ရိုက်နှက်ချင်စိတ်
Vol. 20 Ch. 296
“ဟုန်ယန်..၊ အဲ့ဒီကိစ္စက မင်းရဲ့ အထိမခံနိုင်တဲ့ အရာဖြစ်နိုင်ပေမဲ့ မာယွမ်ထောင်က တမင်တကာ လုပ်တဲ့ကိစ္စ မဟုတ်လို့ မင်းအလျော့ပေးလို့ရမလား..၊ ဘာပဲဖြစ်ဖြစ် မင်းတို့က မိတ်ဆွေတွေဖြစ်နေပြီပဲ..”
ဟွမ်းသည် ဟုန်ယန်ကို ဖြောင်းဖျလိုက်၏။
“အဲ့ကိစ္စ မင်းလည်းသိတယ်လား..”
ဟုန်ယန်၏ မျက်ဝန်းများ ပြူးကျယ်သွားလေသည်။ ပို၍ အံ့ဩရသည်က ဟွမ်းနှင့် တစ်နေရာတည်း နေထိုင်ခဲ့ခြင်း မရှိချေ။ သို့သော် ဟွမ်းသည် သိရှိနေ၏။
“ထားလိုက်ပါတော့..”
ဟုန်ယန်သည် သူ၏ ဓားမော့ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ သို့မှသာ မာယွမ်ထောင်သည် အသက်ရဲရဲရှု ရဲလေသည်။
“ဟုန်ယန်..အဲ့ကိစ္စက..”
မာယွမ်ထောင်သည် တောင်းပန်လိုသည့် လေသံနှင့် ဆိုလိုက်၏။ သို့သော် ဟုန်ယန်သည် စကားဖြတ်ပြောလိုက်သည်။
“ဒီအကြောင်းထပ်ပြောရင် ရောင်းရင်းဟွမ်းတားရင်တောင် မင်းကို ရအောင်ခုတ်မယ်..”
ဟုန်ယန်၏ လေသံကြောင့် မာယွမ်ထောင်သည် ပါးစပ်ပိတ်သွား၏။ ထို့နောက် သူသည် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ငါတို့က မင်းကို စီနီယာအစ်ကိုလို့ ခေါ်ရမယ်ထင်တယ်..”
“အဲ့ဒီအရာတွေက အရေးမကြီးပါဘူး..”
ဟွမ်းသည် ထိုသို့အရာများကို ဂရုမစိုက်ချေ။ သူသည် မာယွမ်ထောင်နှင့် ဟုန်ယန်ကို စစ်ဆေးကြည့်လိုက်၏။ သူတို့သည် ဤရက်များတွင် အနည်းငယ်တိုးတက်လာဟန်ရှိသည်။
ထို့နောက်မာယွမ်ထောင်တို့သည် ဤရက်များဖြတ်သန်းခဲ့ရပုံများကို အာပေါင်အာရင်း သန်သန်နှင့် ပြန်လည်ပြောဆိုနေ၏။
ပထမရက်တွင် ချောင်ဟု၏ ဖိနှိပ်မှုကြောင့် အပြင်စည်းတပည့်များစွာ၏ အနိုင်ကျင့်မှုကို ခံစားခဲ့ရသည်။ အပြင်စည်းတပည့်များသည် နည်းလမ်းမျိုးစုံနှင့် ဖိနှိပ်မှုများကို ပြုလုပ်ခဲ့ကြသည်။
သို့သော် ဟုန်ယန်သည် အလျော့မပေးချေ။ ထိုသူများကို တွန်းလှန်ကာ ချောင်ဟုကို ထိပ်တိုက်စိန်ခေါ်ခဲ့သည်။ သူသည် ခက်ခက်ခဲခဲနှင့် ချောင်ဟုကို အနိုင်ယူပြီးနောက်တွင် အပြင်စည်းတပည့်များသည် ထိတ်လန့်သွားကြတော့၏။
ထို့နောက်တွင် ဟုန်ယန်နှင့် မာယွမ်ထောင်ကို အပြစ်မပြုကြတော့ပဲ သူတို့ထံတွင် လာရောက်ပူးပေါင်းခဲ့ကြသည်။
ထို့ကြောင့် သူတို့သည် အေးအေးဆေးဆေးနှင့် ကျင့်ကြံခွင့် ရရှိခဲ့ကြသည်။
ထို့နောက် သူတို့သုံးဦးသည် စကားစမြည်ပြောဆိုနေကြတော့၏။
နှင်းဓားဂိုဏ်း၏ ဂိုဏ်းချုပ်နေထိုင်ရာတောင်ထွတ်တွင် ချန်တောက်လင်နှင့် ကျန့်ကျုံးသည် မျက်နှာငယ်လေးနှင့် ထိုင်နေကြသည်။
အကြောင်းမှာ ကျန်းချီချီသည် ဆူပူကျိန်းမောင်းနေသောကြောင့်ပင်။ သူမသည် မျက်နှာထားတင်းတင်းနှင့် ဆိုလိုက်၏။
“ရှင်တို့ရဲ့ ရည်ရွယ်ချက်တွေကို မေ့လိုက်တော့..ထပ်ပြီး ရှုပ်ထွေးဖို့ မကြိုးစားနဲ့..”
