ပျောက်ဆုံးသွားသည့် လင်းရှန်နယ်မြေ
Vol. 20 Ch. 291
ဟွမ်းသည် မတုန့်မဆိုင်းဝင်ရောက်သွားတော့သည်။ ဟုန်ယန်နှင့် မာယွမ်ထောင်လည်း နောက်မှလိုက်၍ ဝင်ရောက်သွားကြတော့၏။
မြို့သခင်သည် ထိုသုံးဦး ထွက်ခွာသွားပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။
“သခင်..”
“သခင်..”
ဟွမ်းသည် လေဟာနယ်တံခါးတွင်း ဝင်ရောက်ပြီးချိန်တွင် ရွှမ်းလုံနှင့် ဟေးယန်တို့၏ အထိတ်တလန့်အော်ဟစ်သံကို ကြားလိုက်ရ၏။
ထို့ကြောင့်သူသည် ဝိညာဉ်ပင်လည်အတွင်း အာရုံစိုက်လိုက်လေသည်။
“ဘာဖြစ်တာလဲ...”
“လင်းရှု့...သူမ..”
ရွှမ်းလုံသည် မှင်သက်နေဟန်နှင့် ညွှန်ပြလိုက်၏။
ထိုအချိန်မှ ဟွမ်းသည် စိုးထိတ်သွားလေသည်။ အကြောင်းမှာ သူ၏ ဝိညာဉ်ပင်လယ်တွင် ရွှေရောင်သစ်ပင်ငယ်ပျောက်ကွယ်သွားသောကြောင့်ပင်။
ထို့အစား လင်းရှု့သည် သူ၏ ဝိညာဉ်ပင်လယ်တွင် ရောက်ရှိနေလေသည်။ သူမသည် လင်းရှန်နယ်မြေတွင် အိပ်မောကျနေရမည့်အစား ဟွမ်း၏ ဝိညာဉ်ပင်လယ်တွင် အိပ်မောကျနေသည့် အသွင် ဖြစ်နေ၏။
“ဘာတွေဖြစ်သွားတာလဲ..”
ဟွမ်း ကိုယ်တိုင်းလည်း ထိတ်လန့်သွား၏။ သူသည် လင်းရှန်နယ်မြေကို အာရုံပြုလိုက်သော်လည်း အဆက်အသွယ်မရတော့ပေ။
သူ၏ တပည့်များသည် လင်းရှန်နယ်မြေထဲတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
လင်းရှန်နယ်မြေသည် အစနစရှာမရအောင် ပျောက်ကွယ်သွားသည့်အလားပင်။
ချီဝူမြို့တွင် အကောင်းတိုင်းရှိနေခဲ့သော်လည်း လေဟာနယ်တံခါးတွင်း မှထွက်လာခဲ့ချိန်တွင် ပြောင်းလဲ သွားခြင်းဖြစ်သည်။
“သခင်က လေဟာနယ်တံခါးကို ဖြတ်ပြီးတာနဲ့ ရွှေရောင်သစ်ပင်ငယ်လေးကနေ တဖြည်းဖြည်း ရွှေရောင်တွေနဲ့ ဖုံးလွှမ်းသားပြီး တစ်ခဏအတွင်း လင်းရှို့ အသေးစားလေးပြောင်းသွားတာ..”
ရွှမ်းလုံသည် အဖြစ်အပျက်များကို စောင့်ကြည့်နေခဲ့ခြင်းကြောင့် ရှင်းပြလိုက်နိုင်၏။
“ဒါဆို..လင်းရှန်နယ်မြေက ဘယ်လို ဖြစ်သွားမှာလဲ..”
ဟွမ်းသည် သူ၏ တပည့်များ အတွက် စိတ်ပူသွား၏။
‘လင်းရှု့ကို နှိုးပြီး မေးကြည့်ရမလား..’
သူမသည် ဝိညာဉ်အသွင်နှင့် မဟုတ်တော့ပဲ ရွှမ်းလုံတို့ကဲ့သို့ လူသားအသွင်အဖြစ်ပြောင်းလဲနေပြီဖြစ်သည်။
ဟွမ်းသည် လင်းရှု့၏ ဖောင်းဖောင်းမို့မို့လေးဖြစ်နေသည့် ပါးပြင်လေးကို လက်ညိုးနှင့် ထိလိုက်၏။
သို့သော် လင်းရှု့သည် မလှုပ်မယှက်ပေ။
“သခင်..၊ မိန်းကလေးတစ်ယောက်ကို ဒီလို ထိကိုင်တာ မသင့်လျော်ဘူးနော်..”
