ခေါင်းမာချင်ဦး
Vol. 20 Ch. 288
မြို့သခင်၏ လေဓားများမှ ပေါ်ထွက်နေသည့် စွမ်းအင် များကြောင့် ဟုန်ယန် အပါအဝင် ကျင့်ကြံသူများသည် မွန်းကြပ်မှုကို ခံစားလိုက်ရ၏။
ထိုလေဓား တစ်စင်းတိုင်းတွင် ထက်ရှလွန်းသည့် စွမ်းအင်များ ပါဝင်နေပြီး မြန်ဆန်သည့် အရှိန်ဟုန်နှင့် ဟုန်ယန်ထံ တိုးဝင်လာသည်။
ဟုန်ယန်သည် သူ၏ နောက်တွင် ပုံရိပ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး ဓားမော့နှင့် လေဓားများကို တရစပ် တားဆီးလိုက်ရ၏။ သူ၏ ဓားမော့ ဝှေ့ယမ်းတိုင်းတွင် နောက်တွင်ရှိသည့် ပုံရိပ်သည်လည်း အလားတူ ပြုမှုနေသည်။
“ဝုန်း..”
“ဝုန်း..”
ဟုန်ယန်၏ ဓားမော့နှင့် လေဓားတစ်စင်းထိခက်သွားတိုင်းတွင် သူ၏ လက်များ တုန်ယင်သွား၏။
စက္ကန့်ပိုင်းအတွင်း သူ၏ အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်သည်ကို ရိပ်စားမိသွားသည်။
ဟုန်ယန်သည် အံတင်းတင်းကြိတ်ကာ အသည်းအသန် ခုခံနေရ၏။
“အဟွတ်..”
သူသည် လေဓားတစ်စင်းကို တားဆီးလိုက်တိုင်း သွေးတစ်လုတ်အန်နေရသည်။ စဦးအလွှာနှင့် အလယ်လတ်အလွှာသည် တစ်ဆင့်သာ ကွာခြားသော်လည်း ကြီးမားသည့် ကွာဟမှုတစ်ခုပင်။
သို့သော် လေဓားများ၏ များပြားမှုကြောင့် သူ၏ နောက်ရိပ်ပုံရိပ်သည် တဖြည်းဖြည်း မှေးမိန်လာသည်။
“ငါရအောင်တားမယ်..”
ဟုန်ယန်သည် အသံနက်ကြီးနှင့် မာန်ဟုန်သွားကာ သူ၏ ဓားမော့ကို ပြင်းပြင်းထန်ထန်လွှဲယမ်းလိုက်၏။ သူ၏ သွေးစွမ်းအင်များကို လောင်ကျွမ်းစေသည်အထိ စွမ်းအင်များ စုစည်းလိုက်ရခြင်းပင်။
မှေးမှိန်လုနီးပါးဖြစ်နေသည့် သူ၏ ပုံရိပ်သည် ကြီးမားသည့် ဓားမော့ကြီးနှင့် လေဓားများ လာရာလမ်းကြောင်းကို ခုတ်ပိုင်းလိုက်သည့် အသွင်ဖြစ်ပေါ်သွားသည်။
“ဝုန်း..”
ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသောကြောင့် ကောင်းကင်ထက်မှ တိုက်ပွဲ ဖြစ်သော်လည်း မြေပြင်တွင် ရှိသည့် အဆောက်အဦးများပေါ်သို့ စွမ်းအင် အပိုင်းအစများ ထိမှန်လေသည်။
ထို့ကြောင့်ပင် အဆောက်အဦးများစွာသည် ပြိုလဲပျက်စီးကာ ဖုန်မှုန့်များသည် လှိုင်းလုံးကြီးအသွင် တလိပ်လိပ် ပေါ်ထွက်လာ၏။
“ဒါက..၊ မင်းကို ပေးတဲ့သင်ခန်းစာပဲ..”
