မသေနိုင်ဘူး (1)
Vol. 22 Ch. 220
မစ်စ်ရန်အနေဖြင့် သူမခန္ဓာကိုယ်တွင် ကပ်တွယ်နေသည်မှာ သရဲတစ်ကောင်တည်းမဟုတ်ဘဲ အများဖြစ်ကြောင်း ပထမဆုံး သိလိုက်ရခြင်းပင်!
သူမ ခေတ္တမျှ အံ့အားသင့်သွားသော်ငြား မကြာလိုက်ပေ။ ချက်ချင်းပင် စိတ်မဝင်စား၊ ဂရုမစိုက်သည့် ပုံပြန်ဖြစ်သွားသည်။
ထိုမျှသာပင်။
သူမသည်က ပင်ကိုယ်တည်းက အသက်ရှည်ချင်သူမဟုတ်ချေ။
ထိုသရဲများသည်က သူမအား မြန်မြန်သေဆုံးအောင်လုပ်နိုင်မည်ဆိုပါက မောင်းထုတ်ရန် စိတ်ကူးလုံးဝမရှိ။ သို့သော် လက်တလော ဖြစ်ပျက်ကြုံတွေ့နေရသည်များအား ပြန်သတိရလိုက်ပြီးနောက် သေချာမေးခွန်းထုတ်လိုက်သည်။
“တောက်ကျန့်၊ ကျွန်မရဲ့ ကိုယ်ထဲမှာ အန္တရာယ်မရှိတဲ့ သရဲတစ်ကောင်များ ရှိနေလား? အဲဒါကိုပဲ နှင်ပေးပါ”
ရှီဟိုင်ဟုန်: “???”
နားမလည်နိုင်ဖြစ်သွားရသည့် သူမမျက်နှာအားကြည့်ကာ ဘေးမှ တင်ဆက်သူလျှို့က မစ်စ်ရန်၏ တောင်းဆိုချက်အကြောင်း ရှင်းပြသည်။
ရှီဟိုင်ဟုန် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားရလေ၏။ အံ့အားသင့်စိတ်အား မျိုချလိုက်ပြီးနောက် သူမ အဖြေရှာရခက်သည့် အမူအယာဖြင့် ပြောလိုက်သည်။
“ရှင်က ထူးခြားတဲ့ လိုအပ်ချက်တွေရှိနေတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ရှင့်ခန္ဓာကိုယ်ထဲမှာ သရဲတွေ ဒီလောက်အများကြီး စုပြုံနေတာ မထူးဆန်းတော့ပါဘူး”
“ရှင်သိလား? သေရာကနေ အသက်ပြန်ရှင်ချင်တဲ့ အထီးကျန်သရဲဘယ်နှစ်ကောင်လောက်များ ရှင့်ခန္ဓာကိုယ်ကို ငှားရမ်းထားတယ်ဆိုတာကိုလေ၊ သူတို့က ရှင့်ကိုယ်ထဲမှာ ရှိနေတဲ့အချိန်မှာ ရှင့်ရဲ့ အသိစိတ်နဲ့ စိတ်အခြေအနေကိုလည်း ထိခိုက်သက်ရောက်နိုင်စွမ်းရှိတယ်”
“ကျွန်မကတော့ သူတို့ကို နှင်လိုက်ပြီးမှ ပြန်ပြီးစဉ်းစားစေချင်တယ်၊ မသေခင်မှာ အသက်ကို လွယ်လွယ်လေးနဲ့ လက်လျှော့လိုက်တဲ့လူတွေက သေပြီးတဲ့အချိန်မှာလည်း ငရဲကျပြီး အပြစ်ပေးခံရတတ်တယ်”
လွန်ခဲ့သည့် ရာစုနှစ်များတွင် လူ့ပြည်မှ လူသားများသည် ယခင်ထက်ပို၍ ပွင့်လင်းမြင်သာလာကြသည်။
