နှုတ်ဆက်ထွက်ခွာမသွားလိုသော ချစ်သူ (4)
Vol. 21 Ch. 218
မစ်စ်လျို့၏ လက်ရှိချစ်သူကောင်လေးသည်ကား သူသဘောကျသည့် ကောင်မလေးနှင့် အချစ်ဆုံးသူငယ်ချင်းတို့ နေ့စဉ် ပြုံးပျော်နေရသည်အား မြင်ရပြီး စိတ်ထဲတွင်တော့ အောင့်သက်သက်ခံစားခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူတို့နှစ်ဦးပြန်ဆုံတွေ့ချိန်တွင်တော့ အရာအားလုံး ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
သူငယ်ချင်းဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက်တွင် အသည်းကွဲနေသည့် မိန်းကလေးတစ်ဦးသာ ကျန်ရစ်ခဲ့သည်။
သူသည်ကား ယခင်က မစ်စ်လျှို့အား အင်မတန်နှစ်သက်ခဲ့ပြီး မစ်စ်လျှို့သည် ယခင်ချစ်သူဟောင်းအား မမေ့နိုင်သေးကြောင်းလည်း သူကောင်းကောင်းသိသည်။
ထို့ကြောင့် သူမအပေါ် သည်းခံကာ မဖြူစင်သည့် သူမ၏ အချစ်အား လက်ခံပေးခဲ့သည်။
“မှန်ပါတယ်၊ သူက ကျွန်မကို အထက်တန်းကျောင်းတည်းက သဘောကျတာလို့ ပြောဖူးတယ်…”
ထို့ကြောင့်ပင် မစ်စ်လျှို့ ကုကျစ်စုန့်၏ စကားများအား ပို၍ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
လက်ရှိချစ်သူနှင့် သူမတို့ တွဲလာခဲ့သည်မှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။
ထိုနှစ်နှစ်တာကာလအတွင်း သူမ ပြိုလဲကျသွားကာ ကူကယ်ရာမဲ့သကဲ့သို့ ခံစားခဲ့ရသည့် အကြိမ်ပေါင်းမနည်းပေ။ ထိုအကြိမ်တိုင်း ချစ်သူဖြစ်သူက သူမဘေးတွင် ရှိနေပေးခဲ့သည်။
ထိုမျှ အသေးစိတ်ဂရုစိုက်ခြင်းတို့ကြောင့် မစ်စ်လျှို့၏ ရင်ထဲမှ အချစ်များသည်က ရှောင်ကျန်းမှတဆင့် လက်ရှိချစ်သူထံသို့ ပြောင်းလဲလာခဲ့ရခြင်းပင်။
သူမ အတိတ်ကို လက်လွှတ်ကာ လက်ရှိချစ်သူနှင့် တစ်အိုးတစ်အိမ် ထူထောင်ချင်ခဲ့သည်။
ထို့ကြောင့် ရှောင်ကျန်း သူမအနီးတွင် ရှိနေကြောင်း သိလိုက်ရသည်နှင့် အစီအစဉ်သို့လာရောက်ခဲ့ခြင်းပင် ဖြစ်လေ၏။
သူမအတွက် ထိုမျှ အနစ်နာခံပေးခဲ့သူက စိတ်ပြောင်းသွားပြီဖြစ်ကြောင်း ကုကျစ်စုန့် ပြောလာခဲ့သည့်စကားကို သူမ ဘယ်သို့ ယုံကြည်ပေးနိုင်မည်နည်း?
ကုကျစ်စုန့် : “ရှင် ဒီအစီအစဉ်ကို လာမယ်ဆိုတာ သူ့ကို မပြောခဲ့ဖူးမလား?”
