နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (2)
Vol. 22 Ch. 215
“လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ကျွန်မ သူ့ကို ခဏခဏ အိပ်မက်မက်တယ်၊ သူက လုံးဝမပြောင်းလဲဘူး၊ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျွန်မ မှတ်မိတဲ့ ပုံစံအတိုင်းပဲ၊
ခန္ဓာကိုယ်ပေါ်မှာတော့ မီးလောင်ဒဏ်ရာတွေနဲ့…. သူ ကျွန်မကို ကြည့်ရုံပဲ ကြည့်ပြီး ဘာစကားမှ မပြောခဲ့ပေမဲ့ အဲ့တာ သူမှန်း ကျွန်မသေချာသိတယ်..”
ထိုကဲ့သို့ အိပ်မက်မျိုးသည်က အစကတော့ သုံးရက်ခြား၊ လေးရက်ခြားခန့်သာ မက်လေ့ရှိသော်လည်း နောက်ပိုင်းတွင် သူမ မျက်လုံးများမှိတ်လိုက်သည့်အချိန်တိုင်း ချစ်သူဟောင်းက သူမအား အဝေးမှ စိုက်ကြည့်နေသည်ကို မြင်တွေ့နေရခဲ့ရသည်။
ထိုမျက်လုံးများသည်ကား ရှုပ်ထွေးကာ မကျေနပ်သည့် အကြည့်များဖြစ်သောကြောင့် သူမအနေဖြင့် သူ့အား တည့်တည့်မကြည့်ရဲ။
ရှင်းယိချင်း ရုတ်တရက် မေးလိုက်သည်။
“သူက မင်းနောက်မှာ တစ်ချိန်လုံး တိတ်တဆိတ်နဲ့ ရှိနေခဲ့တာပဲ၊ ဘာလို့ အခုမှ ရုတ်တရက်ပေါ်လာရတာလဲ?”
မစ်စ်လျှို့ နှုတ်ခမ်းဟလိုက်သော်ငြား အတန်ကြာသည်ထိ စကားလုံးများ ထွက်မလာခဲ့ပေ။
ရှင်းယိချင်း : “မင်းရဲ့ လက်ဖဝါးကို ဖြန့်ပြီး ငါ့ကို ပြလို့ ရမလား?”
မစ်စ်လျှို့: “……”
“ရပါတယ်”
ရှင်းယိချင်းလည်း ပူဆွေးနေသော အမျိုးသမီး၏ လက်ကို ကိုင်လိုက်သည်။ မိနစ်အနည်းငယ်ခန့် ကြည့်ရှုလိုက်ပြီးနောက် ရှင်းယိချင်း မစ်စ်လျှို့အား မသေချာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း ချစ်သူအသစ်ရသွားတာပဲ”
မစ်စ်လျှို့၏ လက်ချောင်းများက သူမ၏ စကပ်စအား တင်းကြပ်စွာ ဆုတ်ကိုင်ထားခဲ့သည်။
ချစ်သူဟောင်း၏ ဝိဉာဉ်သည် သူမအနီးတွင် ရှိနေသည်ဆိုသော အသိကြောင့် သူမရင်ထဲတွင် ဆူးတစ်ချောင်းစိုက်နေသကဲ့သို့ ခံစားရကာ အရှက်ရမိသည်။
သူမမျက်နှာသည် နီရဲနေခဲ့ပြီး ဘေးဘီကိုလည်း မကြည့်ရဲတော့။
အသက်မပါစွာ ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်မမှာ ချစ်သူရှိနေပြီ”
ရှင်းယိချင်းလည်း သူမဘေးမှ ပျောက်ကွယ်လုနီးဝိဉာဉ်ငယ်လေးအား ကြည့်လိုက်မိသည်။
