နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (1)
Vol. 22 Ch. 214
“အမှန်ပဲ၊ သူရှိနေတယ်”
ရှင်းယိချင်း : “နောက်ထပ်ထူးဆန်းတာတစ်ခုက အဲဒါက တကယ်တော့ အရမ်းစွမ်းအားကြီးတဲ့ သရဲမဟုတ်ဘူး၊ တော်တော်လေး အားပျော့တာပဲ”
သူ၏ ဝိဉာဉ်မျက်လုံးတွင် မြင်တွေ့နေရသည်မှာ ထိုသရဲသည်က အငြိုးကြီးသရဲတစ်ကောင်မဟုတ်သကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေတစ်ကောင်လည်း မဟုတ်ပေ။
သူမအပေါ်တွင် အကြောင်းရင်းမသိရသေးသော အစွဲအလမ်းတစ်ခုကြောင့်သာ ကပ်တွယ်နေခဲ့ခြင်းပင် ဖြစ်နေခဲ့သည်။
နှစ်ပေါင်းများစွာ အားအင်ချိနဲ့လာသော ဝိဉာဉ်မှာ သက်ရှိလူများ၏ ယန်စွမ်းအင်၊ ပြင်ပကမ္ဘာ၏ နေရောင်ခြည် စသည်တို့နှင့် ထိတွေ့မှုများသောကြောင့် သူသည် အင်မတန်ပင် အားအင်ယုတ်လျော့နေခဲ့ပုံရသည်။
ဆိုရလျှင်ပျောက်ကွယ်လုနီးနီး အရိပ်တစ်ခုသာသာပင်။
သူ၏ ဖြစ်တည်မှုအဓိပ္ပာယ်ကိုလည်း ဖော်မပြနိုင်တော့သည့်အပြင် မပျောက်ကွယ်သွားသေးသော အစွဲအလမ်းတစ်ခုကြောင့်သာ မစ်စ်လျှို့နောက်သို့ တကောက်ကောက် လိုက်နေခဲ့ခြင်းသာလျှင်။
ပိုင်စစ် ထိုသရဲအား မမြင်နိုင်ဟု ပြောခြင်းမှာ မထူးဆန်းတော့ပေ။
သူသည်ကား သရဲတစ္ဆေများအား မြင်တွေ့နိုင်သော သားရဲမသေမျိုးတစ်ဦးဖြစ်သော်ငြား အသုံးကျသည့် အချက်အလက်များ ရရှိနိုင်ရန်အတွက်တော့ ထိုသရဲတစ္ဆေများနှင့် ဆက်သွယ်စကားပြောရန် လိုအပ်သေးသည်။
ယခုဝိဉာဉ်မှာကား အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ဟန်ဖြင့် ဆက်သွယ်စကားပြောနိုင်စွမ်းလည်း ရှိတော့ပုံမပေါ်။
ထိုကဲ့သို့သော သရဲတစ္ဆေမျိုးသည်က အသက်ရှိစဉ်အချိန်တွင် ပြင်းထန်သည့် စိတ်ခံစားချက်အဆိုးများ ရှိခဲ့မည့်ပုံမပေါ်ပေ။ အရှက်ခွဲ၊အကျိုးနည်းခဲ့ဟန်လည်း မရှိပေ။
သူတို့သည် လူ့ဘဝအား လွမ်းဆွတ်ခြင်းနှင့် အစွဲအလမ်းကြီးကြသော်ငြား သေဆုံးပြီးချိန်တွင်မူ ကောင်းကင်နှင့် မြေကမ္ဘာ၏ ဆင့်ခေါ်ဒဏ်အား မခံရဲကြပေ။
ထို့ကြောင့် သူတို့၏ ဝိဉာဉ်များသည်က မြေအောက်ကမ္ဘာသို့သာ ပြန်သွားကြရသည်။ လူ့ကမ္ဘာတွင် ကြာရှည်မနေနိုင်ကြ။
ရှင်းယိချင်း ထိုကဲ့သို့သော သရဲတစ္ဆေမျိုးအား ပထမဆုံး မြင်တွေ့ဖူးခြင်းပင်။
သူသည်က ရန်လိုစိတ်အလျဉ်းမရှိ၊ အန္တရာယ်လည်း မပြု၊ သူကပ်တွယ်နေသော သက်ရှိလူသားများကိုလည်း ဒုက္ခပေးခဲ့ခြင်း မရှိပေ။
သူ သေချာတွေးတောကာ ပြောလိုက်မိသည်။
“ကြည့်ရတာ ဒီသရဲက မစ်စ်လျှို့ဆီကို ရောက်လာတာက မစ်စ်လျှို့ရဲ့ ခန္ဓာကိုယ်က သန်မာတာကြောင့် သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ပုံပဲ၊ သူက မင်းနောက်ကို နှစ်ပေါင်းများစွာ လိုက်နေပေမယ့် အခုထိ မပျောက်ကွယ်သေးဘူး.. ဟင်?
