← Chapters

အခန်း (၂၁၉)

Vol. 22 Ch. 219

အခန်း (၂၁၉)

Vol. 22 Ch. 219

ကုကျစ်စုန့်၏ လေသံမှာ တည်ငြိမ်လွန်းလှသည်။

“မင်း အခုထိ ထွက်မသွားချင်သေးဘူးလား? မင်းမှာရှိတဲ့ ကုသိုလ်ကံတွေ ကုန်သွားပြီဆိုရင် မင်းမြေအောက်ကမ္ဘာကို ပြန်သွားလို့တောင် ရမှာမဟုတ်တော့ဘူး”

ထိုစကားအား ကြားပြီးချိန်ထိ ရှောင်ကျန်းသည် ကုကျစ်စုန့်အား မကြည့်နိုင်သေးပေ။ သို့သော် သူ၏ မျက်ဝန်းအကြည့်များ သူမနှင့် ဆုံလိုက်သည့်အချိန်တွင်တော့ သူ့ရင်ထဲမှ ခေါင်းမာစိတ်၊ လက်မခံလိုစိတ်၊ မုန်းတီးစိတ်များ လျော့ပါးနေခဲ့ပြီဖြစ်ကာ အသိစိတ်လည်း ပြန်ဝင်လာခဲ့ပြီဖြစ်သည်။

သူ၏ မူလပုံစံအမှန် ပေါ်လာခဲ့ပြီးနောက် သူ၏ ဝိဉာဉ်သည်လည်း ဖောက်ထွင်းမြင်နေရသည့်အခြေအနေမှ အနည်းငယ် ရုပ်လုံးပေါ်လာခဲ့သည်။

သူသည်ကား မီးသတ်သမား ဝတ်စုံကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ ပြည့်နေသော လူငယ်လေးတစ်ဦးသာလျှင် ဖြစ်ပေ၏။

သူ၏ မျက်လုံးများသည်လည်း ယခင်ထက် ပို၍ ကြည်လင်နေပြီး ချစ်သူဟောင်းအား တစ်ချက် ပြန်ကြည့်လိုက်ပြန်သည်။

ကုကျစ်စုန့်: “တွေဝေနေတုန်းပဲလား?”

ရှောင်ကျန်း ခေါင်းကို ညင်သာစွာ ရမ်းလိုက်ရင်း အားစိုက်ကာ ပြောလိုက်သည်။

“...ကျွန်တော့်ကို .. ကူ.. ညီပေး..ပါ..”

ကုကျစ်စုန့် မျက်ခုံးလေးတစ်ချက်ပင့်လိုက်သည်။

“ကျွန်မ အရင်ကတော့ နျန်ကွေးကို ပြန်ဝင်စားနိုင်အောင် မကူညီခဲ့ဖူးဘူး၊ ရနိုင်၊မရနိုင်ဆိုတာလည်း အတပ်တော့ မပြောနိုင်ဘူး၊ မင်းကို မျှော်လင့်ချက်ပေးသလို ဖြစ်မှာစိုးလို့ပါ”

ရှောင်ကျန်း စကားမပြောခဲ့ပေ။

အားနည်းနေလွန်း၍ သူ စကားမပြောနိုင်ပေ။ ထို့ကြောင့် ကုကျစ်စုန့်ကိုသာ ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။

ဆယ်မိနစ်အကြာတွင် ကုကျစ်စုန့်က ရှောင်ကျန်းအား မြေအောက်ကမ္ဘာသို့ ဝင်ရောက်ရန် ကူညီပေးနိုင်ခဲ့သည်။

သို့သော် သူသည်က လိုလိုချင်ချင်ပင် နျန်ကွေးဘဝသို့ ပြောင်းလဲကာ လူ့ပြည်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် မြေအောက်ကမ္ဘာ၏ စည်းမျဉ်းများအား ချိုးဖောက်နေခဲ့ပြီးဖြစ်သည်။

သူသာလျှင် အသက်ရှိစဉ်က လူများစွာ၏ အသက်ကို မကယ်တင်ခဲ့ပါလျှင်၊ သူ့တွင် ကုသိုလ်ကောင်းမှုများစွာ ရှိမနေခဲ့ပါလျှင် ပြန်ဝင်စားဖို့ဆိုသည်ဝေးလှ၊ မြေအောက်ကမ္ဘာကိုပင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ယခုရလဒ်သည် တကယ့်ကို ထူးခြားသည့် ကောင်းချီးတစ်ခုသာလျှင်ဖြစ်၏။