တခြားလူများ မမြင်တွေ့နိုင်သော်လည်း မစ်စ်လျှို့နှုတ်မှ ထိုစကားထွက်လာသည်နှင့် မျက်နှာရေးရေးသာရှိသည့် ဝိဉာဉ်တွင် ဝမ်းနည်းဟန် ပေါ်လာခဲ့သည်ကို သူမြင်တွေ့နေခဲ့ရသည်။
သူ သက်ပြင်းကို ဖွဖွချလိုက်ရင်း စကားဆက်သည်။
“ဒါက ပုံမှန်ပဲလေ။ လူတွေရဲ့ အသည်းနှလုံးဆိုတာ အသွေးအသားနဲ့ တည်ဆောက်ထားတာကိုး၊
ဒဏ်ရာဘယ်လောက်ပဲ နက်ရှိုင်းပါစေ၊ ၃နှစ်ကနေ ၅နှစ်အတွင်းမှာ အနာကျက်သွားမှာပဲ
သေဆုံးသူအတွက် ခံစားချက်တွေဆိုတာတော့ ပြောစရာတောင် မလိုပါဘူး”
“မင်း အတိတ်က ခံစားချက်တွေကို လက်လွှတ်ဖို့ ခက်ခဲနေတာကို ငါနားလည်ပါတယ်၊ တချို့ကြည့်ရှု့သူတွေကတော့ ငါဆက်ပြောမယ့်စကားတွေကို သဘောတူချင်မှ တူလိမ့်မယ်
မင်းလည်း ငါ့စကားကို လက်ခံချင်မှ လက်ခံလိမ့်မယ်၊ ငါပြောချင်တာက အဲဒီအချိန်တုန်းက သူက မင်းကို အတင်းအကြပ်တိုက်တွန်းခဲ့တာမှ မဟုတ်တာ၊ မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲလေ”
ထိုစကားများသည် မစ်စ်လျှို့အား ဦးတည်၍ ပြောဆိုခြင်းမဟုတ်။ သူမဘေးမှ ဖြူဖျော့ဖျော့ဝိဉာဉ်ငယ်အား စိတ်မကောင်းစွာ ပြောဆိုနေခဲ့ခြင်းပင်။
“မင်းထွက်မသွားချင်ဘူးဆိုရင်ရော? ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ? ညီလေး မင်းအသက်ရှိချိန်တုန်းက စုဆောင်းထားခဲ့တဲ့ ရွှေရောင်ကုသိုလ်တွေက အစွဲအလမ်းတစ်ခုအတွက်နဲ့ ဖြုန်းတီးပစ်ဖို့ မသင့်တော်ပါဘူး
ဒါက မင်းအနေနဲ့ မြေအောက်ကမ္ဘာနဲ့ တောက်ဓမ္မပညာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ အကြောင်းရင်းမဖြစ်သင့်ဘူး”
တိုက်ရိုက်ထုတ်လွှင့်ခန်းမှ မှတ်ချက်များကတော့ တရစပ်ပင်။
[ကောင်လေးက သနားဖို့ ကောင်းလိုက်တာ၊ ကောင်မလေးရဲ့ မိဘတွေကို ကယ်တင်ဖို့ အသက်ပေးလိုက်ရပေမယ့် ကောင်မလေးကတော့ အခြားတစ်ယောက်ကို ထပ်ချစ်မိသွားတာပဲ…]
[ဒါပေမယ့် ကောင်မလေးကိုလည်း တစ်သက်လုံးဝမ်းနည်းပူဆွေးနေဖို့၊ အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ နေဖို့ဆိုတာကျတော့ မတရားဘူးလေ
ရှောင်ကျန်းကို အပြစ်မတင်ပါဘူး၊ သူက တကယ်ကို သတ္တိလည်းရှိတယ်၊ ကြင်လည်းကြင်နာတယ်၊ တာဝန်ယူစိတ်လည်းရှိတယ်
ဒါပေမယ့်… ဒါက သူ့ရဲ့ ကံကြမ္မာလေ.. အဲဒီတုန်းက ရှောင်ကျန်းသာ အသက်ရှင်ခဲ့ရင်တော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လောက်တောင် သာယာလိုက်မလဲ..]