ဒီသရဲမှာ ရွှေရောင်ကုသိုလ်နဲ့ သမာဓိတွေရှိနေတာပဲ၊ သူ နေရောင်ခြည်အောက်မှာ နေနိုင်တာ မထူးဆန်းတော့ပါဘူး၊ သူ့ရဲ့ ရွှေရောင်ကုသိုလ်နဲ့ သမာဓိတရားက သူ့ဝိဉာဉ်ကို ကာကွယ်ပေးထားတာပဲ”
မစ်စ်လျှို့အား ကပ်တွယ်နေသည့် ပျောက်ကွယ်လုနီးပါး ဝိဉာဉ်ကိုယ်ပေါ်တွင် လျှပ်ပြေးနေသော ရွှေရောင်အား မြင်တွေ့လိုက်ရပြီးနောက် ရှင်းယိချင်း ဓားကို အနည်းငယ်နှိမ့်လိုက်သည်။
ထို့နောက် အေးစက်သော အသံဖြင့် :
“မင်းက ပြန်မဝင်စားချင်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် သက်ရှိကမ္ဘာက လူတွေကို ခြောက်လှန့်ချင်နေတာလား?”
ထိုအခါမှသာလျှင် မစ်စ်လျှို့လည်း ကြက်သေ,သေနေရာမှ သတိလည်ကာ ရှင်းယိချင်းနှင့် တင်ဆက်သူလျှိာ့တို့ကြားမှ စကားအား နားလည်သွားခဲ့သည်။
သူမ မျက်ဝန်းအစုံ ပြူးကျယ်သွားကာ အံ့အားသင့်သွားပုံပေါ်သည်။
ရုတ်တရက် ခေါင်းကို ချာခနဲလှည့်ကာ သူမနောက်ကျောအား ပြန်ကြည့်လိုက်သော်ငြား မည်သည်ကိုမျှ မမြင်ရပေ။
သူမနားထဲတွင်တော့ ရှင်းယိချင်း၏ စကားသံသာ ကြားနေရသည်။
“မင်းမှာ ရွှေရောင်ကုသိုလ်တောင်ရှိနေတာဆိုတော့ အသက်ရှိတုန်းက ကောင်းမှုကုသိုလ်တွေလည်း အများကြီး လုပ်ခဲ့တာပဲ၊
သေဆုံးပြီးချိန်မှာ အိမ်ကောင်းကောင်းမှာ ကျန်းမာသန်စွမ်းတဲ့ ကလေးအဖြစ် ပြန်ဝင်စားနိုင်သေးတယ်၊ ဘာလို့ ထွက်မသွားဘဲ ခေါင်းမာပြီး မင်းရဲ့ကုသိုလ်ဒါနအစွမ်းတွေကို ဖြုန်းတီးနေရတာလဲ?”
“မင်းက အခုဆို မြေအောက်ကမ္ဘာမှာ မသေဆုံးခဲ့တဲ့ ဝိဉာဉ်ဖြစ်နေပြီ၊ လူသားတွေနဲ့သရဲတစ္ဆေတွေရဲ့ ဘဝလမ်းက မတူဘူးလေ၊ မင်းက မင်းဖြစ်ရမယ့်အရာကြီးကို ဆန့်ကျင်ပြီး နေ့တိုင်း သူမဘေးမှာ အတင်းနေ,နေခဲ့တာပဲ
မင်းရဲ့ကိုယ်ပေါ်က ကုသိုလ်ဒါန စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့ အချိန်ကျရင် ဘာဖြစ်မလဲသိလား? မင်းက သူမရဲ့ကိုယ်ထဲက အသက်စွမ်းအင်ကို စပြီး စုပ်ယူတော့မှာပဲ၊
အဲ့အချိန်ကျရင် မစ်စ်လျှို့ရဲ့ ကံကြမ္မာရော၊ ကျန်းမာရေးရော ထိခိုက်ရလိမ့်မယ်”
သူ့စကားဆုံးသွားသော်ငြား မစ်စ်လျှို့အနီးမှ ဖြူဖျော့ဖျော့အရိပ်လေးကတော့ တုပ်တုပ်မျှပင် မလှုပ်ပါချေ။
ရှင်းယိချင်းလည်း အေးစက်စွာ မျက်နှာမဲ့လိုက်ပြီး သူ့မျက်လုံးများတွင်လည်း အေးစက်မှုသာ လွှမ်းမိုးသွားခဲ့သည်။
“ကောင်းပြီလေ၊ မင်းက ငါ့ရဲ့ အကြံပေးတာကို လက်မခံတော့လည်း မင်းဝိဉာဉ်ကို ပျောက်ကွယ်သွားအောင် လုပ်ရုံပေါ့!”
