← Chapters

ခွင့်လွှတ်ပါ့မလား

Vol. 20 Ch. 300

ခွင့်လွှတ်ပါ့မလား

Vol. 20 Ch. 300

ဟွမ်းသည် ထိုနှစ်ကောင်ကို အာရုံမစိုက်တော့ချေ။ သူ၏ ရှေ့တွင် အိပ်မောကျနေသည့် လင်းရှု့ကို ကြည့်ပြီးနောက် ဝိညာဉ်နိုးထခြင်း သစ်စေ့ကို သူ၏ စွမ်းအင်များနှင့် ရစ်ပတ်လိုက်သည်။

ထို့နောက် လင်းရှု့၏ ခန္ဓာကိုယ်အတွင်း စီးဆင်းစေ၏။ သူသည် စွမ်းအင်စီးဆင်းရန် ကြားခံအဖြစ် အသုံးပြုလိုက်ခြင်းပင်။

သစ်စေ့ထံမှ စွမ်းအင်များသည် ယင်စွမ်းအင်များနှင့် ယန်စွမ်းအင်များကို ပေါင်းစည်းကာ ထွက်ပေါ်လာသည့် စွမ်းအင်များဖြစ်သည်။

ထိုနွေးထွေးသည် စွမ်းအင်များသည် လင်းရှု့၏ ခန္ဓာကိုယ်တွင် ချောမွေ့စွာ စီးဆင်းနေတော့၏။ ထိုစွမ်းအင်များသည် တဖြည်းဖြည်းနှင့် လင်းရှု့၏ ခန္ဓာကိုယ်တွင် နေရာယူလည်ပတ်လာသည်။

ဟွမ်းသည် စိတ်ရှည်လက်ရှည်နှင့် လုပ်ဆောင်နေ၏။

ထိုသို့နှင့် နေ့ဝက်ခန့်ကုန်ဆုံးသွားပြီး နောက်တစ်ရက်ကူးပြောင်းချိန်တွင် သစ်စေ့သည် သေးငယ်သည့် အမှုန်မွှားများ အဖြစ်ပြောင်းလဲကာ ကွယ်ပျောက်သွားသည်။

ဝိညာဉ်နိုးထခြင်းသစ်စေ့ တစ်ခုကုန်ဆုံးသွားသော်လည်း လင်းရှု့သည် တုပ်တုပ်မျှပင် မလှုပ်သေးချေ။

သို့သော် အနည်းငယ် သက်ရောက်ဟန်ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှ ပါးလွှာသည့် စွမ်းအင်အချို့ ထွက်ပေါ်လာ၏။

“မလုံလောက်သေးတာလား..”

ဟွမ်းသည် နောက်တစ်စေ့ ထပ်မံထုတ်ယူကာ မူလနည်းလမ်းအတိုင်း လုပ်ဆောင်လိုက်သည်။

ဤသို့နှင့် နောက်တစ်ရက်ပင် ကူးပြောင်းသွား၏။ သစ်စေ့သုံးစေ့ ကုန်ဆုံးသွားပြီးနောက် လင်းရှု့ အနည်းငယ် လှုပ်ရှားလာသည်။

ထိုအချိန်တွင် ဟွမ်းသည် ဆက်နွယ်ချက်တစ်ခုသည် ထင်းရှားလာသည်ကို ခံစားမိသွား၏။ ထိုအရာသည် လင်းရှု့နှင့် ဆက်နွယ်မှုပင်။ သို့သော် ဆက်နွယ်ချက်သည် အားနည်းနေသေးသည်။

“ကြည့်ရတာ သူမက ကမ္ဘာငယ်မှာ ကြီးပြင်းလာတာမို့ လင်းထျန်းဘုံရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ပြန်လည်သန့်စင်ပစ်တာထင်တယ်..”

ဟွမ်းသည် အိပ်မောကျနေသော်လည်း အလိုလိုလုပ်ဆောင်နိုင်စွမ်းရှိသည့် လင်းရှု့ကြောင့် မှင်သက်ရ၏။

သူသည် လင်းရှု့နှင့် ဆက်သွယ်နိုင်ပြီမို့ အလောတကြီး မလှုပ်ရှားတော့ပေ။

သူသည် လင်းရှု့မှတဆင့် လင်းရှန်နယ်မြေကို အာရုံခံကြည့်လိုက်၏။

သို့မှစိတ်အေးသွားတော့သည် လင်းရှန်နယ်မြေသည် မူလအတိုင်းရှိနေသည်။

သူသည် လင်းရှန်နယ်မြေအတွင်း ဝင်ရောက်ရန်ကြိုးစားလိုက်၏။ တစ်စုံတစ်ခုသည် သူ၏ ဝင်ရောက်မှုအား တားမြစ်ထားသည့်အလားပင်။

ဟွမ်း “...”

