← Chapters

အပိုင်းပိုင်း ခုတ်ထစ်ခံရသော လူသတ်မှု (4)

Vol. 22 Ch. 211

အပိုင်းပိုင်း ခုတ်ထစ်ခံရသော လူသတ်မှု (4)

Vol. 22 Ch. 211

အသတ်ခံရသည့်မိန်းကလေးနှင့် လူသတ်သမားတို့သည်က ကုမ္ပဏီတွင် အထက်လူကြီးနှင့် ဝန်ထမ်းဖြစ်သည်။ တစ်ဦးက ဌာနခွဲမှူးဖြစ်၍ ကျန်တစ်ဦးသည် ထိုဌာနတွင် စာရေးမဖြစ်ပေသည်။

ဘွဲ့ရပြီးကာစ မိန်းကလေးမှာ ဌာနတွင် စတင် အလုပ်ဝင်ချိန်မှစ၍ သူမ၏ လူအများကြား ဝင်မဆံ့သည့် အကျင့်စရိုက်ကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေခဲ့ပေ။

ထိုအချိန်တွင် သူမ၏ ငယ်ရွယ်သော၊ အားကိုးရသော၊ ဖြောင့်မတ်သော အထက်အရာရှိသည်က သူမအပေါ် စိုးရိမ်ပေးတတ်ပြီး အကူအညီများလည်း ပေးခဲ့သည်။

ငယ်စဉ်ကလေးဘဝတည်းက အချစ်ငတ်နေခဲ့သော မိန်းမငယ်လေးသည်လည်း နူးညံ့ကာ ရင့်ကျက်သည့် အထက်အရာရှိအား ချစ်ကျွမ်းဝင်သွားခဲ့ပြီး နှစ်ဦးသား ရုံးတွင် တိတ်တဆိတ် တွဲခဲ့ကြသည်။

အထက်အရာရှိသည်က သူတို့၏ အချစ်ရေးအား ကုမ္ပဏီတွင် ဖုံးကွယ်ထားခဲ့သည်။ အကြောင်းရင်းမှာ ဌာနတစ်ခုတည်းမှ အထက်လူကြီးနှင့် ဝန်ထမ်းတို့ ချစ်သူဖြစ်နေခြင်းသည် အများအမြင်တွင် မသင့်တော်ဘဲ ရှုံ့ချဖွယ်ဖြစ်ပြီး ကုမ္ပဏီ၏ စည်းမျဉ်းများနှင့်လည်း မကိုက်ညီသောကြောင့်ပင်။

ထို့ကြောင့် ဌာနတစ်ခုတည်းမှ လုပ်ဖော်ကိုင်ဖက်များပင် သူတို့၏ အချစ်ရေးအား မသိရှိခဲ့ကြပေ။

ထိုအချစ်ရေးသည်က နှစ်ဝက်ခန့်ကြာမြင့်ခဲ့ပြီးနောက် သူဌေးဖြစ်သူမှာ အိမ်ထောင်ရှိသူတစ်ဦးဖြစ်ကြောင်း နစ်နာသူမိန်းကလေး မထင်မှတ်ပဲ သိရှိသွားခဲ့သည်။ သူဌေးဖြစ်သူ၏ အိမ်ထောင်သက်သည်က သုံးနှစ်ပင်ရှိနေခဲ့ပြီဖြစ်သည်။

ထိုအကြောင်းကို သိရှိလိုက်ရသည့် နစ်နာသူမှာ ဝမ်းနည်းဒေါသထွက်လွန်း၍ ချစ်သူထံသို့ အပြေးသွားကာ ရှင်းပြချက် တောင်းခဲ့သည်။

သို့သော် ချစ်သူဖြစ်သူ၏ ဖြေရှင်းချက်မှာ သူနှင့် ဇနီးသည်တို့သည် မိဘသဘောတူ၍ လက်ထပ်ခဲ့ရကြောင်း၊ အချစ်မပါသည့် အိမ်ထောင်ရေးသာဖြစ်ကြောင်း.. နစ်နာသူမိန်းကလေးသာလျှင် သူ၏ အချစ်စစ်ဖြစ်ကြောင်းဆိုသော ဓားသွားထက်မှ ပျားရည်စက်များပင်..