သူမ အနီးမှ တစ်စုံတစ်ခုအား ထိုးသွင်းတော့မည့်ဟန် ဓားရွယ်လိုက်သည့်အချိန်တွင် မစ်စ်လျှို့ လက်ဖြင့် အဆောတလျင် ကာလိုက်ကာ တားလိုက်သည်။
“ခဏလေး! သူ့ကို မသတ်ပါနဲ့ဦး!”
ရှင်းယိချင်းလည်း မှော်လက်နက်ကို အောက်ချလိုက်ပြီး နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်သည်။
“မစ်စ်လျှို့၊ ဒါက ဘာအဓိပ္ပာယ်လဲ? မင်းက ဒီအစီအစဉ်ကို လာတာ ဒီပြဿနာကို ဖြေရှင်းချင်လို့ မဟုတ်ဘူးလား?”
မစ်စ်လျှို့၏ အသံသည်က လေသံသဲ့သဲ့သာ ထွက်တော့သည်။
“….. မှန်ပါတယ်။ ဒါပေမယ့်… ကျွန်မ သူ့ကို ထိခိုက်စေချင်တာမဟုတ်ဘူး… အဲဒီလို မလုပ်နိုင်ဘူး…”
ရှင်းယိချင်းနှင့် တင်ဆက်သူလျှို့တို့၏ မေးခွန်းထုတ်သည့် အကြည့်များအောက်တွင် သူမ မျက်ဝန်းအစုံမှာ မျက်ရည်များဖြင့် နီရဲနေခဲ့သည်။
ထို့နောက် သူမရင်ထဲတွင် နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့သည့် ဒဏ်ရာဟောင်းအား ပြန်လည်တူးဖော်ခဲ့သည်။
“ကျွန်မ… သူ့ကို အားနာလို့ပါ… သူက အသက်ရှိစဉ်က ကျွန်မရဲ့ ချစ်သူကောင်လေးပါ… လွန်ခဲ့တဲ့ ငါးနှစ်က ဆုံးပါးသွားခဲ့တာလေ…”
“သူ အခုလို ဖြစ်ရတာက ကျွန်မကြောင့်ပဲ… ကျွန်မက.. ကျွန်မက သူ့ကို သတ်ခဲ့တာ!!”
စကားဆုံးသည်နှင့် မစ်စ်လျှိုု့ ရင်ထဲမှ အားနာစိတ်၊ အပြစ်ရှိစိတ်တို့အား ထိန်းမထားနိုင်တော့ချေ။ မျက်ရည်များသည် ဆည်ကျိုးသည့်အလား ဒလဟော စီးကျလာခဲ့တော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်မှသာ အငိုတိတ်သွားခဲ့သည်။ သူမ ကျပြီးသော မျက်ရည်များအား လက်ဖြင့် သုတ်လိုက်ပြီး ကျန်ရှိသည့် မျက်ရည်များကို ထိန်းထားကာ ဖုန်တင်နေပြီဖြစ်သော သူမဘဝ၏ အတိတ်ဇာတ်ထုပ်အား ဖြေချတော့သည်။
မစ်စ်လျှို့၏ ချစ်သူမျိုးရိုးနာမည်သည် ကျန်းဖြစ်သည်။ သူတို့က အထက်တန်းကျောင်းတူတူတက်ခဲ့သော အတန်းဖော်များလည်း ဖြစ်ခဲ့လေသည်။
အထက်တန်းကျောင်း ဒုတိယနှစ်တွင် သူတို့နှစ်ဦး လျှို့ဝှက်စွာ ချစ်ကြိုက်ခဲ့ကြသည်။ နောက်ပိုင်း ကောလိပ်တက်ချိန်တွင်လည်း တစ်မြို့တည်း အတူတူ ရှိခဲ့ကြသည်ပင်။
ကောလိပ်ကျောင်း ဂျူနီယာဘဝတွင် မိဘများနှင့် တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည်က အမြဲပင် တည်ငြိမ်ခဲ့သည်။
