အနိုင်ကျင့်ခြင်း
Vol. 152 Ch. 2154
ရီဖူရှင်းက ဖန်းဟွမ်၏ ကမ်းလှမ်းချက်အား မငြင်းပယ်ခဲ့ပေ။ သူသည် ဖန်းဟွမ်က နန်ဟိုင်ချန်းရွှယ်ထံ လျှောက်သွားသည်ကို မြင်လိုက်ရသည်။
လက်အရိပ်များစွာက နန်ဟိုင်ချန်းရွှယ်၏ အနောက်တွင် ပေါ်ပေါက်လာပြီး လက်တစ်ထောင်နတ်ဘုရားမတစ်ပါးအသွင် ဖြစ်ပေါ်စေ၏။ နတ်ဘုရားစည်းတံဆိပ်များက အတူတကွ စုစည်းလာပြီး ကမ္ဘာမြေအမှတ်အသားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်လျှင် အရှေ့မှ အရာအားလုံးသည် ကွဲကြေပျက်စီးသွားသလို ထင်မှတ်ရ၏။
သို့သော် ဖန်းဟွမ်၏ ခန္ဓာကိုယ်မှ တောက်ပသော နတ်အလင်းများ ထိုးထွက်လာကာ လောကအသေးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ်တိုက်ခိုက်မှုများက သူ့ကို မထိခိုက်နိုင်ပေ။
ရီဖူရှင်းသည် တိုက်ပွဲကို အကဲခတ်ကာ ဖန်းဟွမ်က နန်ဟိုင်ချန်းရွှယ်နှင့် ရင်ဆိုင်ရန် ပြဿနာမရှိဟု ယူဆလိုက်သည်။ အနည်းဆုံး သူက အလွယ်တကူ ရှုံးနိမ့်မည် မဟုတ်ပေ။ သူ၏ ပြိုင်ဘက်က နန်ဟိုင်မိသားစုမှ ဂုဏ်ယူရသော သမီးတော်တစ်ပါး ဖြစ်နေလျှင်ပင် ဖန်းဟွမ်သည် လေးမျက်နှာကျေးရွာမှ ထွက်ခွာသွားပြီးနောက် နာမည်ကျော်ကြားလာခဲ့သူဖြစ်သည်။ ထို့အပြင် သူက ရွာကို ပြန်ရောက်ပြီးနောက် နတ်ဘုရားနည်းစနစ်ကို ဆက်ခံခဲ့ရလေရာ သူ့ခွန်အားက ပို၍ပင် အားကောင်းလာပေသည်။
ရီဖူရှင်း၏မျက်လုံးများက အဝေးမှ တစ်စုံတစ်ယောက်ထံသို့ ရောက်လာ၏။ ထိုသူမှာ မုယွင်ရှု ဖြစ်လေသည်။
ရီဖူရှင်း၏အကြည့်မှ မုယွင်ရှုသည် သူ့ကျောရိုးတလျှောက် အေးစိမ့်သွားမှုကို ခံစားမိလိုက်ပေသည်။ သူက ယောင်ယမ်းကာ နောက်ဆုတ်မိသည်။
ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ ယခုတွင် မုယွင်လန်နှင့် နန်ဟိုင်ချန်းရွှယ် နှစ်ယောက်လုံးက ရင်ဆိုင်နေရသော ပြိုင်ဘက်ကိုယ်စီရှိနေသလို နန်ဟိုင်ချင်းကလည်း သူ့ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်ပင် မုယွင်ရှုက ကြောက်စိတ်များ ဝင်လာသည်။
