← Chapters

ဆက်ပြောနေရင်ခုတ်မယ်

Vol. 20 Ch. 295

ဆက်ပြောနေရင်ခုတ်မယ်

Vol. 20 Ch. 295

ဟွမ်းသည် သက်ရှိဝိညာဉ်ဟု ထုတ်ဖော်ပြောကြားလိုက်သော်လည်း ကျန်းချီချီထံမှ မည်သည့် တပ်မက်လိုစိတ်မျှ မခံစားမိပေ။ သူမသည် အလေးအနက် တွေးတောနေဟန်ရသည်။

“ယွမ်ရှန်းလင် ဆိုတဲ့ဆေးလုံးက မေ့မြောနေတဲ့ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်ကို ပြုပြင်ပေးနိုင်စွမ်းရှိတယ်..၊ ဒါပေမဲ့ ရတနာရဲ့ ဝိညာဉ်ကိုတော့ နှိုးပေးနိုင်လား ဆိုတာတော့ မပြောတက်ဘူး..”

ကျန်းချီချီသည် ခက်ခက်ခဲခဲနှင့် စဉ်းစားက သူမ တွေးမိသည့် အရာကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“အဲ့ဒီဆေးလုံး ဘယ်မှာရနိုင်လဲ..”

ဟွမ်းသည် အလောတကြီး လေသံနှင့် မေးမြန်းလိုက်၏။

ဟွမ်းသည် သူ၏ တပည့်များကို မတွေ့မမြင်ပဲ နေရခြင်းသည် သူ့အတွက် နေသာထိုင်သာ မရှိပေ။

ထို့ကြောင့် သူတက်နိုင်သည့် အရာတော့ ကြိုးစားကြည့်ရပေမည်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်းသည်တော့ ကံတရားမျှသာ။

“လျှပ်စီးမြို့တော်မှာရှိတဲ့ ဆေးပညာရှင်ကပဲ ဖော်စပ်ပေးနိုင်တာ..”

ကျန်းချီချီသည် ဟွမ်း၏ အသွင်ကြောင့် အသေအချာရှင်းပြလိုက်၏။ ထိုကဲ့သို့ အဆင့်မြင့် ဆေးလုံးများသည် သာမာန် ဆေးပညာရှင်များ ဖော်စပ်နိုင်သည့် အရာမဟုတ်ပေ။ ထို့အပြင် အဆင့်မြင့် ဆေးပညာရှင်များသည် ရှားပါးလှသည်။

“လျှပ်စီးမြို့တော်ပဲလား..”

ဟွမ်းသည် လျှပ်စီးမြို့တော် သို့ အလျှင်အမြန် ရောက်ရှိနေချင်သည်။

“ဘာကြောင့် လျှပ်စီးမျိုးနွယ်ကို သွားချင်နေရလဲဆိုတာပြောလို့ရပြီလား..၊ ကျွန်မ အကြာင်းအရင်းကို သိရရင် ရှင့်ကို တပည့်လို မဆက်ဆံတော့ဘူး..”

ကျန်းချီချီသည် ထိုအကြောင်းအရာကိုသာ သိရှိနေချင်၏။ ထို့ကြောင့် အပေးအယူနှင့် မေးမြန်းလိုက်သည်။

“ငါ့ကို တပည့်အဖြစ်ခေါ်ဆောင်တဲ့ အကြောင်းရင်း အမှန်ကို အရင်ပြော..”

ဟွမ်းသည် တူညီသည့် အကြောင်းအရာကိုသာ မေးလိုက်၏။ ဟွမ်း၏ လေးနက်သည့် အသွင်ကြောင့် သူမသည် သက်ပြင်းချကာ ရှင်းပြလိုက်သည်။

“ရှင့်ကို သူလျှိုလို့ထင်လို့ စောင့်ကြည့်ချင်လို့ ခေါ်ထားတာ..”

“ဘာကြောင့် အဲ့ဒီလိုထင်တာလဲ..”

ဟွမ်းသည် အံ့ဩသွားကာ မေးလိုက်၏။

“ကမ္ဘာငယ်က တက်ရောက်လာတဲ့ သူတိုင်းက ထူးခြားတဲ့သူတွေဆိုပေမဲ့..၊ ရှင့်လိုမျိုး လုပ်နိုင်စွမ်းမရှိဘူး..၊ ရှင့်ရဲ့ စွမ်းအားက ကျွန်မရဲ့ မြင်နိုင်စွမ်းကို ကျော်လွန်နေတယ်..၊ ဒါ့ကြောင့် ကမ္ဘာငယ်လေးက ဆိုတာကို မယုံနိုင်ဘူး..”