စိတ်ရောဂါ ဝေဒနာများ ခံစားနေရသူများသည်လည်း ကိုယ့်ကိုကိုယ် သတ်သေမှုများ အရေအတွက် သိသိသာသာ များပြားလာခဲ့သည်။
မြေအောက်ကမ္ဘာသည်လည်း ခေတ်ရေစီးကြောင်းနှင့် အညီဖြစ်စေရန် သတ်သေသည့် ဝိဉာဉ်များအပေါ် အပြစ်ပေးသည့် စည်းမျဉ်းအား ပယ်ဖျက်ခဲ့ရသည်။
အသက်ရှိလူတစ်ဦးတွင် မီးတောက်သုံးခုရှိသည်။ တစ်ချိန်တည်းမှာပင် ဝိဉာဉ်နှင့် ခန္ဓာကိုယ်အား ယှဉ်တွဲထားရှိနိုင်သည့် ဝိဉာဉ်ဖန်ပုလင်းတစ်ခုလည်း ရှိသည်။
သာမန်အခြေအနေများတွင်တော့ ယန်မီးတောက်စွမ်းအားကောင်းနေသ၍၊ ဝိဉာဉ်ဖန်ပုလင်းလေးသည် ကြည်လင်နေပါသ၍၊ သာမန်လူတစ်ဦးသည် မကောင်းသောဝိဉာဉ်များနှင့် တွေ့ဆုံခဲ့ပါလျှင်တောင်မှ ထိုသရဲများသည် သက်ရှိလူတစ်ဦး၏ ခန္ဓာကိုယ်အား ဝင်ပူးခြင်း၊ လုယူခြင်းများ မပြုလုပ်နိုင်ပေ။
ထိုဝိဉာဉ်များသည်က ဝိဉာဉ်ဖန်ပုလင်း၏ တွန်းထုတ်ခြင်း ခံရမည်ဖြစ်သည်။
သို့သော် မစ်စ်ရန်၏ အခြေအနေမှာတော့ ထူးခြားသည်။ သူမသည် အသက်ရှင်ချင်စိတ်လည်း မရှိတော့သကဲ့သို့ ကိုယ့်ကိုကိုယ် သတ်သေရန် နည်းလမ်းကိုသာ အမြဲစဉ်းစားနေခဲ့သူတစ်ဦးဖြစ်သည်။
သူမ၏ အသက်ရှင်ချင်စိတ်နှင့် ယန်မီးတောက်စွမ်းအင်တို့မှာလည်း အနိမ့်ဆုံးအဆင့်ထိ ရောက်ရှိနေပြီဖြစ်သည်။
သရဲတစ္ဆေများ၏ မျက်လုံးတွင်တော့ ထိုကဲ့သို့ ခန္ဓာကိုယ်မျိုးသည် ဝင်ရောက်နေရာယူနိုင်သည့် ရှားပါးလူသားတစ်ဦးသာလျှင်။
သူမကိုယ်ထဲတွင် ဤမျှ သရဲတစ္ဆေများ စုဝေးနေသည်မှာ မထူးဆန်းတော့ပေ။
ဖြောင်းဖြစကားဆိုပြီးနောက် ရှီဟိုင်ဟုန် ထွက်ခွာသွားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပထမဆုံးပြိုင်ပွဲဝင် ရှီဟိုင်ဟုန်ကတော့ မစ်စ်ရန်ရဲ့ ကိုယ်ထဲမှာ သရဲတွေ အများကြီးရှိနေတာကို မြင်ခဲ့ရပါတယ်တဲ့၊ မစ်စ်ရန်က သူတို့ကို နှင်ပစ်သင့်တယ်လို့လည်း အကြံပေးသွားပါသေးတယ်”
“နောက်ထပ်ကတော့ ဒုတိယပြိုင်ပွဲဝင် ပိုင်စစ်ကို စင်ပေါ် ဖိတ်ခေါ်ပြီး အခြားအချက်အလက်တွေ မြင်တွေ့နိုင်ဦးမလားဆိုတာကို ကြည့်လိုက်ရအောင်ပါ”
ပိုင်စစ် စင်ပေါ်ရောက်လာပြီးနောက် မစ်စ်ရန်အား သေချာ အကဲခတ်နေခဲ့သည်။
အချိန်တော်တော်ကြာသည်ထိ သေချာစူးစမ်းနေခဲ့ပြီးနောက် ရုတ်တရက် စကားစသည်။