အဖြစ်အပျက်အား မြင်သည့်အခါ လူတိုင်းက အံ့အားသင့်ရသည်။ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များက အနည်းငယ် ဖိနှိပ်ခံနေရ၏။ လေးမျက်နှာကျေးရွာမှ လာရောက်သူအများအပြား မရှိသော်လည်း သူတို့က အတော်ဆုံးများ ဖြစ်ပေသည်။ မုယွင်လန်နှင့် နန်ဟိုင်ချန်းရွှယ်တို့က ရှန်ချင်းနယ်မြေတစ်ခွင် ကျော်ကြားသူများ ဖြစ်ကြသည်။
သို့သော် ထိုအဓိကလူနှစ်ယောက်က ဟန့်တားထိန်းချုပ်ခံထားရသည်။ မျက်မမြင်ထျယ်နှင့် ဖန်းဟွမ်က သူတို့နှစ်ယောက်နှင့် တိုက်ခိုက်နေပြီး နန်ဟိုင်ချင်းက လှံတစ်ချက်နှင့် ရှုံးနိမ့်သွားခဲ့သည်။
"လူယုတ်မာလေး မင်း ကြောက်နေတာလား။" ရီဖူရှင်းနောက်မှ ချန်ယိက မုယွင်ရှုကို ကြည့်ကာ အပြုံးနှင့် ကြည့်လိုက်သည်။ ရီဖူရှင်းနှင့် ပတ်သတ်သော လူများက မုယွင်ရှုအား ကျေနပ်ခြင်း မရှိကြပေ။ ထိုလူငယ်လေး၏ ပင်ကိုစရိုက်က အလွန် မောက်မာရိုင်းစိုင်းပြီး ကြမ်းကြုတ်ရက်စက်ပေသည်။ သူသည် မည်သူ့ကိုမှ ဂရုမစိုက်ဘဲ နန်ဟိုင်မိသားစုကို အသုံးပြု၍ သူတို့အား သတ်ချင်နေပေသည်။
အားကောင်းလှသော ကျင့်ကြံခြင်းနှင့် ထိုကဲ့သို့ လူမျိုးက ပတ်ဝန်းကျင်ကို ပို၍ ထိခိုက်နိုင်ပေသည်။ သူတို့ ဆန္ဒအရသာဆိုလျှင် ထိုကောင်လေးအား ချက်ချင်းပင် အဆုံးသတ်ပစ်မိပေလိမ့်မည်။ သို့သော် မုယွင်ရှုကို သတ်ရန်မှာ ခက်ခဲသော တာဝန်တစ်ခု ဖြစ်သည်ဟု သူတို့ နားလည်ထားသည်။ သူ့ကို နန်ဟိုင်မိသားစုက ကျောထောက်နောက်ခံပြုပေးထားတာကြောင့် မုယွင်ရှုကို သတ်ဖြတ်ခြင်းက နန်ဟိုင်မိသားစုတစ်ခုလုံးကို စစ်ကြေညာသလို ဖြစ်သွားပြီး သူတို့အတွက် အရေးမသာသော အခြေအနေသို့ တွန်းပို့လိုက်ပေလိမ့်မည်။
လေးမျက်နှာကျေးရွာတွင် အလွန် အစွမ်းထက်သော တန်ခိုးရှင်များရှိပြီး ရီဖူရှင်း၏ တပည့်လေးယောက်သည်လည်း ထူးခြားပြောင်မြောက်သော တန်ခိုးရှင်များအဖြစ် ကြီးပြင်းလာမည်မှာ သေချာပေသည်။ ယခုက ခပ်လျှိုလျှိုနေ၍သာ အခွင့်အရေးရလာမည့်အချိန်ကို စောင့်ဆိုင်းနေနိုင်ပေသည်။ သူတို့သည် လေးမျက်နှာကျေးရွာ ဆက်လက်ကြီးထွားစေဖို့ရာ အချိန် လိုအပ်ပေသည်။
သူတို့က သူ့ကို မသတ်နိုင်သေးလျှင််ပင် သင်ခန်းစာပေးရန် လိုသည်။
သူရှိရာဘက်သို့ လူအနည်းငယ် ရောက်လာနေသည်ကို ကြည့်ကာ မုယွင်ရှု၏ မျက်လုံးများတွင် အေးစက်သော လူသတ်ငွေ့တို့နှင့် ပြည့်လာခဲ့သည်။ သူက သူ့နောက်မှ လူများကို ပြောလိုက်သည်။ "သူတို့ကို တား။"
