← Chapters

တပည့်လေး

Vol. 20 Ch. 294

တပည့်လေး

Vol. 20 Ch. 294

“ဘာပြောတယ်..”

ကျန့်ကျုးသည် ဒေါသမိုးမွှန်သွား၏။ သူသည် နှင်းဓားဂိုဏ်းတွင် လူတိုင်းကြောက်ရွံ့ရိုသေရသူဖြစ်သည်။ သို့သော် မနေ့တစ်နေ့ကမှ ရောက်ရှိလာသည့် တပည့်သည် ခွေးမောင်းမောင်းထုတ်နေ၏။

“မင်း..မင်း..ထွက်ခဲ့စမ်း..၊ မင်းရဲ့ ဂူပျက်စီးသွားရင် ငါ့အဆိုးမဆိုနဲ့..”

ကျန့်ကျုးသည် ဒေါသတကြီး အော်ဟစ်နေ၏။ သူ၏ ရှည်လျားသည့် ဓားကိုပင် ဆွဲထုတ်ထားချေပြီ။

“ရှောင်ချီ..၊ ဘယ်လိုလူမျိုးကို တပည့်အဖြစ်ခေါ်ထားတာလဲ..၊ ဒီလောက်ထိ မောက်မာတဲ့သူမျိုး မကြုံဖူးဘူး..၊ ဂိုဏ်းထဲကနေ တစ်ခါတည်းဆွဲထုတ်ပြီး အပြစ်ပေးရမယ်..”

ချန်တောက်လင်သည် ဒေါသထွက်နေပြီးဖြစ်သည်။ ဤသို့စကားမျိုးကြားရလျှင် မည်သူမျှ ဒေါသမထွက်ပဲ နေနိုင်မည်မဟုတ်ပေ။ သူတော်စင်များပင် တံတွေးနှင့် ထွေးလောက်ပေမည်။

“အဲ့ဒီလိုတော့ မဖြစ်ဘူး..၊ သူက ကျွန်မရွေးထားတဲ့တပည့်ပဲ..၊ အပြစ်ပေးတာကို ကျွန်မပဲ လုပ်လိုက်မယ်..”

ကျန်းချီချီသည် ကာကွယ်ပြောဆိုလိုက်၏။ သို့သော် ချန်တောက်လင်သည် ပြတ်သားသည့် လေသံနှင့်ဆိုလေသည်။

“တပည့်ကို မထိန်းနိုင်တဲ့ ဂိုဏ်းအဖြစ်နာမည်မတွင်ချင်ဘူး၊ ထိုက်သင့်တဲ့ အပြစ်ပေးရလိမ့်မယ်..”

“ဝုန်း...”

ထိုအချိန်တွင် ဂူ၏ ကျောက်တံခါးသည် ပွင့်ဟလာသည်။

ဂူအတွင်းမှ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ပြိုင်ဘက်ကင်း အသွင်အပြင်နှင့် လူငယ်တစ်ဦး ထွက်ပေါ်လာ၏။

“ဒါ..ဒါ..”

ကျန့်ကျုး၏ လက်တွင် ကိုင်ဆောင်ထားသည့်ဓားပင် လွတ်ကျသွားသည်။ သူ၏ မျက်လုံးများသည်ပြူးကျယ်နေပြီး သူ၏ အောက်မေးရိုး ပြုတ်ကျနေသလားဟုထင်ရသည်အထိ မှင်သက်အံ့ဩနေ၏။

“ဒီလိုရုပ်ရည်မျိုး..”

ချန်တောက်လင်လည်း ဤသို့ လူငယ်မျိုး မတွေ့ကြုံဖူးဟု တွေးထင်မိနေသည်။

“ဘာကိစ္စလဲ...”

ဟွမ်းသည် သူတို့နှစ်ဦးဖြစ်ပျက်နေသည့် ပုံစံကို ဂရုမစိုက်ပဲ တင်းမာသည့် လေသံနှင့် မေးလိုက်၏။

ကျန့်ကျုးသည် မှင်သက်နေရာမှ အသိဝင်လာကာ ဆိုလိုက်၏။

“နှင်းဖုံးတောင်ထွတ်မှာ နေရတာအဆင်ပြေရဲ့လားလို့..”

ကျန်းချီချီ “...”

‘အစောကပဲ ချက်ချင်းသတ်တော့မဲ့ ပုံစံနဲ့မဟုတ်ဘူးလား..’