ကျန်းချီချီသည် တိတိကျကျရှင်းပြလိုက်၏။

သို့မှသာ ဟွမ်းသည် သဘောပေါက်သွားသည်။

“ငါ့ရဲ့ မိတ်ဆွေတစ်ချို့က လျှပ်စီးမျိုးနွယ်ရဲ့ နယ်မြေကျွန်တွေ ဖြစ်နေတယ်..”

ဟွမ်း၏ မျက်ဝန်းများတွင် ဒေါသအလင်းတစ်ချို့ဖြတ်ပြေးသွား၏။ သို့သော် ခဏတာမျှသာဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်လေးသည် ကျန်းချီချီ၏ အမြင်အာရုံမှ မလွတ်မြောက်ခဲ့ပေ။

“နယ်မြေကျွန်..”

သူမသည် ထိုစကားနှင့်တင် အရာအားလုံးနားလည်သွားသည့်အလား ခံစားလိုက်ရ၏။ နယ်မြေကျွန်များသည် လင်းဘုံမှ ကျင့်ကြံသူများ မဟုတ်ကြပေ။

ကမ္ဘာငယ်မှ ကျင့်ကြံသူများအတွက်သာ ရှိသည့် လင်းထျန်းဘုံ၏ အဆင့်အတန်းဖြစ်သည်။ သို့မှသာ သူမသည် လျှပ်စီးမြို့တော်ကို ဟွမ်း အလျင်စလို သွားချင်နေသည်ကို နားလည်သိရှိလိုက်ရ၏။

“ဒါပေမဲ့ လျှပ်စီးမြို့တော်မှာ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်..၊ မြို့တော်ထဲဝင်ရောက်မဲ့ ပြင်ပကျင့်ကြံသူတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေတယ်..”

ကျန်းချီချီသည် ထပ်လောင်းပြောကြားလိုက်၏။

“ဘာလို့လဲ..”

ဟွမ်းသည် နားမလည်သည့် အမူအယာနှင့်မေးလိုက်၏။

“လျှပ်စီးမျိုးနွယ်ထဲ ကိစ္စကြီးတွေ ဖြစ်သွားတယ်လို့သိရတယ်..၊ ဒါပေမဲ့ လျှပ်စီးမျိုးနွယ်က သတင်းတွေကို ဖုံးဖိထားလို့ အတိအကျ မသိရဘူး..”

“ဟုတ်လား..”

ဟွမ်းသည် စိတ်ရှုပ်ထွေးသွား၏။ သူသည် မျိုးနွယ်တွင်းမှ ကိစ္စများသည် ထျန်းဟုန်တို့နှင့် မပတ်သတ်စေရန်သာ မျှော်လင့်မိသည်။

“ဒါပေမဲ့ သူတို့ကို ရှင်ပြန်ပြီး ခေါ်ထုတ်ချင်ရင် လွယ်ကူမှာ မဟုတ်ဘူး..၊ လျှပ်စီးမျိုးနွယ်တစ်ခုလုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်..”

ကျန်းချီချီသည် သတိပေးစကားဆိုလိုက်၏။ မျိုးနွယ်ကြီးများ၏ နယ်မြေကျွန်ဖြစ်သွားလျှင် မလွတ်မြောက်နိုင်တော့ပေ။ ထို့အပြင် သူတို့၏ အသက်ဝိညာဉ်ကို ချုပ်ကိုင်ထားသည်မို့ ခေါ်ထုတ်နိုင်လျှင်တောင် သတ်ဖြတ်ခံရနိုင်ချေများ၏။

“ဒါဆိုရင် လျှပ်စီးမျိုးနွယ်က လင်းထျန်းဘုံကနေ ပျောက်ကွယ်သွားရလိမ့်မယ်..”