နန်ဟိုင်မိသားစု၏ တန်ခိုးရှင်တစ်ယောက်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး ရီဖူရှင်းကို စိုက်ကြည့်နေသည့် နန်ဟိုင်ချင်း အရှေ့မှ ကွယ်လိုက်သည်။
ဥဒေါင်းနတ်အလင်းတန်းများ ထွက်ပေါ်လာပြီး တည့်မတ်စွာ တိုးဝင်သွားကာ သူတို့နှစ်ယောက်ဆီ ထိုးစိုက်သွားသည်။ ရီဖူရှင်းက လှံတစ်လက် ကိုင်စွဲထားပြီး လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်သည်။ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားတွင် အော်မြည်သံများ ထွက်ပေါ်လာပြီး မွန်းကြပ်လေးလံသော စွမ်းအားများ ကျဆင်းလာသည်။ ကောင်းကင်အတွင်း အားလုံးသော ကြယ်များက ထိုနေရာသို့ ကြွေကျလာသလိုပင်။
ရီဖူရှင်းသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရှေ့သို့ ရွေ့လျားလာသည်။ အားလုံးသော လူအုပ်ကြီးက အဆုံးမဲ့ ကြီးမားလှသည့် ဥဒေါင်းနတ်ဆိုးတစ်ကောင်က တောက်ပသော အလင်းများ ပေါက်ကွဲထွက်လာပြီး ၎င်းနှင့် ထိတွေ့မိသမျှ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့ကြရပေသည်။
"အတူလှုပ်ရှားကြရအောင်။" နန်ဟိုင်ချင်းက အဆင့်ကိုးတန်ခိုးရှင်များကို ပူးပေါင်းလာစေရန် ရည်ရွယ်ကာ ပြောလိုက်သည်။ တူညီမျှသော အစွမ်းထက် အရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။
သို့သော် နောက်တခဏတွင် ထိုတောက်ပသော အလင်းများက သူ့မျက်လုံးများအား ထိုးဖောက်ကာ သူ့ကို မျက်လုံးများပင် ဖွင့်မရအောင် စူးရှ ကျိန်းစပ်သွားစေသည်။ သူ့ထံ တည့်မတ်စွာ ဝင်လာနေသည့် အလင်းကို မြင်သည့်အခါ သူ့ အမူအရာက ထိတ်လန့်မှုကြောင့် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုအလင်းနှင့်အတူ လှောင်ပြောင်သရော်သော အသံတစ်ခု ထွက်ပေါ်လာပေသည်။ "ထွက်သွားစမ်း။"
နန်ဟိုင်ချင်းက အော်ဟစ်လိုက်ပြီး မြေကမ္ဘာအမှတ်အသားမှ နှိုင်းယှဥ်၍မရအောင် တောက်ပသည့် အလင်းတို့ ပေါက်ကွဲထွက်လာကာ ရှေ့သို့ တိုးဝင်လာ၏။ သို့သော် အလင်းတန်းများ ပေါ်ပေါက်လာပြီး အလင်းထဲ၌ နတ်ဓားတစ်လက် မြှုပ်နှံထားသလို ခံစားမိလိုက်သည်။ ၎င်းက အလင်းနတ်ဓား ဖြစ်ပေသည်။
ဘန်း... ဘန်း... ဘန်း...
