ခေါင်းတစ်လုံးတည်းသာ
Vol. 22 Ch. 296
ဆရာ ကျူး ရုတ်တရက် သေဆုံးသွားခဲ့တယ်။
ဒါဟာ သေဆုံးမှုပုံစံအနေနဲ့တော့ သိပ်ရှားပါးတဲ့ ပုံစံ မဟုတ်ပေမယ့်၊ ဆရာ ကျူး သေပြီးတဲ့နောက် သူ့ဖုန်းထဲကနေ ဒီလိုဓာတ်ပုံတစ်ပုံကို တွေ့လိုက်တဲ့ အခါမှာတော့ သေဆုံးမှုဖြစ်စဉ်တစ်ခုလုံးက ရှုပ်ထွေးလာခဲ့တော့တယ်။
"အဲ့ဓာတ်ပုံမှာ အချိန်အမှတ်အသား ပါရဲ့လား"
"ပါတယ်၊သူသေဆုံးတဲ့ညက ရိုက်ထားတာပါ"
"ဒီခေတ်ဖုန်းတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေက အလိုအလျောက် အချိန်နဲ့ ခွဲခြားထားတော့၊ လွယ်လွယ်ပြန်ရှာလို့ရတယ်"
"ပြီးတော့ ဆရာကျူး က နှလုံးရောဂါ အခံရှိတယ်"
"အကယ်၍ သူသာ အလန့်တကြား ဖြစ်သွားခဲ့ရင် သေဆုံးနိုင်ခြေ တကယ်ရှိတယ်"
"သာမန်လူဆိုရင်တောင်မှ ထပ်ကာထပ်ကာ အလန့်တကြား ဖြစ်နေရတာကို ဘယ်လိုခံနိုင်ရည် ရှိမှာလဲ"
ဒီစကားတွေကိုပြောတဲ့အခါ ဆရာမ နင်း ရဲ့ အသံကပါ တဖြည်းဖြည်း အားငယ်သလို၊ ပင်ပန်းသလိုမျိုး ရှိလာခဲ့တယ်။
"ဆရာ သေဆုံးပြီးတဲ့နောက် အဲ့ဒီ ဓာတ်ပုံကလွဲရင် တစ်ခြားဘာမျှ အကြွင်းအကျန်မရှိဘူးလား"
"ဒါကိုတော့ ကျွန်မ မသိဘူး၊ ရှိခဲ့တယ် ဆိုရင်တောင် ဆရာကျူးရဲ့ သားက ယူသွားပြီ။ ကျောင်းက သူ့ပစ္စည်းတွေကို သိမ်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"ဒါဆို အဲ့ဒီအချိန်တုန်းက ဆရာနဲ့ အရင်းနီးဆုံးလူက ဘယ်သူလဲ"
"ဆရာ ကျိုး နဲ့အရင်းနှီးဆုံးလူဆိုတော့ ဆရာမ ဟွမ် ပဲဖြစ်မယ်၊ ဆရာမ ဟွမ် ကလည်း ကျောင်းက ဆရာအဟောင်းတစ်ယောက်ပဲ"
"ဒါပေမယ့်ဆရာမ ဟွမ် က အမျိုးသမီး ဖြစ်နေတော့၊ သူတို့ဆက်ဆံရေးက တစ်ချိန်လုံး...အင်း...နဲနဲတော့ မရှင်းဘူးပေါ့"
"ဆရာကျူး က မုဆိုးဖိုဖြစ်နေတာ၊ ဆရာမ ဟွမ် ကလည်း မုဆိုးမ ဖြစ်နေတာ နှစ်ချီပြီး ရှိနေပြီ"
"လူတိုင်း သိနေကြတဲ့ကိစ္စပဲ၊ ဒါပေမယ့် တစ်ခါမှ လူသိရှင်ကြား မလုပ်ခဲ့ဘူး"
"ဆရာကျူး သေဆုံးပြီးတဲ့နောက် ဆရာမ ဟွမ် ရဲ့တုံ့ပြန်မှုက ဘယ်လိုမျိုးလဲ? ဒါမှမဟုတ် နံရံပေါ်ကခေါင်းတွေထဲမှာ ဆရာ ကျူးရဲ့ ခေါင်းကလွဲရင် ကျန်တဲ့သူတွေကို မှတ်မိသေးလား" ကျန်းရီ က မေးလိုက်တယ်။
ဆရာမ နင်း က သက်ပြင်းချလိုက်တယ် "တကယ်ကို မသိဘူး၊ သတင်းထဲက ထန်းလိုင်ရဲ့ လူတွေလည်း မဟုတ်ဘူး"
"ထန်းလိုင် လူတွေရဲ့ဓာတ်ပုံတွေက သတင်းထဲမှာပါတယ်၊ ထန်းလိုင်ရဲ့ လူတွေ ဆိုရင် ကျွန်မသိမှာပဲ"
ဆရာမ ဟွမ်ကတော့ အရမ်းကို ဝမ်းနည်းနေခဲ့မှာပဲ
"ဟမ်? ဒါနဲနဲတော့ မကိုက်ဘူး၊ ဆရာကျူးနဲ့ ဆရာမ ဟွမ် တို့ဆက်ဆံရေးက အရမ်း ကောင်းတယ်ဆိုရင်၊ ဆရာကျူး သေတဲ့အချိန်မှာ ဆရာမ ဟွမ် က အဲ့ဒီမှာရှိနေသင့်တာပဲ"
"ဆရာမ ဟွမ် က အရမ်း ကြောက်တတ်တဲ့သူ၊ သူအဖြစ်အပျက် ဖြစ်တဲ့နေရာကို ရောက်လာခဲ့တယ်၊ ဒါပေမယ့် တစ်ချက်ကြည့်ပြီးတာနဲ့ ပြေးထွက်သွားတယ်"
"ပြေးထွက်သွားတယ်?"