ထိုအချိန်တွင် သူ၏ ဇနီးသည်တွင် ကိုယ်ဝန် ၅လကျော်နေပြီဖြစ်သည်။

ထိုသူက သေဆုံးသူမိန်းကလေးအား သူ၏ မိဘများနှင့် ဇနီးသည်၏ ကိုယ်ဝန်တို့ကြောင့် ဇနီးသည်အား မကွာရှင်းနိုင်ကြောင်း ပြောဆိုခဲ့သည်။

သူ၏ ဆန္ဒမှာ နှစ်ဦးသဘောတူ အသာတကြည် လမ်းခွဲရန်သာဖြစ်သည်။

သို့သော် စိတ်ထိခိုက်နေသည့် မိန်းကလေးသည်က အလိမ်ခံလိုက်ရကြောင်း သဘောပေါက်ခဲ့သည်။

ထိုသို့ အလိမ်ခံခဲ့ရသော်ငြား သူမ၏ နောက်ဆုံးရွေးချယ်မှုသည် လမ်းမခွဲပေးနိုင်ကြောင်းသာ ဖြစ်နေခဲ့၏။

သူမသည်ကား ဤအချစ်ရေးအား စွဲလမ်းနေပြီး လမ်းခွဲမည့်ကိစ္စအား လက်မခံခဲ့ပေ။

သူမက အထက်လူကြီးဖြစ်သူကိုသာ ဇနီးသည်ဖြင့် ကွာရှင်းခိုင်းခဲ့သည်။

‘ရှင်ပဲပြောတော့ သူ့ကို မချစ်ဘူးဆို? ရှင် တကယ်ချစ်တာက ကျွန်မတစ်ယောက်တည်းပဲဆို? ဘာကိစ္စ မကွာရှင်းနိုင်ရတာလဲ?’

မိန်းမငယ်လေးက မျက်နှာကို အုပ်ကာ ငိုကြွေးအော်ဟစ်လိုက်သည်။

ဖောက်ပြန်သည့်အမျိုးသားသည်ကား အင်မတန်စိတ်ရှုပ်နေပြီဖြစ်သော်လည်း မချိပြုံးဖြင့် ထိန်းထားခဲ့သည်။

‘ဒါဆိုရင် မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ? မိန်းမက ကိုယ်ဝန် ငါးလတောင် ရှိနေပြီလေ’

‘သူ့ကို ကလေးလည်း ဖျက်ချခိုင်းလို့ မရဘူး၊ ငါ့ကို ကုမ္ပဏီထဲမှာ တရားစွဲမယ်ေိုရင်ရော၊ ငါ့ရဲ့ အလုပ်ပါ ပြုတ်သွားမှာပေါ့၊ ငါ ဒီနေရာကို ရောက်ဖို့ အချိန်တွေရော၊ လုပ်အားတွေရော အများကြီး ရင်းထားခဲ့ရတာ၊ မင်းက ငါ့ကို ဘာမှမရှိတော့မှာကို မြင်ချင်နေတာလား?’

‘ဒါက ငါတို့အားလုံးရဲ့ အနာဂတ်အတွက်ပဲလေ၊ ဖိအားမပေးပါနဲ့ကွာ ဟုတ်ပြီလား?’

ရှိုက်ကြီးတငင်ငိုကြွေးနေသည့် မိန်းမငယ်လည်း အနည်းငယ်တိတ်သွားခဲ့သည်။

‘ရှင်က အခုထိ ကျွန်မကို လိမ်နေတုန်းပဲ’

‘ကျွန်မလည်း သူများတွေရဲ့ အိမ်ထောင်ရေးကို မဖျက်ဆီးချင်ပါဘူး၊ ဒါပေမယ့် ရှင်က အရင် ကျွန်မကို လာပြီး ဖျားယောင်းခဲ့တာလေ၊

ကျွန်မက ပုံမှန်အတိုင်း ချစ်သူထားခဲ့တာပဲ၊ ဘာလို့ ကျွန်မက လမ်းခွဲပေးရမှာလဲ? ရှင် သူ့ကို မကွာရှင်းဘူးဆိုရင် ကျွန်မ ရှင့်ကို အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမှုနဲ့ တရားစွဲမယ်၊

မိန်းမ ရှိတာကို ဖုံးကွယ်ထားပြီး ကျွန်မကို လိမ်ခဲ့လို့ ရှင့်ကို ကျွန်မ တရားစွဲမယ်!’

‘မင်း!!’