“မပြောခဲ့ပါဘူး၊ ကျွန်မမှာ အခြားစိတ်ပူစရာတွေ ရှိနေသေးတယ်လေ”
ရှောင်ကျန်းအား ခဏခဏ အိပ်မက်,မက်နေကြောင်း သိလိုက်ရပြီးနောက် ချစ်သူဖြစ်သူအား ပြောသင့်၊မပြောသင့် သူမ စဉ်းစားခဲ့သေးသည်။ အချိန်ကြာ တွေဝေနေပြီးနောက် သူမ မပြောရန်သာ ဆုံးဖြတ်ခဲ့သည်။
သူမနှင့် လက်ရှိချစ်သူတို့၏ ဆက်ဆံရေးက ယခင်ရှောင်ကျန်းနှင့် ဆက်ဆံရေးကြောင့်သာ အစပျိုးခဲ့ခြင်းဖြစ်သည်။ အစောပိုင်းအချိန်များတွင် သူမက လက်ရှိချစ်သူအား ရှောင်ကျန်း၏ အစားထိုးဟုသာ သဘောထားခဲ့ခြင်းပင်။
၎င်းမှာသူတို့နှစ်ဦးလုံး ကောင်းကောင်းသိသည့် အရာတစ်ခုလည်းဖြစ်သည်။
လက်ရှိချစ်သူအပေါ် အားနာစိတ်တို့ ပျောက်ကွယ်စေရန် မစ်စ်လျှို့သည်က သူ့အား လက်ဆောင်များ ပေးကာ ငွေအမြောက်အမြားသုံးခဲ့ပြီး စိတ်သက်သာစေခဲ့သည်။
လွန်ခဲ့သည့် ၆လအတွင်း သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးက အဆင့်တက်လာကာ သာမန်ချစ်သူများနှင့် မခြားနားတော့ပေ။ သို့သော် သူတို့နှစ်ဦးလုံး၏ ရင်ထဲတွင်တော့ ရှောင်ကျန်းနှင့် သူတို့နှစ်ဦး၏ အချစ်ရေးခရီးအစသည် အစဉ်ထိုးစိုက်နေသော ဆူးတစ်ချောင်းသာလျှင် ဖြစ်နေပေသေးသည်။
ယခုတစ်ကြိမ်တွင် သူမက လက်ရှိချစ်သူအား ရှောင်ကျန်းအကြောင်းအိပ်မက်များ ပြောပြခဲ့ပါလျှင် သူသည် အတွေးလွန်တော့မည်မှာ အသေချာပင်။
မစ်စ်လျှို့ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
“ကျွန်မဝန်ခံပါတယ်၊ သူ့ကို မပြောပြခဲ့တာက ကျွန်မ ရှောင်ကျန်းကို သတိရနေတုန်းပဲလို့ မထင်စေချင်လို့လေ”
သူမ ထိုစကားပြောလိုက်ချိန်တွင် စိတ်မသက်မသာ ခံစားလိုက်ရပြီးနောက် သူမဘေးမှ ရှောင်ကျန်းအား မည်သို့ မျက်နှာချင်းဆိုင်ရမည်မှန်း မသိရသော်လည်း ထိုစကားသည် ရင်ထဲမှ လာသည့် စကားပင် ဖြစ်ပေ၏။
ကုကျစ်စုန့် သက်ပြင်းချသည်။
“ရှင် သူ့ကို ပြောပြခဲ့ရမှာ၊ အခုတော့ နောက်ကျသွားပြီ၊ မယုံဘူးဆိုရင်လည်း ရှင် သူ့ကို ဖုန်းဆက်ကြည့်လိုက်ပေါ့”
ကုကျစ်စုန့်စကားကြားရပြီးနောက် မစ်စ်လျှို့ ရင်ထဲထိတ်သွားရသည်။
သူမ ကိုယ့်ကိုကိုယ် ‘မဟုတ်လောက်ပါဘူး’ဟု နှစ်သိမ့်လိုက်မိကာ စိတ်မသက်မသာဖြင့် ဖုန်းကိုထုတ်လိုက်ပြီး လက်ရှိ ချစ်သူကောင်လေး၏ နံပါတ်အား ခေါ်လိုက်သည်။
ဖုန်းက နှစ်ကြိမ်မြည်သွားခဲ့ပြီးနောက် ဖုန်းကိုင်လာလေသည်။ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရင်း သူမ စကားစသည်။
“အချစ်.. ကျွန်မ ရှင့်ကို မပြောပြထားမိတာတစ်ခုရှိတယ်”
ဖုန်းတစ်ဖက်မှ သူမ၏ချစ်သူက အတော်ကြာ အသံတိတ်နေခဲ့သည်။
မစ်စ်လျှို့ ဖုန်းထဲမှ သူ၏ အသက်ရှူသံကိုသာ ကြားနေခဲ့ရသည်။ ထိုတိတ်ဆိတ်မှုကြောင့် သူမ ပို၍ ထိတ်လန့်တုန်လှုပ်လာခဲ့သည်။
“တကယ်တော့ ကျွန်မ အခု ဝိဉာဉ်ရေးရာအစီအစဉ်မှာ ပါနေတာ၊ အခုရက်ပိုင်းတွေ ညဘက်ကို သိပ်အိပ်မပျော်ဘူးလို့ ပြောဖူးတယ်လေ မှတ်မိလား၊ အဲဒါနဲ့….”
