← Chapters

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (3)

Vol. 22 Ch. 217

နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (3)

Vol. 22 Ch. 217

ကုကျစ်စုန့်က မှတ်ချက်ဧရိယာတွင် ထုတ်လာမည့် မေးခွန်းများကို ကြိုသိနေသည့်အလား ကင်မရာကို ကြည့်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။

“ဒီလိုမျိုး အမှားလုပ်မိတဲ့လူတွေကတော့ ကျွမ်းကျင်မှုအားနည်းတဲ့သူတွေကို ပြောတာ၊ ကျွန်မတော့ မပါဘူးပေါ့”

သူမစကားဆုံးသည်နှင့် မှတ်ချက်အသစ်တစ်ခုပေါ်လာခဲ့သည်။

[အရင်က ဘယ်သူမှမမြင်ဖူးဘူးလို့လဲ ပြောသေးတယ်၊ အဲဒါဆိုရင် မင်းက ဘာလို့ အခြားထူးခြားပညာရှင်တွေထက် ပိုတော်တယ်လို့ ပြောနိုင်ရတာလဲ?]

ကြည့်ရှုသူအများစုကတော့ ကုကျစ်စုန့်၏မျက်နှာပေါ်မှ ရှားရှားပါးပါးပွင့်လာသည့် အပြုံးပန်းကြောင့် ကြက်သေ,သေနေခဲ့ကြသည်။

[ငါပြောမယ်၊ ဒီတစ်ယောက်က လေတော့ တော်တော်ကြီးတယ်၊ ဒါပေမယ့် ငါကလည်း သူဘာပြောပြော ယုံနေမိတာ!]

[အရမ်းကို ယုံကြည်မှုအပြည့်ရှိနေတာပဲ၊ ဒါမျိုးမှ ကြိုက်တာ၊ ဟားဟား ငါကတော့ နေ့တိုင်း ဒီမှတ်ချက်ထဲမှာ လာ,လာပြီး ပွဲရှာနေကြတာကို အမြင်ကတ်လာပြီ

သဘာဝလွန်လောကိုလည်း မယုံဘူး၊ စုန့်စုန့်ကိုလည်း မကြိုက်ဘူးဆိုရင် လာမကြည့်ကြနဲ့လေ နေ့တိုင်း ဒီကိုလာပြီး အားအားယားယား လာနှောင့်ယှက်နေကြတယ်!]

[LOL စုန့်စုန့်ကတော့ black fanတွေရဲ့ တိုက်ခိုက်မှုကိုတောင် ကြိုမှန်းတတ်နေပြီ]

မှတ်ချက်ဧရိယာတွင် အဘယ်ကြောင့် ပျော်ရွှင်နေကြသည်ကို ကုကျစ်စုန့် နားမလည်ပါချေ။ သူမ ယခင်ဘဝက ဖတ်ရှု့ခဲ့ဖူးသော ‘နျန်ကွေး’အကြောင်းကို ရှင်းပြခဲ့ရုံသာဖြစ်သည်။

“ရှင်းရှင်းပြောရရင် ဒီလိုသရဲမျိုး ဖြစ်ပေါ်လာဖို့အတွက် လိုအပ်ချက်တွေက အရင်အပိုင်းတုန်းက ပါခဲ့တဲ့ ‘ကောလဟာလ’တစ္ဆေနဲ့ ဆင်တူတယ်

မတူတဲ့အချက်က ‘ကောလဟာလ’ဝိဉာဉ်ကတော့ တကယ်မရှိတဲ့အရာကို လူတွေ ဖန်တီးထားတဲ့အရာဖြစ်ပြီး နျန်ကွေးကကျတော့ တကယ့်ဝိဉာဉ်တစ်ကောင်ပဲ”

“အဲဒါက ပြင်းထန်လွန်းတဲ့ စိတ်ခံစားချက်၊ ဘာသာစကား၊ အစွဲအလမ်း စတာတွေကြောင့် ပြောင်းလဲသွားတဲ့ ထူးခြားဝိဉာဉ်တစ်မျိုးပဲ

