← Chapters

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (3)

Vol. 22 Ch. 216

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (3)

Vol. 22 Ch. 216

အစပိုင်းကတော့ မစ်စ်လျှို့ အင်မတန် အားနာမိခဲ့သောကြောင့် လက်ရှိကောင်လေးအတွက် တောင်းပန်သည့်အနေဖြင့် လက်ဆောင်များ ဝယ်ပေးခဲ့သည်။

သို့သော် လက်ရှိချစ်သူသည် သူမအား နားလည်ကာ ဂရုစိုက်ပေးခဲ့သည်။ သူမလည်း ရှောင်ကျန်းသေဆုံးမှုကြောင့် နာကျင်မှုများ ပျောက်ကင်းလုဖြစ်လာခဲ့သည်။

ထိုအချိန်တွင် သူမသည် ရှောင်ကျန်း၏ မိဘများအား သူမ မိဘများကဲ့သို့ ဂရုစိုက်ပေးနေခဲ့ခြင်းဖြစ်သည်။ လက်ရှိချစ်သူကိုလည်း သူမသည် ရှောင်ကျန်းမိဘများ အိုမင်းသည်ထိ စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောထားခဲ့သည်။

ထိုအချက်ကိုလည်း ချစ်သူမှ ချက်ချင်းသဘောတူခဲ့ပြီး ရှောင်ကျန်း၏မိဘများအား သူကိုယ်တိုင် လေဆိပ်သို့ပင် လိုက်ပို့ပေးခဲ့သည်။

သူ့အား လူကိုယ်တိုင်မြင်တွေ့ရပြီးနောက် ရှောင်ကျန်း၏ မိဘများ မစ်စ်လျှို့အား တီးတိုးမေးခဲ့ကြသည်။

သူမ ဝမ်းနည်းပူဆွေးမှုအား မခံစားနိုင်သောကြောင့် သားဖြစ်သူနှင့် ရုပ်ဆင်သူအား ရှာဖွေခဲ့ခြင်းပေလော?

ဝေဒနာအား ခေတ္တ ထုံကျဉ်သွားစေချင်၍လော ပစရှိသည်ဖြင့် မေးခွန်းထုတ်ခဲ့ကြလေ၏။

သို့သော် ထိုအချိန်တွင် မစ်စ်လျှို့သည် လက်ရှိချစ်သူအား ချစ်မိနေပြီဖြစ်ကြောင်း သဘောပေါက်နေပြီးချိန် ဖြစ်သည်။

သူမ၏ အချစ်အား ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆို၍ လက်ရှိချစ်သူနှင့် ဆက်ဆံရေးအား ရှေ့ဆက်တိုးနိုင်ရန်၊ မိသားစုတစ်ခု ထူထောင်ရန် တွေးတောလိုက်ချိန်မှာပင် ရှောင်ကျန်းရုတ်တရက် ပြန်ပေါ်လာခဲ့သည်။

သူသည် သူမ၏ အိပ်မက်များတွင် ခဏခဏပေါ်လာခဲ့ပြီး သူမအား နာကျည်းသည့်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

သူက မည်သည့်စကားကိုမျှ မဆိုသော်ငြား မစ်စ်လျှို့ နေ့တိုင်း အိပ်ရာနိုးထလာချိန်တွင် ဝမ်းနည်းခြင်းများစွာဖြင့် နိုးထရသည်။

ရှောင်ကျန်းသည်ကသူမ ချစ်သူအသစ်ရသွားသည့်အတွက် သူမကို အပြစ်တင်နေကြောင်း သူမ သိသည်။

နောက်ပိုင်းတွင် သူမ မျက်လုံးအစုံမှိတ်လိုက်သည့်အချိန်တိုင်း သူမအနီးတွင် ရှောင်ကျန်းရှိနေသည်ဟု ခံစားနေရသည်။

ထိုအသိစိတ်ကြောင့် သူမ၏ နေ့စဉ်ဘဝအပြင် သူမ၏ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာခဲ့သည်။ သူမ ဤအစီအစဉ်သို့ လာရောက်ရသည့် အကြောင်းရင်းမှာလည်း ရှောင်ကျန်းအား အန္တရာယ်ကင်းစွာဖြင့် ဘဝကူးနိုင်ရန် ကူညီပေးနိုင်မည့် တောက်ကျန့်များ ရှိလိုရှိငြားဆိုသောမျှော်လင့်ချက်တစ်ခုကြောင့်သာလျှင် ဖြစ်ပေ၏။

ရှောင်ကျန်းသည်ာား ယခုမစ်စ်လျှို့နှင့် အတူရှိနေကြောင်း သိလိုက်ရပြီးနောက် ဒေစီ အံ့အားသင့်သွားရသည်။

“မင်းရဲ့ဘေးမှာ ထူးဆန်းတဲ့ ယင်စွမ်းအင်တစ်ခုကို ခံစားမိနေတာ အဲ့တာကြောင့်ကိုး!