မိနစ် ၂၀ အနားယူပြီးချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကင်မရာများ ပြန်ပွင့်လာခဲ့သည်။

ကြည့်ရှုသူများလည်း တဖွဲဖွဲ ဝင်ရောက်လာခဲ့သည်။

တင်ဆက်သူလျှို့လည်း ဇာတ်ညွှန်းအား ကြည့်လိုက်ရင်း စ,ဖွင့်လိုက်သည်။

“ပထမဆုံးပြိုင်ပွဲပြီးပြီဆိုတော့ အစီအစဉ်ကို ကြည့်နေတဲ့ ပရိတ်သတ်တို့ ထိပ်တန်းငါးယောက်မှာ ဘယ်သူပါမယ်လို့ တွေးနေကြပြီလဲ?

ဘယ်ထူးခြားပညာရှင်က နောက်ကောက်ကျန်ခဲ့ပြီလို့ တွေးနေမိကြလဲ?”

“အစီအစဉ်ရဲ့ ဒုတိယပိုင်းက စတင်တော့မှာ ဖြစ်ပါတယ်၊ ပြိုင်ပွဲဝင်တွေဆီကနေ အသစ်,အသစ်တွေ ယူဆောင်လာမယ်လို့လည်း မျှော်လင့်ပါတယ် ဒီတော့ နောက်ထပ် အကူအညီတောင်းသူကို ဖိတ်ခေါ်လိုက်ရအောင်ပါ!”

“တိုက်ရိုက်ထုတ်လွှင့်မှုမစခင်မှာ ကြည့်ရှုသူအားလုံးကို ပြောချင်တာ တစ်ခုရှိပါတယ်၊ အခုအကူအညီတောင်းတဲ့သူက ထူးခြားတယ်ဗျ၊

အရင်တုန်းက လာခဲ့ဖူးတဲ့ အကူအညီတောင်းစာတွေနဲ့ လုံးဝ ကွဲပြားနေတာ...”

“ဒုတိယအကူအညီတောင်းသူ စင်ပေါ်ကို တက်မလာခင် ကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုလေး အရင်ကြည့်လိုက်ရအောင်ပါ”

သူ့စကားဆုံးသည်နှင့် ပရိုဂရမ်အဖွဲ့မှ ကြိုတင်ရိုက်ကူးပြင်ဆင်ထားသည့် ဗီဒီယိုအား ဖွင့်ပြလိုက်သည်။

ဗီဒီယိုမျက်နှာပြင် တဖြည်းဖြည်း လင်းလာခဲ့ပြီး အကူအညီတောင်းသူ ပေါ်မလာခင်မှာပင် အင်တာဗျူးသူ၏ အသံအား အရင် ကြားလိုက်ရသည်။

‘မစ်စ်ရန်... မင်းက အဲဒီလောက် စိတ်ပိုင်းဆိုင်ရာ အနုတ်ပြမနေသင့်ပါဘူး၊ ဒီကမ္ဘာကြီးမှာ မင်းနဲ့ မတွေ့ရသေးတဲ့သူတွေ၊ မင်း မမြင်ဖူးသေးတဲ့ အလှတရားတွေ အများကြီးရှိသေးတယ်လေ အတိတ်က ခံစားမှုဝေဒနာတွေထဲမှာပဲ ပိတ်မိမနေသင့်...’

အင်တာဗျူးသူ စကားပင်မဆုံးသေး၊ အကူအညီတောင်းသူ သက်ပြင်းချကာ ဆိုလိုက်သည်။

‘ဒီက မစ်စ်စ်... ကျွန်မကို အလင်းပြပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ အဲဒီစကားတွေကို ကြားရတာ အကြိမ်တရာမကတော့ဘူး

သူငယ်ချင်းတွေက ပြောတာလည်း ဒီစကားပဲ၊ ကျွန်မလည်း ကျွန်မမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိတယ်၊ စိတ်မရှည်ဘူး၊

လောကဓံကိုလည်း ခံနိုင်ရည်မရှိဘူးဆိုတာတွေ သိပါတယ်.. ဒါပေမယ့် ကျွန်မမှာ အဲ့ဒီ အလှအပတွေကို ခံစားရှာတွေ့နိုင်တဲ့ မျက်လုံးတွေ မရှိဘူးလေ...’

