← Chapters

ဒီအတိုင်းထားလိုက်

Vol. 20 Ch. 289

ဒီအတိုင်းထားလိုက်

Vol. 20 Ch. 289

မြို့သခင်သည် မြေပြင်ပေါ်သို့ အရှိန်ဟုန်မြင့်စွာ ကျဆင်းသွားရ၏။ ပြင်းထန်လွန်းသည့် ခွန်အားကြောင့် မြို့သခင်၏ ဦးခေါင်းသည် မြေပြင်တွင် လှံတစ်စင်းသဖွယ် စိုက်ဝင်သွားသည်။

ထိုမြင်ကွင်းကို မြင်နေရသည့် မာယွမ်ထောင်၏ လည်ပင်းသည် ကျုံ့ဝင်သွားကာ ခေါင်းကြိမ်းသလိုပင် ခံစားလိုက်ရ၏။

ထိုဖြစ်ရပ်ကို အဝေးမှ ကြည့်ရှု့နေကြသည့် ကျင့်ကြံသူများပင် ထိတ်လန့်နေကြသည်။ သို့သော် သူတို့သည်လည်း မြို့သခင်၏ ဖိနှိပ်မှုကို မလွန်ဆန်နိုင်ခဲ့သောကြောင့် အောင့်အီးသည်းခံခဲ့ရလေ၏။

ယခုသို့ ဖြစ်ပျက်သွားသည့် အချိန်တွင် အတိုင်းမသိ ပျော်ရွှင်နေကြသည်။ သို့သော် သူတို့၏ စိတ်တွင် တစ်စုံတစ်ခုကို စိုးရိမ်သည့်အလား ကြောက်ရွံ့စိတ်အချို့ ဝင်ရောက်လာ၏။

“ရောင်းရင်းဟွမ်း မင်းတော့ ပြသနာ အကြီးကြီးရှာလိုက်ပြီ..”

မာယွမ်ထောင်သည် အပြေးအလွှားရောက်ရှိလာကာ ဆိုလိုက်၏။

“ဘာဖြစ်လို့လဲ..၊ ဒီကောင်နိုးလာရင် ထွက်ခွာရမဲ့နည်းလမ်းကို မေးပြီးရင် ထွက်သွားမယ်..”

ဟွမ်းသည် ဂရုမထားဟန်နှင့်မေးလေသည်။ မြို့သခင်ကို ရိုက်နှက်ပြီးဖြစ်၏။ မည်သူ့ကို ထပ်မံကြောက်ရွံ့ရမည်နည်း..။

“ချီဝူမြို့ရဲ့ နောက်မှာ ဓားနက်ဂိုဏ်းရှိတယ်..၊ ဒီမြို့ကနေ ထွက်ခွာနိုင်ရင်တောင် ဓားနက်ဂိုဏ်းရဲ့ ပိုင်နက်ထဲပဲ ရောက်သွားလိမ့်မယ်..၊ ငါတို့ လွတ်နိုင်မှာ မဟုတ်ဘူး..”

မာယွမ်ထောင်သည် ချည်တုံချတုံနှင့် ဆိုလိုက်၏။

“အတော်ရှုပ်ထွေးတာပဲ..”

ဟွမ်းသည် ထိုအရာများ ဆက်လက်မစဉ်းစားတော့ပေ။ ချိန်းကြိုးတစ်ချောင်းကို ထုတ်ယူပြီး မာယွမ်ထောင်ကို ခိုင်းစေလိုက်သည်။

“ဒီကောင့်ကို ချည်ထားလိုက်..”

မာယွမ်ထောင်သည် တုန့်ဆိုင်းသွား၏။ သို့သော် ဟွမ်းသည် မြို့သခင်ကို အပီအပြင် နှိပ်ကွတ်သည်ကို ပြန်လည်မြင်ယောင်ကာ ရဲတင်းလာသည်။

သူသည် ချိန်းကြိုးတွင် စွမ်းအင်များစီးဆင်းစေကာ မြို့သခင်ကို တုပ်နှောင်လိုက်၏။

ချိန်းကြိုးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး မြို့သခင်၏ ခန္ဓာကိုယ်ကို တုပ်နှောင်သွားသည်။

ထို့အပြင် ရွှေရောင်အလင်းတန်းများသည် မြို့သခင်၏ ဝိညာဉ်သန္ဓေသားကိုပါ တုပ်နှောင်သွား၏။

“ရောင်းရင်းဟွမ်း..၊ ဒါဘယ်လို နှောင်ကြိုးမျိုးလဲ..၊ ဝိညာဉ်သန္ဓေသားကိုပါ တုပ်နှောင်နိုင်တယ်..”