အလင်းဓားများက ကျဆင်းလာပြီး မြေကမ္ဘာအမှတ်အသားပေါ်မှ သင်္ကေတအက္ခရာများကို ထိုးဖောက်လာပြီး ၎င်းဖြတ်သန်းသွားသမျှ အရာအားလုံးကို တဖြေးဖြေးချင်း တိုက်စားသွားကာ အော်မြည်သံနှင့်အတူ လေဟာနယ်ကို အားကောင်းသော အလင်းက ထိုးဖောက်လာပေသည်။ မြေကမ္ဘာအမှတ်အသားက ပြိုကျကာ ပျက်စီးသွားလေသည်။ နန်ဟိုင်ချင်းသည် နောက်သို့ တစ်ဖန် ဆုတ်ခွာသွားခဲ့ရသည်။
သို့သော် တောက်ပသော အလင်းများက အလွန် မြန်ဆန်လှသော အရှိန်နှင့် ဆက်လက် လှုပ်ရှားနေခဲ့သည်။ ၎င်းက အလင်းလမ်းစဥ် ဖြစ်ကာ အရှိန်က ပြိုင်ဘက်ကင်းလှပေသည်။
"ထွက်သွား…"
နန်ဟိုင်ချင်းက အော်ဟစ်လိုက်ပြီး မဟာလမ်းစဥ်နတ်ဝင်ရိုးက သူ့နောက်မှ ပေါ်ပေါက်လာသည်။ ၎င်းမှာ အလွန် တောက်ပသော နတ်ရောင်ဝါတို့ ထုတ်လွှတ်နေသည့် နတ်ဘုရားချိပ်စည်းတစ်ခု ဖြစ်လေသည်။ နတ်ဘုရားချိပ်စည်း၏ အလင်းလွှာက သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး တိုက်ခိုက်မှုများအား တားဆီးလိုက်သည်။
ဓားက ကျဆင်းလာသည်နှင့် ထိုအလင်းလွှာက စုတ်ဖြဲဖျက်ဆီးခံလိုက်ရပြီး နှစ်ယောက်က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေခဲ့သည်။ နန်ဟိုင်ချင်း၏ အမူအရာက မည်းမှောင်လာပေသည်။ နတ်ဘုရားချိပ်စည်း၏ အလင်းလွှာ၌ အက်ကြောင်းများ အဆက်မပြတ် ပေါ်လာနေသည်ကို မြင်သည့်အခါ သူက အလင်းလွှာ၏ အခြားတစ်ဖက်မှ ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။
"မင်း ဘယ်သူ့ကို တားဆီးနိုင်မှာလဲ။" ချန်ယိက ရိုက်ချက်တစ်ချက် ပြုလုပ်လိုက်သည့်အခါ အလင်းလွှာက ချက်ချင်း ပြိုကျပျက်စီးသွားလေသည်။ နန်ဟိုင်ချင်းက တစ်ဖန် လွင့်စင်သွားခဲ့ပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။
တစ်နေ့တည်းတွင် သူက နှစ်ကြိမ်ရှုံးနိမ့်ခဲ့၏။ သူက နန်ဟိုင်မိသားစု၏ ထိပ်တန်းကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်ပြီး အစွမ်းထက်သူတစ်ဦး ဖြစ်လာမည်ဟု ကြွေးကြော်ခဲ့ပေသည်။ သို့သော် သူက အကြိမ်ကြိမ် စော်ကားခံရကာ တစ်ကြိမ်ပြီးတစ်ကြိမ် ရှုံးနိမ့်နေခဲ့သည်။
သူ ယခင်က မမြင်ဖူးမကြားဖူးခဲ့သော ကျင့်ကြံသူတစ်ယောက်၏ ဓားတစ်ချက်ကြောင့် နောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ ထိုလူက အလင်းလမ်းစဥ်ကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေသည်။
ထိုလူသည် ယခင်က ကျော်ကြားခဲ့ဖူးခြင်းမရှိသော အမည်မသိလူတစ်ယောက် ဖြစ်သည်။ သူက ထိုလူ မည်သူဖြစ်ကြောင်းပင် မသိခဲ့ပေ။ သို့သော် ထိုကဲ့သို့သော လူမျိုးက သူ့ကို ရှုံးနိမ့်စေနိုင်စွမ်း ရှိပေသည်။
