ကမ္ဘာမြေအမှတ်အသား
Vol. 151 Ch. 2153
နန်ဟိုင်ချန်းရွှယ်၏ လှပသော မျက်လုံးများက ရီဖူရှင်းထံ ကျရောက်သွားသည်။ ဤလူက လေးမျက်နှာကျေးရွာတွင် ကျော်ကြားမှုကို ရရှိခဲ့ပြီး ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၌လည်း လှိုင်းထန်အောင် ပြုလုပ်ခဲ့ကာ နယ်မြေတစ်ခုလုံး၌ ထင်ရှားလာခဲ့သည်။
နန်ဟိုင်မိသားစုသည် နောက်မျိုးဆက်များ၌ အထင်ကြီးလောက်ဖွယ် အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ထွက်ပေါ်လာသည်မှအပ ယခုအချိန်၌ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနှင့် ယှဥ်ပြိုင်ရန် မျှော်လင့်နိုင်သည့် အင်အားစုတစ်ခု မဟုတ်ပေ။ သို့ပေမယ့် သူမသည် ထိုအဆင့်ငါးရန်ဟောင်က သူမနှင့် ယှဥ်နိုင်မည်ဟု မထင်ရုံသာ ဖြစ်ပေသည်။
သို့သော် သူမသည် ရီဖူရှင်းဘေးရှိ ပုဂ္ဂိုလ်ထံမှ ခြိမ်းခြောက်မှုကို ခံစားမိပေသည်။ ထိုလူမှာ ဖန်းဟွမ် ဖြစ်သည်။ သူသည်လည်း လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက ရီဖူရှင်းဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သော်လည်း သူ့အနီးမှ ထွက်ပေါ်နေသော ဖိအားတစ်ခုကို ခံစားမိပေသည်။ အထူးသဖြင့် မုယွင်ရှုက ရီဖူရှင်းအား တိုက်ခိုက်ရန် မေးလိုက်သည့်အခါတွင် ဖြစ်သည်။ ထိုလူက သူ့မျက်လုံးများနှင့် သူမကို လှမ်းကြည့်လိုက်သည့်အခါ သူမက ချက်ချင်း သတိအနေအထား ဖြစ်သွားလေသည်။
သူမသည် ဖန်းဟွမ်က ယခင် ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၌ အဖမ်းခံခဲ့ရပြီး သူ၏ လွတ်လပ်မှုအတွက် နတ်ဘုရားနည်းစနစ်နှင့် အလဲအလှယ်လုပ်ရန် ဖိအားပေးခံခဲ့ရသူ ဖြစ်သည်။
ထိုလူသည် လေးမျက်နှာကျေးရွာမှ ထွက်လာခဲ့ပြီးနောက် အဆင့်မြင့်ကောင်းကင်ကိုးလွှာ၌ပင် သူ၏ အမည်က ကျော်ကြားခဲ့သည်။ မသိနိုင်သော အကြောင်းရင်းတချို့ကြောင့် သူက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနှင့် ထိပ်တိုက်တွေ့ခဲ့ကာ အကျဥ်းသား ဖြစ်သွားခဲ့ရသည်။ သို့သော် နှစ်ဖက်အဖွဲ့က ရန်သူများထက် မိတ်ဆွေများ ဖြစ်လာကြပြီး လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်က သူမ၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သူ ဖြစ်လာပေလိမ့်မည်။
"အစ်မကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။" အသံတစ်ခုကို ကြားလိုက်ရပြီး သူတို့နောက်မှ လူတစ်ယောက် လျှောက်လာနေသည်။ ၎င်းက လေးမျက်နှာကျေးရွာ၌ နေထိုင်ခဲ့သည့် နန်ဟိုင်ချင်း ဖြစ်လေသည်။ သူ လေးမျက်နှာကျေးရွာသို့ စတင်ဝင်ရောက်သောအခါက ငယ်ရွယ်မှု၏ မာန်မာနအပြည့်ပင် ဖြစ်သည်။ သူသည် မုယွင်မိသားစုက လေးမျက်နှာကျေးရွာကို သိမ်းပိုက်ရန် အကူအညီ ပေးပြီး နန်ဟိုင်မိသားစုအတွက် အထောက်အကူ ဖြစ်စေချင်ခဲ့သည်။ သို့သော် သူက မျက်မမြင်ထျယ်၏ စော်ကားမှုကို လူအများကြား၌ ခံခဲ့ရပေသည်။