ဟွမ်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

ထိုအငွေ့အသက်ကြောင့် ကျန်းချီချီသည် အနည်းငယ်မှင်သက်သွားရ၏။ ထို့အပြင် ဟွမ်း၏ စကားများသည် သူမကို တုန်လှုပ်စေသည်။

လင်းထျန်းဘုံမှ အခြားကျင့်ကြံသူများသည် ဟွမ်း၏ စကားကို ကြားလျှင် လှောင်ပြောင်ရယ်မောကြပေမည်။

လျှပ်စီးမျိုးနွယ်သည် ဤနယ်မြေတွင် ထိပ်သီးဂိုဏ်းတစ်ခုဖြစ်လေရာ ကမ္ဘာငယ်က ကျင့်ကြံသူသည် ဤသို့စကားမျိုး ပြောနေသည်ကို မည်သူက ယုံနိုင်မည်နည်း။

သူမကိုယ်တိုင်ပင် ယုံကြည်ရန်ခက်ခဲနေ၏။ သို့သော် ဟွမ်း၏ စကားများသည် လေးနက်လွန်းနေသည်။

“ရှင်စိတ်အေးအေးထားပါ..၊ နယ်မြေကျွန်တွေကို လျှပ်စီးမြို့တော်မှာ နေရာတစ်ခုပေးထားပြီး မြို့ရဲ့ ကိစ္စတွေကို ဆောင်ရွက်ရတာဆိုတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး..”

ကျန်းချီချီနှစ်သိမ့်စကားဆိုလိုက်၏။ သို့သော် လျှပ်စီးမျိုးနွယ်မှ ထိုသူများကို ပြန်ခေါ်နိုင်မည်ဟု မပြောချေ။ ထိုအရာသည် သူမကိုယ်တိုင် မသေချာသောကြောင့်ပင်။

ဟွမ်းသည် သူ၏ စိတ်ကို ထိန်းလိုက်ပြီးနောက် နားလည်ဟန်နှင့် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းချီချီသည် ဟွမ်း၏ အသွင်ကို ကြည့်ရင်း တွေဝေသွား၏။ သူမ သူလျှိုဟု တွေးထင်ခဲ့သည့် သူက မိတ်ဆွေများကို ကယ်တင်ရန် ကြိုးစားနေသူဖြစ်သည်။

ထို့အပြင် သူသည် လျှပ်စီးမျိုးနွယ်၏ အကြောင်းကို တိတိကျကျ သိဟန်မရချေ။ သို့သော် ရင်ဆိုင်ရန် အသင့်ဖြစ်နေသည့်အလား ပြတ်သားနေ၏။

ဟွမ်း၏ အသွင်သည် သူမ၏ အမြင်တွင် ပို၍ ထူးခြားဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။

“နောက်သုံးရက်နေရင် ကျွန်မနဲ့ ဂိုဏ်းရဲ့ အပြင်ကို လိုက်ခဲ့..”

ကျန်းချီချီသည် တိတ်ဆိတ်နေသည့် ဟွမ်းကို ထပ်မံစကားဆိုကာ နှင်းဖုံးတောင်ထွတ်မှ ပျောက်ကွယ်သွား၏။

“သူတို့ရဲ့ အသက်ဝိညာဉ်ကို အရင်ရမှဖြစ်မယ်..”

ဟွမ်းသည် တွေးတောနေ၏။ ရွှမ်းလင်၏ စကားအရ လျှပ်စီးမျိုးနွယ်တွင် နယ်မြေသခင် ကျင့်ကြံသူတစ်ဦးရှိနေ၏။ ထို့အပြင် ကောင်းကင်အလွှာ ကျင့်ကြံသူများစွာလည်း ရှိနေနိုင်မည်။

‘နယ်မြေသခင်ရဲ့ စွမ်းအားကို ကျော်လွန်နိုင်မှ ထျန်းဟုန်တို့ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်မယ်..’

နောက်ရက်တွင် ဟွမ်းသည် နှင်းဖုံးတောင်တန်းတွင် ကျန်းချီချီ၏ အငွေ့အသက်ကို မခံစားမိသောကြောင့် သူသည် တောင်အောက်သို့ ဆင်းလာ၏။

ဂိုဏ်းအတွင်းရောက်ရှိသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်သော်လည်း နှင်းဓားဂိုဏ်းအတွင်း နေရာအနှံ့မရောက်ဖူးသေးချေ။ သူသည် မာယွမ်ထောင်တို့နှင့် တွေ့လိုသောကြောင့် တောင်အောက်ဆင်းလာခြင်းပင်။

ဂိုဏ်း၏ အပြင်စည်း တပည့်အဆောင်တွင် တိုက်ခိုက်သံများနှင့် ဆူညံနေ၏။

“ဝုန်း..”