‘လင်းရှု့က ရွှေရောင်သစ်ပင်ငယ်နဲ့ လင်းရှန်နယ်မြေကို ပေါင်းစည်းလိုက်တာလား..’

ဟွမ်းသည် အတွေးကြပ်နေ၏။ ထိုကလေးမလေး နိုးထလာမှသာ သူ၏ ရှုပ်ထွေးမှုများ ပြေလျော့တော့မည်ဖြစ်သည်။

ထို့ကြောင့် ကျန်ရှိနေသည့် သစ်စေ့နှစ်စေ့ကို ထပ်မံအသုံးပြုလိုက်၏။ နောက်တစ်ရက်တွင် သစ်စေ့အားလုံး အသုံးပြုပြီးချေပြီ။

“ရှင်..၊ နိုးထစေချင်တာ သူမလား..”

ဟွမ်း၏ နောက်မှ ကြည်လင်သည့် အသံလေးထွက်ပေါ်လာသည်။ ကျန်းချီချီသည် ဟွမ်းနှင့် ကလေးမလေးကိုကြည့်ကာ အံ့ဩတကြီးမေးလိုက်ခြင်းဖြစ်သည်။

ထိုကလေးမလေးကို သက်ရှိဝိညာဉ်ဟု ပြောဆိုခဲ့သော်လည်း သူမသည် လူသားများနှင့် တထေရာတည်း တူနေ၏။

“မင်း..သက်သာပြီလား..”

ဟွမ်းသည် ကျန်းချီချီ၏ အမေးကို မတုန့်ပြန်သေးပဲ သူမကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

ကျန်းချီချီသည် သူမ၏ ခေါင်းကို ညင်သာစွာညိတ်ပြလိုက်၏။

သို့သော် ဟွမ်းစစ်ဆေးကြည့်လိုက်ချိန်တွင် သူမ၏ စွမ်းအင်များ အပြည့်အဝမကောင်းမွန်သေးသည်ကို တွေ့လိုက်ရသည်။ သူ့စကားသံ ပျော့ပြောင်းစွာနှင့် ပြောဆိုလိုက်၏။

“မင်း ထပ်ပြီး အနားယူသင့်တယ်..”

“ဒီလောက်ဆို လုံလောက်ပါပြီ..”

ကျန်းချီချီသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သူမသည် သုံးရက်ခန့် သတိလစ်နေပြီးနောက်တွင် မရင်းနှီးသည့် နေရာတစ်ခုတွင် နိုးထလာခဲ့သည်။

ထူးခြားစွာနှင့် သူမ၏ ခန္ဓာကိုယ်တွင် သန့်စင်သည့် စွမ်းအင်တစ်ချို့သည့် ထောက်ပံ့ပေးထားသည်ကို စစ်ဆေးမိသွား၏။ ထို့စွမ်းအင်များကြောင့် သူမသည် အလျှင်အမြန် ပြန်လည်ကောင်းမွန်လာခြင်းပင်။

ထို့နောက် သူမ၏ စိတ်စွမ်းအင်နှင့် စစ်ဆေးကြည့်ပြီး နောက်တွင် ရွာငယ်လေးတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် ဟွမ်းသည် ဝိညာဉ်နိုးထခြင်း သစ်စေ့များ အသုံးပြုနေသည်ကို သိရှိသွားသည်။ ထို့ကြောင့် သူမ ထွက်လာခဲ့ခြင်းပင်။

ဟွမ်းက သူမကို အတင်းအကြပ် ဖိအားမပေးတော့ချေ။ ဟွမ်းနှင့် ကျန်းချီချီ အကြည့်ချင်းဆုံတွေ့နေစဉ် သေးငယ်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

“ဖေဖေ..”