တရားခံ၏ မျက်လုံးများမှ မီးပွင့်တော့မတတ် သူမအား အကြာကြီး စိုက်ကြည့်နေခဲ့ပြီးနောက် နှုတ်ခမ်းများကို တင်းတင်းစေ့ထားရင်း အံကြိတ်ကာ ထွက်သွားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် မိန်းမငယ်အား သီးသန့်စကားပြောချင်သည်ဟုဆိုကာ အပြင်တွင် ချိန်းဆိုလိုက်သည်။

Chat မှတ်တမ်းတွင်တော့ သူသည်ကား သူ၏မိန်းမဖြစ်သူနှင့် ကွာရှင်းကာ ချစ်သူဖြစ်သူနှင့် ပေါင်းသင်းမည်ဟု သဘောတူခဲ့သည်။

အပျော်လွန်နေသော မိန်းမငယ်လေးသည်ကား ငါးစာကိုသာ မြင်ခဲ့ပြီး အနောက်တွင်ရှိသည့် ချွန်ထက်ကာ သူမ၏ အသက်အား နှုတ်ယူမည့် ငါးမျှားချိတ်၏ အန္တရာယ်ကိုတော့ မမြင်တွေ့ခဲ့ပေ။

သူမသည်က ပြင်ဆင်မှုမရှိဘဲ ချစ်သူနှင့် သွားရောက်တွေ့ဆုံခဲ့ကာ နှစ်ဦးသား သာယာကြည်နူးဖွယ်ကောင်းသည့် နေ့တစ်နေ့ ဖြတ်သန်းခဲ့ကြသည်။

ညစာစားပြီးချိန်တွင် သူမ အိပ်ပျော်သွားခဲ့သည်။ နိုးထလာချိန်တော့ သူမသည်ကား မှောင်မည်းကာ စွန့်ပစ်ခံထားရသည့် ဆေးကျောင်းကြီးထဲတွင် ကြိုးတုပ်ဖမ်းဆီးခံထားခဲ့ရသည်။

တရားခံဖြစ်သူမှ ဇနီးသည်အား ကွာရှင်းကာ ချစ်သူနှင့် အတူနေမည်ဟု ပြောဆိုခဲ့ခြင်းသည် ဟန်ဆောင်အလိမ်အညာများသာ ဖြစ်သည်။

သူသည်ကား ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေချိန်တွင် အထီးကျန်မှုအား မခံစားနိုင်သောကြောင့်သာ ဖောက်ပြန်ခဲ့ခြင်းပင်။ ထိုမိန်းကလေးအား တာဝန်ယူမည်ဆိုသော စိတ်သည် တစ်စက်လေးမှပင် မရှိခဲ့၊ မတွေးခဲ့ဖူးပေ။

သူ၏ ဖောက်ပြန်မှုပေါ်သွားခဲ့ချိန်တွင် ချစ်သူကောင်မလးနှင့် လမ်းခွဲချင်ခဲ့သည်။

ကောင်မလေးမှ သူ့အား အတင်းအကြပ် ဖိအားပေးလာခဲ့ကာ သူ၏ အနာဂတ်၊ အလုပ်အကိုင်နှင့် ဂုဏ်သိက္ခာတို့အား ခြိမ်းခြောက်လာခဲ့ချိန်တွင်တော့ သူ့ရင်ထဲတွင် သတ်ဖြတ်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။

ယခု အမှုအခင်း၏ အံ့ဩဖွယ်အကောင်းဆုံးအချက်မှာ သူဌေး၏ ဇနီးဖြစ်သူ၊ ကိုယ်ဝန်ငါးလကျော်သည့် အမျိုးသမီးသည်လည်း ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုအကြောင်း သိရှိသွားခဲ့သည်။

သို့သော် ဇနီးဖြစ်သူသည်က ခင်ပွန်းကိုတော့ နည်းနည်းမျှပင် အပြစ်မတင်ခဲ့ပေ။ သူမသည်ကား တစ်ဖက်မိန်းကလေးမှ သူမ၏ ခင်ပွန်းအား အတင်းဖျားယောင်းသွေးဆောင်၍ ယခုကိစ္စများ ဖြစ်ပျက်ရသည်ဟုသာ တွေးခဲ့ပြီး ထိုမိန်းကလေးကိုလည်း မုန်းတီးခဲ့သည်။

ခင်ပွန်းဖြစ်သူက အငယ်အနှောင်းမိန်းကလေးအား နှုတ်ပိတ်ရန်အတွက် သတ်ဖြတ်မည်ဟု ကြံစည်နေကြောင်း သိလိုက်ရချိန်တွင်လည်း သူမက ရဲအား အကြောင်းကြားရမည့်အစား ကြံရာပါတစ်ဦးပင် ဖြစ်လာခဲ့သည်။

ဇနီးဖြစ်သူက အရှေ့ဆင်ခြေဖုံးရပ်မှ စွန့်ပစ်ခံဆေးကျောင်းတွင် ပညာသင်ယူခဲ့ဖူးသည်။ ထိုနှစ်က ဖြစ်ပျက်ခဲ့သော ဓာတုပစ္စည်းများ ပေါက်ကွဲမှုအကြောင်းကိုလည်း ကောင်းကောင်းသိထားသည်။

ထိုနေရာသည်က လူသူကင်းမဲ့ကာ အဆောက်အဦးတွင်း၌ စွန့်ပစ်ခံအလောင်းများစွာ ရှိကြောင်းကိုလည်း သိထားခဲ့သည်။ လူသေအလောင်းများ စွန့်ပစ်ရန်အတွက် ထိုနေရာထက် ကောင်းသည့်နေရာ ရှိပါဦးမည်လော?