သူက တကယ်အသက်ရှိတဲ့ လူတစ်ယောက်ကနေ ပြောင်းလဲတဲ့အရာဖြစ်ပြီး ကောလဟာလစက်သက်မဟုတ်ဘူး”

ဂန္တဝင်စာအုပ်များထဲတွင် မှတ်တမ်းတင်ခံထားရသည့် ထူးခြားပညာရှင်တစ်ဦးရှိခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ခန့်က စွမ်းအားကြီးသည့် ထူးခြားပညာရှင်တစ်ဦးသည်က ချစ်လှစွာသော ဇနီးသည်အား ဆုံးရှုံးလိုက်ရသည်။

တဖြည်းဖြည်း အေးစက်လာသော ဇနီးသည်၏ ရုပ်အလောင်းနှင့် ပြန်လည်ဝင်စားရန် ထွက်ခွာတော့မည့် ဝိဉာဉ်အား မြင်ရပြီးနောက် သူ၏ ပြင်းထန်လှသော ဝမ်းနည်းပူဆွေးမှုတိို့နှင့် ဇနီးသည်အား လက်မလွှတ်ချင်မှုတို့က အားပြင်းလွန်းသော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစွမ်းအင်ကြောင့် ပြန်လည်ဝင်စားရမည့် ဇနီးသည်၏ ဝိဉာဉ်အား ဖြစ်တည်မှုတစ်ခုအဖြစ် ပြောင်းလဲစေကာ လူ့ပြည်တွင် နေထိုင်နိုင်သည့် ဝိဉာဉ်တစ်ကောင် ဖြစ်လာစေခဲ့သည်။

တစ်နည်းဆိုရလျှင် ထိုကဲ့သို့သော် ထူးခြားဝိဉာဉ်များ ဖြစ်တည်လာရခြင်းသည် ထိုဝိဉာဉ်၏ စိတ်သဘောဆန္ဒကြောင့် မဟုတ်။ ကျန်ရစ်သူများ၏ လက်မလွှတ်နိုင်မှု၊ ဝမ်းနည်းပူဆွေးမှုတို့ကြောင့် ဖြစ်ပေါ်လာရခြင်းပင်။

ထိုပြင်းထန်သည့် စိတ်ခံစားချက်များသည်က သူတို့အား လူ့ပြည်လောကတွင် ချုပ်နှောင်ထားပြီး ပြန်လည်ဝင်စားနိုင်ရန်လည်း မထွက်ခွာနိုင်ခဲ့ကြပေ။

ကုကျစ်စုန့် စကားဆုံးသော်ငြား မစ်စ်လျှို့သည် နားရှင်းပုံမပေါ်ပေ။

ထို့ကြောင့် သူမ ဆက်ပြောသည်။

“အဲဒီတုန်းက ဒီအမျိုးသားက ရှင့်ရဲ့ မိဘတွေက ကယ်တင်ဖို့အတွက်နဲ့ မီးထဲမှာ အသက်ဆုံးခဲ့ရတယ်လေ ၊ ဒီတော့ ရှင်က ဝမ်းနည်းပူဆွေးပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးဖြစ်နေခဲ့တာမဟုတ်လား?

ရှင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်လေး အဆင်ပြေချောမွေ့တာကိုလည်း ကျွန်မ မြင်ရပါတယ်၊ ဒီမတော်တဆမှုကြောင့်သာ မဟုတ်ရင် ရှင်တို့က သေတပန်သက်တဆုံး ပျော်ပျော်ရွှင်ရွှင်နေသွားရမှာပဲ

ဒါကြောင့်လည်း ရှင်က  သူ့ရဲ့သေဆုံးမှုကို လက်မခံနိုင်ဘဲ အချိန်အကြာကြီး စိတ်ဓာတ်ကျနေခဲ့တယ်”

“ရှင်က သူ့ဓာတ်ပုံကို ကြည့်တယ်။ အဲဒီနေ့ညက အချိန်တွေကို ပြန်သွားချင်တယ်၊ ရှင့်ချစ်သူကို မီးထဲမပါအောင် တားနိုင်မယ့် ဆုံးဖြတ်ချက် ပြန်ချချင်ခဲ့တယ်..”