မစ်စ်လျှို့ စကားမဆုံးမှီ တစ်ဖက်မှ ချစ်သူကောင်လေး ဖြတ်ပြောလိုက်သည်။
“ကိုယ်သိတယ်၊ အခုပဲ အဲဒီအစီအစဉ်ကို ကြည့်နေတာ”
မစ်စ်လျှို့ တစ်ဖက်ကောင်လေး၏ အေးတိအေးစက်အသံကို ကြားရပြီးနောက် ပို၍ ပူပန်ကာ မည်သို့ ရှင်းပြရမည်နည်းကို တွေးတောနေခဲ့သည်။
“ကျွန်မ တမင်ဖုံးကွယ်ထားတာမျိုးမဟုတ်ပါဘူး… အချစ်ကို အထင်မလွဲစေချင်ရုံသက်သက်ပါပဲ၊ ဘာလို့လဲဆိုတော့ ဒူမျိုးကိစ္စတွေက ရှုပ်ထွေးတယ်လေ၊ ကျွန်မ ရှင့်ကို ဘယ်လို ရှင်းပြရမှန်းမသိဘူး… ရှင်က ကျွန်မ ပြောတဲ့စကားကို ယုံ၊မယုံဆိုတာကိုလည်း အတပ်မပြောနိုင်ဘူးလေ၊ အဲဒါကြောင့် အားလုံး ဖြေရှင်းပြီးတဲ့အချိန်မှ ပြောပြချင်ခဲ့တာ…”
တစ်ဖက်မှ အမျိုးသားက သက်ပြင်းချလာသည်။
“ကိုယ် မင်းပြောတဲ့ စကားတွေက ဘယ်ဟာက အမှန်၊ ဘယ်ဟာက အလိမ်အညာဆိုတာတွေလည်း မခွဲနိုင်တော့ဘူး၊ ဒီအချိန်နှစ်နှစ်ဆိုတာလည်း နည်းတဲ့အချိန်မဟုတ်ဘူးလေ.. ပင်ပန်းလှပြီ…”
ထိုအချိန်တွင် လွန်ခဲ့သည့် နှစ်လခန့်က ဖြစ်ခဲ့သည့် အကြောင်းအရာတစ်ခုအား သူ ပြောပြခဲ့သည်။
ထိုညက သူနှင့် မစ်စ်လျှို့တို့ သူငယ်ချင်းများနှင့် ညစာစားရန် ထွက်လာခဲ့ကြသည်။
မစ်စ်လျှို့က အသောက်များသွားပြီးနောက် စားပွဲပေါ်တွင် မှောက်အိပ်နေခဲ့သည်။ သူ သူ့၏ချစ်သူအား ကူပေးရန် ပြင်လိုက်သော်ငြား မစ်စ်လျှို့ကတော့ ရုတ်တရက် ရှောင်ကျန်းနာမည်ကိုခေါ်ကာ ငိုကြွေးနေခဲ့သည်။
ဘေးပတ်လည်မှ သူငယ်ချင်းများလည်း သူမအသံကို ကြားပြီးနောက် သူ့အား နေရခက်ကာ မေးခွန်းထုတ်သည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့ကြသည်။
ထိုအချိန်၊ ထိုတဒင်္ဂတွင် သူ့စိတ်ထဲတွင် စိတ်ပင်ပန်းမှုသာ ခံစားနေခဲ့ရပြီး အရှက်ခွဲခံလိုက်ရသကဲ့သို့လည်း ခံစားလိုက်ရသည်။
လွန်ခဲ့သည့် နှစ်နှစ်၊ မစ်စ်လျှို့နှင့် စတွဲသည့်အချိန်တွင် သူသည် သူမနှင့် ရှောင်ကျန်းတို့၏ အတိတ်အား သိရှိပြီးဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမအနီးတွင် ရှိနေပေးသ၍ သူ မစ်စ်လျှို့၏ အချစ်အား ရယူနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ ပင်ပန်းလာသည်။ စိတ်မရှည်တော့ပေ။