ယခင်က သူသည် မျက်မမြင်ထျယ် ထိုနေရာ၌ ရှိနေသောကြောင့် သူ၏ တည်ရှိမှုကို သိသွားမည်အား အလွန် ရှက်ရွံ့မိ၍ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ယခု မုယွင်လန်က မျက်မမြင်ထျယ်အား ရင်ဆိုင်ရန် အလုပ်များနေသည့်အတွက် သူက ရီဖူရှင်းကို သူကိုယ်တိုင် ရင်ဆိုင်ရပေလိမ့်မည်။
နန်ဟိုင်ချင်းက ရှေ့ထွက်လာခဲ့ပြီး နန်ဟိုင်ချန်းရွှယ်က သူ့ကို မရပ်တန့်ခဲ့ပေ။ သူတို့၏ မျိုးဆက်တွင် သူမနှင့် နန်ဟိုင်ချင်းက အထူးချွန်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
ပြင်းထန်သော အရှိန်အဝါတစ်ခုက နန်ဟိုင်ချင်းထံမှ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ဤလေဟာနယ်၌ ကြောက်မက်ဖွယ် မမြင်ရသည့်လှိုင်းများနှင့် ပြည့်နှက်သွားကာ ရှားရှင်းယွန်နှင့် သိမ်းငှက်နက်လေးတို့အား နောက်သို့ ဆုတ်ခွာသွားစေသည်။ မဟာလမ်းစဥ် ဖိအားတစ်ခုတည်းနှင့်ပင် ခုခံရန် ခက်ခဲကြောင်း ခံစားမိပေသည်။
သူက ရှေ့သို့ ခြေလှမ်းကာ ရုတ်တရက် လေးလံ၍ ဖိနှိပ်နိုင်သော စွမ်းအားများက ရီဖူရှင်းနှင့် အခြားလူများကို ရိုက်ခတ်လာပေသည်။ သွမ့်ချုံးက တည်ငြိမ်စွာ ကျန်ရှိနေပြီး အရာအားလုံးကို တိတ်ဆိတ်စွာ စူးစမ်းလေ့လာနေသည်။ သူက နန်ဟိုင်ချင်းသည် နန်ဟိုင်မိသားစု၏ ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သိရှိပေသည်။
သို့သော် သူက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုနှင့် တိုက်ပွဲတွင် ရီဖူရှင်း၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ဖူးသည်။ သူသည် ရီဖူရှင်းနှင့် ယှဥ်ပြိုင်ရန်မှာ မည်သူ့အတွက်မဆို ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သိရှိထားသည့်အတွက် နန်ဟိုင်ချင်းက ရီဖူရှင်းအား အနိုင်မတိုက်နိုင်ကြောင်း သူ ယုံကြည်ချက် ရှိပေသည်။
နန်ဟိုင်ချန်းရွှယ်က ကိုယ်တိုင်ပါဝင်လာလျှင် အခွင့်အရေး ရှိနိုင်ပေသေးသည်။
ရီဖူရှင်း၏ အကြည့်များက နန်ဟိုင်ချင်းထံ ကျရောက်သွားပြီးနောက် အနောက်တွင် ရပ်နေသော မုယွင်ရှုအား အေးစက်သော မျက်လုံးနှင့် ကြည့်လိုက်သည်။ မုယွင်ရှုအပေါ် သူ၏ သည်းခံမှုက အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်၏။ မုယွင်ရှုနောက်၌ နန်ဟိုင်မိသားစု ရှိမနေခဲ့လျှင် ရီဖူရှင်းက ထိုလူငယ်အား သတ်ဖြတ်ပြီး ဖြစ်နေပေလိမ့်မည်။