ရွှမ်းလုံသည် သတိပေးလိုက်၏။
ဟွမ်း “...”
‘ဒါ ကလေးလေးပဲ ရှိသေးတာကွ..’
ဟွမ်းသည် အကြံကုန်သွား၏။ လင်းရှန်နယ်မြေသည် မပျောက်ကွယ်လောက်ဟုသာ စိတ်ဖြေလိုက်ရသည်။ ထို့အပြင် လင်းရှု့နိုးထလာလျှင် အကြောင်းစုံ သိနိုင်လောက်ပေမည်။
“သူမကို ဘယ်လို နှိုးကြမလဲ..”
ဟေးယန်သည် မေးခွန်းထုတ်လိုက်၏။
“နည်းလမ်းရှာကြတာပေါ့..”
ဟွမ်းလည်း မသိရှိသေးပေ။ လင်းရှု့သည် ရွှေရောင်သစ်ပင်ငယ်နှင့် မပေါင်းစပ်ခင်က ဤအရာနှင့် ပတ်သတ်၍ ဘာမျှ မပြောသွားပေ။
“ယောင်အာတို့ အဆင်ပြေလောက်မှာပါ..”
“မင်း..ငါပြောနေတာမကြားဘူးလား..”
ဟွမ်းသည် အာရုံများနေချိန် အော်ငေါက်သံသည် သူ၏ နားထဲဝင်ရောက်လာ၏။ သူသည် ပြင်ပလောက၏ အဖြစ်အပျက်များကို လျစ်လျုရှု့ထားခဲ့သည်။
ထိုအော်ငေါက်သံကြောင့် သူ၏ ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်ခွာခဲ့၏။
သူ၏ ရှေ့တွင် တူညီဝတ်စုံနှင့် လူငယ်သုံးဦးရှိနေပြီး ရှေ့ဆုံးမှ ကျင့်ကြံသူသည် သူ့အား အော်ငေါက်လိုက်ခြင်းပင်။
“ဘာကိစ္စလဲ..”
ဟွမ်းသည် သူ၏ အတွေးများအား နှောက်ယှက်သည်ဟု ခံစားမိသောကြောင့် လေသံအမြင့်နှင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ဘာကွ..”
ကျင့်ကြံသူ သုံးဦးသည် ဒေါသမိုးမွှန်သွား၏။ ရှေ့ဆုံးက ကျင့်ကြံသူသည် ချောင်ဟုဖြစ်ပြီး သူတို့သည် နှင်းဓားဂိုဏ်း၏ အပြင်စည်းတပည့်များဖြစ်ကြသည်။
ချောင်ဟုတို့သည် ကမ္ဘာငယ်လေးမှ တက်ရောက်လာသည့် ကျင့်ကြံသူများကို ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြရသည့် တာဝန် ယူထားရသည်။
ယနေ့တွင် လေဟာနယ်တံခါးမှ လူငယ်သုံးဦးပေါ်ထွက်လာသည်ကို သိရှိလိုက်ရသောကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်၏။
သူတို့ ရောက်ရှိချိန်တွင် ဂိုဏ်း၏ ကိစ္စ အဝဝကို ရှင်းပြပြောဆိုသော်လည်း ထိုလူငယ်သည် သူတို့၏ ရှင်းပြချက်များတွင် အာရုံမရှိမှန်းသိလိုက်ရသည်။
ထို့ကြောင့် အော်ငေါက်လိုက်သော်လည်း သူကပင် ဒေါသထွက်ပြနေလေ၏။
ချောင်ဟုသည် ထိုသို့ မောက်မာမှုကို စိတ်မထိန်းနိုင်တော့ချေ။ သူသည် လူသစ်များကို ဆုံးမပေးရမည်ဟု တွေးမိကာ တိုက်ခိုက်တော့မည့်အသွင်ယူလိုက်၏။
“စီနီယာတွေကို ရိုသေရမယ်မှန်း မသိဘူးလား..”
“ဘုန်း..”
ချောင်ဟုသည် စကားပင် ဆုံးအောင် မပြောလိုက်နိုင်ချေ။ ရုတ်ချည်းဝင်ရောက်လာသည့် လက်သီးကြောင့် အမြှောက်ဆံ တစ်ခုသဖွယ် လွင့်စင်သွား၏။
“မင်း..”