အစီအစဉ်ချပြီးနောက် သူမနှင့် ခင်ပွန်းဖြစ်သူတို့က ဆာလဖျူရစ်အက်ဆစ်များအား တဆင့်ခံရောင်းသူများထံမှ အများအပြား ဝယ်ယူခဲ့ကြသည်။ သူတို့က မိန်းကလေးအား လှည့်စားကာ သတိလစ်မေ့မြောစေပြီးနောက် စွန့်ပစ်ထားသည့် ခန္ဓာဗေဒအဆောက်အဦးထဲတွင် ကြိုးတုပ်ထားခဲ့သည်။

ထို့နောက်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းနှင့် ခန္ဓာကိုယ်အား အပိုင်းပိုင်း ဖြတ်ခြင်းတို့ကို စတင်ခဲ့တော့သည်။

အချိန်နောက်ကျပြီဖြစ်သောကြောင့် ဆေးခတ်ခံထားရသော မိန်းမငယ်၏ ကိုယ်တွင်းမှ မေ့ဆေးပြယ်စ ပြုလာသည်။

လင်မယားနှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်စွာ နစ်နာသူအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သေးသည်။ သို့သော် သူတို့က သေစေသည့် နေရာများအား လွဲချော်ခဲ့သောကြောင့် နစ်နာသူမိန်းကလေးသည် အသက်မထွက်နိုင်ပဲ မချိမဆန့် ခံစားခဲ့ရသည်။

ဆေးအရှိန်နှင့် သွေးထွက်လွန်ခြင်းတို့ကြောင့် နစ်နာသူမိန်းကလေးသည် သတိပြန်လည်လာခဲ့သော်ငြား မလှုပ်ရှား၊ မရုန်းကန်နိုင်ခဲ့ပေ။

သူမသည်ကား သူမ၏ ချစ်သူဖြစ်သူနှင့် ချစ်သူ၏ ဇနီးသည်တို့မှ သူမ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက်နေသည့်  နာကျင်မှုအား ခံစားနေရုံမှအပ တခြား မစွမ်းနိုင်ခဲ့ပေ။

ထို့နောက် သူတို့က မိန်းမငယ်၏ ခန္ဓာကိုယ်အား အလောင်းကောင်များ ပြည့်နှက်နေသည့် အလောင်းကန်တွင်းသို့ ပစ်ချကာ ဆာလဖျူရစ်အက်ဆစ်များ ကန်ထဲသို့ လောင်းချခဲ့သည်။

ပြင်းထန်စွာ တိုက်စားနိုင်စွမ်းရှိသော အက်ဆစ်နှင့် ခန္ဓာကိုယ်တို့ ထိတွေ့ချိန်တွင် မိန်းမငယ်၏ အသွေးအသားများသည် ချက်ချင်း လောင်ကျွမ်းကာ စူးရှပြင်းထန်သည့် အနံ့သည်လည်း တစ်ခန်းလုံး ပြည့်နှက်သွားခဲ့သည်။

သုံးလကြာပြီးသည်ထိ ထိုမိန်းကလေး အသတ်ခံလိုက်ရကြောင်း မည်သူမျှ မသိခဲ့ပေ။

စွန့်ပစ်ခံ ဆေးကျောင်းတွင်းမှ အပိုင်းပိုင်း ဖြတ်တောက်ခံထားရသည့် အလောင်းကိုလည်း မည်သူမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့ပါချေ။



ဗီဒီယိုဘလော့ဂါတစ်ဦးဖြစ်သည့် လေပြေသရဖူမှ စွန့်ပစ်ကျောင်းသို့ ရိုက်ကူးရေးကိရိယာများနှင့် လွန်ခဲ့သည့် ၁၀ရက်ခန့်က ရောက်မလာခင်အထိ ထိုအခြေအနေအတိုင်း ဖြစ်နေခဲ့သည်။

ထိုအချိန်မှသာလျှင် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုတို့က ပေါ်လာခဲ့ခြင်းပင်။