‘ဒီတော့ စကားလုံးလှလှလေးတွေနဲ့ ကျွန်မကို နားချဖို့ အချိန်အကုန်မခံပါနဲ့၊ အားလုံးက ကျွန်မအတွက် လုပ်နေတာဆိုတာ သိပေမယ့် မလိုအပ်ပါဘူး..’

‘ကျွန်မက ကျွန်မကို ဒီလောကကြီးမှာ လွမ်းဆွတ်သတိရစေတဲ့ အရာမျိုး၊ လူမျိုးကို ရှာလို့လည်း မရဘူး၊

အသက်ရှင်နေရတဲ့ အဓိပ္ပာယ်ကိုလည်း ခံစားလို့ကို မရဘူး၊ အသက်ရှင်နေရတာ ကျွန်မအတွက်တော့ နှိပ်စက်ခံနေရတဲ့ နာကျင်မှု၊ဝေဒနာတွေပဲ.. ကျွန်မကို လွတ်မြောက်ခွင့်ပေးကြပါတော့....’

ထိုပြင်းထန်လှသည့် စကားများ ဆက်တိုက်ကြားလိုက်ရပြီးနောက် အင်တာဗျူးသူလည်း ဘာဆက်ပြောရမှန်း မသိတော့သောကြောင့် အင်တာဗျူးအား ရပ်နားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဗီဒီယိုတွင်းမှ အသံတစ်သံထွက်လာခဲ့ပြီး အကူအညီတောင်းသူ မစ်စ်ရန်အကြောင်း မိတ်ဆက်စကားစသည်။

“ပရိုဂရမ်အဖွဲ့က အခုလေးတင် မစ်စ်ရန်ကို အင်တာဗျူးခဲ့တာပါ၊ သူမက ဆဌမမြောက်အပိုင်းမှာ ဒုတိယမြောက် အကူအညီတောင်းသူပဲ ဖြစ်ပါတယ်

အကူအညီတောင်းစာ ထောင်ပေါင်းများစွာထဲကမှ ဘာလို့ သူ့ကို ပရိုဂရမ်အဖွဲ့က ရွေးချယ်ခဲ့တာလဲဆိုရင် သူ့စာမှာပါတဲ့အကြောင်းအရာက အရမ်းကို ထူးဆန်းလွန်းနေလို့လေ”

“သူမက အရင်တုန်းက အကူအညီတောင်းတဲ့သူတွေနဲ့ မတူဘူး၊ ပြောရရင် အကူအညီတောင်းစာပို့တဲ့ သူတွေထဲမှာတောင် သူ့စာလောက် ထူးခြားတဲ့စာရှိမယ်လို့ မထင်ဘူး၊ သူက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာ၊ သူက သရဲရော၊ သေရမှာရော မကြောက်ဘူးတဲ့လေ”

“မစ်စ်ရန် ဒီအစီအစဉ်ကို အကူအညီတောင်းရတဲ့ အကြောင်းရင်းကတော့ သေချင်လို့ပဲဖြစ်ပါတယ်!!”

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်တော့ မေးခွန်းများစွာ ပေါ်ထွက်လာခဲ့တော့သည်။

[ဟမ်? ငါ နားကြားများ မှားသလား? ဒီအကူအညီတောင်းတာက တကယ်ကို ထူးခြားလွန်းပါတယ်..]

[ခုနက အင်တာဗျူးမှာ ကြားလိုက်ရသလောက်တော့ ဒီကောင်မလေးက ပြင်းထန်စိတ်ကျရောဂါ ဒါမှမဟုတ် စိတ်ရောဂါတစ်ခုခု ခံစားနေရပုံပဲ၊ သူ့အသံက တော်တော်လေးကို မျှော်လင့်ချက်မဲ့နေတဲ့အသံပဲ၊

သူက တကယ်ကို ပြင်းထန်စိတ်ရောဂါသည်ဆိုရင်တော့ တကယ်ကို သတ်သေဖို့ ကြိုးစားမှာပဲ]

[သူတွေးနေတာကိုတော့ ငါနားလည်ပါတယ်၊ ဒါပေမယ့် ဘာလို့ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်ကိုလာရတာလဲ? ဒါက သဘာဝလွန်ပြိုင်ပွဲမဟုတ်ဘူးလား?

