မင်းအဲဒီလိုလုပ်မှာကိုငါစောင့်နေတာ
Vol. 11 Ch. 146
အခန်း (၁၄၆) မင်းအဲဒီလိုလုပ်မှာကိုငါစောင့်နေတာ
ဘေးတွင်ရပ်နေသည့်အားဟူက အေးစက်စွာ ပြုံးလိုက်ပြီး လက်သီးကိုတစ်ချက်ပွတ်သပ်လိုက်သည်။ သူက လင်ကျိုးအား သေခြင်းတရားအဓိပ္ပါယ်သိသွားပြီး ပါးစပ်ပိတ်သွားအောင် လုပ်လိုက်ချင်သည်။
တာ့ပေဘိုးဘိုးဂူသင်္ချိုင်းထဲတွင် သူတို့ကို လုပ်ကြံခဲ့ကတည်းက သူက လင်ကျိုးကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားခဲ့သည်။
တစ်ဖက်တွင်တော့ ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသည်။
သူက လင်ကျိုးကို အချိန်ကြာမြင့်စွာကြည့်နေပြီးမှ...
“မင်းရဲ့ အခုပုံစံက... တစ်ခုခုလွဲနေသလိုပဲ...”
ရန်ကျောက်ကဲစကားကြောင့် အားဟူရော လင်ကျိုးပါ အတော်လေး အံ့အားသင့်သွားသည်။
“ငါ ပြောချင်တာက...”
ရန်ကျောက်ကဲက သူ၏အတွေးများကို အနည်းငယ် အစီအစဉ်တကျဖြစ်အောင် ပြုပြင်လိုက်ရင်း ရယ်ရမလို ငိုရမလို ဖြင့် ရှင်းပြသည်။
“ဒီလိုပုံစံခြိမ်းခြောက်မှုမျိုးက... ကြည့်ရတာ မင်းတင်မဟုတ်ဘူး ငါလည်း တစ်ခုခု လွဲနေသလိုပဲ ၊ ရန်သူတစ်ယောက်က ဒီလိုမျိုး ပြောစရာလား ၊ ဟုတ်တယ်မလား”
လင်ကျိုးက ဖျစ်ညှစ်ရယ်မောလိုက်ရင်း...
“မင်းက ငါ့ကို အရှက်မရှိဘူးလို့ ဆိုချင်တာလား”
သူက ဆက်ပြောသည်။
“မင်းရဲ့ မိသားစုနောက်ခံက ငါနဲ့ဆင်တူတယ် ၊ ပြီးတော့ ငါတို့က ကျင့်ကြံခြင်းအဆင့်လည်း တူညီတယ် ၊ နှစ်ယောက်လုံးမှာ လက်နက်ပစ္စည်းတွေလည်း အများကြီးရှိတယ် ၊ သြဇာလွှမ်းမိုးမှုကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူသာလဲ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”
“ဒါပေမဲ့ မင်းဘေးနားက ဒီကောင်ကြီးက သူ့ရဲ့ ဝိညာဉ်စွမ်းအားရောင်ဝါကို ထုတ်ဖော်ပြမထားပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရှန်ထျန်းအဆင့် ၊ ဒါမှမဟုတ် ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်ရောက်နေပြီဆိုတာ ငါပြောရဲတယ်”
စကားအများကြီးပြောပြီးနောက် လင်ကျိုးက ခေါင်းခါယမ်းလိုက်ရင်း...
“ဒီလိုလူတစ်ယောက်က မင်းရဲ့အစေခံဖြစ်နေတာ ငါတောင် မင်းကို မနာလိုဖြစ်မိပါရဲ့...”
“ဆိုတော့... ငါ့ကိုယ်ငါ ယုံကြည်မှုအပြည့်ရှိပေမယ့် ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင် မပြောနဲ့ ဘယ်လိုလူမျိုးနဲ့မှ နှစ်ယောက်တစ်ယောက် မတိုက်ခိုက်ချင်တာ အမှန်ပဲ”
လင်ကျိုးက ရန်ကျောက်ကဲကို ကြည့်ရင်း...