သို့သော် သူက ယခု မသတ်နိုင်သေးလျှင်ပင် ရီဖူရှင်းက သူ့ကို မည်သည့်အခါမှ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
သူ့လက်များကို ဆန့်လိုက်လျှင် လှံတစ်လက်က သူ့လက်ထဲ၌ ထွက်ပေါ်လာသည်။ ချက်ချင်းပင် အလွန် ပြင်းထန်သော အရှိန်အဝါများနှင့် လွှမ်းမိုးနိုင်သည့် တိုက်ပွဲအရှိန်အဝါတို့ ထွက်ပေါ်လာပေသည်။ ရီဖူရှင်းကို နတ်အလင်းများဖြင့် ဝန်းရံထားပြီး မဟာလမ်းစဥ် အရှိန်အဝါများက အလွန် ပြင်းထန်လာပေသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ နတ်ဆိုးအရှိန်အဝါများ ကိန်းအောင်းနေသည့် ဥဒေါင်းနတ်အလင်းများက သူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ သူ၏ အရှိန်အဝါက အလွန် ထူးဆန်းကာ အန္တရာယ်များလာပြီး ထိုအန္တရာယ်ရှိသော မျက်လုံးများက မုယွင်ရှုအား အလွန် မသက်မသာ ခံစားလာရစေသည်။ အကြောက်တရား ခပ်ရေးရေးက သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာပြီး သူသည် ရီဖူရှင်း၏ သတ်ဖြတ်လိုသော ဆန္ဒက သူ့ကို ရည်ရွယ်နေသလို ခံစားမိပေသည်။
သူ၏ မျက်ခုံးများက တင်းကျပ်စွာ စုကျုံ့သွားပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသေးသော ရီဖူရှင်းအား အလွန် စူးရှသော အကြည့်များနှင့် ပြန်ကြည့်လိုက်သည်။
"ဟမ်" ထိုအခိုက်တွင် နန်ဟိုင်ချင်းက မျက်မှောင်ကြုတ်လိုက်၏။ ဥဒေါင်းနတ်ရောင်ဝါက အလွန် တောက်ပလှပြီး ကောင်းကင်သည် ချက်ချင်းပင် ၎င်း၏ အလင်းများနှင့် ပြည့်နှက်သွားလေသည်။ ပြင်းထန်ကာ အားကောင်းလှသည့် အသက်အရှိန်အဝါက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းထံမှ သူ့ကဲ့သို့ ချို့ယွင်းချက်ကင်း မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါးကဲ့သို့သော အရှိန်အဝါထက် မလျော့နည်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
သူတို့အနီးရှိ တန်ခိုးရှင်များသည် သူတို့၏ အာရုံကို ရီဖူရှင်းထံ ပို့လိုက်ပြီး သူ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါကို သူတို့အားလုံး ခံစားမိပေသည်။ လေးမျက်နှာကျေးရွာမှ ကျော်ကြားလာသော ဤတန်ခိုးရှင်က မည်မျှ အားကောင်းလိမ့်မည်နည်း။
ယနေ့ နန်ဟိုင်ချင်းနှင့် တိုက်ပွဲက သူ၏ စစ်မှန်သော စွမ်းအားကို ခိုင်မာစွာ သိရှိစေရန် လုံလောက်ပေလိမ့်မည်။
