ထွက်သွားစမ်း
Vol. 20 Ch. 293
ဟွမ်းသည် ကျန်းချီချီခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့ရ၏။ သူမသည် နှင်းဓားဂိုဏ်းရှိ သူမ နေထိုင်ရာ တောင်ထွတ်သို့ ခေါ်ဆောင်လာခြင်းပင်။
ဟွမ်းသည် ဤတောင်ထွတ်တစ်ခုလုံးတွင် ထွက်ပေါ်နေသည့် အေးစက်စက် အငွေ့အသက်များကို ခံစားမိသွား၏။
ဤအငွေ့အသက်များသည် ကျန်းချီချီခေါ်ဆောင်လာသည့် တောင်ထွတ်တွင်သာ ထွက်ပေါ်နေခြင်းပင်။
“ဒါက ကျွန်မရဲ့ နှင်းဖုံးတောင်ထွတ်ပဲ၊ တပည့်လေး နေထိုင်ဖို့ ဂူတစ်လုံး ထွင်းလိုက်..”
ကျန်းချီချီသည် သာယာသည့် အသံနှင့် အမိန့်ပေးလိုက်၏။
“မင်းရဲ့ အဓိက ရည်ရွယ်ချက်ကို ပြော..”
ဟွမ်းသည် ထိုမိန်းကလေး၏ အပြုအမူများကို ခန့်မှန်းရခက်နေသည်။ ထို့အပြင် သူမတွင် အခြားရည်ရွယ်ချက်များ ရှိမည်ဟု တွေးထင်မိ၏။
ကျန်းချီချီသည် မတုန့်ပြန်သေး။ တောင်ထွတ်တွင် ရှိနေသည့် ကျောက်စားပွဲဝိုင်းတွင် နေရာယူလိုက်၏။
ထို့နောက် သူမ ဟွမ်းကို ‘အလိုက်ကမ်းဆိုး မသိဘူးလား’ ဟုမေးခွန်းထုတ်သည့် အကြည့်နှင့် ကြည့်လိုက်သည်။
ဟွမ်း “...”
ထိုအကြည့်ကြောင့် ဟွမ်းသည် နားမနိုင်ဖြစ်သွား၏။ နောက်ဆုံးတွင်တော့ ကျန်းချီချီသည် မနေနိုင်တော့ပဲ ထုတ်ပြောလိုက်ရသည်။
“တပည့်လေး..ဆရာ့ကို အကြမ်းရည်မငှဲ့ပေးသေးဘူးလား..”
ဟွမ်း “...”
သို့သော် ဟွမ်းသည် ထိုစကားကို မကြားသည့်အလားပြုမှုကာ သူမ၏ မျက်နှာချင်းဆိုင်တွင် နေရာယူလိုက်၏။
ကျန်းချီချီသည် အနည်းငယ်မှင်သက်သွားသည်။ သူမ ယခုမှပင် ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်မိခြင်းပင်။
‘ဒီလိုကြည့်ကောင်းတဲ့သူ ရှိမယ်ဆိုတာမယုံနိုင်ဘူး..’
သူမသည် ရုပ်ရည်ပြေပြစ်သည် ကျင့်ကြံသူများစွာကို တွေ့ရှိဖူးသော်လည်း ဟွမ်းသည် သူမတွေ့ဖူးသမျှတွင် သာလွန်သည့် မျက်နှာထားဖြစ်နေ၏။ ထို့နောက် ချက်ချင်းဆိုသလို အသိဝင်သွားကာ အတွေးများကို ပယ်ဖျတ်လိုက်သည်။
“ထူးထူးခြားခြား မရှိဘူး..၊ ရှင့်ရဲ့ ပါရမီက ထူးချွန်လို့ တပည့်အဖြစ်လက်ခံလိုက်ရုံပဲ..”
ကျန်းချီချီသည် ဆက်လက်ဖိအားမပေးတော့ပဲ ဖြေလိုက်၏။
“ဒါပဲလား..”
ဟွမ်း အံ့ဩသွားရသည်။ ဂိုဏ်းတစ်ခုအတွင်း တပည့်လက်ခံခြင်းမှာ သာမန်ဖြစ်စဉ်မျှသာဖြစ်၏။ သို့သော် သူ့အတွက် သာမန်မဟုတ်ပေ။သူ၏ ပါရမီထူးချွန်သည်ဟု ယခုမှ ချီးကျုးခံရဖူးသောကြောင့်ပင်။
သူ့အား သင်ကြားပေးဖူးသမျှ ပုဂ္ဂိုလ်အားလုံးသည် အဆုံးတွက် လက်လျှော့သွားကြစမြဲဖြစ်လေသည်။
“ဒါပဲလေ..ဘာရှိဦးမှာလဲ..”