“ဒီတော့... အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစအတွက် ဒီကောင်ကြီးဝင်မပါဘဲ မင်းနဲ့ငါ တစ်ယောက်ချင်းတိုက်ကြေးဆိုရင်... မင်းနဲ့ ပညာဖလှယ်ရမှာ ဝမ်းသာမိမှာပဲ ၊ ဒါပေမဲ့ ငါက ရှန်ထျန်းအလယ်ဆင့် ၊ မင်းက ရှန်ထျန်း ကနဦးအဆင့်ဆိုတော့... ဒီလိုလုပ်တာ နည်းနည်းတော့ ငါ့ဘက်က အရှက်မရှိရာရောက်တာပေါ့လေ”
လင်ကျိုးက အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
“နောက်တစ်ခုက ငါတို့ဂိုဏ်း (၂)ဂိုဏ်းက ရန်လိုနေကြတယ် ၊ ဒီအထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကလည်း သာမန်မဟုတ်တာ ထင်ရှားနေတယ် ၊ ဆိုတော့... မင်းနဲ့ငါ တစ်ယောက်ချင်းယှဉ်ဖို့ သဘောတူရင်တောင်မှ မင်းဘက်က ကတိဖျက်မှာ စိုးရိမ်ရသေးတယ် ၊ ပြီးတော့ မင်းမှာ ဝှက်ဖဲတွေလည်း ရှိချင်ရှိနေမှာပေါ့ ၊ ဟုတ်တယ်မလား”
ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းခါယမ်းလိုက်သည်။
“မင်းငါ့ကို အဲဒီလောက် အထင်မကြီးနဲ့ ၊ ဒါတွေက ရုတ်တရက်ဖြစ်လာတာဆိုတော့ ငါလည်း ဘာမှ ပြင်ဆင်မထားရသေးဘူး”
သူက လင်ကျိုးကိုကြည့်ရင်း...
“ဒါက ငါမျှော်လင့်ထားတာနဲ့ နည်းနည်းလွဲနေတယ် ပြောင်းလဲမှုက ၊ ငါ သိထားတာထက်ပိုပြီး အတော်လေး ကြီးမားနေတယ်”
လင်ကျိုးက...
“မြင့်မြတ်ပြီးတရားမျှတတဲ့နည်းလမ်းကိုပဲသုံးသုံး ၊ ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းကိုပဲသုံးသုံး အရေးကြီးတာက ငါတို့ရည်မှန်းချက် အောင်မြင်ဖို့ပဲ မဟုတ်လား”
“မင်းသိတယ်မလား ၊ နေသူတော်စင်ဂိုဏ်းက ထန်ယုံဟောင်က အံ့သြစရာကောင်းလောက်အောင် ကိုယ်ကျင့်တရားနဲ့ပြည့်စုံပြီး တရားမျှတတယ် ၊ ဒါပေမဲ့ အဲဒီအချက်ကြောင့်ပဲ အနှေးနဲ့အမြန် သူ ကျရှုံးရတာပဲ”
လင်ကျိုး၏ ဒုတိယစကားကိုကြားလိုက်သည့်အခါ ရန်ကျောက်ကမျက်ဝန်းများ အတွေးနက်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက လင်ကျိုးကိုကြည့်လိုက်ရင်း...