"ချို့ယွင်းချက်ကင်း အဆင့်ခြောက်ရန်ဟောင်။ ပြီးတော့အလင်းလမ်းစဥ် ဓားစွမ်းရည်ကို ပိုင်ဆိုင်ထားတာပဲ။" သူတို့သည် တောက်ပသော အလင်းများနှင့် ဖုံးလွှမ်းခံထားရသည့် ထိုလူကို မြင်သောအခါ လူတိုင်းက အကြီးအကျယ် စိတ်ရှုပ်ထွေးသွားပေသည်။ လေးမျက်နှာကျေးရွာမှ ဤလူများက မည်သူနည်း။
မည်သည့်သာမန်လူမဆို ထိုမျှ အစွမ်းထက်သည်လား။
ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများသည်ပင် ၎င်းကို မြင်သည့်အခါ ဆွံ့အသွားကြပေသည်။ သွမ့်ချုံး နှင့် သွမ့်ရိသည်လည်း အံ့သြမှင်တက်သွားခဲ့၏။ ချန်ယိသည် ယခင်က သူတို့နှင့် အဆက်အသွယ် ရှိဖူးသူ ဖြစ်သည်။ သို့သော် သူက ခပ်လျှိုလျှိုသာ ရှိနေခဲ့ပြီး သူ့ရုပ်ရည်သွင်ပြင်ဖြစ်စေ အရှိန်အဝါဖြစ်စေ ထူးခြားလွန်းနေခြင်း မရှိပေ။ သူက လူအများကြား၌ ရှိနေလျှင်ပင် သိသာပေါ်လွင်ခြင်း မရှိချေ။ သူတို့သည် ချန်ယိက ထိုမျှ အားကောင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
ယခု သွမ့်ချုံးသည် ရီဖူရှင်းအပြင် ချန်ယိကိုပင် ရင်ဆိုင်နိုင်ခြင်း ရှိပါမည်လားဟု တွေးမိနေပြီ ဖြစ်သည်။
အပြင်လူများမဆိုထားနှင့် ရီဖူရှင်းသည်ပင် ချန်ယိကို သေချာမသိခဲ့ပေ။ သူက အမြဲ သာမန်ကဲ့သို့သာ နေထိုင်ပြီး မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိဘဲ သူ့နောက်သို့ တစ်ချိန်လုံး လိုက်နေပေသည်။ သူက တုန်းဟွာအခမ်းအနား၌ ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းတွင် ရီဖူရှင်းသည် ချန်ယိက သူ့ကို ခွန်အားအပြည့်နှင့် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူက သူ၏ ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့ပေသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ချန်ယိက မည်သည့် ထူးခြားမှုကိုမှ မဖော်ပြဘဲ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။ သူက အဆင့်ခြောက်ရန်ဟောင်သို့ ချိုးဖျက်ရောက်ရှိသွားစဥ်ကပင် ချန်ယိက ပျော်ရွှင်မှုမပြခဲ့ဘဲ သာမန်နေ့ရက်တစ်ရက်ကဲ့သို့ ပြုမူခဲ့သည်။ ရီဖူရှင်းသည်ပင် ချန်ယိ မည်သည့်အရာကို လိုချင်သည်အား မသိရှိပေ။ သို့မဟုတ်လျှင် သူ အမြဲ စနောက်နေခဲ့သလိုပင် သူ့ကို အနိုင်ယူနိုင်သော တစ်စုံတစ်ယောက် အနားတွင် နေသည့်အခါ ကျင့်ကြံရန် ပို၍ တွန်းအား ဖြစ်စေခြင်းကြောင့် ဟူသည်မှာ အမှန်တကယ် ဖြစ်နိုင်သလား။