နန်ဟိုင်ချင်းသည် ရီဖူရှင်း၏ စွမ်းအားကို ရှင်းလင်းစွာ ခံစားမိလိုက်ပြီး ရီဖူရှင်းအပေါ် အထင်သေးစိတ် မထားရှိရဲတော့ပေ။ သူ့နောက်တွင် စတုရန်းပုံသဏ္ဌာန် ရှေးဟောင်းစည်းတံဆိပ် များက ဆက်လက် ပျံသန်းလာနေပြီး ၎င်းတို့ပေါ်၌ သင်္ကေတအက္ခရာများ ရေးထွင်းထားကာ တစ်ခုချင်းစီ၌ ကြောက်မက်ဖွယ်ပင် စွမ်းအားများ ပါဝင်နေပုံရပေသည်။
ရုတ်တရက် ရာချီ ထောင်ချီသော စတုရန်းပုံ ရှေးဟောင်းစည်းတံဆိပ်များက ပျံသန်းထွက်လာကာ ကောင်းကင်ကို ဖုံးလွှမ်း၍ နေကိုပင် ဖုံးကွယ်သွားလေသည်။
ဤရှေးဟောင်းစည်းတံဆိပ်အထက်တွင် နတ်အလင်းတန်းများက တစ်ချိန်တည်းတွင် ဖြန့်ကျက်လာပေသည်။ လေးလံကာ ခမ်းနားထည်ဝါသည့် စွမ်းအားများက ထွက်ပေါ်လာသည်။ ၎င်း၏ အရှိန်အဝါက တည်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးနိုင်ပြီး ၎င်း လမ်းကြောင်းအတွင်း ရှိနေသည့် အရာအားလုံးကို ဖြိုခွဲဖျက်ဆီးပစ်နိုင်ပေသည်။
ရီဖူရှင်းက ၎င်းကို မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှ တူညီစွာပင် ကြောက်မက်ဖွယ်ကောင်းသည့် နတ်အလင်းတို့ ထွက်ပေါ်လာပေသည်။ ဥဒေါင်းတောင်ပံ ဖြန့်ကျက်လာသည့်အခါ မိုးကြိုးလျှပ်စီးကဲ့သို့ ဖျက်ဆီးခြင်းနတ်အလင်းများက ရှေးဟောင်းစည်းတံဆိပ်များနှင့် ထိပ်တိုက်တွေဆုံကာ ပျက်စီးပြိုကွဲသွားစေခဲ့သည်။
"အဲဒါက မိစ္ဆာနတ်ဘုရားအလင်းလား။" တစ်စုံတစ်ယောက်က ထိတ်လန့်စွာ မေးလိုက်သည်။
"သူ တုန်းဟွာနယ်မြေမှာ ရှိတုန်းက နယ်မြေသခင်အိမ်တော်ရဲ့ ကျင့်ကြံခြင်းအခွင့်အလမ်းတွေကို လုယက်ခဲ့ပြီး ဥဒေါင်းမိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားကို ဆက်ခံခဲ့တယ်လို့ ကြားဖူးတယ်။ အခု သူ ထုတ်လွှတ်လိုက်တဲ့ မဟာလမ်းစဥ်နတ်အလင်းက နန်ဟိုင်ချင်း ထုတ်လွှတ်လိုက်တဲ့ ကမ္ဘာမြေအမှတ်အသားရဲ့ အလင်းနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ ဘယ်လို အားနည်းနေမှာ မဟုတ်ဘူး။" လူအများက အချင်းချင်း ဆွေးနွေးလာကြသည်။
ကမ္ဘာမြေအမှတ်အသားသည် နန်ဟိုင်မိသားစု၏ ထူးခြားသော စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။
သူတို့သည် တစ်ချိန်တစ်ခါက နန်ဟိုင်မိသားစု၏ ဘိုးဘေးရရှိခဲ့သော နတ်ရတနာမှတဆင့် ကမ္ဘာမြေအမှတ်အသားနှင့် နတ်ဘုရားလက်ကျင့်စဥ်ကို ရရှိခဲ့သည်ဟု ကောလာဟလရှိပေသည်။ ၎င်း၏ စွမ်းအားတစ်ခုချင်းစီကပင် အလွန် သာလွန် အစွမ်းထက်နေပြီး အတူတကွ ပေါင်းစပ်အသုံးပြုလိုက်ပါက အပြတ်အသတ် ပြိုင်ဘက်ကင်းပေသည်။ နန်ဟိုင်မိသားစုသည် ၎င်းတို့ကို အသုံးပြု၍ ထိုဒေသအား စိုးမိုးကာ ရှန်ချင်းနယ်မြေအတွင်း ထိပ်သီးအင်အားစုသုံးခုထဲမှ တစ်ခု ဖြစ်လာပေသည်။