“မင်းမှာ ပြင်းထန်တဲ့နှလုံးရောဂါရှိတာပဲ. ပြီးတော့ စိတ်ပိုင်းဆိုင်ရာအခြေအနေကလည်း…. တော်တော်လေးကို ဆိုးနေတယ်၊ ငါထင်တာတော့ မင်းကိုယ်မင်းလည်း သိထားပါလိမ့်မယ်”
“မင်းရဲ့ လက်မောင်းနဲ့ ပေါင်တွေမှာ ဖယ်ရှားဖို့ခက်တဲ့ အနာရွတ်တွေ အများကြီးရှိနေတယ်၊ အဲဒီဒဏ်ရာတွေက တိမ်တိမ်လေးလည်း မဟုတ်ဘူး၊ အချို့ဆို အခုထိ အနာတောင် မကျက်သေးဘူး၊ အဲ့ဒီသိသာထင်ရှားတဲ့ နေရာနှစ်ခုကလွဲပြီး ကျန်တဲ့ နေရာတွေမှာလည်း ဒဏ်ရာဟောင်းတွေ ရှိနေသေးတယ်”
“ငါ့အထင်တော့ အဲဒီဒဏ်ရာတွေအကုန်လုံးက မင်းကိုယ်တိုင် လုပ်ထားတာပဲ၊ အကြောင်းရင်းကတော့ မင်းရဲ့ နှလုံးသားထဲက ပြင်းထန်တဲ့ ရောဂါကြောင့်ပဲ”
အကြာကြီး အသံတိတ်သွားပြီးနောက် မစ်စ်ရန် မငြင်းဆိုပဲ ဝန်ခံခဲ့သည်။
(TW: Self-harm; depression)
“အမှန်ပဲ..ငါ့မှာ ပြင်းထန်တဲ့စိတ်ကျရောဂါရှိတယ်လေ၊ ငါထင်တာတော့ အသက် ၇နှစ်၊ ၈နှစ်လောက်က စတယ်ထင်တာပဲ၊
အဲဒီအချိန်က စပြီးတော့ ရောဂါက ပို,ပိုပြီး ပြင်းထန်လာတာ၊ ငါ့ဘဝတစ်ခုလုံးက အဲဒီရောဂါကြီးစိုးတာပဲ ခံခဲ့ရပြီးတော့ စိတ်မကြည်လင်တာတွေကိုလည်း ထိန်းမရခဲ့ဘူးလေ
တစ်ခါတစ်လေဆို အရမ်းစိတ်ရှုပ်နေတတ်တယ်၊ တစ်ခါတစ်လေဆိုလည်း စိတ်ခံစားချက်တွေ ပြင်းထန်လာတတ်တယ်၊ တစ်ခါတစ်လေမှာတော့ အရမ်းကို စိတ်ခံပြင်းလွန်းလို့ ထိန်းမရ၊သိမ်းမရ ငိုချလိုက်တာမျိုးလည်း ဖြစ်နေတတ်တယ်၊
အဲလိုအချိန်တွေမှာဆိုရင် ငါက ငိုနေရင်းနဲ့ သေပဲ သေချင်တယ်၊ ကလေးဘဝတုန်းကတော့ အဲဒီရင်ထဲက နာကျင်တဲ့ခံစားချက်ကို ငါဘယ်လိုဖျောက်ရမှန်း မသိဘူး… နောက်တော့ ငါရှာတွေ့သွားတယ်
ကိုယ့်ကိုကိုယ် အသားနာအောင် လုပ်လိုက်တာက ဒီစိတ်ဒဏ်ရာ၊ စိတ်ဝေဒနာအတွက် အကောင်းဆုံး နည်းလမ်းပဲလေ”
ထိုအသက်အရွယ်သည် လူအများအတွက်တော့ ထိခိုက်နာကျင်ရမည်ကို ကြောက်ရွံ့ရမည့်အချိန်ဖြစ်သည်။ သို့သော် မိန်းမငယ်လေးကတော့ မျက်တောင်တစ်ချက်မခတ်၊ မျက်ရည်တစ်စက်မကျဘဲ ကိုယ့်အသားကို ထိခိုက်အောင် လုပ်နိုင်သည်။