အတွင်းသတင်းအတိအကျသိထားကြသည့် သူငယ်ချင်းအချို့က သူ့အား စသလို,နောက်သလိုဖြင့် သူသည်က နတ်ဘုရား၏ စိတ်ရှည်သည်းခံမှုရှိကြောင်း သို့မဟုတ် အချစ်ရူးဟုပင် ခေါ်တတ်ကြသေးသည်။
ထိုအချိန်များတွင် မစ်စ်လျှို့အပေါ် စိတ်ပျက်မှုနှင့် စိတ်မကျေနပ်မှုတို့သည် ထပ်ကာထပ်ကာ စုလာခဲ့ပြီးနောက် သူ ဤအချစ်ရေးကြီးအား စိတ်ကုန်လာခဲ့သည်။
မစ်စ်လျှို့ အဆောတလျင် ရှင်းပြလိုက်သည်။
“ကျွန်မ ပြောတာကို နားထောင်ပေးပါဦး၊ အကုန်ရှင်းပြပါ့မယ်! အဲဒီအချိန်က ကျွန်မ သူ့အကြောင်းကို အိပ်မက်တွေ စပြီး မက်နေတဲ့ အချိန်လေ..”
လက်ရှိချစ်သူကတော့ စိတ်မရှည်စွာပင် ပြောလိုက်သည်။
“ဘာဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် ငါ မင်းရဲ့ မြင့်မြတ်လှတဲ့ အချစ်ဇာတ်လမ်းကြီးအကြောင်း မသိချင်တော့ဘူး”
“မင်း အခု အဲဒီပြိုင်ပွဲမှာ မဟုတ်ဘူးလား? မင်းနဲ့ အခုပြောနေတဲ့ တောက်ကျန့်က ဗေဒင်ဟောတာ အရမ်းမှန်တယ်ဆိုတာ ငါသိတယ်၊ သူမ ပြောတာအမှန်ပဲ။ ငါ မင်းနဲ့ ဆက်ပြီး မတွဲချင်တော့ဘူး၊
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ငါမင်းအပေါ်မှာ ဘာမှ မဟုတ်၊ မမှန်တာ မလုပ်ခဲ့ဖူးဘူး၊ ပြောရရင် မင်းကသာ ငါ့ကို သူ့ရဲ့ အစားထိုးအဖြစ် အသုံးချခဲ့တာလေ၊
ဒီတော့ ကိစ္စတွေ အရမ်းရုပ်ပျက်ဆင်းပျက်မဖြစ်အောင် လုပ်ရအောင်၊ ငါတို့ လမ်းခွဲကြစို့”
မစ်စ်လျှို့၏ မျက်ဝန်းအစုံက ပြူးကျယ်သွားခဲ့ရပြီး သူမ စကားပြန်မပြောနိုင်သေးခင်မှာပင် တစ်ဖက်လူမှ ဖုန်းချသွားခဲ့ပြီဖြစ်သည်။
ကြက်သေ,သေနေသော အမျိုးသမီးအားကြည့်ရင်း ကုကျစ်စုန့် စကားစသည်။
“ရှင် ဒီပြိုင်ပွဲကို လာပြီး သူ့ကို နှင်ချင်တယ်ဆိုကတည်းက ရှင့်ရဲ့ အခုလက်ရှိချစ်သူ မူပျက်နေတာကို ရှင် သတိထားမိနေပြီးသားဖြစ်မှာပါ၊