သူက ပြိုင်ပွဲဝင်တွေကို မနာမကျင်ဘဲ သေလို့ရတဲ့ နည်းများ ရှာခိုင်းချင်လို့လား? (ဒီတိုင်းမှန်းကြည့်တာနော်)]

ဗီဒီယိုထဲမှ ပရိုဂရမ်ဝန်ထမ်းများလည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများအတိုင်း တွေးမိခဲ့ကြသည်။

သူတို့ မေးခွန်းထုတ်လိုက်သည့်အချိန်တွင်တော့ မစ်စ်ရန်၏ အသံသည် စိတ်တိုသကဲ့သို့ ကူကယ်ရာမဲ့သည့် လေသံမျိုး ဖြစ်သွားခဲ့သည်။

‘သေရတာများ အဲ့လောက်လွယ်တယ်လို့ ထင်နေတာလား? နေရာလေး ရှာပြီး တိတ်တိတ်လေး သတ်သေလိုက်ရုံပဲပေါ့၊ ကျွန်မလည်း အဲ့လိုလေးပဲ တွေးလိုက်မိတာလေ၊

အကြိမ်ပေါင်းများစွာလည်း ကြိုးစားခဲ့ပြီးသွားပြီ၊ ဒါပေမယ့် အလုပ်မဖြစ်ဘူးလို့!’

‘ကျွန်မ မသေနိုင်ဘူး’

‘အမြဲတမ်း အကြိမ်တိုင်း အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင် သိပ္ပံနည်းနဲ့‌တောင် ရှင်းပြလို့မရတဲ့ မတော်တဆတွေ၊ အဖြစ်အပျက်တွေ အမြဲဖြစ်တယ်

ကျွန်မထင်တာတော့ ကျွန်မက မကောင်းတဲ့ အရာတစ်ခုခုနဲ့ တွေ့ခဲ့ပြီး အဲဒါကပဲ ကျွန်မကိစ္စတွေကို လိုက်နှောင့်ယှက်၊လိုက်ပိတ်ပင်နေတာပဲ ဖြစ်လိမ့်မယ်’

ဗီဒီယို ထိုနေရာတွင် ပြီးဆုံးသွားခဲ့သည်။

[ဟင်? ငါလေ အိမ်မှာ သဘာဝလွန်ပညာနဲ့ ပြိုင်ပွဲတွေ ကြည့်နေတာလေ၊ ဒီဗီဒီယိုက အစကတော့ နည်းနည်း စိတ်မသက်မသာဖြစ်ပေမယ့် ရယ်မိသွားတယ်

အကူအညီတောင်းနေတဲ့ သူရဲ့ အသံက တကယ်ကို စိတ်မရှည်တဲ့အသံနဲ့၊ တော်တော်‌လေးကို စိတ်ရှုပ်နေတဲ့ အသံမျိုးပဲ၊ ဟားဟားဟား သူတော်တော်လေးကို ဒေါသထွက်နေတာပဲ]

[ဒါကြီးကတော့ ငါလုံးဝကို မျှော်လင့်မထားတဲ့အရာကြီးပဲ၊ အသက်ရှိနေတဲ့ သူက သတ်သေဖို့လုပ်နေပေမယ့် သေပြီးသားသရဲက ဇွတ်အတင်းလိုက်ပိတ်ပင်နေတယ်၊ အဲလိုလည်း ရတာပဲလားဟ?]

[ဝိုး၊ နောက်ထပ် သရဲကောင်းတစ်ကောင်ကွ!]

[……]

ဗီဒီယိုပြသပြီးနောက် တင်ဆက်သူလျှို့လည်း ကင်မရာအားကြည့်ရင်း ပြောလိုက်သည် ။

“မစ်စ်ရန်က ဘယ်လိုထူးခြားတဲ့အရာတွေများ ဖြစ်ပျက်ခဲ့တာလဲ? သူက အကြိမ်ပေါင်းများစွာ သတ်သေဖို့ကြိုးစားခဲ့ပေမယ့် အမြဲတမ်းနှောင့်ယှက်ခံရပြီး မအောင်မြင်ခဲ့ဖူးဆိုတာ တကယ်ပဲလား?