မာယွမ်ထောင်သည် တအံ့တဩနှင့် မေးလိုက်၏။

“ငါလဲသေချာမသိဘူး၊ ကြိုးနဲ့ တူလို့ ထုတ်လိုက်တာ..”

ဟွမ်းသည် မသိကြောင်းငြင်းဆိုလေ၏။ သူကိုယ်တိုင်လည်း တကယ်မသိပေ။ သူသည် မြို့သခင်ကို ထိန်းချုပ်ထားရင် တွေ့ကရာကောက်ယူလိုက်ခြင်းဖြစ်သည်။

၎င်း၏ သက်ရောက်မှုကိုပင် မသိရှိချေ။ နတ်ဘုရားချုပ်နှောင်ခြင်း ဗိမာန်တွင် ထူးဆန်းသည့် ရတနာများ ပေါ်လာတက်သည်။ သူသည် ထိုသို့အရာများနှင့် အသားကျနေပြီဖြစ်၏။

မာယွမ်ထောင်သည် ဟွမ်းရှင်းမပြချင် ဟု ထင်သွားသောကြောင့် ဆက်လက်မေးမြန်းခြင်း မရှိတော့ပေ။

“ဒီကောင့်ကို သန့်စင်ပေးရမလား..”

မာယွမ်ထောင်သည် သွေးများစွာနှင့် ညစ်ပေနေသည့် ဟုန်ယန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

“သူ့ရဲ့ ဓားမော့နဲ့ အခုတ်မခံချင်ရင် ဒီအတိုင်းထားလိုက်တာပိုကောင်းမယ်...”

ဟွမ်းသည် မေတ္တာရှေ့ထားကာ သတိပေးလေ၏။

“ဘာလို့တုန်း..”

မာယွမ်ထောင်သည် နားမလည်နိုင်ဖြစ်သွား၏။ သို့သော် ဟုန်ယန်၏ ဓားမော့အကြောင်း တွေးလိုက်ချိန်တွင် ကျောရိုးတွင်း စိမ့်သွားသည်။

တစ်ဖက်က မြို့သခင်ဖြစ်သည်မို့သာ ဟုန်ယန်၏ တိုက်ခိုက်မှုသည် အားနည်းသည်ဟု ထင်ရသော်လည်း မာယွမ်ထောင်ပင် ဒဏ်ရာရသွားနိုင်သည့် တိုက်ခိုက်မှုများဖြစ်သည်။

ထို့အပြင် ဟုန်ယန်၏ အသွင်သည် ပျော့ညံ့ညံ့ရှိသည်ဟု ထင်ရသော်လည်း အင်မတန်ခက်ထန်သူ ဖြစ်လေ၏။

မာယွမ်ထောင်သည် ဟွမ်း၏စကားကို နားမလည်ချေ။ သို့သော် ဟွမ်းသည် ဆက်လက်ရှင်းပြခြင်း မရှိသောကြောင့် မာယွမ်ထောင်သည် အလျင်စလို မပြုမူရဲတော့ပေ။

ဤသို့နှင့် သုံးရက်ခန့် ကြာမြင့်သွား၏။ မြို့သခင်သည် ချည်နှောင်ထားခံရသည့်အတိုင်း လဲကျနေဆဲပင်။ သူသည် ယခုထက်ထိ မနိုးသေးချေ။

ဤရက်များတွင် သူတို့သည့် မြို့သခင်အိမ်တော်တွင် နေထိုင်ခြင်းဖြစ်သည်။ ထို့အပြင် အိမ်တော်အတွင်း စစ်ဆေးချိန်တွင် လေဟာနယ်တံခါးတစ်ချပ်တွေ့သော်လည်း အသုံးပြု၍ မရချေ။

မာယွမ်ထောင်သည် ထိုတံခါးအတွင်း ဝင်ရောက်နိုင်မည့် နည်းလမ်းကို မြို့သခင်တစ်ဦးသာ သိရှိထားမည်ဟု ယူဆလိုက်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် မြို့သခင်နိုးလာမည့် အချိန်ကို စောင့်နေကြ၏။