"ဟုတ်တယ်"
"ပြေးထွက်သွားတော့ ဘာများပြောသွားခဲ့သေးလဲ"
"ဘာမှမပြောဘူး၊ သူ့မျက်နှာက တဒင်္ဂမှာပဲ ဖြူရော်သွားတာကိုပဲ တွေ့လိုက်ရတယ်"
"ကျွန်မက အဲ့ဒီချိန်တုန်းက သူ့ဘေးနားမှာ ရှိနေလို့ သေချာသိတာ"
"မဟုတ်ဘူး..."
"ဒါဆိုရင်ဆရာမ ဟွမ် ရဲ့တုံ့ပြန်မှုက နဲနဲတော့ ပုံမှန်မဟုတ်ဘူးနော်"
"ဆရာ ကျိုး နဲ့ သိပ်ရင်းနှီးတဲ့ သူဆိုရင် အဲ့လောက်ကြောက်ရမှာလား၊ အဲ့ဒီ အချိန်တုန်းက သူက ဝမ်းနည်းတာထက် ကြောက်ရွံ့တာက ပိုများနေသလိုပဲ"
"ဆရာကျူး က ရုတ်တရက်သေဆုံးသွားတာ"
"သူမရဲ့ အမူအရာက ဆရာ ကျူး မှာ တစ်ခုခုဖြစ်သွားသလိုမျိုးပဲ"
ဆရာမ နင်း ရဲ့အတွေးက ကြိုတင် ယူဆချက်ကြောင့်လား၊ ဒါမှမဟုတ် တကယ်ကို သံသယရှိနေလို့လား မသိ၊ ဒါပေမယ့် သူ အခုပြောနေတဲ့စကားတွေက မှားနေတယ် လို့တော့ မထင်ရဘူး။
ဒါကိုစဉ်းစားမိတော့ ကျန်းရီ က ဆရာမ နင်း ကို "ဆရာမ ဟွမ် ကို ဖုန်းဆက်ပြီး မေးကြည့်ရင်ရော" လို့ပြောလိုက်တယ်။
"ဟုတ်ကဲ့၊ သူ့ဖုန်းနံပါတ်ရှိတယ်"
"ဒါပေမယ့်ဆရာမ ဟွမ် က ရွှေ့ပြောင်းသွားပြီ"
"တကယ်လည်း ထူးဆန်းတယ်"
"လွန်ခဲ့တဲ့နှစ် ဆရာ ကျူး သေဆုံးပြီး မကြာခင်မှာပဲဆရာမ ဟွမ် က အိမ်မှာ ခွင့်ရှည်ယူပြီး အနားယူခဲ့တယ်"
"ကျောင်းကိုမလာတော့ဘူး"
"အဲ့ဒီချိန်တုန်းက ကျွန်မက ကျောင်းကို အသစ်ရောက်လာတာဆိုတော့၊ လူတိုင်းနဲ့ မရင်းနှီးသေးတော့ ဆရာမ ဟွမ် ဘာဖြစ်သွားလဲဆိုတာ မမေးရဲခဲ့ဘူး
ဖြစ်နိုင်တာက ဆရာမ ဟွမ်က တကယ်ပဲ..."