မင်းရဲ့ ချစ်သူဟောင်းက မင်းဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တာလား..”

သူမ မစ်စ်လျှို့အား ဂရုဏာမျက်လုံးများဖြင့် ကြည့်ကာ ပွေ့ဖက်ထားပေးခဲ့သည်။

“မင်းကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းတောင် မသိတော့ပါဘူး… မင်း ဆန္ဒရှိရင်တော့ ငါ သူနဲ့ စကားပြောကြည့်ပေးမယ်လေ၊ မင်းတို့နှစ်ယောက်က ယင်နဲ့ယန်၊ သေခြင်း၊ရှင်ခြင်းတို့ကြောင့် ကွဲနေခဲ့ကြပြီလေ”

မစ်စ်လျှို့လည်း မချိပြုံး ပြုံးလိုက်ကာပြောသည်။

“ကျေးဇူးတင်ပါတယ် တောက်ကျန့်ဒေစီ… မင်းက တကယ်လူကောင်းတစ်ယောက်ပါပဲ၊ ကျေးဇူးပါ…”

ဒေစီထွက်သွားပြီးနောက် နောက်ထပ် ပြိုင်ပွဲဝင်သည်ကား နံပါတ်၁၀ ရှီဟိုင်ဟုန်။

မတည်မြဲခြင်းအရာရှိတစ်ဦးဖြစ်သောကြောင့် စင်ပေါ်သို့ ရောက်လာသည်နှင့် မစ်စ်လျှို့အနီးမှ သရဲအား ချက်ချင်းမြင်လိုက်သည်။

ရွှေရောင်ကောင်းမှုကုသိုလ်အလင်းတန်းဖြင့် ထူးခြားသော်ငြား အားနည်းနေသည့် ဝိဉာဉ်ကို မြင်ရပြီးနောက် သူမ ခေတ္တခဏ ကြက်သေ,သေသွားသည်။

“သူက ရှင့်ရဲ့ အမျိုးလား? ဒါမှမဟုတ် ချစ်သူလား?”

မစ်စ်လျှို့: “ချစ်သူဟောင်းပါ”

ရှီဟိုင်ဟုန် မေးစေ့ကို ပွတ်လိုက်ရင်း ထူးဆန်းသော မျက်နှာအမူအယာဖြင့် စကားစသည်။

“သူ့ရဲ့ ဝိဉာဉ်က တစ်ခုခုတော့ လွဲနေတယ်”

“ဒါက ရက်စက်တဲ့ ဝိဉာဉ်လည်းမဟုတ်သလို အငြိုးကြီးဝိဉာဉ်လည်း မဟုတ်ဘူးလေ၊ အမှန်အတိုင်းပြောရရင် ပြန်ဝင်စားသင့်နေပြီ၊

ဒါပေမဲ့ အကြောင်းအရင်းတစ်ခုခုကြောင့် သူ့ရဲ့ ဝိဉာဉ်စွမ်းအင်က အဆင့်ပြောင်းသွားတယ်၊

သူက ပုံမှန် ဝိဉာဉ်ဘဝကနေ…. ထူးဆန်းတဲ့အရာတစ်ခုအဖြစ်ပြောင်းသွားတာပဲ… ဒါမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး၊

ကျွန်မအမြင်ကတော့ သူက သာမန်ဝိဉာဉ်ဘဝတုန်းကတော့ တော်တော်လေး စွမ်းအား ကြီးမယ့်ပုံပါပဲ၊ ဒါပေမယ့် အခုကျတော့ သူက အရမ်းကို အားလျော့နေတယ်”

ယခုအချိန်တွင် သူမ မစ်စ်လျှို့၏ ဇာတ်ကြောင်းကို စိတ်မဝင်စားတော့ချေ။

ဤဝိဉာဉ်ငယ်လေးသည် အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည်နည်းဆိုသည်ကိုသာ သိချင်တော့သည်။

အချိန်တော်တော်ကြာ ကြည့်ရှု့လေ့လာပြီးနောက် သူမ ရှင်သန်ခြင်းစာအုပ်အားထုတ်ကာ လှန်လှောကြည့်လိုက်သည်။ ရှီဟိုင်ဟုန် ယခုဖြစ်စဉ်အား သေချာမသိသော်လည်း သူမ သေချာတပ်အပ်သိသည့်အရာ တစ်ခုတော့ရှိသည်။