ထိုအသံကြောင့် အိမ်ငယ်လေးအတွင်း အေးခဲသွားသည့်အသွင်ပင်။ ဟွမ်းသည် ကျောက်ရုပ်အသွင် အေးခဲနေပြီး ကျန်းချီချီသည် အံ့ဩသည့် အကြည့်များနှင့် ဟွမ်းကို ကြည့်နေ၏။

လင်းရှု့သည် နိုးထလာပြီး သူမသည် ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးလေသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်တွင်းစီးဆင်းနေသည့် စွမ်းအင်များသည် ဟွမ်းနှင့် တူညီနေခြင်းကြောင့် အားကိုးတကြီး မျက်ဝန်းများနှင့် ကြည့်ကာ ခေါ်ဆိုလိုက်ခြင်းပင်။

ဟွမ်းသည် မည်သို့ တုန့်ပြန်ရန် မေ့လျော့နေသည့်အလား မလှုပ်မယှက်ပင်။

“ရှင့်ရဲ့ သမီးလေးကို ကယ်တင်ဖို့ စွမ်းဆောင်ခဲ့တာကိုး..”

ကျန်းချီချီသည် ကြင်နာဟန်ရှိသည့် လေသံနှင့် ဟွမ်းကို ကြည့်ကာ ဆိုလိုက်၏။ သူမသည် ဟွမ်း၏ စိတ်နေစိတ်ထားကို တိတ်တဆိတ်အသိအမှတ်ပြုလိုက်သည်။

လင်းရှု့၏ အသွင်သည် အတော်လေး ချစ်စဖွယ်ကောင်း၏။ သူမသည် လင်းရှု့အနားကို ချည်းကပ်ကာ တို့ထိကြည့်နေသည်။

“မဟုတ်ဘူး..”

ဟွမ်းသည် သို့မှသာ အသိဝင်လာပြီး ကမန်းကတမ်း အော်ဟစ်လိုက်၏။ သူ၏ တည်ငြိမ်မှုကို မထိန်းနိုင်တော့ချေ။

အဘယ်သို့ ယုတ္တိမရှိလေသနည်း..။

“ဖေဖေ..”

လင်းရှု့သည် ထပ်မံခေါ်ဆိုလိုက်ပြန်၏။

ဟွမ်း “...”

“ရှင်..ဝမ်းသာရမှာ မဟုတ်ဘူးလား..”

ကျန်းချီချီသည် စွံ့အသွား၏။ သူ၏ သမီးဖြစ်သူ နိုးထနေပြီဖြစ်သော်လည်း ကယောင်ကတမ်း အော်ဟစ်နေသည်။

“သူက..ငါ့သမီး မဟုတ်ဘူး..”

ဟွမ်းသည် တည်ငြိမ်အောင် မနည်း ထိန်းသိမ်းကာ လင်းရှို့၏ အသွင်ကို ရှင်းပြလိုက်ရ၏။ သို့မှသာ ကျန်းချီချီသည် နားလည်သဘောပေါက်သွားပြီး မှင်သက်သွားသည်။

“ရတနာဝိညာဉ်တွေက လူသားအသွင်ယူနိုင်ပေမဲ့ လူသားတစ်ဦးလို ခန္ဓာကိုယ်ရှိမယ်လို့ တစ်ခါမှ မကြားဖူးဘူး..”

ဟွမ်းသည် လင်းရှု့ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် မေးမြန်းလိုက်၏။

“လင်းရှု့..နယ်မြေကို မင်းထိန်းချုပ်နိုင်တာလား..”

လင်းရှု့သည် နားမလည်ဟန်ရှိကာ မေးခွန်းထုတ်လိုသည့် မျက်ဝန်းများနှင့် ပြန်လည်ကြည့်ရှု့နေ၏။

“နယ်မြေလေ..၊ ရွှေရောင်သစ်..မင်္ဂကောင်းချီးသစ်ပင်နဲ့ ချိတ်ဆက်ထားတဲ့ နယ်မြေငယ်လေး..”

ဟွမ်းသည် ပုံပန်းသွင်ပြင်ကို ပြောဆိုရင်း လက်အမှုအယာများကို ထုတ်ဖော်ပြောဆိုနေသည်။

လင်းရှု့သည် တွေဝေသွားရ၏။ ခဏအကြာတွင် သူမ၏ မျက်ဝန်းများ လင်းလက်သွားသည်။ သူမသည် နားလည်သွားသည့် အလားပင်။

ချက်ချင်းဆိုသလို သူမ၏ သေးငယ်သည့် လက်ကလေးကို မြေပြင်တွင် ဖိကပ်လိုက်၏။

“ဒါက..”