ကမ္ဘာမြေအမှတ်အသားမှ ထုတ်လွှတ်နေသော နတ်အလင်းများက အဆက်မပြတ် ထွက်ပေါ်နေပြီး အဆုံးမရှိသလို ထင်မှတ်ရပေသည်။ မရေတွက်နိုင်သော နတ်ဘုရားစည်းတံဆိပ်များက လေဟာနယ်အတွင်း ပြေးလွှားနေပုံရကာ ရီဖူရှင်း ရှိနေသော နေရာတစ်ခွင်ကို ဖုံးလွှမ်း၍ ရီဖူရှင်းကို ပစ်မှတ်ထားလိုက်သည်။ ရီဖူရှင်းမှလွဲ၍ ကျန်သည့် တန်ခိုးရှင်အားလုံးသည် စွမ်းအားသက်ရောက်မှု ကာကွယ်ရန် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။
ဥဒေါင်း၏ နတ်တောင်ပံများက တုန်ခါလာပြီး နတ်အလင်းများ အရူးအမူး ထုတ်လွှတ်ကာ အဆက်မပြတ်ထွက်ပေါ်လာနေသော နတ်ဘုရားစည်းတံဆိပ် ပုံရိပ်ယောင်များထံ ပြေးဝင်သွားလေသည်။
နန်ဟိုင်ချင်း၏ လက်များက နောက်ထပ် ချိပ်စည်းတစ်ခုသဏ္ဌာန်ပုံဖော်လိုက်လျှင် ရုတ်တရက် သူ့နောက်၌ ထောင်ချီသော လက်အရိပ်များစွာ ထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ရာထောင်ချီသော ကမ္ဘာမြေအမှတ်အသားများ ပေါင်းစည်းလာကာ ထိုနေရာတစ်ခွင်လုံးတွင် လေးလံသည့် ပြိုင်ဘက်ကင်း စွမ်းအားများ ထုတ်လွှတ်ကာ လွှမ်းမိုးလာသည်။ ရီဖူရှင်းသည် ကောင်းကင်မှ သူ့ထံ ကျဆင်းလာသော လေးလံသည့် ဖိအားကို ခံစားမိပေသည်။
ဘုန်း...
ရီဖူရှင်းက ရုတ်တရက် ခြေလှမ်းလိုက်ကာ နန်ဟိုင်ချင်းကို တိုက်ခိုက်ရန် မစောင့်နိုင်တော့ပေ။ သူ့တစ်ကိုယ်လုံးက အလွန် လျင်မြန်လှစွာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့ကြားရှိ အကွာအဝေးကို လျစ်လျူရှုလိုက်သည်။ သူ၏ ခမ်းနားထည်ဝါလှသော တိုက်ခိုက်ရေးစွမ်းအားများနှင့် သူက လှံကို ရှေ့သို့ ထိုးဖောက်လိုက်သည်။ ချိပ်စည်းအားလုံးက ၎င်း၏ လမ်းကြောင်းအတွင်း ပြန့်ကျဲလာသည်။ ထောင်ချီသော လှံအရိပ်များက လေဟာနယ်အတွင်း အလင်းတန်းအဖြစ် ပေါ်ပေါက်လာသည်။
ဘုန်း...
နှိုင်းယှဥ်၍ မရနိုင်သော မဟာလမ်းစဥ် ဖိအားများက ထိုနေရာကို ဖျက်ဆီးပစ်ရန် ကြိုးစားလာသည်။ နန်ဟိုင်ချင်းက သူ၏ လက်ဝါးကို ရှေ့သို့ ရိုက်ချလိုက်ကာ ကောင်းကင်ကို ဖုံးလွှမ်းထားသော ကြီးမားသည့် လက်ဝါးရိပ်ကြီးအဖြစ် ပြောင်းလဲသွားပေသည်။ ထိုလက်ဝါးရိပ်ကြီးပေါ်တွင် တောက်ပသော အလင်းများ ထုတ်လွှတ်နေသည့် မဟာလမ်းစဥ် သင်္ကေတစာလုံးများ ရှိနေပြီး ကောင်းကင်အောက်မှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ၎င်းစွမ်းအားက အံ့သြထိတ်လန့်ဖွယ်ပင် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ လှံက ကျရောက်လာပြီး အဆုံးမဲ့ ကြီးမားလှသည့် လက်ဝါးရိပ်ကြီးကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း....
