင်ဝံ့ကြပေ။ သူတို့ လုယက်ဖို့ကြံရွယ်ထားသည့် ကျင့်ကြံသူများ လော့ရိတောင်တန်းမှ ထွက်ခွာသွားမည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရုံသာ။
စာစဉ်ပြီး၏