“မင်းက ရှောင်ချီရဲ့ တပည့်ဆိုတော့၊ ရှောင်ချီ လူရွေးတော်တာပဲ..”

ကျန့်တောက်လင်သည် ဟွမ်းကို စေ့စေ့စပ်စပ်ကြည့်နေရင်း ပြောလိုက်သည်။

ကျန်းချီချီ “...”

‘ဂိုဏ်းက နှင်ထုတ်ပြီး အပြစ်ပေးဦးမှာဆို..၊ အခုဘယ်လိုဖြစ်ကုန်ကြတာလဲ..၊ လူရွေးတော်တာဆိုတာကရော ဘာအဓိပ္ပါယ်တုန်း..’

ကျန်းချီချီ၏ စိတ်တွင် ထိုလူကြီးနှစ်ဦးကြောင့် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာ၏။

“ဟားဟား..၊ တူတပည့်လေး..ငါက..”

ချန်တောက်လင်သည် ကျယ်လောင်သည့် ရယ်မောသံနှင့် အတူနှုတ်ဆက်စကားဆိုလိုက်၏။

ဟွမ်း၏ မျက်ခုံးများ မသိမသာ လှုပ်ရှားသွားသည်။ ထိုသူများသည် သူ့အား သတ်တော့ဖြတ်တော့မည့်ပုံစံနှင့် ရောက်ရှိလာကြ၏။

သို့သော်လည်း ယခုတွင် အဘယ်ကြောင့် ထူးဆန်းသည့်အကြည့်များနှင့် ထူးဆန်းသည့်စကားများပြောဆိုနေရသည်ကို နားမလည်နိုင်ပေ။ ထိုသူနှစ်ဦး၏ အကြည့်များသည် သူ့၏ စိတ်ကို မသက်မသာဖြစ်စေ၏။

“ရှောင်ဟွမ်း..၊ ဒါက နှင်းဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲချုပ်ပဲ..”

ကျန်းချီချီသည် ဟွမ်း၏ အနားသို့ရောက်ရှိလာပြီး ထိုနှစ်ဦးကို အသေအချာ နှုတ်ဆက်စေ၏။

“ရှောင်ဟွမ်းလို့ မခေါ်လို့ရမလား..”

သို့သော်လည်း ဟွမ်းသည် နှုတ်ဆက်ရန် အာရုံမရ။ ကျန်းချီချီ၏ အခေါ်အဝေါ်ကြောင့် နေရခက်စေ၏။

ကျန်းချီချီသည် နားလည်သည့် အသွင်နှင့် ပြင်ဆင်ပေးလိုက်၏။

“ဒါဆို ဟွမ်းအာလို့ ခေါ်သင့်လား..”

ဟွမ်း “...”

‘ဤဂိုဏ်းမှ ကျင့်ကြံသူများသည် ထူးဆန်းလှ၏၊ အားလုံးသည် တစ်စုံတစ်ရာ လွဲမှားနေဟန်ရှိ၏’

“ကိစ္စက ဒါပဲမလား..”

ဟွမ်းသည် ချန်တောက်လင်နှင့် ကျန့်ကျုးကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ ထိုသူများသည် သူ၏ အတွေးများကို လာရောက်နှောက်ယှက်နေကြသူများဖြစ်သည်။

သို့သော် ရန်လိုသည့် အမူအယာမရှိတော့သောကြောင့် သူသည် ဆက်လက်ပြောဆိုရန်မလိုအပ်တော့ချေ။

“နေပါဦး..”

ချန်တောက်လင်သည် တည်ငြိမ်သည့်လေသံနှင့် ဆိုလိုက်၏။ ချန်တောက်လင်သည် သူ၏ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

ထိုအချင်းအရာကြောင့် ကျန်းချီချီပင် မျက်မှောင်ကြုတ်သွားရ၏။

ဟွမ်းသည် ဂရုမစိုက်သည့် အသွင်နှင့် ခွန်းတုန့်ပြန်လိုက်သည်။

“ကိစ္စ ရှိသေးတာလား..”

ချန်တောက်လင် သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လေးနက်သည့် လေသံနှင့် ဆိုလိုက်၏။

“မင်း..”

“ငါ့ရဲ့ ဂျုနီယာညီမလေး အပေါ်မှာ သစ္စာရှိရှိ နေထိုင်သွားမှာလား..”

ဟွမ်း “...”

ကျန်းချီချီ “...”

“ဂိုဏ်းချုပ် ဘယ်လိုစကားတွေ ပြောနေတာလဲ..”