ကဲ၊ ဒါဆိုရင် ဒီနေ့အတွက် ဒုတိယမြောက်အကူအညီတောင်းသူကို ဖိတ်ခေါ်လိုက်ရအောင်ပါ”

စကားဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကင်မရာရွေ့သွားသည်။

ထို့နောက် အနက်ရောင်ဇာအင်္ကျီနှင့် တစောင်းစကပ်အကွဲ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက ကင်မရာတွင် ပေါ်လာခဲ့သည်။

သူမသည် မစ်စ်ရန်ပင်။

သူမအား ကြည့်လိုက်သည်နှင့် အရပ်ရှည်သည့်မိန်းကလေးဖြစ်မှန်း သိသာလှသည်။ ၁.၇မီတာခန့်ရှိပြီး အနည်းငယ် လက်ပြင်ကိုင်းကာ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။

အသားအရည်မှာ ဖြူဖျော့နေပြီး နားပေါက်အများအပြားရှိကာ မျက်လုံးအောက်တွင်လည်း မျက်ကွင်းညိုညိုနှင့် ဖြစ်နေခဲ့သည်။

စင်ပေါ်သို့ ရောက်လာပြီးနောက် သူမ တင်ဆက်သူအား နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ တင်ဆက်သူလျှို့”

မကြာလိုက်ပါ။ ပထမဆုံးပြိုင်ပွဲဝင် နံပါတ်၁၀ ရှီဟိုင်ဟုန်‌ ရောက်လာခဲ့သည်။

စင်ပေါ်သို့ ရောက်သည်နှင့် သူမ စင်အလယ်မှ မိန်းကလေးထံသို့ အကြည့်ရောက်သွားခဲ့သည်။

အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“မင်းက အခုအပိုင်းမှာ အကူအညီတောင်းတဲ့သူလား? မင်းရဲ့ အခြေအနေက တော်တော်လေး ပြင်းထန်တယ်နော်၊ ပညာရှင်ကို ခေါ်ပြီး သေချာစစ်ဆေးခိုင်းသင့်တယ်”

“မင်းဆီမှာ အမျိုးသားသရဲတစ်ကောင်၊ အမျိုးသမီးသရဲနှစ်ကောင်နဲ့ ကားတိုက်ခံရလို့ ဒါမှမဟုတ် နှိပ်စက်ခံရလို့ သေထားတဲ့ တိရိစ္ဆာန်ဝိဉာဉ်လေးတွေလည်း အများကြီးကပ်နေတယ်၊ အဲဒါက ကြောင်ရိုင်းတွေပဲ

မင်းရဲ့ ခန္ဓာကိုယ်မှာ စုပြုံပြီးနေ,နေကြတာ၊ သူတို့က မင်းခန္ဓာကိုယ်ကို ‘အိမ်’လို့တောင် ထင်နေကြတာပဲ!”

“ကောင်မလေး၊ မင်းခန္ဓာကိုယ်က သရဲဟိုတယ်တောင် လုပ်လို့ရနေပြီ၊ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းရမယ်”

“မင်း အခုတလော ထူးဆန်းတာတို့၊ မူမမှန်တဲ့ အိပ်မက်မျိုးများ မက်သေးလား? မင်းခန္ဓာကိုယ်ထဲမှာ သရဲတွေ အဲဒီလောက်အများကြီးစုနေမှတော့ ဒေါသစိတ်တွေတောင် ခမ်းနေလောက်ပြီ

ခန္ဓာကိုယ်လည်း တော်တော်လေး အားနည်းနေလောက်ပြီထင်တယ်၊ ဘာလို့ အခုမှ အကူအညီတောင်းရတာလဲ?”

“အဲ့ဒီသရဲတွေကို နှင်ချင်တယ်ဆိုရင်တော့ ပြိုင်ပွဲပြီးရင် ငါ့ဆီကို လာခဲ့ပါ၊ သာမန်သရဲတစ္ဆေတွေကတော့ ငါနှင်ပေးလို့ ရပါတယ်”

တင်ဆက်သူရော၊ ကြည့်ရှုသူများပါ ပထမဆုံးပြိုင်ပွဲဝင်မှာတင် စိတ်လှုပ်ရှားစရာကောင်းသည့် သတင်းရလိမ့်မည်ဟု ထင်မထားခဲ့ကြ။

တင်ဆက်သူလျှို့ လည်း သူ့ဘေးမှ ပိန်ပါးပါး မိန်းမငယ်အား တစ်ချက်ကြည့်လိုက်ရင်း သူ့အကြည့်ကတော့ အနည်းငယ် ထူးဆန်းနေခဲ့သည်။

*

All Chapters