ရှောင်ကျန်းသည်ငား ရဲသင်တန်းကျောင်းတက်ရောက်ကာ ဘွဲ့ရချိန်တွင် မီးသတ်သမားတစ်ဦးဖြစ်လာခဲ့သည်။ သူတို့နှစ်ဦးလုံးက မင်္ဂလာဆောင်အတွက် ကျသင့်ငွေများအား အိမ်ဝယ်ရန်အတွက် စုဆောင်းထားရန်နှင့် တစ်ခါတည်း လက်ထပ်ရန် သဘောတူခဲ့ကြသည်။
လုပ်ငန်းစဝင်ပြီး နှစ်နှစ်အကြာတွင် ချစ်သူဖြစ်သူက သူမအား လက်ထပ်ခွင့်တောင်းခဲ့သည်။
ထိုအချိန်က မစ်စ်လျှို့သည်လည်း ဆိုင်းတွမှုမရှိ၊ ချက်ချင်း သဘောတူခဲ့သည်။
မင်္ဂလာမဆောင်ခင် နှစ်လခန့်အကြာတွင် မိဘများနေထိုင်သည့်နေရာမှ အိမ်နီးချင်းတစ်ဦးထံမှ ဖုန်းလက်ခံရခဲ့သည်။
အခြားတစ်ဖက်တွင် ဆူညံသံများ ပွက်လောရိုက်နေခဲ့ပြီး သူမ၏ မိဘများ နေထိုင်သည့် အိမ်က မီးလောင်နေကြောင်း သိလိုက်ရသည်။
မိသားစုတွင်းမှ သက်ကြီးရွယ်အိုနှစ်ဦးသည် မေ့လွယ်သောကြောင့် မီးဖိုချောင်ထဲမှ မီးပိတ်ရန် မေ့လျော့ခဲ့ကြ၍ မီးလောင်ခြင်းပင်။
အဆောက်အဦးတစ်ခုလုံးမှ အိမ်နီးနားချင်းများ အချိန်မှီထွက်ပြေးနိုင်ခဲ့သော်ငြား မိဘများကတော့ အိမ်ထဲတွင် ပိတ်မိနေခဲ့သည်။
မစ်စ်လျှို့လည်း ပူလောင်သောကရောက်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။ အဆုံးတွင် ချစ်သူဖြစ်သူကိုလည်း ထိတ်လန့်ကြောက်ရွံ့စိတ်များဖြင့် ဆက်သွယ်ခဲ့သည်။
ချစ်သူဖြစ်သူလည်း သူ၏ အဖွဲ့သားများ ထိုမီးကို ငြိမ်းသတ်ရန် သွားမည်ဖြစ်ကြောင်း သိလိုက်ရသည်။
နှစ်ရက်ဆက်တိုက် ဂျူတီဝင်ထားသော၊ ထိုအချိန်တွင် ဂျူတီနားချိန်ဖြစ်သော ရှောင်ကျန်းသည်ကား ချစ်သူဖြစ်သူအား စိတ်မပူရန်၊ သူကိုယ်တိုင် သွား၍ မစ်စ်လျှို့၏ မိဘများအား ကယ်တင်ပေးမည်ဖြစ်ကြောင်း ကတိပေးပြောဆိုခဲ့လေသည်။
မစ်စ်လျှို့ စကားပြန်မပြောနိုင်သေးခင်မှာပင် ရှောင်ကျန်း ဖုန်းချသွားခဲ့သည်။
အဆုံးသတ်ရလဒ်မှာ မစ်စ်လျှို့၏ မိဘများအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။
သို့သော် အိမ်အတွင်း၌ ဓာတ်ငွေ့အိုး ရှိနေသောကြောင့် ရှောင်ကျန်းတစ်ယောက် ထိခိုက်ဒဏ်ရာ,ရကာ မီးထဲမှ ပြန်မထွက်လာနိုင်တော့ပေ။
ကယ်ဆယ်မှုများ ကျရှုံးခဲ့ပြီး ရှောင်ကျန်းသည်လည်း တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလိုက်ရသည်။
မစ်စ်လျှို့လည်း ထိုသတင်းအား ကြားရပြီးနောက် ချက်ချင်း ဆေးရုံသို့ လိုက်သွားခဲ့သည်။ သတိလစ်နေသော ဖခင်၊ မီးလောင်ကာ အသက်ဆုံးခဲ့ရသော ချစ်သူအတွက် ငိုကြွေးနေခဲ့သော မိခင်နှင့် မြေပေါ်သို့ ပုံကျကာ ငိုကြွေးနေသော အနာဂတ် ယောက္ခထီးနှင့် ယောက္ခမလောင်းတို့အား တွေ့လိုက်ရသည်။