ရင်ထဲမှ နာကျင်မှုအား ခန္ဓာကိုယ်နာကျင်မှုဖြင့် အစားထိုးကာ တစ်ခါတစ်ရံတွင် မည်မျှနာကျင်နေပါစေ၊ သွေးတိတ်အောင်ပင် လုပ်ဖို့ မကြိုးစားခဲ့ပေ။
ထိုကဲ့သို့ အကြောင်းအရင်းများကြောင့် သူမသည်က ကလေးဘဝတည်းက ကျန်းမာရေးချူခြာခဲ့သည်။
သွေးထွက်လွန်ခြင်းကြောင့် မျက်နှာသည်လည်း အမြဲဖြူဖျော့နေခဲ့ပြီး အမြဲတစေ စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။
မိဘများကတော့ စိတ်ကျန်းမာရေးမကောင်းသည့် သမီးငယ်အား နေ့စဉ် ဆူပူကြိမ်းမောင်းခဲ့ကြသည်။
မစ်စ်ရန်၏ အပူအပင်မရှိ၊ အသက်အား ဂရုမစိုက်သည့် မျက်နှာကို ကြည့်ရင်း ပိုင်စ် မျက်မှောင်ကြုတ်လိုက်လေသည်။
မသေမျိုးဖြစ်လာပြီးနောက် သူသည်က ရောဂါအများအပြား ကုသနိုင်စွမ်းရှိသော်ငြား လူသားများ၏ နှလုံးသားတွင်းမှ ဒဏ်ရာများကိုတော့ သူ မကုသပေးနိုင်ပေ။
မျက်လုံးများအား ခေတ္တမှိတ်အား အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ပိုင်စစ်စကားဆက်သည်။
“နှလုံးသားထဲက ဒဏ်ရာတွေအကြောင်းကိုတော့ မပြောဘဲနေလိုက်ရအောင်ပါ၊ မင်းက မကောင်းတဲ့ ဝိဉာဉ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ပုံပဲ
မင်းမှာ အရမ်းကို အားကောင်းတဲ့ ယင်စွမ်းအင်ရှိနေတယ်…ဒါက ကျန်းမာရေးအတွက် မကောင်းဘူး၊ သူတို့ကို အမြန်ဆုံးဖြေရှင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ်”
တင်ဆက်သူလျှို့: “ပိုင်စစ်ပြောချင်တာက မစ်စ်ရန်တွေ့ခဲ့တဲ့ သရဲက သူ့ကျန်းမာရေးကို ထိခိုက်အောင် လုပ်နေတာလား?”
ပိုင်စစ် ချောင်းတစ်ချက်ဟန့်လိုက်ရင်း ရှက်ရွံ့သည့် မျက်နှာဖြင့် ဆက်ပြောသည်။
“ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီသရဲက… နှာပူးပဲ”
“သူက ဒီကောင်မလေးရဲ့ အိပ်မက်တွေထဲကို ဝင်ပြီးတော့မှ သူ့ရဲ့ အသက်စွမ်းအင်နဲ့ ယန်စွမ်းအင်တွေကို အိပ်မက်ကနေ တဆင့် ယူနေခဲ့တာပဲ
သူမရဲ့ခန္ဓာကိုယ်မှာ ယင်စွမ်းအင် အားနည်းနေတာ အဲ့တာကြောင့်ပဲ၊ ဒီလို သရဲတွေရောက်လာရင် ပြသတတ်တဲ့ ရောဂါတွေရဲ့ လက္ခဏာက ဖြူဖျော့နေတဲ့ နှုတ်ခမ်းနဲ့ ပြာနှမ်းနေတဲ့ မျက်လုံးတွေပဲ”
စကားဆုံးချိန်တွင် ပိုင်စစ်မျက်နှာသည် ပါးမို့များ ရဲနေကာ နားရွက်များသည်လည်း နီမြန်းနေခဲ့သည်။