သို့သော် ချန်ယိက မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိသလို ကောက်ကျစ်မှုတို့လည်း ရှိပုံမရပေ။ ချန်ယိသာ သူလွတ်မြောက်ရန် မကူညီခဲ့လျှင် သူ့ကို နင်ဟွာက ဖမ်းမိသွားခဲ့လိမ့်မည် ဖြစ်တာကြောင့် သူက မည်သည့်မေးခွန်းမှ မေး၍ အလုပ်ရှုပ်ခံမနေတော့ပါချေ။ လူတိုင်း၌ ကိုယ်ပိုင်အတွေးများ ရှိကြပြီး သူတို့ မပြောလိုသော အကြောင်းအရာများလည်း ရှိိနိုင်သည်။ ချန်ယိက ထိုအကြောင်း မပြောလိုလျှင် သူကလည်း မေးလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင် ရီဖူရှင်းသည် ထိုအကြောင်းနှင့် ပတ်သတ်၍ တွေးနေရန် အချိန်မရှိပေ။ ချန်ယိက လှုပ်ရှားလိုက်သည့်အတွက် သူကလည်း စတင် လှုပ်ရှားလိုက်တော့သည်။ ဥဒေါင်းနတ်ဘုရား၏ နတ်ရောင်ဝါတို့နှင့် စစ်နတ်ဘုရားလှံသည် အဆင့်ကိုးရန်ဟောင်ထံ အချိန်မဆိုင်းဘဲ ကျရောက်လာ၏။ ရီဖူရှင်းက သူ့ကို တစ်ချက်တည်းနှင့် ရှင်းထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်က လျင်မြန်လှစွာနှင့် မုယွင်ရှုထံသို့ တည့်မတ်စွာ တိုးဝင်သွားလေသည်။
သူတို့ကို ရပ်တန့်လိုသော နန်ဟိုင်မိသားစုမှ ရန်ဟောင်အချို့ ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏ လှံက သူတို့ကို ညွှန်ပြလိုက်သည့်အခါ သူတို့အား လမ်း၌ပင် ရပ်တန့်သွားအောင် လုပ်ရန် လုံလောက်ပေသည်။ သူတို့ထဲမှ မည်သူက သူ၏ တိုက်ခိုက်မှုတစ်ချက်ကို ခံနိုင်ရည်ရှိပါမည်နည်း။
မုယွင်ရှုက ချက်ချင်းပင် ပြန်လှည့်ကာ ထွက်ပြေးလိုသော်လည်း ကျယ်လောင်သော အသံများကို ကြားလိုက်ရပြီး ရှေးဟောင်းသစ်ပင်၏ နွယ်များက သူ့ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်လာခဲ့သည်။ နတ်ရောင်ဝါတို့က မုယွင်ရှုပေါ်သို့ တောက်ပလာပြီး သူက ထွက်ပြေးလွတ်မြောက်ရန် ရွှေတောင်ပံငှက်ကြီးအား ဆင့်ခေါ်လိုက်သော်လည်း သူက တင်းကျပ်စွာ ရစ်နှောင်ခံထားရပေသည်။ နွယ်များက မုယွင်ရှုအား ရစ်ပတ်ကာ ရီဖူရှင်း၏ အရှေ့သို့ ခေါ်ဆောင်သွားပေ၏။
"မင်း ဘယ်လိုတောင် ငါ့ကို ထိရဲရတာလဲ။" မုယွင်ရှုက မောက်မာမှု အပြည့်နှင့် ရီဖူရှင်းကို အေးစက်စွာ ကြည့်နေခဲ့သည်။
ရီဖူရှင်းက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ကြီးမားသော လက်ဝါးရိပ်ကြီးက လေဟာနယ်အတွင်း ဖြတ်သန်း၍ မုယွင်ရှုထံ တိုးဝင်သွားခဲ့သည်။
ဘန်း...
ထိုကြီးမားသော လက်ဝါးရိပ်ကြီးက မုယွင်ရှု၏ မျက်နှာထက် ကျရောက်လာ၏။ အော်သံနှင့်အတူ သူက သွေးနှင့် သွားအနည်းငယ်ကို ထွေးထုတ်လိုက်ရသည်။ သူ့မျက်နှာထက်တွင် သိသာရှင်းလင်းလှသည့် လက်ဝါးရာကြီးတစ်ခုရှိနေပြီး ဖူးယောင်နေလေသည်။
မုယွင်ရှုက ပြန်လှည့်ကာ ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ငရဲမှ လာသကဲ့သို့ အေးစက်နေ၏။
"ငါ ကျိန်းသေ မင်းကို သေရဖို့ တောင်းပန်လာအောင် လုပ်ပစ်မယ်။" မုယွင်ရှုက အေးစက်စွာ ပြောလိုက်သည်။
ဘန်း...
အခြားကြီးမားသည့် လက်ဝါးကြီးတစ်ခုက သူ၏ ခြိမ်းခြောက်မှု မပြီးခင်၌ ထပ်မံ ကျဆင်းလာပြီး မုယွင်ရှုအား အတော်လေး ဖရိုဖရဲ ဖြစ်သွားစေသည်။
ဘန်း... ဘန်း... ဘန်း...