“ရှင် မသိခဲ့တာက သူက ရှင့်ဘေးမှာ အမြဲတမ်း တစ်ချိန်လုံးရှိနေခဲ့တယ်ဆိုတာကိုပဲ”

မစ်စ်လျှို့လည်း မျက်ရည်များ စီးကျလာခဲ့ကာ ခေါင်းကို တွင်တွင်ခါသည်။

“ကျွန်မ.. ကျွန်မ တကယ်မသိခဲ့ဘူး”

သေဆုံးသွားသူသည်က ထိုကဲ့သို့ ပြောင်းလဲသွားနိုင်သည်ဟု သူမ မသိခဲ့ရိုးအမှန်ပေ။

ပို၍ ဖြေမဆည်နိုင်ဖြစ်ခဲ့ရသည်မှာ ကုကျစ်စုန့်၏ စကားများသာ အမှန်ဖြစ်ခဲ့ပါလျှင် သူမသည်က ရှောင်ကျန်းအား သေစေခဲ့ရုံသာမက သေဆုံးပြီးချိန်တွင်လည်း သူ့အား အနားမယူနိုင်၊ ပြန်မဝင်စားနိုင်အောင် လုပ်ခဲ့သည်မဟုတ်ပါလော!?

တင်ဆက်သူလျှို့လည်း စိတ်မကောင်းစွာ ‌ပြောလာသည်။

“တကယ်တော့ မစ်စတာကျန်းရဲ့ ဝိဉာဉ်က အစွဲအလမ်းကြီးပြီး ထွက်မသွားချင်တာမဟုတ်ဘဲ မစ်စ်လျှို့ရဲ့ အစွဲအလမ်းကြီးမှုက နက်ရှိုင်းလွန်းလို့ သူ့ကို ဘေးမှာချုပ်နှောင်ထားသလို ဖြစ်နေခဲ့တာလား?”

ကုကျစ်စုန့်: “အဲဒီလိုလည်း အတိအကျပြောလို့မရနိုင်ဘူး”

သူမ မစ်စ်လျှို့၏ ဘေးမှ နျန်ကွေးအား စိုက်ကြည့်လိုက်ရင်း စကားဆက်သည်။

“သာမန်လူတစ်ယောက်ရဲ့ အစွဲအလမ်းက ဘယ်လောက်ပဲ ကြီးမားပါစေ၊ သေဆုံးပြီး ဝိဉာဉ်တွေရဲ့ အဆင့်ကို ပြောင်းလဲဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး၊ အဲဒီလောက်သာ လွယ်လို့ကတော့ တစ်ကမ္ဘာလုံး နျန်ကွေးတွေနဲ့ ပြည့်နေမှာပေါ့”

ထို့နောက် သူမ၏ မျက်ဝန်းနက်များ မစ်စ်လျှို့ထံသို့ အကြည့်ရောက်သွားခဲ့သည်။

“ကျွန်မ သူ့ရဲ့ ဝိဉာဉ်ထဲမှာ ဒီမြင်ကွင်းကို မြင်လိုက်ရတယ်”

မိုးဖွဲဖွဲကျနေသည့်တစ်ရက်တွင် ရှောင်ကျန်း၏ ခန္ဓာကိုယ်သည်က အခေါင်းတလားထဲတွင် ပိတ်မိနေကာ ဘေးပတ်ဝန်းကျင်တွင်လည်း မိဘဆွေမျိုးများ၏ ငိုရှိုက်သံ သဲ့သဲ့ ကြားနေခဲ့ရသည်။

သူ၏ ဝိဉာဉ်သည်က မြေအောက်ကမ္ဘာသို့ သွားရမည်ဖြစ်သော်ငြား ချစ်သူ၏ အစွဲအလမ်းကြောင့် ရှောင်ကျန်း ဝိဉာဉ်တံခါးဝမှ ဖြတ်မသွားနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပဲ သူ့အား မမြင်တွေ့နိုင်သည့် ကြိုးတစ်ချောင်းမှ ချုပ်နှောင်ထားသကဲ့သို့ ချစ်သူအနီးမှတပါး အခြားနေရာများသို့ သွားရောက်ခြင်းမပြုနိုင်ခဲ့ပေ။