“ဒါ… ဒါပေမဲ့ အဲဒါ အကူအညီတောင်းတဲ့သူရဲ့ အပြစ်မဟုတ်ပါဘူး၊ အဲဒီလိုမျိုး အိပ်မက်ကနေတဆင့် သူများရဲ့ ယန်စွမ်းအင်ကို ခိုးတတ်တဲ့ အရှက်မရှိသရဲတွေက တားဆီးရခက်တယ်လေ
အဲဒါကြောင့် မင်း မြန်မြန်လေး ကျွမ်းကျင်သူတစ်ယောက်နဲ့ သူတို့ကို နှင်သင့်တယ်လို့ပြောတာ…”
ထိုစကားကြားရပြီးနောက်မှ မစ်စ်ရန်လည်း သဘောပေါက်သွားသည်။
သူမသည်က ဤကမ္ဘာတွင် ဂရုစိုက်ရမည့်လူလည်းမရှိသလို အသက်ရှင်ချင်စိတ်လည်း မရှိတော့သော်ငြား စိတ်ခံစားချက် လုံးဝမရှိသည်မဟုတ်။
မစ်စ်ရန် ရှက်ရှက်ဖြင့် ရေရွတ်သည်။
“ဒါကြောင့် အခုတလော ဘာလို့ အဲဒီလိုမျိုး အိပ်မက်တွေ ခဏခဏမက်တာလဲတွေးနေတာ၊ တစ်ခါတစ်လေဆိုရင် တကယ် ဖြစ်နေသလားလို့တောင် ထင်ရတယ်၊ မျက်နှာတစ်ခုလည်း ဝိုးတိုးဝါးတား မြင်ရသေးတယ်၊ အဲဒါတွေအကုန်လုံးက ဒီနှာဘူးသရဲကြောင့်ဖြစ်နေတာလား?!”
ပိုင်စစ်ခေါင်းငြိမ့်သည်။
“မင်းရဲ့ ယန်စွမ်းအင်အားနည်းမှုက နောင်ကျရင် ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်၊ မင်းပြန်သက်သာချင်တယ်ဆိုရင်တော့ ငါဆေးစာရေးပေးပါမယ်၊ အဲဒါကို နည်းစနစ်ကျကျ သေချာသောက်ပေးရင် တဖြည်းဖြည်းနဲ့ ပြန်သက်သာလာမှာပါ”
စကားဆုံးသည်နှင့် ပိုင်စစ် စင်ပေါ်မှ ခပ်သော့သော့ ဆင်းပြေးသွားလေသည်။
တင်ဆက်သူလျှို့လည်း ရှက်ရှက်ဖြင့် နှာခေါင်းအသာရှုံ့လိုက်ပြီးနောက် ဇာတ်ညွှန်းအား ဆက်ဖတ်သည်။
“ကောင်းပါပြီ၊ ပိုင်စစ်ကလည်း မစ်စ်ရန်ရဲ့ ကျန်းမာရေးမကောင်းတာကို ထောက်ပြခဲ့ပြီဆိုတော့ နောက်ထပ် ပြိုင်ပွဲဝင်ကို ဖိတ်ခေါ်လိုက်ရအောင်၊ ဒေစီကို ကြိုဆိုလိုက်ရအောင်ပါ”
ဒေစီကတော့ စင်ပေါ်သို့ လှပကျော့ရှင်းစွာ လိမ်းထားသော မိတ်ကပ်ဖြင့် ရောက်လာခဲ့ပြီးနောက် တင်ဆက်သူလျှို့ ၊ မစ်စ်ရန်အပြင် ကြည့်ရှု့သူများကိုပါ နှုတ်ဆက်လိုက်သည်။
သူမ မစ်စ်ရန်အား အပြုံးဖြင့် ကြည့်လိုက်သည်။
“ဒီမိန်းကလေးက စတိုင်ရှိတာပဲ၊ မင်းရဲ့ ဝတ်စားဆင်ယင်ပုံကို သဘောကျတယ်၊ တကယ်လို့ စိတ်မရှိဘူးဆိုရင် ငါ့ကို မင်းရဲ့ လက်လေး ပေးလို့ရမလား?”