“မင်း အခုချက်ချင်းရပ်စမ်း..”

“ငါရပ်လိုက်ရင် မင်းက ငါ့ကို ခုတ်မှာပေါ့ကွ..”

“မင်း မရပ်သေးရင် အသေသတ်မှာနော်..”

“ဝုန်း..”

ဟွမ်းသည် ဆူညံ့သံနှင့်အတူ ကျင့်ကြံသူနှစ်ဦး လိုက်တမ်းပြေးတမ်း ကစားနေသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် သူသည် ထိုနှစ်ဦးကို ရင်းနှီးနေသည်။

အခြားသူများမဟုတ်ပေ။ မာယွမ်ထောင်နှင့် ဟုန်ယန်ပင်။

“သေစမ်း..”

ဟုန်ယန်သည် မာယွမ်ထောင် လဲကျသွားချိန်တွင် သူ၏ ဓားမော့နှင့် ခုတ်ချလိုက်၏။

“ငါမှားပါတယ်ကွာ..”

သူသည် ဟုန်ယန်၏ ခွန်အားကို မဆန့်ကျင်နိုင်ပေ။ ဟုန်ယန်၏ ဓားမော့သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုနီးနီး ဖြစ်လာခဲ့၏။

“မလုပ်နဲ့..”

မာယွမ်ထောင်သည် အဆုပ်ကွဲလုမတက်အော်ဟစ်လိုက်၏။

“ထန်..”

ဟုန်ယန်သည် သူ၏ ဓားမော့ ဓားဆီးခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသည်။ သူသည် အော်ဟစ်တော့မည် အပြုတွင် တားဆီးသူသည် ဟွမ်းဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ရပ်တန့်လိုက်၏။

“အား...၊ ရောင်းရင်းဟွမ်း..အဲ့ဒီကောင် ငါ့ကို အသေသတ်ဖို့ လုပ်နေတာ..”

မာယွမ်ထောင်သည် ဟွမ်း၏ ခြေထောက်ကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။

“ဘာဖြစ်တာလဲ..”

ဟွမ်းသည် ဟုန်ယန် ဒေါသမီးလောက်မြိုက်နေရသည့် အကြောင်းအရင်းကို မေးမြန်းလိုက်၏။

မာယွမ်ထောင်သည် ရှိုက်သံကြီးနှင့် ရှင်းပြလိုက်သည်။

“ဒါက..၊ ငါသူရဲ့ ကိုယ်လုံးတီးကို မြင်လိုက်ရလို့..”

“တိတ်စမ်း..၊ ဆက်ပြောရင် မင်းကို ငါ ခုတ်တော့မယ်..”

ဟုန်ယန်သည် သူ၏ ဓားမော့နှင့် ချိန်ရွယ်ကာ ပြောဆိုလိုက်သည်။

“ငါ..မင်းကို သတိမပေးခဲ့ဘူးလား..”

ဟွမ်းသည် သက်ပြင်းချကာဆိုလိုက်၏။ သို့မှသာ မာယွမ်ထောင်သည် ချီဝူမြို့တွင် ရှိနေစဉ်က အကြောင်းအရာကို သတိရသွားသည်။

ထိုစဉ်က ဟုန်ယန်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးရန်ကြိုးစားခဲ့သော်လည်း ဟွမ်းသည် တားမြစ်ခဲ့သည်။ မဟုတ်ပါက ဟုန်ယန်သည် သူ၏ ဓားမော့နှင့် ခုတ်ပိုင်းလိမ့်မည်ဟုပင် သတိပေးခဲ့၏။

Note - ရှေ့ပိုင်းမှာ ကျွန်တော်စာပြန်မစစ်မိလိုက်လို့ ကျင့်ကြံခြင်းအဆင့်က နည်းနည်း လွဲသွားတယ်၊ စဦးအလွှာ၊ အလယ်လတ်အလွှာပြီးရင် အထွတ်ထိပ်အလွှာပါ၊ ပြီးမှ ကောင်းကင်အလွှာ၊ နယ်မြေသခင်၊ နယ်မြေဘုရင်၊ အဆင့်ဆင့်ပါ။ လိုအပ်ချက်များကို နားလည်ခွင့်လွှတ်ပေးပါခင်ဗျာ။

All Chapters