“ဘာပဲဖြစ်ဖြစ်ကွာ... ငါကတော့ မင်းမှားနေတာတွေကို အရင်ဆုံးပြင်ပေးချင်တယ်”
သူက ဆက်ပြောသည်။
“အခုချိန်မှာ မင်းအနေနဲ့ ငါ့ကို အမိန့်ပေးရမယ့် အနေအထား မရှိဘူး”
ရန်ကျောက်ကဲစကားဆုံးသည်နှင့် အားဟူက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ရှေ့သို့ခုန်ဝင်သွားသည်။
အားဟူက ခန္ဓာကိုယ်ကြီးမားသည့်တိုင် တစ္တေတစ်ကောင်ပမာ ရိပ်ခနဲ လှုပ်ရှားသွားပြီး ချက်ချင်းပင် လင်ကျိုးရှေ့သို့ ရောက်ရှိသွားသည်။
“မင်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရွေးချယ်လိုက်တဲ့ပုံပဲ”
လင်ကျိုးက အမူအရာမပြောင်းလဲဘဲ လျှပ်တပြက် နောက်ဆုတ်ရင်း ဆိုသည်။
သူက ကောင်းကင်မိုကြိုးခန်းမ၏ လျှင်မြန်သောလှုပ်ရှားမှုကို ပြီးပြည့်စုံသည်အထိ ပြသခဲ့သည်။
အားဟူက ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး ရှေ့သို့ခုန်ဝင်ကာ နတ်ကျားတစ္တေလက်သည်းသိုင်းကို ထုတ်ဖော်လိုက်ပြီး ကျားဟိန်းမိစ္ဆာလက်သီးသိုင်းမှ လေပေါ်ခုန်ပျံသိုင်းကွက်ဖြင့် ထပ်မံတိုက်ခိုက်လိုက်သည်။
ထို့ကြောင့် လင်ကျိုးရှောင်တိမ်းလိုက်သည်နှင့် အားဟူက လင်ကျိုးရှေ့တွင်တစ်ဖန် ပြန်ပေါ်လာသည်။
အားဟူ၏ ဦးခေါင်းထက်မှာ ဝိညာဉ်စွမ်းအားအလင်းတန်း ထွက်ပေါ်လာကာ မိုးကုတ်စက်ဝိုင်းနှင့် ချိတ်စက်သွားသည်။ ထိုအလင်းတန်းက ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စစ်မှန်သောသင်္ကေတတစ်ခု ဖြစ်၏။
ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ ဖိအားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့်သွားပြီး လေထုက ကျောက်သားပမာ အေးခဲသွားသည်။
ထိုသို့တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ လင်ကျိုး၏ မျက်ဝန်းများမှ အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
မိုးခြိမ်းသံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး သူ့နောက်ကျောတွင် အတောင်ပံတစ်စုံထွက်ပေါ်လာကာ လျှပ်စီးများ လင်းလက်လာသည်။
အတောင်ပံများထွက်ပေါ်လာသည်နှင့် လင်ကျိုး၏ လှုပ်ရှားမှုက ပိုမိုမြန်ဆန်လာပြီး အားဟူ၏နောက်တစ်ဆင့်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ထို့နောက် သူက အဝေးတွင်ရှိနေသည့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က သွေးပိုးအိမ်ပိုက်ကွန်နှင့် မိုးကြိုးဧကရာဇ်မျက်လုံးဆီသို့ ရွေ့လျားသွားသည်။ ပြီးမှ သူ့ရှေ့ရောက်လာသည့်အားဟူကိုကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။
“အရမ်းကောင်းတယ် ၊ အားလုံးက ငါစီစဉ်ထားတဲ့အတိုင်း ဖြစ်လာပြီ”
“မင်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို စွန့်လွှတ်ဖို့ ဆန္ဒမရှိမှတော့... ကောင်းပြီလေ...”