“ဒါပေမဲ့..”
ကျန့်ကျုံးသည် အတွန့်တက်ရန်ကြိုးစားလိုက်သော်လည်း ကျန်းချီချီ၏ တင်းမာသည့် အကြည့်နှင့် ရင်ဆိုင်လိုက်ရ၏။ သူ့ထံမှ စကားလုံးများ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
“ဒါပေမဲ့ အဲ့ဒီလူတွေရဲ့ လက်ကနေ အချိန် ကြာကြာ လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး..”
ချန်တောက်လင်သည် အရဲစွန့်ကာ ပြောလိုက်၏။ သူတို့၏ ဂျုနီယာညီမ ဒေါသထွက်လျှင် ကြောက်စရာကောင်းပေသည်။ ဂိုဏ်းချုပ်ဆိုသည့် ဂုဏ်ပုဒ်ကိုပင် မထောက်ထားပဲ ရိုက်နှက်တက်၏။
“ကျွန်မတို့ရဲ့ အခက်အခဲကို ဖြေရှင်းဖို့ အတွက်နဲ့ တစ်ပါးသူကို အသုံးချတဲ့ ကိစ္စက မသင့်လျော်ဘူး..”
“အဲ့ဒီအချိန်ကျရောက်လာခဲ့ရင် ကျွန်မကိုယ်တိုင် ဖြေရှင်းမှာပါ..”
ကျန်းချီချီသည် စိတ်မပူစေရန် ပြောဆိုလိုက်လေ၏။
ဂိုဏ်းချုပ်နှင့် အကြီးအကဲချုပ်သည် ထပ်မံမပြောဆိုတော့သော်လည်း စိတ်မအေးနိုင်ဖြစ်နေကြသည်။
ထို့နောက် သူမသည် ဂိုဏ်းချုပ်၏ တောင်ထွတ်မှ ထွက်ခွာသွားတော့၏။
နောက်ရက်တွင်တော့ ကျန်းချီချီသည် ဂိုဏ်း၏ ပြင်ပသို့ သွားရောက်ရန် ဟွမ်းကို ခေါ်ဆောင်သွားသည်။
ဟွမ်းသည် အကြောင်းအရင်း မေးမြန်းခဲ့သော်လည်း သူမသည် အဖြေမပေးချေ။
လေဟာနယ်ကို ဖြတ်သန်းကာ ချိုင့်ဝှမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ထိုချိုင့်ဝှမ်းသည် အတော်လေး အလှမ်းဝေးလှ၏။ နှင်းဓားဂိုဏ်းမှ နေ့ဝက်ခန့် သွားရောက်ရသည်။
“ဒါ..ဘယ်နေရာလဲ..”
ဟွမ်းသည် ထူးဆန်းသည့် အငွေ့အသက်များ နှင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်နေသည်ကို သတိထားမိသွား၏။
ထိုအငွေ့အသက်များသည် သေဆုံးသွားသည့် ခန္ဓာကိုယ်များမှ ထွက်ပေါ်တက်သည့် ယင်စွမ်းအင်များဖြစ်နေသည်။ ယင်စွမ်းအင်များသည် အေးစက်နေပြီး ကျောချမ်းဖွယ်ကောင်း၏။
“သေမင်းတောင်ကြား...”