ထိုနေ့များတွင် သူသည်က ချစ်သူ၏ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ပိန်ချုံးသွားသည့် ကိုယ်ခန္ဓာ၊ အမှောင်ခန်းတွေထဲတွင် ပုံလဲကျကာ သူ့ဓာတ်ပုံအား စိုက်ကြည့်နေခြင်း၊ အိပ်မက်ထဲတွင်ပင် ယောင်၍ ရေရွတ်နေခဲ့သည့် တောင်းပန်စကားများအား နေ့စဉ် မြင်တွေ့နေခဲ့ရသည်။

သူ့အတွက် သူမနာကျင်ခံစားရသည်ကို အကြည့်ရက်သော်ငြား ဘာမျှ လုပ်နိုင်စွမ်းမရှိခဲ့ပေ။

အသုဘအခမ်းအနားတွင်လည်း ချစ်သူဖြစ်သူနှင့် သူမ၏ မိဘနှစ်ပါး သူ၏ မိဘများအား ဦးညွှတ်တောင်းပန်ကာ သူမ တာဝန်အပြည့်အဝယူမည်ဖြစ်ကြောင်း၊ တစ်သက်လုံး မုဆိုးမကဲ့သို့ နေထိုင်သွားမည်ဖြစ်ကြောင်းနှင့် မိဘများအား တစ်သက်လုံး ပြုစုစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောဆိုနေခဲ့သည်ကို မြင်တွေ့နေရသည်။

အခမ်းအနားပြီးဆုံးချိန်တွင်လည်း ချစ်သူမိန်းကလေးက ချုံးပွဲချ ငိုကြွေးနေခဲ့သည်။ နီမြန်းနေသော မျက်လုံးများနှင့် သူမ၏ မိဘများအား စကားဆိုသည်။

“အဖေ၊အမေ…. သမီးလေ သမီးဘဝမှာ နောက်ထပ် အခြားတစ်ယောက်ကို ချစ်နိုင်တော့မယ်မထင်ဘူး၊ သူကလွဲပြီး သမီးအခြားသူကို လက်ထပ်နိုင်မယ်မထင်တော့ဘူး…”

“အမေတို့လည်း ရှောင်ကျန်းနဲ့မိသားစုအတွက် စိတ်မကောင်းသလို အားလည်းနာပါတယ်၊ ဒါပေမယ့် သမီးရယ်၊ သမီးတစ်သက်လုံးကြီး ဝေဒနာခံစားနေဖို့ မလိုအပ်ပါဘူး!”

သူမ ခပ်ယဲ့ယဲ့သာ ပြုံးလိုက်ရင်း ဘာမှ ဆက်မပြောတော့ပေ။ နောက်ဆုံးတော့ မိဘအိုကြီးနှစ်ပါးလည်း သက်ပြင်းချရင်း လက်လျှော့လိုက်ရသည်။

“ထားလိုက်ပါတော့၊ သမီး ဆုံးဖြတ်ချက်ချပြီးရင်တော့ မတားတော့ပါဘူး။ မကောင်းတာတွေ လုပ်ခဲ့မိလို့ ဒီလိုကလေးမျိုးကို ထိခိုက်စေခဲ့တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရတော့မှာပါပဲ…”

မစ်စ်လျှို့၏ ထိုစကားကြောင့်သာလျှင် ရှောင်ကျန်းလည်း ထိုဝိဥာဥ်ချုပ်နှောင်မှုအား မရုန်းကန်တော့ခဲ့ခြင်းဖြစ်သည်။