ဟွမ်းသည် အပြောင်းအလဲ များကြောင့် အံ့ဩသွားသည်။

သူ၏ မြင်ကွင်းများသည် ရုတ်ချည်းဆိုသလိုပြောင်းလဲသွားလေ၏။ ထို့အပြင် သူတို့သည် နေရာရွေ့ပြောင်းမှု မပြုခဲ့သော်လည်း အိမ်ငယ်လေးအတွင်း ရှိမနေတော့ချေ။

“လင်းရှန်နယ်မြေ..”

ဟွမ်းသည် ထိုအပြောင်းအလဲကြောင့် အံ့ဩမှင်သက်သွားသည်။ ထို့အပြင် လင်းရှု့ပြုလုပ်လိုက်သည့် ထူးခြားသည့် နည်းလမ်းကို နားမလည်နိုင်ချေ။

ကျန်းချီချီသည် ဟွမ်းနှင့်အတူ လင်းရှန်နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့သည်။ လင်းရှု့သည် ကျန်းချီချီကို လူကောင်းဟု သတ်မှတ်ကာ လင်းရှန်နယ်မြေတွင်း ခေါ်သွင်းခဲ့ခြင်းဖြစ်၏။

သူမသည် လင်းရှန်နယ်မြေ၏ ထူးခြားချက်များကို မှင်သက်စွာကြည့်ရှုနေသည်။

“ဆရာ..”

ယွဲ့ဝူယောင်တို့သည် သူမတို့၏ ဆရာသည် လင်းရှန် နယ်မြေအတွင်း ရောက်ရှိလာသောကြောင့် အလျှင်အမြန်ပြေးလာကြသည်။

ဟွမ်းသည် သူ၏ တပည့်များကို ကြည့်လိုက်၏။ ယွဲ့ဝူယောင်နှင့် တပည့်သုံးဦးသည် စဦးအလွှာသို့ ရောက်ရှိနေကြပြီး ကျောက်ဝမ်အာသည် မူလနတ်အင်ပါယာအဆင့်ရောက်ရှိနေပြီဖြစ်သည်။

ထို့အပြင် မော့ရွှယ်အာနှင့် ဝမ်မုန့်ယွင်သည် အလယ်လတ်အလွှာသို့ ရောက်ရှိထားသည်မှာ ကြာသေးသည့်ပုံမပေါ်ချေ။

“ဒီရက်ပိုင်း ထူးခြားတာမျိုးရှိလား..”

ဟွမ်းသည် ဝမ်မုန့်ယွင်ကို ကြည့်ကာ မေးမြန်းလိုက်၏။

“လွန်ခဲ့တဲ့ တစ်လကျော်ကျော်တုန်းက ထူးဆန်းတဲ့ စွမ်းအင်တွေဝင်ရောက်လာပြီး ကျွန်မတို့ရဲ့ စွမ်းအင်တွေကို သန့်စင်ပစ်ခဲ့တယ်..၊ ဒါပေမဲ့ လင်းရှု့က ပျောက်သွားတာတစ်ခုကလွဲရင် ထူးထူးခြားခြား ဘာမှ မရှိခဲ့ဘူး..”

ဝမ်မုန့်ယွင်သည် ရှင်းပြလိုက်၏။ ထို့အပြင် သူမတို့ မကြုံဖူးသည့် စွမ်းအင်များသည် အဆင့်များသည် ရုတ်ချည်းဆိုသလို တိုးတက်လာခဲ့ကြသည်။

ဟွမ်းသည် သို့မှသာ သက်ပြင်းချမိသွား၏။ သူတို့အဆင်ပြေကြသည်။ ထို့နောက် နယ်မြေအတွင်း ပတ်ပြေးနေသည့် လင်းရှု့ကို ကြည့်လိုက်မိ၏။

“ဆရာ..သူမကဘယ်သူလဲ..”

ယွဲ့ဝူယောင်သည် ဟွမ်း၏ အနားသို့ ချည်းကပ်လာပြီးနောက် တီးတိုးမေးမြန်းလိုက်၏။

အားလုံး၏ အတွေးလည်း တူညီနေကြသည်။

‘ယွီဟွာကို ဘယ်လိုရှင်းပြမလဲ..’

All Chapters