[ဘာက မှန်တယ်၊ ဘာက မှားတယ်ဆိုတာကို ဘယ်သူက ရှင်းရှင်းလင်းလင်းပြောနိုင်မှာလဲ? မစ်စ်လျှို့ အတိတ်ကနေ ရုန်းထွက်လာနိုင်တာကတော့ ကောင်းပါတယ်၊
သူက အခုဆိုရင် အသက် ၂၉၊၃၀လောက် ရှိရောပေါ့၊ ရှောင်ကျန်းကလည်း ဘာမှတော့ အမှားလုပ်ခဲ့တာမဟုတ်ဘူးလေ၊ ဒီကိစ္စက ရှုပ်ထွေးလွန်းပါတယ်]
နောက်ဆုံးတွင်တော့ ရှင်းယိချင်း၏ စကားမှာ ရှောင်ကျန်း၏ ဝိဉာဉ်သည် အားနည်းသော်ငြား အစွဲအလမ်းကြီးလွန်းနေသောကြောင့် သူ့သဘောဆန္ဒအတိုင်းတော့ ထွက်ခွာသွားမည်မဟုတ်ဟုပင်။
သို့သော် သူ မထွက်သွားပါက မစ်စ်လျှို့၏ ဘဝနှင့် အနာဂတ်သည် တဖြည်းဖြည်း ဆုတ်လျော့လာမည်ဖြစ်သည်။
သူက ထိုဝိဉာဉ်အား အမြန်နှင်ရန်သာ အကြံပေးခဲ့သည်။ သူ့အား အသာတကြည် မနှင်နိုင်ပါက သူမ၏ ကျန်းမာရေးအတွက် အတင်းအကြပ်နည်းလမ်းများ အသုံးပြုရမည်သာဖြစ်၏။
ဒေစီ စင်ပေါ်သို့ ရောက်မလာမိထိ တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးကတော့ သက်ပြင်းတချချ၊ စုတ်တသပ်သပ် ဖြစ်နေခဲ့ကြသည်။
ကတ္တီပါရောင်စကပ်ဝတ်ဆင်ထားကာ ရွှေအိုရောင်ဆံနွယ်၊ အနီရောင်နှုတ်ခမ်းပါးတို့နှင့် ဒေစီသည် စင်ပေါ်သို့ ရောက်သည်နှင့် မစ်စ်လျှို့၏ မှုန်မှိုင်းနေသော စိတ်အခြေအနေအား သတိပြုမိလိုက်သည်။
သူမ မစ်စ်လျှို့အား တစ်ချက်ကြည့်လိုက်ပြီးနောက် အပြုံးလေးဖြင့် တင်ဆက်သူလျှို့အား နှုတ်ဆက်လိုက်သည်။
“မတွေ့တာကြာပြီနော် သူငယ်ချင်း”
ထို့နောက် မစ်စ်လျှို့အနားကပ်သွားရင်း ပြောလိုက်သည်။
“ဒီချောမောလှပတဲ့ အရှေ့တိုင်းရဲ့ အလှလေးက ဒီနေ့ပြိုင်ပွဲအတွက် ဇာတ်လိုက်ပဲ ဖြစ်ရမယ်၊ မိန်းမလှလေး.. ငါမင်းရဲ့ လက်ကို ကိုင်ကြည့်လို့ရမလား?”