မစ်စ်လျှို့သာ သူ၏ သေဆုံးမှုကြောင့် တစ်သက်လုံးအထီးကျန်သွားရမည်ဆိုပါလျှင် သူလည်း ပြန်မဝင်စားချင်တော့ပါချေ။ မစ်စ်လျှို့အနီးမှာပင် အသံတိတ်နေထိုင်သွားရန် ဆုံးဖြတ်လိုက်သည်။

မစ်စ်လျှို့၏ အစွဲအလမ်းနှင့် အားနာစိတ်တို့က သူ၏ ဝိဉာဉ်အား မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်ကာ သူ့အား မတူညီသော ဝိဉာဉ်အမျိုးအစားအဖြစ်‌ ပြောင်းလဲခြင်းအား ခွင့်ပြုပေးခဲ့သည်။

ထိုအချိန်မှစ၍ သူသည်က မစ်စ်လျှို့အနီးမှ မမြင်နိုင်သည့် အရိပ်လေးတစ်ခုသာ ဖြစ်ခဲ့ရသည်။

ကုကျစ်စုန့် သက်ပြင်းဖွဖွချမိသည်။

“နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့တာကတော့ ရှောင်ကျန်းပဲလို့ ပြောနိုင်တယ်၊ ဒါပေမယ့် သူက လူတွေရဲ့ နှလုံးသားကို အထင်ကြီးလွန်းခဲ့တာပဲ”

လူသားများသည်က ဂဏှာမငြိမ်သည့် တိရိစ္ဆာန်များကဲ့သို့ပင်။ ထိုအရာသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်ငြား ရက်စက်လွန်းလှသည်။

ရှောင်ကျန်း၏ နျန်ကွေးအဖြစ် ဖြစ်တည်မှုကြောင့် သူ့တွင် ‘မစ်စ်လျှို့’တစ်ဦးတည်းသာ ရှိသော်လည်း မစ်စ်လျှို့ကတော့ လူအများအပြားနှင့် တွေ့ဆုံရဦးမည်ဖြစ်သည်။

သူမသည်က တိရိစ္ဆာန်ကယ်ဆယ်ရေးရုံးတွင် အလုပ်,လုပ်သောကြောင့် ချစ်ဖို့ကောင်းသည့် ခွေးလေး၊ကြောင်လေးများသည်က သူမ၏ စိတ်ကျရောဂါအား ကုစားပေးနိုင်ခဲ့သည်။

အနီးမှ ဆွေမျိုးများ၊ သူငယ်ချင်းများကြောင့်လည်း အထီးကျန်ခြင်းဆိုသည် မရှိ၊ လက်ရှိချစ်သူသည်လည်း နူးညံ့ကြင်နာကာ တကိုယ်ကောင်းဆန်စိတ်အလျဉ်းမရှိခဲ့ပေ။

ထိုအရာများသည်က သူမအတွက် အာရုံလွှဲနိုင်ခဲ့သည်။

မစ်စ်လျှို့၏ ဘဝခရီးသည် ရှေ့ဆက်သွားခဲ့ပြီး သူမတွင် ရှောင်ကျန်းအား လွမ်းဆွတ်နေရန် အချိန်မရှိတော့ပေ။

အချိန်ကြာသည်နှင့်အမျှ သူမရင်ထဲမှ နာကျင်မှုသည် တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။ ရှောင်ကျန်းအကြောင်းတွေးမိလျှင်ပင် ယခင်ကလောက် အပြစ်ရှိသည်ဟု မခံစားရတော့ပေ။

ထိုပြောင်းလဲမှုများသည်က ရှောင်ကျန်းအတွက်တော့ သိသာလွန်းလှသည်။ မစ်စ်လျှို့၏ အစွဲအလမ်းများ လျော့ပါးလာသည်နှင့် သူသည်လည်း အားအင်ချိနဲ့လာခဲ့သည်။

မစ်စ်လျှို့ အတိတ်အား လက်လွှတ်ကာ အခြားတစ်ယောက်နှင့် လက်ထပ်လိုက်ချိန်သည်က သူ့အတွက် ဤကမ္ဘာကြီးမှ တိတ်တဆိတ် ပျောက်ကွယ်သွားရမည့်အချိန်ပင်။