ကျန်းချီချီသည် သာမန်လေသံနှင့်သာ ဆိုလိုက်၏။
ဟွမ်းသည် ထပ်မံ မမေးမြန်းတော့ပေ။ သူသည် လအနည်းငယ်လောက် သည်းခံကာ နှင်းဓားဂိုဏ်းတွင် နေထိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
“လျှပ်စီးမြို့တော်ကို ဘာကြောင့်သွားချင်တာလဲ..”
ဟွမ်းသည် နေရာမှ ထွက်ခွာတော့မည်အပြုတွင် ကျန်းချီချီက မေးမြန်းလိုက်၏။
“ကျုပ်မှာ လုပ်ရမဲ့ ကိစ္စတွေ ရှိတယ်...”
ဟွမ်းသည် သာမန်ကာလျှံကာသာ ဖြေလိုက်၏။ သူတို့၏ ဆက်ဆံရေးသည် အတွင်းကိစ္စများ ထုတ်ပြောရသည့် ဆက်ဆံရေးမျိုးမဟုတ်သေးပေ။ ထို့အပြင် သူသည် မလွှဲသာသောကြောင့် ဤနေရာသို့ ရောက်ရှိနေရခြင်းဖြစ်သည်။
“အသေးစိတ် သိလို့ရမလား..”
ကျန်းချီချီသည် သိလိုစိတ်နှင့် မေးမြန်းလိုက်၏။ ထို့နောက် ဟွမ်း၏ အမူအယာကြောင့် ထပ်လောင်း ပြောဆိုလိုက်သည်။
“ကမ္ဘာငယ်က တက်ရောက်တာတဲ့သူတစ်ယောက်အနေနဲ့ လျှပ်စီးမြို့တော်ကို သိနေတာ အရမ်းကြီး ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပေမဲ့ လျှပ်စီးမြို့တော်ကို အသည်းအသန်သွားချင်နေတဲ့ ရှင့်ရဲ့ ပုံစံကြောင့် သိချင်စိတ်ပေါ်ပေါက်လာတယ်..၊ ပြီးတော့ ရှင့်ရဲ့ ခွန်အားက ထူးဆန်းလွန်းတယ်..”
“ဖြေရှင်းရမဲ့ ကိစ္စအချို့ရှိနေရုံပါ..”
ဟွမ်းသည် အကြောင်းစုံ မပြောဆိုသေးချေ။
ထို့နောက် သူသည် တောင်ထွတ်တွင် တည်နေရာရွေးချယ်ကာ ဂူတစ်ခုပြုလုပ်လိုက်၏။
“ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့သူပဲ..”
ကျန်းချီချီသည် ဟွမ်းဝင်ရောက်သွားသည့် ဂူအတွင်းသို့ ငေးကြည့်နေရင်း ရေရွတ်လိုက်၏။
နောက်ရက်များတွင်တော့ တိတ်ဆိတ်အေးချမ်းနေခဲ့သည်။ ဟွမ်းသည် သူ၏ ဂူအတွင်းမှ တစ်ကြိမ်မျှ ထွက်မလာခဲ့ပေ။
အခြားကျင့်ကြံသူများကဲ့သို့ ကျင့်ကြံခြင်းတွင် နစ်မြုတ်နေသောကြောင့် မဟုတ်ပေ။ သူသည် လင်းရှု့ကို နှိုးနိုင်ရန် ကြံရွယ်နေခြင်းကြောင့်ပင်။
သူသည် လင်းရှန်နယ်မြေကို နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ခဲ့ပြီး ဖြစ်သည်။ သို့သော် အချည်းအနှီးသာ။
“သခင်..၊ သူမအတွက် ဆေးလုံးရှာပေးရင်ရော..”
ရွှမ်းလုံသည် အကြုံပြုလိုက်၏။
“ဆေးလုံးလား..”