မစ်စ်ရန် ခေါင်းငြိမ့်ကာ လက်ဆန့်ပေးလိုက်သည်။
အချိန်ခဏကြာ လက်ချင်းကိုင်ထားခဲ့ပြီးနောက် ဒေစီ၏ မျက်ခုံးများ တဖြည်းဖြည်း ပို,ပို ကျုံ့လာပြီး နဖူးကြောများ တင်းလာခဲ့သည်။
“မိန်းကလေးရဲ့ အရှိန်အဝါက ငယ်ပါသေးတယ်၊ မင်းရဲ့ ဘဝက အခုမှ စတာလေ၊ ဘာလို့ ဘာခံစားချက်၊ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ခံစားနေရတာလဲ၊
မင်းရဲ့စိတ်ခံစားချက်နဲ့ စိတ်အခြေအနေက ခြောက်သွေ့နေတဲ့ ပင်လယ်၊ ညှိုးခြောက်နေတဲ့ နှင်းဆီပန်းတစ်ပွင့်လို ဖြစ်နေတာပဲ၊
ပြောင်းလဲသွားတယ်ဆိုတာမရှိခဲ့ဘူး.. အထီးကျန်တာ၊ နာကျင်မှုတွေ၊ ခေါင်းမာမှုနဲ့ အခြား မကောင်းတဲ့ စိတ်ခံစားချက်တွေပဲ အမြဲရှိနေခဲ့တယ်….”
“ငါခံစားလို့ရနေတယ်၊ မင်းက အဲ့တာတွေကို မလိုချင်ဘူး၊ မင်း အဲဒီမကောင်းတဲ့ ခံစားချက်တွေကို အစွမ်းကုန် တောင့်ခံထားခဲ့တယ်၊ အဲဒီစိတ်တွေကို ဖျောက်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါပေမယ့် မင်းရဲ့ ကြိုးစားမှုတွေ အရာမထင်ခဲ့ဘူး၊ မင်းမလုပ်နိုင်ခဲ့ဘူး၊ ဒါနဲ့ပဲ နောက်တော့ မင်း ပိုပြီး စိတ်ရှုပ်လာခဲ့တယ်၊ ဒီတစ်ဖက်သတ်တိုက်ပွဲမှာပဲ မင်းပိတ်မိနေခဲ့တယ်…
နောက်တော့ မင်းမှာ ရုန်းကန်ချင်တဲ့စိတ်ပါ မရှိတော့ဘူး..”
ဒေစီမျက်လုံးများ ပြန်ပွင့်လာချိန်တွင်တော့ သူမမျက်နှာတွင် စိတ်ဖိစီးမှုများသာ ပြည့်နှက်နေခဲ့သည်။
“သနားဖို့ကောင်းလိုက်တဲ့ ကောင်မလေး…. မင်းမှာ စိတ်ကျရောဂါရှိပြီး မင်း အဲဒီရောဂါကြောင့်ပဲ ဝေဒနာတွေ ခံစားနေရတာမဟုတ်လား?”
မစ်စ်ရန် နှလုံးထဲတွင် နင့်ခနဲဖြစ်သွားသလို ခံစားလိုက်ရပြီး ခေါင်းငြိမ့်သည်။
နော်ဝေးမှ စုန်းမလေး ဒေစီက အနက်ရောင်မှော်အား ကျွမ်းကျင်သော်လည်း နူးညံ့လွန်းသော နှလုံးသားဖြင့် မျှဝေခံစားပေးနိုင်စိတ်ကလည်း ပြင်းထန်လွန်းလှသည်။
သူမသည်က အမြဲလိုလို အကူအညီတောင်းသူများ၏ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတို့အား ထပ်တူခံစားပေးတတ်သည်။
သူမ၏ ဖြူစင်လွန်းသော နှလုံးသားနှင့်အတူ နားလည်ပေးတတ်သော စိတ်တို့ကြောင့် စိတ်ကျရောဂါခံစားနေရသည့် မစ်စ်ရန်၏ နှလုံးသား အနည်းငယ်နူးညံ့သွားရသည်။
မစ်စ်ရန် ခေါင်းငြိမ့်ပြသည်ကို မြင်ရပြီးနောက် ဒေစီရှေ့တိုးလာကာ သူမအား ညင်ညင်သာသာ ဖက်ထားလိုက်မိလေသည်။
*