ထူးခြားပညာရှင်များ ပြောသကဲ့သို့ သူ၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ကာ မစ်စ်လျှို့မှ အတင်းအကြပ်စေခိုင်းခြင်းလဲမဟုတ်။

သို့သော် အသက်၊ ဝိဉာဉ် အားလုံးကို စတေးခဲ့ရသည့် သူ့အတွက် အလွယ်တကူလက်လျှော့လိုက်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ပြိုင်ပွဲဝင်အားလုံးက သူ့ထံမှ အမုန်းတရားအနည်းငယ် ခံစားခဲ့ရခြင်းဖြစ်သည်။

[ရွေးချယ်မှုက ရှောင်ကျန်းကိုယ်တိုင်ဆိုပေမဲ့ ဘယ်သူ့ကိုမှ လက်မထပ်တော့ပါဘူးလို့ ပြောခဲ့တာက မစ်စ်လျှို့လေ၊ အဲဒီစကားကို ကြားပြီး သူက ဆက်နေခဲ့တာလဲ?

ဒါပေမဲ့ သူသေတာလဲ ငါးနှစ်တောင်ရှိပြီ၊ မိန်းကလေးက သစ္စာမရှိတာလို့လဲ ပြောလို့က မရပြန်ဘူး၊

ရှောင်ကျန်းက နျန်ကွေးဖြစ်သွားတယ်ဆိုကတည်းက အဲဒီအချိန်တုန်းကတော့ မစ်စ်လျှို့လည်း တကယ်ကို ခံစားနေခဲ့ရလို့ပဲ၊ နှစ်ယောက်လုံးက မမှားနေဘူး…]

[ဒီကောင်လေးက တော်တော်တော့ အချစ်ကြီးသားပဲ၊  မိန်းကလေးတစ်ယောက်အတွက်နဲ့ အကုန်လုံးစွန့်လွှတ်ရဲတယ်၊ သနားဖို့ကောင်းတာက သူချစ်ခဲ့တဲ့ မိန်းကလေးက အခြားတစ်ယောက်နဲ့ တွေ့ပြီး စိတ်ပြောင်းသွားတာပဲ…]

[ဒါကြီးက  ချေဖျက်လို့မရတဲ့ အကြွေးဆိုးပါပဲ]

[အဲဒီလိုပြောရကြေးဆို ဟဲမီတူပြောသွားတာလဲ မှန်နေတာပဲ၊ ရှောင်ကျန်းရဲ့ ဖြစ်တည်မှုက မစ်စ်လျှို့ရဲ့ အစွဲအလမ်းကြီးတာကြောင့်ဆိုတော့ မကောင်းဆိုးဝါးဝိဉာဉ်မွေးထားသလို ဖြစ်နေတာပဲလေ]

[……]

မစ်စ်လျှို့ ပြိုင်ပွဲသို့ လာရောက်ခဲ့ရခြင်းမှာ ချစ်သူဟောင်းအား နှုတ်ဆက်၍ ဘဝသစ်ထူထောင်နိုင်ရန် စိတ်ကူးကြောင့် ဖြစ်သည်။

ယခုတော့ ရှောင်ကျန်း၏ ဖြစ်တည်မှုသည်က သူမနှင့် သက်ဆိုင်နေကြောင်း သိလိုက်ရပြီးနောက် သူမ ဘာဆက်လုပ်ရမှန်းပင် မသိတော့။

သူမ အက်ကွဲသော အသံဖြင့် ပြောလာခဲ့သည်။

“တောက်ကျန့်ပြောတာကို ကျွန်မ နားလည်ပါပြီ၊ အဲဒါက ကျွန်မ အပြစ်ကြောင့်ပဲ၊ တောင်းပန်ပါတယ်…. ကုတောက်ကျန့်.. သူ.. သူ့ကိုလေ ပြန်လွှတ်ပေးလို့ရနိုင်တဲ့ နည်းလမ်းမျိုးများ မရှိဘူးလားဟင်?

ကျွန်မ ဘာပဲ လုပ်ရ၊လုပ်ရ လုပ်ပါမယ်!”