မြို့သခင်သည် အမူအယာမပျက် ကောင်းကင်ထက်တွင် ရပ်တန့်နေမြဲပင်။
သူသည် ဟုန်ယန်သေဆုံးလေပြီဟု မှတ်ထင်ထား၏။ အလယ်လတ်အလွှာ ကျင့်ကြံသူ၏ တိုက်ခိုက်မှုသည် ကမ္ဘာငယ်မှ တက်ရောက်လာသည့် စဦးအလွှာကျင့်ကြံသူများ ရင်ဆိုင်နိုင်သည့် အရာမဟုတ်ချေ။
သို့သော် စွမ်းအင်လှိုင်းများနှင့် ဖုန်မှုန့်များ တဖြည်းဖြည်း ငြိမ်သက်လာပြီးနောက် သူ၏ မျက်ဝန်းများ မှေးကျဉ်းသွားရလေသည်။
အကြောင်းမှာ ဟုန်ယန်သည် မေ့မြောသွားသော်လည်း အသက်ရှင်နေသေး၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ကို အဖြူရောင်ဝတ် လူငယ်တစ်ဦးက ထိန်းပေးထားသည်ကို တွေ့လိုက်ရသည်။
မြို့သခင်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မင်း ဘယ်သူလဲ..”
“ကမ္ဘာငယ်က တက်လာတဲ့ကျင့်ကြံသူ..”
ဟွမ်းသည် အဖြေပေးလိုက်၏။ သို့သော် မြို့သခင်ဆိုသူကို ကြည့်ပင် မကြည့်ချေ။
သူသည် ဟုန်ယန်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ချိန်တွင် အနည်းငယ် အံ့ဩသွား၏။ ထို့နောက် သူ၏ တွေ့ရှိမှုကို သတိမထားတော့ပဲ ဟုန်ယန်၏ ဒဏ်ရာများကိုသာ ဂရုစိုက်၍ စစ်ဆေးပေးလိုက်သည်။
သူ၏ မျက်နှာသည်လေး သွေးများမရှိတော့သည့်အလား ဖြူဖက်ဖြူလျော်ဖြစ်နေသည်။
သူ၏ ခန္ဓာကိုယ်တွင် ဖောက်ထွင်းသွားသည့် လေဓားစွမ်းအင်များ ကျန်ရှိနေ၏။ ထိုအရာက ဟုန်ယန်၏ ဒဏ်ရာများကို ပို၍ ဆိုးရွားစေသည်။
ထို့ကြောင့် ဟွမ်းသည် သူ၏ စွမ်းအင်များနှင့် ပိတ်ဆို့ပေးရန် ကြံရွယ်လိုက်၏။
သူ၏ စွမ်းအင်များသည် ဟုန်ယန်၏ ခန္ဓာကိုယ်အတွင်း စီးဝင်သွားသည်နှင့် တပြိုင်နက် ဆန်းကြယ်မှု တစ်ခုပေါ်ထွက်လာသည်။
ထိုအရာက သူ၏ စွမ်းအင်များသည် အကြွင်းကျန် လေဓားစွမ်းအင်များကို အပြီးတိုင် ဖျတ်ဆီးလိုက်ခြင်းပင်။
ထိုအချင်းအရာကို ဟွမ်းကိုယ်တိုင် သတိမထားမိသော်လည်း မြို့သခင်သည် ထိုဆန်းကြယ်မှုကို သတိပြုမိသွားသည်။
ထို့အပြင် သူ၏ လေဓားများကို တားဆီးနိုင်ခဲ့ဟန်ရှိပြီး ပိုဆိုးသည်က အား အရေးတယူ ရှိဟန်မရချေ။ ဟုန်ယန်ကိုသာ ကုသပေးနေ၏။
သူသည် ဟုန်ယန်နှင့် မသက်ဆိုင်သော်လည်း ကမ္ဘာငယ်များမှလာရောက်သည့် ကျင့်ကြံသူများဖြစ်ကြသည်မို့ သေဆုံးမည့်အရေးကို လျစ်လျုမရှု့နိုင်ပေ။
ဟုန်ယန်သည် သတ္တိရှိလွန်းပေ၏။ သူဆန့်ကျင့်နိုင်သည့် တည်ရှိမှု မဟုတ်သော်လည်း တွန့်ဆုတ်ခြင်းမရှိ တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဟွမ်းသည် သူကိုယ်တိုင်းလည်း မြို့သခင်နှင့် ဖြေရှင်းရမည်ဖြစ်သောကြောင့် တစ်ခါတည်း ဝင်ရောက် စွက်ဖက်လိုက်ခြင်း ဖြစ်၏။
“မင်းကရော ငါနဲ့ တိုက်ချင်တာလား..”