ဟွမ်းသည် ‘တင်း’ ဟူသည် အဘိုးအိုကို သတိရမိသွား၏။ ထိုအဘိုးအိုတွင် သူလိုချိန်တိုင်း ဆေးလုံးများ အသင့်ဖော်စပ်ထားတက်သူဖြစ်သည်။ ထို့ကြောင့် ယခင်က ဆေးလုံးနှင့် ပတ်သက်လျှင် ပူပန်စရာမလိုချေ။
“ငါ အဲ့ဒီအမျိုးသမီးကို မေးကြည့်ရမလား..”
ဟွမ်းသည် တီးတိုးရေရွတ်မိ၏။ ပုံမှန်ဆိုလျှင် လင်းရှု့နိုးလာမည့် အချိန်အထိ စောင့်နိုင်သော်လည်း ယခုတွင် သူ၏ တပည့်များနှင့် အဆက်အသွယ်မရပေ။
ထို့ကြောင့် အလျင်လိုနေ၏။ သို့သော် ကျန်းချီချီဆိုသည့် အမျိုးသမီးသည် ဆက်ဆံရလွယ်ကူသော်လည်း သူမတွင် အကြံအစည် တစ်ခုခုရှိနေသည်ဟု မသိစိတ်က ထင်မိနေသည်။
“ဒါက..”
ရုတ်ချည်းဆိုသလို မထင်မှတ်ထားသည့် ခံစားချက်တစ်ခုပေါ်ထွက်လာ၏။ ထိုအရာသည် ရွှမ်းလင်၏ သွေးဝိညာဉ်နှင့် ဆက်နွယ်ချက်တစ်ခုကို ခံစားမိသွားခြင်းပင်။ သို့သော် သူသာ အလေးနက် ဂရုစိုက်ခြင်းမရှိလျှင် ထိုခံစားချက်ကို မသိနိုင်လောက်အောင်ပင် အားနည်းနေ၏။
“လင်းထျန်းဘုံကို ရောက်ပေမဲ့ လျှပ်စီးမျိုးနွယ်နဲ့ ဝေးကွာနေသေးတာကြောင့်လား..”
ဟွမ်းသည် သူမ၏ သွေးဝိညာဉ်ကို ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ထိုစဉ်က ရွှမ်းလင်နှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း သွေးဝိညာဉ်သည် သူမ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်သာဖြစ်၏။
ထို့အပြင် သွေးဝိညာဉ်သည် သူမ၏ သေခြင်းရှင်ခြင်း ဘဝတစ်ခုလုံးကို ထိန်းချုပ်ထား၍ရသည်။ သူ့အနေနှင့် ထိုသို့ ဆက်ဆံရေးမျိုး မလိုလားပေ။
ဟွမ်းသည် ထိုသို့ အတွေးများနေစဉ် နှင်းဖုံးတောင်ထွတ်သို့ ပုံရိပ်နှစ်ခု ရောက်ရှိလာ၏။
“ဂိုဏ်းချုပ်..”
ကျန်းချီချီသည် နှုတ်ဆက်လိုက်ပြီးနောက် တောင်ထွတ်ပေါ်ရှိ ကျောက်စားပွဲဝိုင်းတွင် နေရာယူစေလိုက်၏။
“ရှောင်ချီ..မင်း တပည့်တစ်ယောက် လက်ခံထားတာဆို..”
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ခရီးရောက်မဆိုက် မေးမြန်းလိုက်၏။ ထိုသူသည် နှင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ် ချန်တောက်လင်ဖြစ်ပြီး သူနှင့် ပါရှိလာသူသည် အကြီးအကဲချုပ် ကျန့်ကျုးဖြစ်သည်။
သူတို့၏ ဂျုနီယာညီမ တပည့်လက်ခံခြင်းသည် ကြီးမားသည့်ကိစ္စဖြစ်၏။
အကြောင်းမှာ သူမသည် တပည့်တစ်ဦးမျှ လက်ခံခြင်း မရှိခဲ့ပဲ ရုတ်တရက်ပေါ်ထွက်လာသည် လူငယ်တစ်ဦးအား တပည့်အဖြစ် လက်ခံခြင်းသည် မယုံနိုင်ဖွယ် ဖြစ်ရပ်ပင်။
ဂိုဏ်း၏ တပည့်ဖြစ်သူ ချောင်ဟုသည် ထုတ်မပြောပါက သူတို့သည် ယခုထက်တိုင် သိရှိရမည်မဟုတ်သေးပေ။ ထို့အပြင် ဤကိစ္စကို ဂိုဏ်းအတွင်း မပြန့်ပွားစေရန် ချောင်ဟုကို ပြောဆိုထားရ၏။
သူတို့၏ ဂျုနီယာညီမသည် ဤကိစ္စကို ဖုံးကွယ်နေသလော ဟု သံသရ ရှိလာခဲ့၏။
“ဟုတ်တယ်..၊ ဂိုဏ်းချုပ် မအားလပ်သေးလို့ နှုတ်မဆက်ခိုင်းမိသေးတာ..”