ကျန်းချီချီသည် ရှေ့မှ ဦးဆောင်သွားနေရင်း ဖြေလိုက်သည်။
“ဒီနေရာကို ဘာအတွက်လာတာလဲ..”
ဟွမ်းသည် နားမလည်သည့် အသွင်နှင့် မေးမြန်းလိုက်သည်။ သူမအနေနှင့် ဤသို့ ထူးဆန်းသည့် နေရာမျိုးကို အပြင်းပြေလမ်းလျှောက်ထွက်လာသည့် ပုံစံမပေါ်ချေ။
“ဒီတောင်ကြားမှာ ယင်စွမ်းအင်ကို စုပ်ယူပြီး ကြီးထွားလာတဲ့ ဝိညာဉ်နိုးထခြင်းသစ်စေ့ရှိတယ်လို့ ကြားဖူးတယ်..”
ကျန်းချီချီသည် သာမန်လေသံနှင့် ဖြေလိုက်၏။
သို့သော် ထိုစကားကြောင့် ဟွမ်း၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ထို့နောက် သတိထားသည့် လေသံနှင့်မေးလိုက်၏။
“မင်း ဘာလုပ်ချင်နေတာလဲ..”
“ဝိညာဉ်နိုးထခြင်း သစ်စေ့က ရှင့်အတွက် အထောက်အကူပြုမပြုတော့ မသေချာပေမဲ့..၊ စမ်းကြည့်ပေါ့..”
ကျန်းချီချီသည် သူမ ပြောချင်ရာသာ ပြောလိုက်၏။ ဟွမ်းသည် သက်ရှိဝိညာဉ်နှင့် ပတ်သက်၍ မေးမြန်းဖူးသောကြောင့် သူမသည် ဝိညာဉ်နိုးထခြင်းသစ်စေ့ကို သတိရသွားခဲ့သည်။ ထို့ကြောင့် ဟွမ်းကို ခေါ်ဆောင်လာခြင်းဖြစ်၏။
“ဒီလိုတွေ လုပ်နေတဲ့ အကြောင်းအရင်းကို သိချင်တယ်..”
ဟွမ်းသည် ဆက်လက်မေးမြန်းလိုက်၏။ သူသည် စိတ်ရှုပ်ထွေးနေရသည်။ ထိုမိန်းကလေးထံတွင် မည်သည့် မကောင်းသည့် စိတ်မျှ မခံစားမိသော်လည်း အကြောင်းအရင်းမရှိ ကောင်းမွန်နေ၏။
“ရှင်သိချင်တာတွေ များလိုက်တာ..၊ ကျွန်မက ဒီအတိုင်းပဲ ကူညီပေးတာလေ..”
ကျန်းချီချီသည် မထူးဆန်းသည့် လေသံနှင့် ဆိုလိုက်၏။ သူမ၏ ကြည်လင်တောက်ပနေသည့် မျက်နှာလေးသည် အနည်းငယ် တင်းမာနေဟန်ရသည်။
ဟွမ်းသည် ထပ်မံပြောဆိုချင်သော်လည်း ကျန်းချီချီ၏ မျက်နှာထားကြောင့် ထိန်းချုပ်လိုက်၏။
“သတိထား ရှေ့မှာ အထွတ်ထိပ်အလွှာသားရဲတွေ အများကြီးရှိတယ်..၊ ပြီးတော့ အင်အားက အရမ်းများပြားလွန်းတယ်..”
ကျန်းချီချီသည် သတိပေးလိုက်၏။
ဟွမ်းသည် သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ သေမင်းတောင်ကြားတွင် အင်အားကြီး သားရဲ အများအပြားရှိ နေသည်ကို ခံစားမိ၏။
“ဘယ်လိုသားရဲတွေပါလိမ့်..”
ကမ္ဘာငယ်မှ သားရဲများနှင့် အတော်လေး ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။
သားရဲများထံမှ အေးစက်သည့် ယင်စွမ်းအင်များ ထွက်ပေါ်နေပြီး အသွင်သဏ္ဌာန်များသည် ကြောက်မယ်ဖွယ်ကောင်း၏။
“သူတို့ သတိမထားမိစေနဲ့..၊ မဟုတ်ရင်.. တောင်ကြားထဲက သားရဲတွေအားလုံးကို ရင်ဆိုင်ရလိမ့်မယ်..”