မြို့သခင်သည် ဒေါသထွက်လာကာ ပြောဆိုလိုက်သည်။ သို့သော် ဟွမ်း၏ အပြုအမူကြောင့် လောင်ကျွမ်းလုနီးပါး ဒေါသထွက်လာ၏။
ဟွမ်းသည် မြို့သခင်ကို ဂရုမစိုက်သည့်အလား ဟုန်ယန်ကို သယ်ဆောင်သွားကာ မာယွမ်ထောင်ထံ အပ်နှံလိုက်၏။
‘ငါ့ကို ပါဆွဲထည့်နေတာလား..’
မာယွမ်ထောင်၏ စိတ်ထဲ အော်ဟစ်လိုက်မိ၏။ လူသစ်များသည် စိတ်လိုက်မာန်ပါ ပြုမှုလွန်းသည်။ မြို့သခင်ဒေါသထွက်ပါက သူ၏ အသက်ပင် ပျောက်ကွယ်သွားနိုင်၏။
သို့သော် လက်တွေ့တွင် သူသည် မငြင်းဆန်ပဲ ဟုန်ယန်၏ ခန္ဓာကိုယ်ကို ထိန်းထားပေးလိုက်သည်။
အားလုံး၏ စိတ်ထဲ မုန်တိုင်းထန်နေသော်လည်း ဟွမ်းသည် သာယာသည့် ပန်းခင်းတွင်း လျှောက်လမ်းနေသည့်အလား သက်တောင့်သက်သာပင်။
သူသည် မြို့သခင်နှင့် မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်ရှိသွားလေ၏။
“ချီဝူမြို့က ထွက်လို့ရမဲ့ နည်းလမ်းကိုပြော..၊ ခင်ဗျားအသက်ကို ချမ်းသာပေးမယ်..”
ဟွမ်းသည် မောက်မာလွန်းသည့် စကားကို တည်ငြိမ်သည့် လေသံနှင့်သာ ပြောဆိုလိုက်၏။
မာယွမ်ထောင် “...”
‘ဒါ လူသစ်က ပြောရမဲ့ စကားလား..’
သူသည် အသက်ရှုမဝသလိုပင် ဖြစ်သွား၏။ သူအနီးနားရှိလေထုတွင် ‘လေများ အစိုင်အခဲဖြစ်သွားသလား’ ဟု တွေးမိသည်။
“ဟားဟား..၊ ကမ္ဘာငယ်က ရောက်လာတဲ့သူတိုင်းက မောက်မာတက်တာ မဆန်းဘူး..၊ ဒါပေမဲ့ မင်းလောက် မောက်မာတာမျိုး မတွေ့ဖူးဘူး..၊ ဒီမြို့သခင်ရဲ့ အမြင်တွေပွင့် သွားပြီ..”
ဒေါသထွက်နေသည့် မြို့သခင်သည် ပြက်လုံးတစ်ခု ကြားလိုက်ရသည့်အလား ရုတ်ချည်း ရယ်မောကာ ပြောဆိုလိုက်၏။
“ငါ့ရဲ့ အချိန်တွေကို မဖြုန်းနဲ့..”
ဟွမ်းသည် စိတ်မရှည်တော့ပေ။
သူ၏ နေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ မြို့သခင်ကို တိုက်ခိုက်လိုက်၏။
မြို့သခင်သည် မှင်သက်သွားရသည်။ သို့သော် ပြာယာခပ်ခြင်း မရှိပေ။ မောက်မာသည့် ကျင့်ကြံသူများစွာကို ကြုံဖူးသူဖြစ်၏။ လူသစ်များဖြစ်ကြသောကြောင့် ကြောက်လန့်ရမည်ကို မသိကြသေးချေ။
ထိုသို့ ကျင့်ကြံသူများကို မထိန်းသိမ်းနိုင်လျှင် သူသည် မြို့သခင်ဖြစ်ရန် မထိုက်တန်တော့ပေ။
သူသည် အလျှင်အမြန်တုန့်ပြန်ကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်၏။
“သေစမ်း..”