“ဘုန်း..ဘုန်း..”
အခြားတပည့်နှစ်ဦး မတုန့်ပြန်နိုင်ခင် အလားတူ ရိုက်နှက်ခံလိုက်ရသည်။
ဟုန်ယန် “...”
မာယွမ်ထောင်တို့သည် ပြောစရာစကားမဲ့သွား၏။ ချောင်ဟုသည် စဦးအဆင့်ကျင့်ကြံသူဖြစ်ပြီး မြို့သခင်လောက် စွမ်းအားမကောင်းသော်လည်း ဓားနက်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ အလောတကြီး မလှုပ်ရှားသင့်ပေ။
မာယွမ်ထောင်သည် တိုးတိုးတိတ်တိတ်နှင့် သတိပေးလိုက်၏။
“ငါတို့ ပြသနာ မရှာသင့်ဘူးထင်တယ်..”
သို့သော် သူ၏ သတိပေးမှုသည် နောက်ကျသွားလေပြီ..။
“မင်း..၊ စီနီယာတွေတောင် ပြန်တိုက်ခိုက်ရဲတယ်..”
ချောင်ဟုသည် လဲကျရာမှ ထလာကာ ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။
“ဘုန်း..”
သို့သော် သူ၏ မျက်နှာထက်တွင် လက်သီးတစ်လုံး ထပ်မံကျရောက်လာပြန်သည်။
ချောင်ဟုသည် အတော်ဝေးဝေးအထိပင် လွင့်စင်သွားကာ အဆောက်အဦးများနှင့် ဝင်စောင့်သွား၏။
ဟွမ်းသည် အတော်ဒေါသထွက်သွားခြင်းပင်။ သူ၏ လင်းရှန်နယ်မြေ အဆက်အသွယ်မရသောကြောင့် တွေဝေနေစဉ် အလိုက်ကမ်းဆိုးမသိ လာ၍ အနှောက်အယှက်ပေးနေသည်။ သူ၏ ဒေါသများကို ထိန်းမရတော့ချေ။
မာယွမ်ထောင်သည် အာခေါင်များခြောက်ကပ်လာသည်ဟု ခံစားမိသွားသည်။ ဟွမ်း စိတ်လိုက်မာန်ပါလုပ်လွန်း၏။ ဤနေရာသည် ချီဝူမြို့မဟုတ်ပေ။ သူတို့မကြုံဖူးသေးသည့် အစွမ်းထက်ကျင့်ကြံသူများစွာ တည်ရှိနေသည့် ဂိုဏ်းတစ်ခုဖြစ်သည်။
သို့သော်ဟုန်ယန်သည် သူနှင့်ဆန့်ကျင်ဘက်ပင်။ ဟွမ်း၏ ရဲရဲဝံ့ဝံ့ ကြီးစိုးမှုကို အားကျမိသည်။ မြို့သခင်ကို မည်သို့ အနိုင်ယူခဲ့သည်ကို မသိသော်လည်း မာယွမ်ထောင်၏ စကားများအရ သေလုမြောပါးရိုက်နှက်ခဲ့သည်ဟု ဆို၏။
ဟွမ်းသည် ထပ်မံရိုက်နှက်ရန်ကြံရွယ်လိုက်ချိန်တွင် ပုံရိပ်တစ်ခုသည် အလျှင်အမြန် ရောက်ရှိလာပြီး တားဆီးလိုက်သည်။
“ရပ်စမ်း..”
“ဘုန်း..”
သို့သော်လည်း ချောင်ဟုသည် ထပ်မံလွင့်စင်သွားရပြန်၏။
ထို့နောက် ဟွမ်းသည် ချောင်ဟုနောက် ဆက်မလိုက်တော့ပဲ အသံလာရာသို့ ကြည့်လိုက်သည်။
ထိုစဉ်တွင် နှင်းကဲ့သို့ ဖြူစင်သည့်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရ၏။ ထိုအမျိုးသမီး၏ အသွင်သည် လှပသော်လည်း သူမ၏ မျက်နှာထက်တွင် ဒေါသထွက်နေဟန်ရှိသည်။
“အကြီးအကဲကျန်း..”