ကျန်းချီချီသည် အားနာသည့်လေသံနှင့်ဆိုလိုက်၏။
ချန်တောက်လင်သည် စွံ့အသွားသည်။ သူမည်မျှ အလုပ်ရှုပ်ပါစေ ဤသို့ကိစ္စများကို အချိန်ပေးမည်မှာ ကျိန်းသေပင်။ သို့သော် သူတို့၏ ဂျုနီယာညီမသည် ထူးဆန်းနေ၏။
ဤသို့ လျှို့လျှို့ဝှက်ဝှက် လုပ်နေသည့်အကြောင်းအရာကို နားမလည်နိုင်ပေ။ ထို့ကြောင့် သူမ၏ တပည့်ကို ခေါ်စေလိုက်သည်။ သူတို့သည် စစ်ဆေးမှ ရပေလိမ့်မည်။ ထို့ကြောင့် တင်းမာသည့် လေသံနှင့် ဆိုလိုက်၏။
“ဒါဆို..၊ မင်းတပည့်ကို ခေါ်လိုက်..”
“ဒါက..”
ကျန်းချီချီသည် စိတ်ပျက်သွား၏။ သူမသည် လျှို့ဝှက်နေခြင်း မဟုတ်ပေ။ သူမ၏ တပည့်ကျော်သည် အလွန်မာနကြီးလှသည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို နှုတ်ဆက်ရန် အမိန့်ပေးလိုက်သော်လည်း ထိုနေ့ကတည်းက သူ၏ ဂူထဲမှ ထွက်မလာတော့ပေ။
သူမသည် ကျင့်ကြံခြင်း လမ်းကြောင်းကို ညွှန်ကြားပေးပါမည်ဟု ပြောဆိုခဲ့သော်လည်း အဖက်ပင် မလုပ်။
ထို့ကြောင့် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေရခြင်းဖြစ်၏။ ထိုသူသည် သူမ၏ တပည့် ဟုတ်ပါစ ဟုသံသရဝင်လာမိသည်။
“ဘာတွေ စကားထစ်နေတာလဲ..”
ချန်တောက်လင်သည် စိတ်မရှည်တော့ချေ။ သူ၏ ဝတ်ရုံရှည်မှ လက်နှစ်ဖက်ကို ပင့်တင်လိုက်၏။ ထို့နောက် ကြမ်းတမ်းသည့် ခြေလှမ်းများနှင့် ဟွမ်းနေထိုင်ရာ ဂူသို့ ဦးတည်သွားသည်။
ကျန့်ကျုးလည်း ချန်တောက်လင်၏ နောက်မှ လိုက်ပါသွား၏။ သူတို့သည် နှင်းဖုံးတောင်ထွတ်သို့ ရောက်စဉ်ကတည်းက အရှိန်အဝါများ ဖော်ထုတ်ထားပြီးဖြစ်သည်။ သာမာန်လူဆိုလျှင်တောင် သူတို့၏ အရှိန်အဝါကို သတိထားမိပေမည်။
သို့သော် ကျန်းချီချီ၏ တပည့်ဖြစ်သူသည် ထွက်တွေ့ရန်ပင် ဆန္ဒရှိဟန်မရချေ။
“ရှောင်ချီရဲ့ တပည့်..၊ မင်းရဲ့ ဆရာဦးလေးတွေလာတယ်..”
ကျန့်ကျုးသည် ဂူ၏ အဝင်ဝသို့ ရောက်ရှိချိန်တွင် ဟစ်အော်လိုက်၏။ သူသည် စိတ်မရှည်တော့သောကြောင့် ကျောက်တံခါးကို တဘုန်းဘုန်းနှင့် ထုနှက်လိုက်သည်။
ထိုအချိန်တွင် ဂူအတွင်းရှိနေသည့် ဟွမ်း၏ တုန့်ပြန်မှုကို ကြားလိုက်ရ၏။
“ထွက်သွားစမ်း..”
ကျန်းချီချီ “...”