မြို့သခင်သည် စွမ်းအင်များစုစည်းကာ ဟွမ်း၏ တိုက်ခိုက်မှုကို တုန့်ပြန်လိုက်သည်။ သို့သော် ဟွမ်းသည် သူ၏ အနားသို့ ရောက်ရှိလာချိန်တွင် စွမ်းအင်များကို မထုတ်ဖော်နိုင်တော့ချေ။
‘ဘာလဲဟ..’
မြို့သခင်သည် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူသည် အတင်းကြပ် စွမ်းအင်များကို ထုတ်ဖော်နေသော်လည်း မည်သည့် စွမ်းအင်မျှ ပေါ်ထွက်လာခြင်း မရှိပေ။
“ဘုန်း..”
ဟွမ်းသည် သူ၏ မျက်နှာကို ရိုက်ချလိုက်၏။ မြို့သခင်၏ ခန္ဓာကိုယ်သည် လွင့်စင်သွားတော့သည်။
သို့သော် ဟွမ်း၏ ရိုက်နှက်မှုသည် အတော မသတ်သေးချေ။ မြို့သခင်၏ မျက်နှာကို ဆက်တိုက် ရိုက်နှက်နေ၏။
“ဘုန်း..ဘုန်း..”
မြို့သခင်သည် တုန့်ပြန်နိုင်စွမ်းကင်းမဲ့နေသည့် မိန်းမပျိုလေးအလား ဟွမ်း၏ ရိုက်နှက်မှုများကို အလူးအလဲ ခံစားနေရသည်။ အသက်ရှုချိန် မရ။
သူသည် နာကျင်မှုကြောင့် အော်ဟစ်ချင်သော်လည်း သူအော်ဟစ်မည့် အချိန်တိုင်းတွင် မျက်နှာကိုသာ ရိုက်နှက်ခံနေရ၏။
သူသည် ဟွမ်း၏ လက်မှ လွတ်မြောက်ရန် ရုန်းထွက်လိုသော်လည်း စွမ်းအင်များသည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်နေ၏။
‘ငါ့မျက်နှာက ဘာအပြစ်ရှိလို့တုန်း..၊ သေခြင်းရှင်ခြင်း ရန်သူဖြစ်ရင်တောင် မျက်နှာမရိုက်သင့်ဘူးဆိုတဲ့ စည်းမျဉ်းကို မသိဘူးလား..’
မာယွမ်ထောင်ပင် ပါးစပ်အဟောင်းသား ဖြစ်ကာ မှင်သက်သွား၏။ မြို့သခင်သည် ဤမျှ ရိုက်နှက်ရန် မလွယ်ကူသည်ကို သိရှိထားပြီး ဖြစ်သည်။
သို့သော် ချီဝူမြို့တွင်း ရောက်ရှိသည်မှာ နာရီဝက်ပင် မပြည့်သေးသည့် လူငယ်သည် အားရပါးရ ရိုက်နှက်နေ၏။
မည်သို့ သောက်ကျိုးနည်း ဖြစ်ရပ် ဖြစ်လေသနည်း။
သူသည် ဤမြို့တွင် နှစ်ရာချီကာ နေထိုင်ခဲ့ပြီးသော်လည်း ဤသို့ ဖြစ်ရပ်မျိုး မကြုံဖူးသေးချေ။
“ချီဝူမြို့က ထွက်နိုင်တဲ့ နည်းလမ်းကို ပြောလို့ရပြီလား..”
ဟွမ်းသည် မြို့သခင်၏ လည်ပင်းကို ဆုပ်ကိုင်ထားရင်း မေးလိုက်၏။
သို့သော် ဟွမ်း မျက်မှောင်ကြုတ်သွားသည်။ မြို့သခင်သည် ခေါင်းမာဟန်ရှိ၏။ သူ၏ မေးခွန်းကို ပြန်မဖြေချေ။
“ဘုန်း..”
သူသည် မြို့သခင်ကို ဆုပ်ကိုင်ထားရင်း ကြမ်းကြမ်းတမ်းတမ်းနှင့် မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်၏။ မြို့သခင်၏ ခန္ဓာကိုယ်သည် လေးညို့မှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။
မာယွမ်ထောင် “...”
‘မင်းရိုက်တာ လွန်သွားလို့ သတိလစ်သွားတာကွ..’