သူမသည် အနည်းငယ်ဒေါသထွက်လာ၏။ ထိုသူများသည် အဓိပ္ပါယ်မဲ့ စကားများကို ပြောဆိုနေသည်။

“ဂျုနီယာညီမလေး အထင်မလွဲပါနဲ့..၊ ဆရာ တစ်ယောက်အပေါ် သစ္စာရှိတာကို ဆိုလိုတာပါ..”

ချန်တောက်လင်သည် ပြန်လည်ဖြေရှင်းချက်ထုတ်လိုက်ရ၏။ ကျန့်ကျုးသည် ထောက်ခံသည့်အလား ခေါင်းညိတ်လိုက်သည်။

“ကျွန်မတပည့်နဲ့ မိတ်ဆက်ပေးပြီးပြီဆိုတော့ ပြန်တော့..”

ကျန်းချီချီသည် ထိုနှစ်ဦးကို သူမ၏ နှင်းဖုံးတောင်ထွတ်တွင် မနေစေတော့ပေ။ မဟုတ်လျှင် သူမ၏ ဒေါသကြောင့် ထိုနှစ်ဦးကို ရိုက်နှက်မိပေတော့မည်။

“ကောင်းပြီ..၊ ကောင်းပြီ..၊ မင်းတို့ရဲ့ အချိန်ကောင်းလေးတွေကို မနှောက်ယှက်တော့ဘူး..”

ချန်တောက်လင်သည် နားလည်သည့် အသွင်နှင့် ဆိုလိုက်၏။ သို့သော် သူတို့သည် နှင်းဖုံးတောင်တန်းသည် ရုတ်တရက် ပို၍ အေးစက်လာသည်ဟု ခံစားမိသွားသည်။

သူတို့သည် ကျန်းချီချီ ဒေါသထွက်နေပြီမှန်းသိလိုက်ရ၏။ ထို့ကြောင့် သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလို အလင်း၏ အလျင်နှင့် နှင်းဖုံးတောင်တန်းမှ ပျောက်ကွယ်သွားကြသည်။

သူတို့၏ ဂျုနီယာညီမ ဒေါသထွက်လာလျှင် သူတို့နှစ်ဦးကို ပြာနှမ်းနေအောင် ရိုက်တက်လေသည်။

“အစ်ကိုကြီး အဲ့ဒီလူငယ်လေးကို ဘယ်လိုသဘောရလဲ..”

သူတို့ နှစ်ဦး၏ တောင်ထွတ်သို့ ပြန်နေရင်းတီးတိုးပြောဆိုနေကြ၏။

“ရုပ်ရည်ပိုင်းအရတော့ ငါတို့ဂျုနီယာညီမနဲ့ အထိုက်တန်ဆုံးပဲ..၊ ရှောင်ချီနဲ့ လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်လာနိုင်တယ်..”

ချန်တောက်လင်သည် လေးလေးနက်နက်ပြောလိုက်၏။ ကျန့်ကျုးသည် ခေါင်းတညိတ်ညိတ်နှင့် သဘောတူလိုက်သည်။ သို့သော် သူ၏ ထင်မြင်ချက်ကို ထုတ်ပြောလေ၏။

“အကိုကြီး သူ့ရဲ့ စွမ်းအားက သာမန်ပဲ၊ ရေရှည်မှာ ဂိုဏ်းထဲ လူပြောစရာဖြစ်လာနိုင်မလား..”

“စွမ်းအားနိမ့်တာ ဘာအရေးလဲ..၊ ပိုတောင်ကောင်းသေး ရှောင်ချီကို အနိုင်ကျင့်လို့ မရတော့ဘူး..၊ ပြီးတော့ လူတွေရဲ့ ထင်မြင်ချက် ဂရုစိုက်စရာမလိုပါဘူး..၊ ရှောင်ချီရဲ့ စွမ်းအားအစစ်အမှန်သာ ဖော်ထုတ်လိုက်ရင် ဒီနယ်မြေမှာ ဘယ်သူက ဝေဖန်ရဲမှာလဲ”

ချန်တောက်လင်သည် ဂရုစိုက်စရာမလိုကြောင်းပြောဆိုလိုက်၏။ သူတို့နှစ်ဦးသည် လမ်းလွဲနေခြင်း မဟုတ်ပေ။

ကျန်းချီချီသည် သူတို့၏ အငယ်ဆုံးဂျုနီယာညီမဖြစ်သောကြောင့် သူမအတွက် သင့်လျော်သည့်သူနှင့် နေရာချထားပေးလိုခြင်းဖြစ်သည်။

“ဒါပေမဲ့ အစ်ကိုကြီး အဲ့ဒီလူတွေသာ သိသွားရင် ပြသနာကျရောက်လာမှာ စိုးရိမ်မိတယ်..”