လှံရှည်မှ တောက်ပသော ပြိုင်ဘက်ကင်းအလင်းများ ထွက်ပေါ်လာပြီး လူအုပ်ကြီးသည် ရှေ့သို့ တိုးဝင်သွားသည့် နတ်အလင်းတန်းများက ကြီးမားသော လက်ဝါးရိပ်ကြီးထံ၌ အက်ကြောင်းများစွာ ပြည့်နှက်လာစေကြောင်း မြင်တွေ့လိုက်ရပေသည်။
သလင်းကဲ့သို့ ကြည်လင်သော ကွဲအက်သံများကို ကြားလိုက်ရပြီး သူတို့သည် ထိုအလင်းများက အက်ကြောင်းများထဲ တိုးဝင်သွားကာ ကြောက်မက်ဖွယ် ကြီးမားသည့် လက်ဝါးရိပ်ကြီးက ချက်ချင်း ကျိုးပဲ့ပျက်စီးသွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပေသည်။ ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ လေဟာနယ်က ပြိုကျပျက်စီးလာလေသည်။
လှံက အရှိန်နှင့် ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး နန်ဟိုင်ချင်းကို တည့်မတ်စွာ ထိုးဖောက်လာသည်။ နန်ဟိုင်ချင်း၏ နောက်မှ မရေတွက်နိုင်သော ရှေးဟောင်းစည်းတံဆိပ်များက သူ့ကို တားဆီးကာကွယ်ပေးထားသည့် ကြီးမားလှသော နတ်စည်းတံဆိပ်ကြီးတစ်ခုအဖြစ် စုဝေး ဖြစ်တည်လာလေသည်။ ကျယ်လောင်သော အသံနှင့်အတူ လှံက ၎င်းကို ပျက်စီးသွားစေရန် မစွမ်းဆောင်နိုင်ခဲ့သော်လည်း နန်ဟိုင်ချင်းအား လွင့်စင်သွားစေခဲ့သည်။
"ဘယ်လောက် အားကောင်းလိုက်သလဲ။" ငွေရောင်ဆံပင်က လေထဲမှာ ကခုန်နေသည့် နတ်ဆိုးဆန်ဆန် ချောမောသော လူငယ်လေးကို စောင့်ကြည့်နေကြသည့် လူတိုင်း၏ စိတ်ထဲ၌ တုန်ယင်လာပေသည်။ နန်ဟိုင်ချင်းက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခြောက်ရန်ဟောင်တစ်ပါးဖြစ်သော်လည်း လှံတစ်ချက်နှင့် ရှုံးနိမ့်သွားရလေသည်။ ထိုစွမ်းအားသည် ဖန်တီးထားသည့် အားလုံးသော စွမ်းအားများကို ချိုးဖျက်နိုင်စွမ်းရှိပြီး တိုက်ခိုက်မှုတစ်ချက်တည်း၌ အံ့သြဖွယ် ကောင်းလှသော စွမ်းအားတို့ ပါဝင်နေသည်။
ဘုန်း...