ဘေးမှ တင်ဆက်သူလျှို့လည်း မနေနိုင်စွာ စကားထောက်မိပြန်သည်။

“မစ်စ်လျှို့က အခု ချစ်သူအသစ်ရှိနေပြီလေ၊ သူသာ မစ်စတာကျန်းကို လွှတ်မပေးနိုင်ဘူးဆိုရင် ဆိုလိုတာက မစ်စ်လျှို့က လမ်းခွဲရမှာလား…..?”

ဖြေရှင်းရန် နည်းလမ်းလည်းမရှိ၊ မစ်စ်လျှို့လည်း လမ်းမခွဲနိုင်ဘူးဆိုပါက မစ်စ်လျှို့၏ အစွဲအလမ်းအား ဆုံးရှုံးလိုက်ရသည့် ရှောင်ကျန်းသည်က ပျောက်ကွယ်သွားရမည်ဖြစ်သည်။

ယခုအဖြစ်အပျက်သည်ကား အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သောကြောင့် မစ်စ်လျှို့အား လူအများမှ သူမမိသားစုအသက်အား ကယ်ဆယ်ခဲ့သူကို ပျောက်ကွယ်စေသောကြောင့် ဒေါသထွက်ကာ တကိုယ်ကောင်းဆန်သည်၊ ရက်စက်သည်၊ အသည်းနှလုံးမရှိသည့်မိန်းမဟု အပြစ်တင်ဆဲဆိုကြမည်ကို သူ ကြိုမြင်ယောင်နေခဲ့သည်။

သို့သော် ယခုကိစ္စကြောင့် သူမ လက်မထပ်နိုင်၊ နောက်တစ်ယောက်အား မချစ်နိုင်ဆိုပါကလည်း အဓိပ္ပာယ်မရှိပေ။

ယခုအဖြစ်အပျက်သည်က ပြိုင်ပွဲတစ်လျှောက်တွင် အခက်ခဲဆုံးသော ရွေးချယ်မှုပင်ဖြစ်သည်။

ကုကျစ်စုန်‌ ရှောင်ကျန်းအား လွတ်မြောက်စေရန် ကူညီပေးနိုင်မည့် နည်းလမ်းရှာတွေ့နိုင်ပါစေဟုသာ ဆုတောင်းမိသည်။

ကံမကောင်းစွာပင် ကုကျစ်စုန့်ကတော့ လမ်းကြောင်းလွဲနေခဲ့သည်။

သူမ မစ်စ်လျှို့၏ မျက်နှာအား စေ့စေ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်သည်။

“လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ၊ အဲဒီကောင်လေးက ရှင့်အတွက် လက်တွဲဖော်အမှန်မဟုတ်သလို လူကောင်းလည်း မဟုတ်ဘူး”

“နောက်ပြီး သူက စိတ်ပြောင်းသွားတာ အချိန်ကြာလှပြီ”

တင်ဆက်သူလျှို့: “?!!”

မစ်စ်လျှို့: “?!!”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?”

“ရှင့်ရဲ့ လက်ရှိထိမ်းမြားခြင်းလမ်းကြောင်းအရဆိုရင် တစ်ဖက်လူက ရှင့်ကို တစ်ဖက်သတ် ကြိုက်ခဲ့တာ ရှင်မသိခင်အချိန်ကပဲ၊

ရှင်နဲ့ ရှင့်ရဲ့ ချစ်သူနှစ်ယောက်လုံးက အထက်တန်းကျောင်းမှာ တွေ့ခဲ့တာ၊ သူတို့နှစ်ယောက်လုံးက အဲဒီအချိန်တုန်းက ရှင့်ကို သဘောကျခဲ့တာပဲ”

“ရှင်က မစ်စတာကျန်းကို သဘောကျနေခဲ့တာကြောင့် ရှင့်ကို တိတ်တိတ်လေး စောင့်ကြည့်ဂရုစိုက်နေခဲ့တဲ့ အခြားတစ်ယောက်ကို သတိမထားမိခဲ့တာ”

*

All Chapters