ရှီဟိုင်ဟုန် ခေါင်းကို မော့ကာ မစ်စ်လျှို့အား ပြောလိုက်သည်။

“ကျွန်မထင်တာကတော့ သူက ရှင့်ကို ခြောက်လှန့်ချင်နေတာမဟုတ်ဘူး၊ သူသေဆုံးပြီးတဲ့အချိန်မှာ သူ့ဝိဉာဉ်တစ်ခုခု ဖြစ်သွားခဲ့တယ်၊ ပြီးတော့ သက်ရှိကမ္ဘာမှာ ပိတ်မိနေခဲ့တာပဲ၊

သူက အဲဒါကြောင့် ရှင့်ကို အကူအညီတောင်းချင်နေတာ ဖြစ်မယ်လို့ ထင်တယ်”

“ဟင်?!”

မစ်စ်လျှို့လည်း ထိုစကားအား ပထမဆုံးကြားလိုက်ရပြီးနောက် အံ့အားသင့်လွန်း၍ စကားပင်မပြောနိုင်ခဲ့ပေ။

မှတ်ချက်ဧရိယာတစ်ခုလုံးသည်လည်း မည်သူမှန်သည်၊ မည်သူမှားသည် မေးခွန်းထုတ်နေခဲ့ကြသည်။

ရှီဟိုင်ဟုန် ချောင်းအသာဟန့်လိုက်သည်။

“ဒါကတော့ မတည်မြဲခြင်းအရာရှိတစ်ယောက်အနေနဲ့ ကျွန်မရဲ့ စိတ်အာရုံတစ်ခုပါပဲ၊ သူ့ရဲ့ ဝိဉာဉ်ပုံစံက မြေကမ္ဘာမှာ ပိတ်မိနေတဲ့ သရဲတစ္ဆေတွေနဲ့ အလားတူနေတယ်

အမှန်ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကိုတော့ ကျွန်မလည်း အတတ်မပြောနိုင်ဘူး”

တင်ဆက်သူလျှို့ လည်း ခေါင်းငြိမ့်သည်။

“ကောင်းပါပြီ၊ ပြိုင်ပွဲဝင်နံပါတ်၁၀ ရှီဟိုင်ဟုန်က‌တော့ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို ထုတ်ပြလိုက်ပြန်ပါပြီ”

“မစ်စ်လျှို့ရဲ့ ဘေးကနေ ထွက်မသွားဘဲ နေ,နေခဲ့တဲ့ ရှောင်ကျန်းက ချစ်သူကို လက်မလွှတ်ချင်လို့လား? ရှင်းမပြနိုင်တဲ့ အခြေအနေတစ်ခုကြောင့် ထွက်သွားလို့ မရနိုင်တာလား?

နောက်ဆုံးပြိုင်ပွဲဝင် နံပါတ် ၇ ကုကျစ်စုန့်ကို ဖိတ်ခေါ်လိုက်ရအောင်ပါ!”

ကုကျစ်စုန့် စင်ပေါ်တက်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ မှတ်ချက်များ ဆူပွက်သွားပြန်သည်။

[စုန့်စုန့် အဖြေမှန်တွေ လာပြောဖို့‌စောင့်နေတာ၊ ဒီရှောင်ကျန်းက တကယ်ပဲ ဘာလဲဆိုတာကို သိချင်နေပါပြီ!]

[ဒီအစီအစဉ်က ပျင်းဖို့ကောင်းတယ်လို့ ဘယ်သူက ပြောလဲ? အရှေ့က ပြိုင်ပွဲဝင်တွေကရော အရေးကြီးတဲ့ သဲလွန်စတွေ မပေးခဲ့လို့လား?

အားလုံးက မြင်ကြတဲ့ အမြင်တွေ မတူဘူးလေ၊ ပိုင်စစ်ဆိုရင် ဆေးပညာမှာ ထူးချွန်တယ်၊ ဟဲမီတူကတော့ ကုနဲ့ မိစ္ဆာဝိဉာဉ်တွေမှာ ကျွမ်းကျင်တယ်၊

ဒေစီဆိုရင် လူတွေရဲ့ စိတ်နှလုံးကို ကြည့်တာတော်တယ်၊ သဲလွန်စတွေ တစ်ခုပြီး တစ်ခု စုဆောင်းပြီးမှ အမှန်တရားကို ရှာရတာကမှ ပျော်စရာကောင်းတာလေ]