မစ်စ်လျှို့ထံမှ ခွင့်ပြုချက်ရပြီးနောက် သူမလက်အား ကိုင်လိုက်သည်နှင့် ဒေစီ စကားစသည်။
“မင်းရဲ့ လက်ဖဝါးတွေက အေးစက်နေတာပဲ၊ မင်းရဲ့ ဝင်သက်ထွက်သက်ကို အာရုံမခံဘဲနဲ့တောင်မှ မင်းအခုအချိန်မှာ ဝမ်းနည်းပူဆွေးနေတယ်ဆိုတာကို ခံစားနေရတယ်”
“မင်းရဲ့ မျက်နှာအမူအယာနဲ့ ခန္ဓာကိုယ်က ပြောနေတာ မင်း ဝေဒနာခံစားနေရတယ်တဲ့၊ ဘာကြောင့်များလဲ? မင်းက မိန်းမကောင်းလေးပါ
မင်းဘေးမှာ အဖြူရောင်ဝိဉာဉ်လေးတွေ ဝိုင်းနေတာကို မြင်နေရတယ်။ ချစ်စရာလေးတွေ၊ ခွေးနဲ့ ကြောင်လေးတွေပဲ၊ အဲဒီအကောင်လေးတွေက မင်းနဲ့ ရင်းနှီးနေပုံပဲ”
“ငါ့အထင်တော့ မင်းက တိမွေးကုဆရာဝန်ပဲ ဖြစ်ရမယ်၊ မင်းက အိမ်မွေးတိရိစ္ဆာန်တွေရော၊ လမ်းဘေးလေလွင့်တွေကိုပါ ကယ်နိုင်ခဲ့သလို မကယ်နိုင်ဘဲ လက်လွှတ်လိုက်ရတာတွေလည်း ရှိခဲ့မှာပဲ
မင်းရဲ့ နှလုံးသားက ကြင်နာတတ်လို့ အဲဒီတိရိစ္ဆာန် ဝိဉာဉ်လေးတွေက မင်းအနားကို ကပ်နေချင်တာပဲ၊ ဒီတော့ ကိုယ့်ကိုကိုယ် လူဆိုးလို့ မတွေးနဲ့နော်၊ ဘာလို့ အဲဒီလို စဉ်းစားနေရတာလဲ?”
“မင်းရဲ့ အတိတ်ကို ပြန်သွားကြည့်စေချင်လား?”
မစ်စ်လျှို့လည်း သူမရှေ့မှ အင်မတန်ချောမောလှပသည့် ကပြားစုန်းမလေး၏ မျက်လုံးနှင့် ကိုင်ထားသော လက်တစ်စုံထံမှ နွေးထွေးမှုအား ခံစားနေရသောကြောင့် အနည်းငယ်တည်ငြိမ်သွားကာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီ”
ခွင့်ပြုချက်ရပြီးနောက် ဒေစီ စကားစလိုက်သည်။
“ခဏလေးစောင့်ဦးနော်၊ ကျွန်မ သူငယ်ချင်းဟောင်းကို ဖိတ်ခေါ်လိုက်ဦးမယ်”
သူမ လုပ်ရိုးလုပ်စဉ်အား လုပ်ဆောင်ပြီးနောက် မစ်စ်လျှို့၏ လက်များအား ပို၍ တင်းကြပ်စွာ ဆုတ်ကိုင်ထားခဲ့ပြီး မျက်လုံးများကိုလည်း ပို၍ တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်သည်။
“မင်းအနားလေးမှာ ယင်စွမ်းအင်တစ်ခုရှိနေတယ်၊ အဲဒါက အားတော့မပြင်းဘူး၊ ဒါပေမဲ့ ထူးဆန်းတယ်”
ဒေစီ လက်ဖဝါးနှစ်ဖက်အား ပွတ်သပ်လိုက်ပြီး အတန်ကြာသည်ထိ ဘာကိုမှ ဆက်၍ ရှာမတွေ့တော့။
သူမ ခေါင်းကို ခါလိုက်သည်။