ဥဒေါင်း၏ အလွန် တောက်ပလင်းလက်သော နတ်အလင်းများ ပေါက်ကွဲထွက်လာသည်။ ရီဖူရှင်းက လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးအလင်းများနှင့် လွှမ်းခြုံခံထားရပေသည်။ သူ့ထံမှ ပေါက်ကွဲထွက်လာသော နတ်အလင်းများက လေဟာနယ်ကို ထိုးဖောက်နိုင်စွမ်း ရှိပေသည်။ သူက မုယွင်ရှုကို ကြည့်လိုက်ပြီး အလွန် လျင်မြန်လှသော အရှိန်နှင့် ရှေ့သို့ ဆက်လက်သွားနေခဲ့သည်။
ထိုအချိန်တွင် ပုံရိပ််တစ်ခုက လေဟာနယ်သို့ ခြေလှမ်းလာ၏။ ဤပုံရိပ်က နတ်မိမယ်တစ်ဦးကဲ့သို့ နှိုင်းယှဥ်မရအောင် ကျက်သရေရှိလှပေသည်။ သူမက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ နန်ဟိုင်ချင်း တိုက်ခိုက်ခံရသည့်အခါ ရုတ်တရက် သူနှင့် ဆင်တူသော လူတစ်ယောက်က မြင်ကွင်းတွင် ပေါ်ပေါက်လာခဲ့သည်။ အဆုံးမဲ့ချိပ်စည်းက လေထဲတွင် ပေါ်ပေါက်လာပြီး ရီဖူရှင်းရှိနေသည့် လေဟာနယ်ကို ဖျက်ဆီးကာ သူ့ကို အကျဥ်းချထားလိုက်သည်။
ရီဖူရှင်းက ၎င်းကို သတိမထားမိသကဲ့သို့ ရှေ့သို့ လျင်မြန်လှသော အရှိန်နှင့် ရွေ့လျားနေခဲ့သည်။ နန်ဟိုင်ချန်းရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ချိပ်စည်းများက ကြောက်မက်ဖွယ် အရှိန်နှင့် စုစည်းလိုက်ကာ ရုတ်တရက် အဆုံးမဲ့ ကြီးမားလှသော ကမ္ဘာမြေအမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
နတ်ဘုရားချိပ်စည်းမှ ထွက်ပေါ်လာသော ဖိနှိပ်နိုင်သည့် စွမ်းအားက ရီဖူရှင်း၏ အရှိန်ကို နှေးကွေးသွားစေသည်။ ရီဖူရှင်းက လှံနှင့် ကြီးမားသော မြေကမ္ဘာအမှတ်အသားအား ထိုးစိုက်လိုက်သည်နှင့် ထိုသင်္ကေတအက္ခရာများက တစ်ချိန်တည်းတွင် တောက်ပလာသည်။ ဤတစ်ကြိမ်၌ သူက မချိုးဖျက်နိုင်ဘဲ သူ့ရှေ့မှ အမှတ်အသားက ဖျက်ဆီး၍ မရနိုင်သလို ထင်မှတ်ရပေသည်။
ဘုန်း... နတ်အလင်းက ကမ္ဘာမြေအမှတ်အသားပေါ် တောက်ပလာပြီး ၎င်းက ကြီးမားလှသော အရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းထံ တိုးဝင်သွားပေသည်။ ရုတ်တရက် ရီဖူရှင်းသည် သူ၏ လက်ထဲမှ လှံက ပြင်းထန်စွာ တုန်ခါလာသလို ခံစားမိပေသည်။ ၎င်းက ထူးခြားလှသော နတ်ရတနာတစ်ခုသာ မဟုတ်လျှင် ကွဲကြေသွားမည်မှာ ကြာလှပြီ ဖြစ်သည်။
ဘုန်း...
ရီဖူရှင်း၏ ခန္ဓာကိုယ်က ကျယ်လောင်သောအသံနှင့်အတူ အဝေးသို့ ပြန်ဆုတ်သွားခဲ့ရပြီး သူက လေထဲ၌ မျောလွင့်နေကာ သူ့မျက်လုံးများက အရှေ့ရှိ နတ်ဘုရားချိပ်စည်းပေါ်တွင် ကျရောက်နေပေသည်။
"ကျုပ် သူနဲ့ ရင်ဆိုင်လိုက်မယ်။" အသံတစ်ခုကို ကြားလိုက်ရသည်။ ဖန်းဟွမ်က ရီဖူရှင်းကို ဖြတ်ကျော်သွားကာ သူနှင့် အဆင့်ချင်းတူသော ချို့ယွင်းချက်ကင်း မဟာလမ်းစဥ် အဆင့်ခုနစ်မှ ရန်ဟောင်တစ်ပါးဖြစ်သော နန်ဟိုင်ချန်းရွှယ်ထံ ဦးတည်လိုက်သည်။ သူမအတွက် အဆင့်ငါးသာ ရှိသေးသည့် ရီဖူရှင်းကဲ့သို့ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ရန်မှာ မမျှတပေ။
***