ရှင်ထင်တာက ရှင်တို့ကြားက ပြဿနာက ရှင့်ရဲ့ အတိတ်ကြောင့်ဖြစ်ရတာဆိုပြီးလေ၊ ဒါကြောင့် အဲဒီ အတိတ်ဇာတ်လမ်းရဲ့ ဖြစ်တည်မှုကို ဖျက်ပစ်ချင်ခဲ့တာပဲ၊
ရှင်ထျက်ပစ်ချင်နေတဲ့ အဲဒီဖြစ်တည်မှုက ‘နျန်ကွေး’ပဲလေ”
သို့သော် ထိုဆက်ဆံရေး၏ အဓိက ပြဿနာသည်က အစတည်းက ဖြူစင်မှုမရှိခဲ့ခြင်းများကြောင့်သာ ဖြစ်သည်။
လက်ရှိချစ်သူသည် အစကတော့ မစ်စ်လျှို့အား ချစ်မြတ်နိုးခဲ့ပါသည်။
သို့သော် အချိန်ကြာသည်နှင့်အမျှ ထိုအချစ်တို့က ပျက်ပြယ်စပြုလာခဲ့သည်။
မစ်စ်လျှို့က သူ့အား အစားထိုးတစ်ယောက်အဖြစ် အသုံးချနေသောကြောင့် သူ့ဘက်မှ ပေးဆပ်ခဲ့ရသည်မှာ များလွန်းပြီဟု အမြဲတွေးနေခဲ့သည်။
ထိုအချက်အား အခွင့်အရေးအဖြစ် အသုံးချရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် မစ်စ်လျှို့၏ လက်ဆောင်များအား လျော်ကြေးအဖြစ် သတ်မှတ်ကာ လက်ခံခဲ့သည်။
မစ်စ်လျှို့၏ ငွေကိုလည်း သူ ရသင့်ရထိုက်သည့် အခွင့်အရေးဟု သတ်မှတ်ကာ သုံးဖြုန်းခဲ့သည်။
တခြားမိန်းမများနှင့်ပင် ဖောက်ပြန်ခဲ့သေးသည်။
တစ်ဖက်တွင်တော့ မစ်စ်လျှို့က ဤအချစ်နွံတွင် တစ်နေ့ထက် တစ်နေ့ ပို,ပို၍ နစ်မြှုပ်လာသည်။
သူမ၏ ချစ်သူ မူပျက်နေကြောင်း သတိပြုလိုက်မိသည်နှင့် သူမက ပြိုင်ပွဲသို့ လာကာ ကိုယ့်ကိုကိုယ် သက်သေပြနိုင်ရန် ဝန်မလေးခဲ့ပေ။
ထိုအချိန်တွင် တင်ဆက်သူလျှို့မှ အစီအစဉ် တစ်ပိုင်းပြီးကြောင်း ကြေငြာလိုက်သည်။
“ဒီအစီအစဉ်ရဲ့ ပထမအပိုင်းကတော့ ပြီးဆုံးပါပြီ၊ ပြိုင်ပွဲပြီးတာနဲ့ ပြိုင်ပွဲဝင်တွေက မစ်စ်လျှို့နဲ့ ရှောင်ကျန်းကို သူတို့ကြားက ဆက်သွယ်မှုကို ဖြေရှင်းလို့ရ၊မရဆိုတာကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်”
“မိနစ် ၂၀ နားချိန်ပြီးရင်တော့ ဒုတိယအကူအညီတောင်းသူရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့အတွက် အစီအစဉ်ပြန်လည် စတင်မှာဖြစ်ပါတယ်”
[ငါတော့ စိတ်ပူမိတယ်၊ ရှောင်ကျန်းအနေနဲ့ ပြန်ပြီး ဝင်စားဖို့များ ဖြစ်နိုင်သေးလားမသိဘူးနော်?]