"ဆရာမ ဟွမ်ကို အရင်ဆုံး ဖုန်းဆက်ကြည့်ရအောင်၊ ဖုန်းဆက်ပြီးရင် သိလာလိမ့်မယ်"
ဆရာမ နင်း က ဒီစကားကိုကြားတော့ သဘောတူလိုက်တယ်၊ သူမမှာ ဖုန်းနှစ်လုံးရှိတော့ နောက်ဖုန်းတစ်လုံးနဲ့ ဆရာမ ဟွမ် ကို ဆက်လိုက်တယ်။
ဖုန်းက ခဏလောက် မြည်ပြီး တစ်ယောက်ယောက်က ဖုန်းကိုင်လိုက်တယ်။
"ဟယ်လို၊ ဘယ်သူပါလဲ"
"ဟယ်လို၊ ကျွန်မနာမည်က နင်းန ပါ၊ တျုင်ဝမ်ကျောင်းက ဆရာမပါ၊ ဆရာမ ဟွမ် ကို ရှာတာပါ၊ သူမက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ပါ"
"အိုး၊ ကျွန်တော့်အမေ့ကိုရှာတာလား? ဒါပေမယ့် ကျွန်တော့်အမေကတော့ ဖုန်းကို မဖြေနိုင်တော့ဘူး၊ မနှစ်ကပဲ အပြင်းအထန်ဖျားနာခဲ့တာ၊ အခု လေဖြတ်နေပြီ"
ဖုန်းရဲ့အခြားဘက်ခြမ်းက အသံကြားတော့ ဆရာမနင်း ရဲ့မျက်နှာက ရုတ်တရက် ပြောင်းသွားခဲ့တယ်။
"ဆရာမ ဟွမ် လေဖြတ်သွားတယ်? မနှစ်က တော်လှန်ရေးနေ့ ကျောင်းပိတ်ရက်ပြီးတဲ့ နောက်ပိုင်းလား"
"အဲ့ဒီအချိန်လောက်ပါပဲ၊ ကျွန်တော့်အမေနဲ့ ဘာကိစ္စရှိလို့လဲ"
ဆရာမ နင်း က အဲ့ဒီအချိန်မှာနဲနဲတော့ နည်းနည်း တွန့်ဆုတ်နေမိတယ်၊ ဒါပေမယ့် အခြားဖုန်းဘက်ကနေ ကျန်းရီ က ဆက်ပြောဖို့ ပြောလိုက်တယ်။
"ဒီလိုပါ၊ ကျွန်မ တိုင်ဝမ် ကျောင်းမှာ ကိစ္စတစ်ခုနဲ့ ကြုံတွေ့နေရတယ်၊ ဆရာကျူး ကို သိမှာပဲနော်၊ ကျွန်မကြုံတွေ့နေရတဲ့အရာက ဆရာကျူး တုန်းကကြုံတွေ့ခဲ့ရတာနဲ့ သိပ်မကွာဘူးထင်တယ်"
"ဆရာမ ဟွမ် သိမှာပဲလို့ ထင်လို့ပါ၊ ဒါကြောင့် ကျေးဇူးပြုပြီး စဉ်းစားပေးပါ၊ ဆရာမ ဟွမ် လေမဖြတ်ခင်မှာ တစ်ခုခု ပြောခဲ့သေးလားဆိုတာ"
ဖုန်းတစ်ဘက်ခြမ်းက ခဏလောက် တိတ်ဆိတ်သွားတယ်၊ ခဏလောက် ကြာပြီးတဲ့နောက် ဆရာမ နင်း က ထပ်မေးတော့မှ ဆရာမ ဟွမ် ရဲ့သားက ဖြည်းဖြည်းချင်း ပြောလာခဲ့တယ်- "အင်း...ဒါဆို ဦးလေးကျိုး တုန်းကလိုမျိုး ခင်ဗျားလည်းကြုံတွေ့နေရတာပဲ၊ ဒါပေမယ့် ကျွန်တော့်အမေက ဘာမှ မပြောခဲ့ဘူး၊ ဒါပေမယ့် ဦးလေး ကျူး အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်အမေမှာ တစ်ခုခုဖြစ်လာတယ်"
"အိုး?ဘာဖြစ်လာတာလဲ"
"ကျွန်တော့်အမေက အသက်ငါးဆယ် ရှိပြီဆိုပေမယ့်၊ ဆရာမ လုပ်တာကြောင့် ပင်ပင်ပန်းပန်းလည်း မလုပ်ရဘူး၊ မိသားစုအခြေအနေကလည်း သိပ်မဆိုးတော့၊ အမြဲတမ်းအလှပြင်ဆင်တာတွေ ကြိုက်တယ်"
"အသက်ကြီးလာတော့လည်း အလှတွေ ပြင်ဆင်ရတာ ကြိုက်တုန်းပဲ"
"ဒါပေမယ့် ကျွန်တော့်အမေက အဝတ်အစား၊ ဖိနပ်၊ လက်ဝတ်ရတနာလိုမျိုး ဟာတွေမှာပဲ အလှဆင်တာကို ကြိုက်တယ်"