ရက်အနည်းငယ်အတွင်းမှာပင် ထိုလူသတ်မှု၏ အကြောင်းအရာများ၊ ဖြစ်စဉ်များသည်က လူအများ၏ နှုတ်မှမချ၊ ပြော၍မဆုံးသည့် အမှုတစ်ခုဖြစ်လာခဲ့သည်။

ဆေးကျောင်းကြီးထဲတွင် လူသေအလောင်းတစ်လောင်းရှိနေကြောင်း ကုကျစ်စုန့် ကောက်ချက်ချပြီးချိန်မှ အမှုမှန်ပေါ်ပေါက်ချိန်ထိ သုံးရက်သာလျှင် ကြာမြင့်လိုက်သည်။

အလုပ်တွင် နစ်နာသူပျောက်ဆုံးသွားပြီးချိန်၌ လုပ်ဖော်ကိုင်ဖက်များ သံသယမဖြစ်ခဲ့ရသည့် အကြောင်းရင်းမှာ တရားခံမှ သူမ၏ ဖုန်းအား ယူသွားခဲ့သောကြောင့်ပင်ဖြစ်ပေသည်။

တရားခံက နစ်နာသူ၏ ဖုန်းမှတဆင့် မွေးရပ်မြို့မှ ဆွေမျိုးများ ကျန်းမာရေး အခြေအနေကြောင့် အိမ်ပြန်ရမည်ဟုဆိုကာ အလုပ်ထွက်စာပေးပို့ခဲ့သည်။

ထို့အပြင် နစ်နာသူသည်က လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်မပြေသောကြောင့် ဤအလုပ်မှ ထွက်ကာ အခြားအလုပ်ရှာချင်သည်ဟု ခဏခဏ ပြောလေ့ရှိသောကြောင့် လုပ်ဖော်ကိုင်ဖက်များမှလည်း အလုပ်ထွက်စာနှင့် ပတ်သတ်၍ သံသယမဝင်ခဲ့ကြပေ။

နစ်နာသူသေဆုံးပြီး သုံးရက်မြောက်နေ့တွင် တရားခံသည် သူ၏ ပြစ်မှုမပေါ်ပေါက်နိုင်ကြောင်း စိတ်ချသွားခဲ့ပြီး မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ပင် ဟန်ဆောင်လိမ်ညာနေနိုငခဲ့သည်။

နစ်နာသူက သူ့ထံသို့ မက်ဆေ့ချ်ပို့ထားကြောင်း၊ အချိန်အတော်ကြာသည်ထိ ပြန်လာမည်မဟုတ်ကြောင်း လိမ်လည်ထားခဲ့သည်။

ကုမ္ပဏီတွင်းမှ လုပ်ဖော်ကိုင်ဖက်များအား သူမ၏ ပစ္စည်းများသိမ်းဆည်းကာ ကုမ္ပဏီရှေ့တွင် ချထားပေးစေချင်ကြောင်း၊ သူမ၏ သူငယ်ချင်းတစ်ဦး လာရောက်ယူမည် ဖြစ်ကြောင်းလည်း လိမ်လည်ထားခဲ့သည်။

တရားခံက ကုမ္ပဏီတွင်းမှ နစ်နာသူနှင့် အဆင်မပြေသည့် ဝန်ထမ်းနှစ်ဦးအား တမင်ရွေးချယ်၍ အထုတ်အပိုးများ သိမ်းဆည်းပေးရန် ခိုင်းစေခဲ့သည်။

ရွေးချယ်ခံရသည့် ဝန်ထမ်းနှစ်ဦးလည်း ဒေါသထွက်၍ ပြောစရာစကားပင် မရှိတော့ချေ။ သူတို့စိတ်ထဲတွင်တော့ ဤမိန်းကလေးသည်က အလုပ်ထွက်သွားပြီဖြစ်သော်ငြား တစ်ပါးသူအား ခိုင်းစေချင်သေးသည်ဟု တွေးနေကြသည်။

ပစ္စည်းများ သိမ်းဆည်းပြီးချိန်တွင် သူတို့နှစ်ဦးက လူအများကောက်ယူသွားရန် လွယ်ကူသည် အမှိုက်ပုံးအနီးတွင် ချထားပစ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ ဌာနတွင်း၌ ထိုမိန်းကလေးအကြောင်းကို ထပ်မပြောကြတော့ပေ။

ငယ်ရွယ်နုပျိုသည့် ဘဝတစ်ခုသည်က ကမ္ဘာကြီးပေါ်မှ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရသည်။

*

All Chapters