[သူစိတ်ဆိုးတာကလည်း ထူးတော့ မထူးဆန်းဘူးလားလို့? ဒီလောက် ကံဆိုးတဲ့ ချစ်သူနဲ့တွေ့ရမှတော့ စိတ်မဆိုးဘဲရှိပါ့မလား…]
ကင်မရာများပိတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်နားလိုက်သည့်အချိန်ထိ မစ်စ်လျှို့က အသည်းကွဲမှုကြောင့် ကြက်သေ,သေနေဆဲပင်။
သူမ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားလိုက်ပြီးနောက် ပတ်ဝန်းကျင်မှ ဝန်ထမ်းများ၏ အသံအားလုံးကိုလည်း လျစ်လျှူရှု့ထားခဲ့သည်။
ကုကျစ်စုန့်ကတော့ သူမအနီးတွင် လက်ပိုက်ထားကာရပ်နေလိုက်ရင်း ဘေးမှ ရှောင်ကျန်းကိုကြည့်ကာ မေးလိုက်သည်။
“အခုလိုတွေတောင် ဖြစ်နေပြီပဲ. ဘာတွေများ လွမ်းနေစရာရှိသေးလို့လဲ? သူမှ မင်းကို မချစ်တော့တာလေ”
ပိန်သွယ်သည့် အမျိုးသမီး၏ နောက်တွင်ရပ်နေသော ပျောက်ကွယ်လုနီးနီး ဝိဉာဉ်ငယ်၏ မျက်လုံးများက ဝမ်းနည်းမှုဖြင့် ပြည့်နေခဲ့သည်။
‘နျန်ကွေး’ဖြစ်လာခဲ့သော ရှောင်ကျန်းသည်ကား သူ၏ချစ်သူကို လက်လွှတ်လိုက်ရန် ဝန်လေးနေခဲ့သည်။
သူနှင့်အတူ ယင်၊ယန်မျှဝေကာ အတူချစ်ခဲ့ရသော ချစ်သူ၏ ဘေးတွင် သူမဟုတ်သည့် အခြားတစ်ယောက်ရှိလာသည်ကို မြင်တွေ့နေခဲ့ရသည်။
သူသည်က ပြန်လည်ဝင်စားနိုင်မည့်အခွင့်အရေးအား လက်လွှတ်ကာ သရဲမဟုတ်သည့် သရဲတစ်ကောင်ဖြစ်လာခဲ့ပြီးနောက် ချစ်သူအနောက်မှသာ တကောက်ကောက် လိုက်နေခဲ့ရသည်။
သို့သော် ထိုချစ်ရသူက သူ့အား မလိုအပ်တော့ချိန်တွင် သူသည် တဖြည်းဖြည်း အားလျော့လာခဲ့ပြီး သူ့ဝိဉာဉ်သည်လည်း ပျောက်ကွယ်ရလုနီးနီးဖြစ်လာခဲ့ရသည်။
ထိုအချိန်မှစ၍ သူ မစ်လျှို့အား စိတ်နာကာ စွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေခဲ့မိသည်။
တစ်ချိန်တည်းမှာပင် မစ်စ်လျှို့၏ လက်ရှိချစ်သူက လူကောင်းမဟုတ်ကြောင်း သူသိလိုက်ရသည်။
ထိုချစ်သူသည်က မစ်စ်လျှို့အား ချစ်မြတ်နိုးမှုမရှိတော့။ မစ်စ်လျှို့သာ ထိုသူနှင့် လက်ထပ်ခဲ့ပါလျှင် အနာဂတ်တွင် နောင်တရ,ရမည်မှာ မလွဲဧကန်ပင်။
ရှောင်ကျန်း၏ ရင်ထဲမှ အချစ်က မုန်းတီးမှုအား အနိုင်ယူသွားခဲ့ပြန်သည်။ သူ့တွင် ရှိသမျှ စွမ်းအားများကို အသုံးချ၍ မစ်စ်လျှို့၏ အိပ်မက်တွင်းသို့ ဝင်ရောက်ကာ သတိပေးရန် ကြိုးစားခဲ့မိသည်။
သို့သော် သူ အရေးကြီးသည့် အချက်တစ်ခုအား မေ့လျော့သွားခဲ့သည်။
သူမသည်က သူ့အား မလိုအပ်တော့။
သူ၏ သတိပေးချက်များသည်က သူမအတွက်တော့ မလိုအပ်သည့် အချုပ်အနှောင်များသာ ဖြစ်သွားခဲ့ရသည်။
*