ဤအချိန်များတွင် မြို့အတွင်းရှိ ကျင့်ကြံသူများသည် မြို့သခင် အိမ်တော်ဝန်းနားပင် မကပ်ရဲကြပေ။ အကြောင်းမှာ ဓားနက်ဂိုဏ်းမှ ကျင့်ကြံသူများရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့်ပင်။

ထိုသို့ရောက်ရှိလာပါက သူတို့ပါ ပူးတွဲအပြစ်ပေးမည်ကို ကြောက်ရွံ့နေကြ၏။

ဟွမ်းသည် ထိုအရာများကို ဂရုမစိုက်ပဲ အတွေးနက်နေသည်။ မြို့သခင်၏ တိုက်ခိုက်မှုများကို ပြန်လည်တွေးတောနေခြင်းဖြစ်၏။

ကမ္ဘာငယ်တွင် နည်းစနစ်များကို ဖော်ထုတ်ရန် အချိန်လိုအပ်ကာ အာရုံစူးစိုက်ထားရသည်။ သို့သော် မြို့သခင်သည် အမှုမဲ့ အမှတ်မဲ့နှင့် အသုံးပြုလိုက်သည့် အသွင်ရှိသော်လည်း ကမ္ဘာငယ်၏ ထိပ်သီးကျင့်ကြံသူများ ခုခံနိုင်သည့် အရာမဟုတ်ချေ။

‘ဒါက ဘုံနှစ်ခုကြားက ကွာခြားချက်လား..’

ဟွမ်းသည် စမ်းစစ်နေခြင်းသည် သူ့အတွက်မဟုတ်ပေ။ သူ၏ တစ်ခုတည်းသောနည်းစနစ်သည် အားကောင်းသော်လည်း ချွတ်ယွင်းချက်များစွာရှိနေ၏။ သူ၏ တပည့်များကို ပြန်လည်သင်ကြားရန်အတွက် လေ့လာနေခြင်းသာဖြစ်သည်။

ဟွမ်း အတွေးများနေစဉ် မာယွမ်ထောင်၏ အသံသည် နားတွင်း ဝင်ရောက်လာ၏။

“ရောင်းရင်းဟွမ်း..၊ ဒီကောင့်ကို ဒီအတိုင်းထားမှာလား..”

မာယွမ်ထောင်သည် ဟုန်ယန်ကို ညွှန်ပြကာ အကြံတောင်းလိုက်သည်။ ဟုန်ယန်သည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း သွေးစွမ်းအင် အများအပြား ကုန်ဆုံးထား၏။

ထို့ကြောင့် အချိန်ကြာမြင့်စွာ အားနည်းနေနိုင်သည်။

“ဒီဆေးလုံးတွေ အလုပ်ဖြစ်လားတိုက်ကြည့်..”

ဟွမ်းသည် လုရှင်းယန်တို့ဖော်စပ်ထားသည့် ဆေးလုံးများကို ပေးအပ်လိုက်၏။

“ဒါတွေက..”

မာယွမ်ထောင်သည် အသေအချာစစ်ဆေးပြီးနောက် ခေါင်းခါယမ်းကာ ပြောဆိုလိုက်သည်။

“ရောင်းရင်းဟွမ်း..၊ ဒီဆေးလုံးတွေက မူလနတ်အင်ပါယာတွေအတွက်ပဲ အသုံးဝင်လိမ့်မယ်..၊ အစစ်အမှန် နတ်ဘုရားတွေ အတွက် နိမ့်ကျလွန်းတယ်..”

“ဟုတ်လား..”

သို့မှသာ ဟွမ်းသည် အသေအချာ စီစစ်တွေးမိလေ၏။ သို့သော် သူသည် ဆေးပညာနဲ့ ပတ်သတ်၍ မကျွမ်းကျင်ပေ။ ထို့အပြင် သူတပည့်များ၏ ဆေးလုံးသည် အကျိုးသက်ရောက်မှု လျော့ကျသွားလေပြီ..။ ထို့ကြောင့် သူတို့ထံမှ အကူအညီမရနိုင်တော့ပေ။

“အား...”