ကျန့်ကျုးသည် စိုးရိမ်သည့် လေသံနှင့်ဆိုလိုက်၏။

“ရှောင်ချီကို ရှာမတွေ့သေးသ၍ ပြသနာရှိလာမှာမဟုတ်ပါဘူး..၊ တကယ်လို့သာ သူမတစ်စုံတစ်ယောက်နဲ့ ယှက်နွယ်သွားမှန်း သိရင် လက်လျော့သွားနိုင်လောက်ပါတယ်..”

ချန်တောက်လင်သည် မသေချာသည့် လေသံနှင့်ဆိုလိုက်၏။ ကျန်းချီချီအတွက် ယခုကဲ့သို့ စီစဉ်နေရခြင်းသည် သူတို့စိုးရိမ်ရသည့် အရာတစ်ခုလည်းရှိနေသောကြောင့်ပင်။ သူမကို ထိုအရာ၏ လက်မှ ကင်းလွတ်စေချင်သည်။

ယခုတွင် အခွင့်အခါ သင့်သွားခြင်းဖြစ်၏။ သူမသည် ထူးဆန်းစွာနှင့် တပည့်တစ်ဦးကို လျှို့ဝှက်ထားခဲ့သည်။

ထို့အပြင် ထိုတပည့်သည် သာမာန်ထက်ပင် သာလွန်သည့် ရုပ်ရည်ကြောင့် တပည့်လက်ခံခြင်းမရှိသည့် ကျန်းချီချီသည် ထူးဆန်းစွာနှင့် တပည့်အဖြစ် ခေါ်ယူခဲ့လေ၏။

ထိုအရာကြောင့် သူတို့သည် လိုရာဆွဲတွေးကာ အစီအစဉ်ချနေကြခြင်းဖြစ်သည်။ ထို့နောက် ပျော်ရွှင်နေသည့် အသွင်များဖြင့် သူတို့၏ တောင်ထွတ်များသို့ ဦးတည်သွားကြတော့၏။

“ဟူး..”

ကျန်းချီချီသည် ထိုနှစ်ဦး ထွက်ခွာသွားချိန်တွင် သက်ပြင်း အရှည်ကြီး ချလိုက်မိသည်။ ထိုနှစ်ဦးအား ရိုက်နှက်ချင်သည့်စိတ်ကို မနည်းပင် ထိန်းထားရ၏။

“ကျုပ် တစ်ခုလောက်မေးလို့ရမလား..”

သို့သော် ဟွမ်း၏ အသံကိုကြားလိုက်ရသောကြောင့် သူမ၏ ဒေါသများ ပျောက်ကွယ်သွားကာ အံ့ဩမှုများဝင်ရောက်လာသည်။

သူမသည် ချက်ချင်းဆိုသလိုပြုံးရွှင်နေသည့်မျက်နှာထားနှင့် ဖြေလိုက်၏။

“တပည့်လေး ကြိုက်ရာမေးလို့ရတယ်..”

ဟွမ်း “...”

ထိုမိန်းကလေးသည် ထူးဆန်းစွာပြုမှုတက်၏။ သူသည် ထိုအရာနှင့် အသားမကျသေးပေ။

“သက်ရှိဝိညာဉ်ကို နှိုးထစေနိုင်မဲ့ နည်းလမ်းရှိလား..”

ဟွမ်းသည် ထိုကိစ္စကို မေးရန် တုန့်ဆိုင်းနေသာ်လည်း သူ့တွင်နည်းလမ်းမရှိတော့သောကြောင့် မတက်သာပေ။

“ရတနာတစ်ခုရဲ့ သက်ရှိဝိညာဉ်လား..”

ကျန်းချီချီ အံ့ဩမှင်သက်နေသည့် လေသံနှင့် မေးလိုက်၏။

ဟွမ်းသည် သူမ၏ အမူအယာနှင့် လှုပ်ရှားမှုကို အသေးစိတ် အာရုံစိုက်ထားသည်။ ထိုသို့ ရတနာများကို ကျင့်ကြံသူများသည် တပ်မက်ကြ၏။

All Chapters