“တော်ပြီ၊ ကျွနာမ လက်လျှော့လိုက်ပြီ။ အခြားတစ်ခုကိုပဲ အရင်ကြည့်လိုက်ရအောင်ပါ”
“ငါ အသည်းကွဲတာကို ခံစားနေရတယ်၊ မင်းအတွက် အရမ်းကို လှပပြီး အရေးကြီးတဲ့ အရာတစ်ခုက ရုတ်တရက်ကြီး ပျောက်သွားတယ်
အဲဒါက ခပ်ချောချော အရှေ့တိုင်းသားလေးပဲ။ သူသေသွားတယ်၊ ပြီးတော့ မင်းက အဲဒါကို မင်းကြောင့်လို့ ထင်နေတာပဲ”
“မင်းရဲ့ နှလုံးသားက ဗလာနတ္ထိဖြစ်နေတယ်၊ မင်း သူ့ကို အရမ်းလွမ်းနေခဲ့တယ်၊ သူ့ကို ပြန်လာစေချင်တဲ့ စိတ်ဆန္ဒက ပြင်းထန်ပြီး ပြတ်သားလွန်းတယ်၊ အဲဒီလောက်ရှင်းလင်းတဲ့ စွမ်းအင်ကို အခုမှ ခံစားဖူးတာပဲ
မင်းက အဲဒီလိုအခြေအနေမှာ တော်တော်ကြာခဲ့တာပဲ၊ ဘယ်အထိလဲဆိုတော့.. အိုးမိုင်ဂေါ့ မင်းကောင်လေး အသစ်တွေ့နေတာပဲ”
မစ်စ်လျှို့ အနည်းငယ်တွန့်သွားသည်အား သတိထားမိလိုက်ပြီးနောက် ဒေစီမျက်လုံးများကို ဖွင့်ကာ သူမအား သေချာစိုက်ကြည့်လိုက်သည်။
“သူက မင်းကို နွေးထွေးစေခဲ့တာပဲ ဟုတ်တယ်လား? မင်း သူ့ကို တွေ့ပြီးနောက်မှ မင်းရဲ့ခြောက်သွေ့နေတဲ့ နှလုံးသားက ပြန်အသက်ဝင်လာပြီးနောက် မင်းရဲ့ အတိတ်ဒဏ်ရာဟောင်းကို ကျော်ဖြတ်နိုင်ခဲ့တာပဲ”
“ဒါပေမယ့်… အဲဒီကောင်လေးက မင်းရဲ့ ချစ်သူဟောင်းနဲ့ တော်တော်လေး ဆင်တူတယ်နော်?”
မစ်စ်လျှို့ အသံတိတ်ခေါင်းငြိမ့်ကာ မငြင်းဆန်ခဲ့ပေ။
“ဒီကောင်လေး… သူ့ကို မင်းရဲ့ အစောပိုင်းမှတ်ဉာဏ်တွေမှာလည်း ငါမြင်ဖူးတယ်၊ အတိအကျပြောရရင် သူတို့ နှစ်ယောက်လုံးပဲ”
“သူတို့က သူငယ်ချင်းတွေပါ”
တင်ဆက်သူလျှို့: “?!!”
ကြည့်ရှုသူများ: “?!!”
[ဟမ်? ငါ တစ်ခုခုများ အမှတ်မှားသလား? ဇာတ်လမ်းက ကျော်တက်သွားတာ မြန်လှချည်လားဟ၊ သူ့ရဲ့ သေသွားတဲ့ ရည်းစားဟောင်းနဲ့ အခုရည်းစားနဲ့က သူငယ်ချင်းတွေ?
ပြီးတော့ အခုရည်းစားက သေသွားတဲ့ တစ်ယောက်နဲ့ တော်တော်လေး ရုပ်ဆင်တယ် ဟုတ်လား?!]
[ငါပြောပါရစေ၊ ဒါကြီးက ဝတ္ထုတွေထဲကလိုမျိုးကြီး အပြင်မှာ တကယ်ဖြစ်နေတာ မဟုတ်ဘူးလား?]
[လူတွေရဲ့ ဇာတ်လမ်းတွေ၊ relationship တွေက အမြဲ ငါထင်ထားတာထက်ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါတော့ သဘောကျတယ်ဟေ့!]