[စုန့်စုန့်ကို အာရုံစိုက်နေတာ ငါတစ်ယောက်ထဲလား? ဇနီးလေးက ဒီနေ့လည်း အရမ်းလှနေတာပဲ၊ သူမ ဒီထက်ပိုပြီး လူသိများလာရင် ကောင်းမှာပဲနော်]

[……]

ကုကျစ်စုန့် စတိတ်စင်အလယ်သို့ ရောက်လာပြီးနောက် တင်ဆက်သူလျှို့အား နှုတ်ဆက်လိုက်သည်။

“ဒါဆိုရင် ကျွန်မ စတော့မယ်နော်”

ကုကျစ်စုန့်လည်း စင်ပေါ်သို့ ရောက်သည်နှင့် ရှောင်ကျင်းအား သတိပြုမိလိုက်ပြီး အားလျော့လွန်းနေသည့် ဝိဉာဉ်ကြောင့် အံ့အားသင့်မိပြန်သည်။

ဤမျှ အားနည်းနေတဲ့ တစ္ဆေက အဘယ်ကြောင့် ဤနေရာတွင် ပေါ်နေနိုင်ရပါသနည်း?

ရိုက်ကူးရေးတည်နေရာ၊ ထူးခြားပညာရှင်များ စုဝေးရာနေရာသည် အလင်းရောင်ကောင်းကောင်းရရုံသာမက ယန်စွမ်းအင်နှင့် သမာသမတ်ကျမှုများ ချုံလွှမ်းနေရာဖြစ်သည်။

ထိုစွမ်းအင်များသည် အားနည်းနေသော သရဲငယ်အတွက်တော့ အင်မတန် နာကျင်စေမည့် စွမ်းအင်များဖြစ်သည်။

သာမန်သရဲတစ္ဆေများပင်လျှင် မည်မျှ အစွဲအလမ်းကြီးပါစေ၊ မည်မျှပင် အငြိုးအတေးကြီးပါစေ ဤကဲ့သို့သော အလင်းရှိသည့် နေရာများမှ ခေတ္တ ရှောင်ကွင်းနေမည်ဖြစ်၏။

ကုကျစ်စုန့် သေချာ ကြည့်လိုက်ပြီးနောက် မလှုပ်မယှက်ပဲ အချိန်အတော်ကြာ ရပ်နေခဲ့သည်။

ရုတ်တရက် သူမစိတ်ထဲတွင် ရှားပါးတစ္ဆေတစ်ကောင် ပေါ်လာခဲ့သည်။

သူမ ယခင်က တစ်ကြိမ်မျှ မမြင်ဖူးခဲ့သော်ငြား တောင်ပေါ်မှ တောက်ဓမ္မကျောင်းတွင် လေ့လာဆည်းပူးခဲ့ဖူးသည့် တစ္ဆေအမျိုးအစားတစ်မျိုးဖြစ်သည်။

ထိုရုတ်တရက်ပေါ်လာသည့် အတွေးကြောင့်ပင် သူမ ပို၍ စိတ်ဝင်စားသွားရသည်။

ထို့ကြောင့် မစ်စ်လျှို့အား ကြည့်လိုက်ပြီးနောက်:

“ရှင့်ရဲ့ ဘေးက သရဲလေးက ဘယ်သူလဲ? သူက သေဆုံးချိန်တုန်းက အသက် ၂၆နှစ်၊ လည်ပင်းနဲ့ မျက်နှာမှာ အနာရွတ်တွေ အများကြီးရှိနေတယ်။ သူက မီးလောင်ပြီး သေဆုံးခဲ့တာပဲ”

သူမစကားကြောင့် အားလုံး ထပ်၍ အံ့အားသင့်ရပြန်သည်။

အချက်အလက်များသည်က တိကျလွန်းလှသည်။

လူငယ်လေးက ရှောင်ကျန်းသည် မစ်စ်လျှို့၏ ချစ်သူဟောင်းဖြစ်ကြောင်း သိရပြီးနောက် ကုကျစ်စုန့် သိချင်စိတ်ဖြင့် မေးခွန်းထုတ်သည်။

“ရှင့်ရဲ့ တောင်းဆိုချက်က ဘာလဲ?”