သူတို့နှစ်ဦး ဆွေးနွေးနေစဉ် ပြင်းပြင်းပြပြ နာကျင်ဟန်ရှိသည့် အသံနက်ကြီးထွက်ပေါ်လာသည်။

ဟွမ်းတို့၏ အာရုံသည် ထိုအသံနက်ကြီးလာရာသို့ ရောက်ရှိသွား၏။

ချီဝူမြို့သခင် သတိရလာခြင်းပင်။ သူ၏ အဆုတ်ကွဲလုမတက် အော်ဟစ်သံသည် ရပ်တန့်ဟန် မရှိသေးချေ။

သူသည် ယခုမှ နာကျင်မှုများကို ဖွင့် ထုတ်ခွင့်ရသည့်အလားပင်။ သူ၏ မျက်နှာသည် ဖူးယောင်နေပြီး လူးလိမ့်ကာ အော်ဟစ်နေသည်။

သူသည် ကြီးမားသည့် ဒဏ်ရာရရှိထားခြင်း မရှိပေ။ သို့သော် ပြင်းထန်သည့် ရိုက်ချက်များကြောင့် အသည်းခိုက်အောင် နာကျင်နေရသည်။

လှုပ်ရှားလိုသော်လည်း သူ၏ ခန္ဓာကိုယ်အား တုပ်နှောင်ထားသောကြောင့် မတ်တက်ရပ်ရန်ပင် မလွယ်ကူဖြစ်နေ၏။

ထို့အပြင် သူ၏ စွမ်းအင်များသည် ထပ်မံ ပိတ်ဆို့ထား ခံရပြန်သည်။ ပိုဆိုးသည်က သူ၏ ဝိညာဉ်သန္ဓေသားပင် လှုပ်ရှားနိုင်စွမ်း မရှိဖြစ်နေ၏။

လည်ပင်းကွဲမတက်အော်ဟစ်ပြီးနောက် အနည်းငယ်တည်ငြိမ်လာသည်။ သူ၏ ခေါင်းထဲ ရိုက်နှက်ခံခဲ့ရပုံများ ပြန်လည် မြင်ယောင်လာသည်။

ထိုစဉ်က သူ၏ စွမ်းအင်သွေးကြောများ ဖိနှိပ် ခံစားရသည်ကို သတိထားမိခဲ့သည်။

‘ဒီကောင်လေး စွမ်းအားက ငါ့ထက်သာလွန်တာလား..’

သူအတွေးများနေချိန်တွင် လူငယ် နှစ်ဦး၏ အကြည့်များသည် သူ့ထံကျရောက်နေသည်ကို သိရှိလိုက်၏။

“ငါ့ကို အခုလွှတ်စမ်း..”

မြို့သခင်သည် ပြာနှမ်းနေသည့် အသံနှင့် အော်ဟစ်လိုက်၏။

“လေဟာနယ်တံခါး အသုံးပြုနည်းကိုပြော ခင်ဗျားကို လွှတ်ပေးမယ်..”

မာယွမ်ထောင်သည် လူမိုက်တစ်ဦးအသွင်နှင့် ပြောဆိုလိုက်၏။

“မင်းတို့ကို လေဟာနယ်တံခါးထဲကနေ ပို့ပေးလိုက်ရင်တောင် မင်းတို့ အသက်ရှင်မယ်ထင်နေလား..”

မြို့သခင် လေသံမာမာနှင့် ပြောလိုက်သည်။

“ကျုပ်တို့ အသက်ရှင် မရှင်က မသေချာပေမဲ့..၊ ခင်ဗျား ဆက်ပြီး ဝေ့ဝှိုက်နေဦးမယ်ဆိုရင် ဒီလောကကြီးကနေ နှုတ်ဆက်ရမှာ သေချာတယ်..”

ဟွမ်း၏ မျက်ဝန်းများသည် လေးနက်သွားပြီး မြို့သခင်ကို သတ်ဖြတ်လိုသည့်အလား ကြည့်ရှုလိုက်၏။ သူ၏ စိတ်ရှည်မှုသည် အကန့်သတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ကျုပ်..”

မြို့သခင်သည် ထိုအကြည့်ကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ကနဲ့ ဖြစ်သွားပြီး ရိုက်နှက်ခံရပုံများကို ထပ်မံမြင်ယောင်လာသည်။ ထို့နောက် သူ၏ လေသံသည် ပျော့ပြောင်းသွား၏။

“ငါ ခြိမ်းခြောက်နေတာမဟုတ်ဘူး..၊ မင်းတို့ လေဟာနယ်တံခါးက ထွက်တာနဲ့ နှင်းဓားဂိုဏ်းရဲ့ ပိုင်နက်ထဲ ရောက်သွားလိမ့်မယ်..”

All Chapters