[ကောင်မလေး တမင်လုပ်တာပဲဖြစ်ဖြစ် မတော်တဆပဲဖြစ်ဖြစ် အခုလက်ရှိကောင်လေးကရော သိလားမသိဘူး၊ သူမသိဘူးဆိုရင်တော့ တော်တော်လေး သနားစရာကောင်းသွားပြီ…]
မကြာခင်မှာပင် မစ်စ်လျှို့ သူမ၏ လက်ရှိအချစ်ဇာတ်လမ်းအကြောင်း ရှင်းပြခဲ့သည်။
လက်ရှိချစ်သူသည်က သူမနှင့် ရှောင်ကျန်းတို့၏ အထက်တန်းကျောင်းသူငယ်ချင်းပင် ဖြစ်သည်။ သူတို့ ကျောင်းတက်စဉ်ကပင် အတန်းဖော်များမှ သူတို့နှစ်ဦး အင်မတန် ရုပ်ဆင်ကြောင်း၊ မသိသူများဆိုပါက ညီအစ်ကိုအရင်းဟုပင် ထင်ရကြောင်း ပြောလေ့ရှိကြသည်။
သူတို့နှစ်ဦးသည်လည်း ဆက်ဆံရေး အဆင်ပြေချောမွေ့ကြသည်။
နောက်ပိုင်းတွင်တော့ လက်ရှိချစ်သူကောင်လေးက ကောလိပ်ကျောင်းအား အခြားမြို့တွင် တက်ခဲ့သောကြောင့် သူတို့ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။
ရှောင်ကျန်းသေဆုံးပြီး သုံးနှစ်အကြာတွင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သည့် မစ်စ်လျှို့ထံသို့ သူမ၏ လက်ရှိချစ်သူသည် သူမွေးထားသော အိမ်မွေးတိရိစ္ဆာန်လေးအား ဆေးကုပေးရန် ရောက်လာခဲ့သည်။
ထိုတွေ့ဆုံမှုသည် ဝတ္ထုများထဲမှ မင်းသားနှင့် မင်းသမီးတို့တွေ့ဆုံသကဲ့သို့ သူတို့အချစ်ရေးအတွက် လမ်းစဖြစ်ခဲ့သည်။
ပထမတွင် သူတို့နှစ်ဦးသည် အတိတ်အကြောင်း ပြန်ပြောရင်း စကားစမြည်သာ ပြောဖြစ်ကြသည်။
နောက်ပိုင်းတွင်တော့ လက်ရှိကောင်လေးမှ သူမအား ပိုးပန်းလာခဲ့သည်။
ထိုအချိန်တွင် မစ်စ်လျှို့ ငြင်းဆန်ခဲ့သည်။ သူမစိတ်ထဲတွင် ရှောင်ကျန်းအား မမေ့နိုင်သေးဟု ထင်ခဲ့သည်။
ရှောင်ကျန်းသည်က မိဘများအား ကယ်တင်ရန်အတွက်နှင့် အသက်ဆုံးရှုံးခဲ့ရသည်ကို မည်သည့်အတွက်နှင့်များ သူမ အခြားသူတစ်ယောက်အား ချစ်နိုင်မည်နည်း?
ထို့အပြင် လက်ရှိချစ်သူသည်က ရှောင်ကျန်းနှင့် ဆင်တူလွန်းလှသည်။ သူ့အား ကြည့်လိုက်တိုင်း ရှောင်ကျန်း သူမနှင့် အတူရှိနေသေးသည်ဟုသာ တွေးမိနေသောကြောင့် သူ့အတွက်လည်း မတရားပေ။
မစ်စ်လျှို့မမျှော်လင့်ထားသည်မှာ လက်ရှိချစ်သူသည်က သူမ၏ နာကျင်မှုအား နားလည်ကြောင်း၊ သူမအနေဖြင့် ဒဏ်ရာများအား ကုသနိုင်ရန် သူ့ကို ရှောင်ကျန်းဟု သဘောထားနိုင်ကြောင်း ထုတ်ပြောလာခဲ့သည်။
*