မစ်စ်လျှို့ထံမှ စကားပြန်မရသော်ငြား နှုတ်ဆိတ်နေခြင်း၏ နောက်ကွယ်မှ အဖြေကို သူမ သဘောပေါက်လိုက်သည်။

ကုကျစ်စုန့်လည်း ပုခုံးကိုတွန့်ကာ အေးစက်သည့် အသံဖြင့် စကားစသည်။

“လူသားတွေက အရမ်းကို ထူးဆန်းတဲ့အမျိုးအနွယ်တွေပဲ”

“အစကတော့ ရှင်က သူ့ကို လက်မလွှတ်ချင်လို့၊ အရမ်း ရှင့်ဘေးမှာ ရှိစေချင်လွန်းလို့ သူ့ကို ‘နျန်ကွေး’ အဖြစ် ပြောင်းစေခဲ့တယ်၊ အခုကျတော့ ရှင်ကပဲ သူ့ကို ပျောက်သွားစေချင်ပြန်ရော”

ကုကျစ်စုန့်၏ အကြည့်များတွင် ပုန်းကွယ်နေသော စွမ်းအားများ အပြည့်ရှိနေခဲ့သည်။

သူမ၏ အမူအယာသည် သာမန်ဖြစ်သော်ငြား မျက်ဝန်းတစ်စုံကတော့ အရည်လဲ့နေသည်။ ထိုအချိန်တွင် လူအများစုသည် သူမ၏ အကြည့်ဒဏ်ကို မခံနိုင်ကြချေ။

မစ်စ်လျှို့သည်လည်း စက္ကန့်အနည်းငယ်ခန့်သာ မျက်လုံးချင်ဆုံလိုက်သော်ငြား သူမရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် အပြစ်ရှိစိတ်တို့ ကြီးစိုးလာခဲ့ပြန်သည်။

‘နျန်ကွေး’ဆိုသည်မှာ မည်သို့အရာဖြစ်မှန်း သူမ နားမလည်သော်ငြား ကုကျစ်စုန့်၏ စကားအဓိပ္ပာယ်ကိုတော့ သူမ သဘောပေါက်လိုက်သည်။

သူမရှေ့မှ အင်မတန်ငယ်ရွယ်ချောမောလှပသည့် ထူးခြားပညာရှင်မလေး၏ စကားအရ သူမ၏ ကွယ်လွန်သွားသော ချစ်သူဟောင်း ရှောင်ကျန်းသည် ထူးခြားသည့် သရဲအဖြစ်သို့ ပြောင်းလဲကာ သက်ရှိကမ္ဘာမှ ထွက်မသွားနိုင်ရသည့် တရားခံသည် သူမပင် ဖြစ်သည်ဆိုသော အဓိပ္ပာယ်ပင်။

မစ်စ်လျှို့ ကျယ်လောင်စွာ ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူးနော်! ရှင်ဘာတွေ ပြောနေလဲဆိုတာကို ကျွန်မနားမလည်ဘူး၊ ဒါပေမယ့် ကျွန်မ လုပ်တာ မဟုတ်ဘူး!”

ထိုအချိန်တွင် တစ်ဖက်မှ တင်ဆက်သူလျှိာ့မှာလည်း ရှုပ်ယှက်ခတ်ဆူညံနေသော မှတ်ချက်ပေါင်း သောင်းခြောက်ထောင်ထဲမှ လူအသိချင်ဆုံးနှင့် အရိုးရှင်းဆုံးမေးခွန်းအား မေးလိုက်သည်။

“စုန့်စုန့်၊ မင်းပြောတဲ့ ‘နျန်ကွေး’ဆိုတာက ရှောင်ကျန်းကို ပြောတာလား အဲဒါက ဘာအဓိပ္ပာယ်လဲ?”

ကုကျစ်စုန့် လေသံအေးလေးဖြင့် ရှင်းပြသည်။

“နျန်ကွေးဆိုတာက တရုတ်သရဲတစ္ဆေရုပ်ပြစာအုပ်မှာတော့ မရှိဘူး၊သူက လက်ဆင့်ကမ်းလာတဲ့ နှုတ်ဒဏ္ဍာရီတစ်ခုပါပဲ၊  အဲဒါက ဘာလို့လဲဆိုတော့ အဲဒီလိုသရဲတွေ ပေါ်လာဖို့အတွက် လိုအပ်တဲ့အခြေအနေတွေက ပြင်းထန်တယ်လေ

နည်းလမ်းကလည်း ထူးခြားလွန်းယ်၊ နှစ်ထောင်ပေါင်းများစွာမှာတောင်မှ ဒီကမ္ဘာမှာ တည်ရှိတဲ့ နျန်ကွေးဝိဉာဉ် အရေအတွက်က နည်းလွန်းတယ်

အရင်ကဆို သူတို့ကို ဘယ်သူမှ‌တောင် မမြင်ဖူးကြဘူး၊ မြင်တယ်ဆိုရင်တောင်မှ သူ့ကို သာမန်သရဲလို့ပဲ ထင်ပြီး နှင်ပစ်လိုက်မိကြတယ်”

*

All Chapters