တပည့်နှစ်ဦးသည် ထိုအမျိုးသမီးထံသို့ အလျှင်အမြန် ပြေးဝင်ကာ ဖြစ်ရပ်များကို ပြောဆိုလိုက်၏။
သူမသည် ကျန်းချီချီဖြစ်ပြီး နှင်းဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးပင်။
“နှင်းဓားဂိုဏ်းရဲ့ တပည့်အသစ်တစ်ဦး အနေနဲ့ ဂိုဏ်းသား အချင်းချင်း အနိုင်မကျင့်သင့်ဘူး..”
ကျင်းချီချီသည် ချိုသာသည့်အသံနှင့် ဆုံးမစကားဆိုလိုက်၏။ သို့သော် သူမသည် အပြစ်ပေးမည် မပေးမည်ကို မပြောဆိုသေးချေ။
ဟွမ်းသည် မျက်မှောင်ကြုတ်သွားပြီး တည်ငြိမ်သည့် လေသံနှင့် မေးလိုက်၏။
“မင်းက ဒီဂိုဏ်းရဲ့ အကြီးအကဲလား..”
“မင်း..၊ အကြီးအကဲကျန်းကို ရိုင်းပြလှချေလားကွ..”
တပည့်နှစ်ဦးသည် ဟွမ်းကို အော်ငေါက်လိုက်၏။ အကြီးအကဲရောက်ရှိလာပြီမို့ သူတို့၏ ကြောက်ရွံ့မှုများ ကွယ်ပျောက်သွားလေပြီ..။
သို့သော် ဟွမ်းသည် ထိုသို့ အမှိုက်များကို ဂရုမစိုက်တော့ချေ။ ကျန်းချီချီကို တည်ငြိမ်သည့် အကြည့်နှင့်ကြည့်နေ၏။
“ဟုတ်တယ်..၊ မင်းတို့က ခုမှ ဂိုဏ်းထဲ ရောက်တာဆိုရင် စာရင်းသွင်းဖို့ ငါနဲ့ လိုက်ခဲ့..”
ကျန်းချီချီသည် ဟွမ်း၏ စကားများကို စိတ်မရှိဟန်နှင့် ဆိုလိုက်၏။
“လျှပ်စီးမြို့တော်ကို ဘယ်လို သွားရမလဲ..၊ နည်းလမ်းပြောပြရင် မင်းတို့ကို မနှောက်ယှက်တော့ဘူး..”
တစ်ဖက်က ပျော့ပြောင်းနေသည်မို့ တင်းမာစရာမလိုတော့ချေ။ သို့သော် နှင်းဓားဂိုဏ်းသို့ ဝင်ရောက်ရန်စိတ်ကူး မရှိပေ။
“လျှပ်စီးမြို့တော်ကို သွားရအောင် မင်းကိုမင်း ဘာကောင်ထင်နေလဲ..”
ဘေးနားရှိတပည့်သည် ထပ်မံ ငေါက်ငန်းလိုက်ပြန်သည်။
“ဘုန်း...”
ထိုတပည့်သည် ချောင်ဟု၏ လမ်းစဉ်သို့ ကျရောက်သွားတော့၏။ ဟွမ်းသည် စိတ်မရှည်တော့ပေ။ အဓိကအကြောင်းအရာများ ပြောဆိုနေချိန်တွင် ဘေးမှနေ၍ အမှိုက်စကားများ ပြောဆိုနေသည်။
ထိုသို့သော အမှိုက်မျိုး ရှိပင် မရှိသင့်ချေ။ သူသည် ထိုအမှိုက်ကို အာရုံမစိုက်ချင်သော်လည်း မရှင်းလင်းပါက လိုရင်းရောက်တော့မည်မဟုတ်ပေ။
‘မြန်လိုက်တာ..’
ကျန်းချီချီသည် ဟွမ်း၏ လှုပ်ရှားမှုကြောင့် မှင်သက်သွားသည်။ ဂိုဏ်း၏ တပည့်ကို တိုက်ခိုက်ခြင်း ကြောင့်မဟုတ်ပေ။
ဟွမ်း၏ လှုပ်ရှားမှုကို သူမ မမြင်လိုက်ရသောကြောင့်ပင်။ ထို့အပြင် သူမကိုလည်း ဂရုစိုက်ဟန်မရချေ။
‘ဒီလူက ကမ္ဘာငယ်က တက်ရောက်လာတဲ့ သူရော ဟုတ်ရဲ့လား..’