ကျန်းချီချီသည် သတိပေးကာ နက်မှောင်နေသည့် ဂူတစ်ခုအနီးသို့ ချဉ်းကပ်နေသည်။
ဟွမ်းသည် သို့မှသာ တောင်ကြားတွင် ပျံသန်းမှု မပြုလုပ်သည်ကို နားလည်သွား၏။ ထို့နောက် သူမ၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။
သူတို့နှစ်ဦးသည် တက်နိုင်သမျှ အသံမထွက်စေရန် သတိထား၍ သွားနေကြ၏။
“ကျွန်မ သိထားသလောက်ဆိုရင် အဲ့ဒီဂူထဲမှာ ရှိတယ်..”
ကျန်းချီချီသည် နေရာတစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဘာဂူမှ မတွေ့မိပါဘူး..”
ဟွမ်းသည် ကျောက်တောင်ကြီးသဖွယ်ဖြစ်နေသည့် နေရာကို ကြည့်ရင်း ပြောဆိုလိုက်၏။
“အဲ့ဒီဂူက ကျင့်ကြံသူတွေ အရောက်အပေါက် နည်းတော့ ပိတ်ဆို့သွားတာ..”
ကျန်းချီချီသည် ရှင်းပြပြောဆိုလိုက်သည်။ သူမသည် ထိုကျောက်တောင်ကို ညွှန်ပြရင်း ထပ်မံပြောဆိုလိုက်၏။
“အဲ့ဒီနေရာကို ဖောက်ထုတ်ရလိမ့်မယ်..”
“ဝုန်း...”
သူမ၏ စကားသံ မဆုံးသေးချေ။ ကျောက်တောင်များ ကြေမွကုန်သည့် အသံကို ကြားလိုက်ရ၏။ ထို့အပြင် သူမ၏ ရှေ့တွင် ဂူအဝင်ဝ တစ်ခု ပေါ်ထွက်လာသည်။
ထိုဂူဝ၏ အရှေ့တွင် ဝတ်ရုံဖြူနှင့် လူငယ်သည် ခေါင်းတညိတ်ညိတ်နှင့် ကြည့်နေသည်ကိုတွေ့လိုက်ရ၏။
ကျန်းချီချီ “...”
“ရှင်ဘာလုပ်လိုက်တာလဲ..”
သူမသည် တုန်ယင်နေသည့် လေသံမေးခွန်းထုတ်လိုက်၏။
“ဂူအဝင်ဝကို ဖောက်ထုတ်ဖို့လိုတယ်ဆို..”
ဟွမ်းသည် ပြန်လည်မေးခွန်းထုတ်လိုသည့်လေသံနှင့် ဆိုလိုက်၏။
“ဒီလောက်ကျယ်တဲ့ အသံနှုန်းကို တောင်ကြားတစ်ခုလုံးက သားရဲတွေ မကြားနိုင်ဘူးထင်နေလား..”
ကျန်းချီချီသည် ဒေါသထွက်နေသည့် လေသံနှင် ပြောဆိုလိုက်၏။ ဟွမ်းကို မဆင်မခြင်လုပ်ဆောင်တက်သူဟု မထင်ထားခဲ့ချေ။ သူမသည် သတိပေးခဲ့ပါသော်လည်း မေ့လျော့နေသည့်အလားပင်။
ဖောက်ထုတ်ရမည်ဆိုသော်လည်း အသံတိတ်ဖောက်ထုတ်နိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။ သို့သော် ထိုသူသည် သူ့ကိုယ်သူ တင့်တယ်သည်ဟုထင်နေဟန်ရှိ၏။
သူမသည် ဒေါသထွက်လွန်း၍ ထရိုက်ချင်သည့်စိတ်ကို မြိုသိပ်ထားရသည်။ သူ၏ စီနီယာအစ်များဆိုလျှင် ပြာနှမ်းနေအောင်ရိုက်မိမှာ ကျိန်းသေပင်။
သူမ၏ စကား မဆုံးသေးခင် သားရဲများ၏ ဟိန်းဟောက်သံများ ပေါ်ထွက်လာသည်။
“ဝေါင်း..”