အဆက်မပြတ်ပါးရိုက်သံများ ထွက်ပေါ်လာပြီး မုယွင်ရှုအား ကြက်သေသေသွားစေသည်။ သူ၏ ခေါင်းက ပြင်းထန်စွာ နာကျင်လာပြီး သူ့စိတ်ဝိညာဥ်က တုန်ခါသွားကာ သူက အနည်းငယ် ဇဝေဇဝါ ဖြစ်လာပေသည်။
ရီဖူရှင်းက သူ့ကို ကြည့်လိုက်ပြီး မျက်လုံးများက မုယွင်ရှုစိတ်ထဲသို့ ထိုးဖောက်သွားကာ သူ့ကို ကြောက်မက်ဖွယ် ထူးခြားဆန်းပြားသော လောကအတွင်း ခေါ်ဆောင်သွားလေသည်။
သူက လေဟာနယ်အတွင်းရှိ သွေးရောင်ကျောက်စာချပ်တစ်ခု၌ ချည်နှောင်ခံထားရပြီး သူ့ရှေ့တွင် ရှိနေသည့် ထက်ရှသော ဓားသွားများနှင့် သူ့ကို ထိုးဖောက်ကာ ထိုနေရာ၌ ဖမ်းချုပ်ထားရန် ကြိုးစားနေသည်။
"မလုပ်နဲ့...."
မုယွင်ရှုက စိတ်ရှုပ်ထွေးသွားပြီး ထိုအချိန်တွင် သူက နာကျင်မှုကြား ရုန်းကန်နေရသလို သူ့မျက်နှာထက်၌ ရှုပ်ထွေးသော အကြည့်တို့ ဖြစ်ပေါ်လာသည်။
"ဒူးထောက်စမ်း...' နတ်ဘုရားတစ်ပါးကဲ့သို့ အသံက သူ့ခေါင်းထဲ၌ မြည်ဟီးလာသည်။ ထိုအချိန်၌ မုယွင်ရှုက မရုန်းကန်ရဲသော်လည်း လေထဲတွင် ဒူးထောက်ကာ တောင်းပန်လိုက်သည်။
"လွှတ်ပေးပါ။"
သူက ယခု ကြောက်ရွံ့နေပြီဖြစ်သည်။ ဤပုံရိပ်ယောင်လေဟာနယ်အတွင်းတွင် ရီဖူရှင်းက သူ့အား အမှန်တကယ် သေစေချင်နေပုံရသည်။ ဆင်ခြင်တုံတရားနှင့် ရူးသွပ်မှုကြားတွင် သူက ရုတ်တရက် အသက်ရှင်ချင်သော ခံစားမှု ဖြစ်လာပေသည်။
ရီဖူရှင်းက ၎င်းကို မြင်သည့်အခါ သူ၏ အကြည့်အား ရုတ်သိမ်းလိုက်ပြီး မုယွင်ရှုကို ချည်နှောင်ထားသည့် နွယ်များက ပျောက်ကွယ်သွားခဲ့သည်။ သူက မြေပြင်တွင် ဒူးထောက်ချလိုက်ကာ သူ့ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေသည်။
သူက မျက်လုံးများကို ဖွင့်ကာ ပို၍ ကြည်လင်ပြတ်သားလာသည်။ သူသည် သူ့ရှေ့၌ ရှိနေသည့် မြင်ကွင်းအား မြင်သောအခါ သူ့ခန္ဓာကိုယ်က ပို၍ပင် ပြင်းထန်စွာ တုန်ယင်လာပေသည်။
မဖြစ်နိုင်ဘူး.. ဒါက သူ မုယွင်ရှုလား။
သူက ခေါင်းကို မော့လိုက်သည့်အခါ ရီဖူရှင်းက သူ့အား အထင်အမြင်သေးစွာ ငုံ့ကြည့်နေသည်ကို မြင်လိုက်ရပေသည်။ ထိုအခိုက်အတန့်တွင် မုယွင်ရှုက သူ့နှလုံးသားကို ဓားထက်ထက်နှင့် ထိုးနေသကဲ့သို့ အလွန် နာကျင်မှုကို ခံစားနေရပေသည်။
***