သူမ မျက်လုံးများ ပြာသွားခဲ့ပြီး ပတ်ဝန်းကျင်မှ ဆူညံသံများလည်း ခေတ္တတိတ်ဆိတ်သွားခဲ့သည်။
ထိတ်လန့်မှု၊ အားနာစိတ်၊ ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တို့ကြောင့် သူမသည် ချစ်သူဖြစ်သူ၏ သေဆုံးမှုအား လက်မခံနိုင်ခဲ့ပေ။
ချစ်သူသေဆုံးရခြင်းသည် သူမ၏အပြစ်ဟုသာ တွေးနေခဲ့သည်။ သူမသာ ရှောင်ကျန်းအား ဖုန်းမခေါ်ခဲ့ပါလျှင် သူသည်လည်း ထိုမစ်ရှင်တွင် လိုက်ပါလာမည်မဟုတ်။
သူ ယခုအချိန်ထိ အသက်ရှိနေလိမ့်မည်။
ထို့နောက်တွင် မစ်စ်လျှို့တစ်ီေောက် အပြင်းအထန်ဖျားနာကာ အစားအသောက်လည်း မစားတော့ပေ။ ဝမ်းနည်းပူဆွေးမှုသည် ပြင်းထန်လွန်းသောကြောင့် ချစ်သူနောက်သို့သာ လိုက်သွားချင်ခဲ့သည်။
နောက်ဆုံးတွင် ချစ်သူဖြစ်သူ၏ မိဘများကိုယ်တိုင်ပင် သားဖြစ်သူ သေဆုံးရခြင်းအတွက် သူမအပေါ် စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အပြစ်တင်ခြင်း အလျဉ်းမရှိကြောင်း၊ သားဖြစ်သူလည်း သူမ ယခုလို ဖြစ်နေသည်အား မြင်ချင်မည်မဟုတ်ကြောင်း နှစ်သိမ့်ပေးခဲ့သည်။
သို့ပေသော်ငြား မစ်စ်လျှို့ကတော့ ဖြေမဆည်နိုင်ခဲ့ပေ။
ချစ်သူဖြစ်သူအား နေ့နေ့ညည သတိရနေခဲ့ပြီး နှစ်နှစ်ကျော်ကြာသည်ထိ ဝမ်းနည်းပူဆွေးမှုပင်လယ်တွင် နစ်မြှုပ်နေခဲ့သည်။
မိဘများအား ပြုစုသည့်အချိန်တွင်သာ ခပ်ယဲ့ယဲ့ ပြုံးနိုင်ပြီး ကျန်အချိန်များတွင်တော့ သူမသည် လမ်းလျှောက်နေသည့် သေသူတစ်ဦးအလားပင်။
အတိတ်မှဒဏ်ရာများအား ပြောပြနေရင်း သူမ ရှိုက်ငိုမိသည်။
“ပထမ နှစ်နှစ်လုံးလုံး ကျွန်မရင်ထဲမှာ နေ့တိုင်း သူအသက်ရှင်လျက်ပြန်လာပါစေလို့ပဲ ဆုတောင်းနေခဲ့တာ၊ ကျွန်မဘေးမှာ အရင်လို သူရှိနေပေးနေစေချင်ခဲ့တာ၊
ဒါပေမယ့် သူက ကျွန်မကို ဘာမှ အချက်မပြခဲ့ဘူး၊ သူကျွန်မ ဘေးမှာ ရှိနေတယ်ဆိုရင် ဘာလို့ ကျွန်မကို အိပ်မက်မပေးရတာလဲ?
အခုရော သူရှိသေးလား? သူ.. ကျွန်မကို မုန်းနေလားဟင်?”
တင်ဆက်သူလျှို့လည်း တစ်စုံတစ်ခုအား သတိရသွားပြီး မေးလိုက်သည်။
“မစ်စ်လျှို့၊ မင်းပြောတာက သူရှိတာကို သိနေတယ်ဆို? သူက ပေါ်လာခဲ့လို့လား?”
“…ဟုတ်ပါတယ်”
မစ်စ်လျှို့ ခေါင်းငြိမ့်လိုက်ရင်း တိုးညှင်းစွာ ပြန်ဖြေသည်။
*