"ဆရာမ နင်း နဲ့ ကျွန်တော့်အမေက တစ်ချိန်တုန်းက အတူတူဆိုတော့ ကျွန်တော့်အမေရဲ့ အသားအရေက အရမ်းဖြူတယ်ဆိုတာ သိမှာပဲနော်”
"ဟုတ်တယ်၊ ဆရာမ ဟွမ် က အသက်ကြီးပြီ ဆိုပေမယ့် တကယ်ဖြူတယ်"
"ဦးလေးကျူး အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်အမေက ကျောင်းကိုသိပ်မသွားတော့ဘူး၊ နောက်ဆုံးအနေနဲ့ အိမ်မှာပဲ အနားယူခဲ့တယ်"
"သူတို့ဆက်ဆံရေးကိုလည်း ကျွန်တော် သိတယ်၊ အရင်တုန်းကလည်း အမေကို ပြောဖူးတယ်၊ ဒါပေမယ့် ကျွန်တော့်အမေက ရှက်ပြီးလက်မခံခဲ့ဘူး၊ သူ့ဘာသာသူ ပြောလာမှာကို စောင့်နေလိုက်တယ်"
"ဒါပေမယ့်ဦးလေး ကျူး အဲ့လိုဖြစ်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ကျွန်တော့်အမေက အိမ်ပြန်ရောက်တဲ့အချိန်ကစပြီး အပြင်ကို မထွက်ဘူးဆိုတော့ ကျွန်တော် သိပ်စိတ်မကောင်းဖြစ်ရတယ်"
"အလုပ်သွားတဲ့အခါတိုင်း စိတ်ပူတော့ ပြန်လာပြီး စစ်ဆေးလေ့ရှိတယ် "
"တစ်နေ့တော့ အလုပ်က အချိန်ပိုလုပ်ရတယ်၊ ကျွန်တော့်ဇနီးက ဖုန်းဆက်ပြီး ကျွန်တော့်အမေက ထူးဆန်းနေတယ် လို့ပြောတယ်"
"ကျွန်တော် ချက်ချင်းပဲ အိမ်ပြန်လာတယ်၊ ကျွန်တော့်ဇနီးက ပြတင်းပေါက်နားမှာ ရပ်နေတယ်"
"ကျွန်တော်တို့ ကျွန်တော့်အမေကို မှန်ရှေ့မှာထိုင်ပြီး အလှပြင်နေတာကို တွေ့လိုက်ရတယ်"
"သူမက မိတ်ကပ်လိမ်းတာကို သိပ်မကြိုက်ပေမယ့်၊ အဲ့ညမှာတော့ မိတ်ကပ်တွေ လိမ်းထားတယ်၊ ဒါပေမယ့် ရိုးရိုးလေးပဲဆိုရင်တော့ ဘာမှမဖြစ်ပါဘူး"
"အထူးဆန်းဆုံးကတော့ သူနှုတ်ခမ်းကို ဆိုးထားတာပဲ"
"သူက နှုတ်ခမ်းနီကို သုံးပြီးသူ့လည်ပင်းမှာ သွေးနီရောင် အစင်းကြောင်းတစ်ခု ဆွဲထားတယ်"
"ပြီးတော့ မှန်ထဲက သူ့ကိုယ်သူကြည့်ပြီး ပြုံးနေတယ်"
"ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အလန့်တကြား ဖြစ်သွားခဲ့တယ်၊ ကျွန်တော့်အမေက စိတ်ထိခိုက်သွားတယ်လို့ ထင်ပြီး ကျွန်တော်တို့ အထဲကို အတင်းဝင်ကြည့်လိုက်တယ်၊ ဒါပေမယ့် ဝင်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမေက မှန်ကိုကြည့်နေတုန်းပဲ၊ ဒါပေမယ့် မှန်ထဲမှာ သူ့ခေါင်းပဲရှိနေတယ်..."
"ဘာပြောတာလဲ? မှန်ထဲမှာ သူ့ခေါင်းပဲ ရှိနေတယ်?"
"ဟုတ်တယ်! ခေါင်းပဲရှိတယ်၊ လည်ပင်းက နှုတ်ခမ်းနီနဲ့ ဆွဲထားတဲ့နေရာကနေ အောက်ဘက်အပိုင်းတွေအားလုံး မှန်ထဲမှာ ပျောက်နေတယ်! ခေါင်းတစ်ခုတည်းပဲ၊ မှန်ထဲမှာ ရှေ့နောက်ယိမ်းနွဲ့နေတယ်!"