ရန်ကျောက်ကဲကိုကြည့်နေသည့် လင်ကျိုး၏အကြည့်များ စူးရှလာသည်။
တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့် သွေးပိုးအိမ်ပိုက်ကွန်သည် ရုတ်တရက် သွေးနီရောင်ကြိုးမျှင်များ ပေါက်ကွဲထွက်လာပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစအတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားသည်။
သွေးပိုးအိမ်ပိုက်ကွန်၏ နှိုးဆွမှုကြောင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစထံမှ ပြင်းထံသောမိုးခြိမ်းသံများ တုံ့ပြန်ထွက်ပေါ်လာသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး မိုးခြိမ်းသံများက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်ကာ မိုးမြေကိုထိုးဖောက်သွားမည့်အလား ထင်မှတ်ရ၏။
လင်ကျိုးနောက်သို့လိုက်နေသည့်အားဟူ ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။ အခြေအနေကို တွေ့မြင်သည်နှင့် မျက်နှာပျက်သွားသည်။
“အစကတည်းက ဒီကောင်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ပစ်မှတ်ထားတာ မဟုတ်ဘူးပဲ ၊ သူက သခင်လေးကို တစ်လျှောက်လုံးပစ်မှတ်ထားနေတာ”
အားဟူ တွေးလိုက်သည်။
ဖန်းယွင်ရှန်း၏ ထူးကဲယင်ခန္ဓာအကြောင်းသတင်းများ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲကို ရန်စနေသည်များ ၊ အားဟူကို တိုက်ခိုက်လာစေရန် ဆွပေးနေသည်များ အားလုံးက စိတ်ပိုင်းဆိုင်ရာ ထောင်ချောက်ဆင်နေခြင်းများသာ ဖြစ်သည်။
ဤနေရာတွင် ရန်ကျောက်ကဲကို တွေ့မြင်လိုက်ကတည်းက လင်ကျိုး၏ တစ်ခုတည်းသောရည်မှန်းချက်မှာ သူ့ကို သတ်ဖြတ်ပစ်ရန် ဖြစ်သည်။
ရန်ကျောက်ကဲသာ သေမည်ဆိုလျှင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို စွန့်လွှတ်ရလျှင်လည်း ထိုက်တန်သည်ဟု လင်ကျိုးက ခံယူထားသည်ပင်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် အားဟူက ချက်ချင်းပြန်လှည့်ပြီး ရန်ကျောက်ကဲနှင့် မိုးကြိုးဧကရာဇ်မျက်လုံးရှိရာသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။
လင်ကျိုးကတော့ ပေါ်ပေါက်လာသည့်အခြေအနေကို တည်ငြိမ်စွာကြည့်ရင်း...
“မင်းအစေခံက ကျင့်ကြံခြင်းအဆင့် မနိမ့်ကျပေမယ့် သူ့အားနည်းချက်ကတော့ အတော်လေး ထင်ရှားတာပဲ ၊ ကိုင်တွယ်ရ လွယ်ကူလွန်းတယ်”
“မင်းက ရန်ကျောက်ကဲရဲ့ လုံခြုံရေးကို အမြဲတမ်း ပထမဦးစားပေးထားတာပဲ ၊ ရန်သူကိုသတ်မလား ရန်ကျောက်ကဲကို ကယ်မလားဆိုရင် ရန်ကျောက်ကဲကိုကယ်ဖို့ပဲ ရွေးချယ်လိမ့်မယ် ၊ စိတ်မကောင်းစရာက နောက်ကျသွားပြီဆိုတာပဲ ၊ မင်းပြန်လှည့်သွားတာ သူနဲ့အတူတူသေဖို့ပဲ ဖြစ်လာလိမ့်မယ်”
အားဟူ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားသည်။
နောက်ပြန်ဆုတ်သွားသည်လင်ကျိုးက ခဏမျှရပ်တန့်လိုက်ပြီးနောက် အားဟူနောက်သို့လိုက်သွား၏။
“အထွတ်ထပ်မှော်ဝင်ပစ္စည်းအပိုင်းအစက တန်ဖိုးကြီးပေမယ့် အဲဒါက ကံကြမ္မာတစ်ခုပဲလေ ၊ ရန်ကျောက်ကဲ သေမှ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားမှာ ၊ ဒါဆို နောက်ထပ် ကံကောင်းခြင်းတွေ ငါ့ဆီရောက်လာနိုင်တာပဲ”
“ရန်ကျောက်ကဲ မင်းက အနှောက်အယှက်ပဲ...”
အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက ရန်ကျောက်ကဲနှင့် အားဟူကို တိုက်ရိုက်သတ်ဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် သူတို့ (၂)ယောက် ကို မြားတစ်စင်းပမာ အလျှင်အမြန် အသက်ပျောက်စေမည်ဖြစ်လေရာ ထိုသို့သောအခွင့်အရေးမျိုးကို လင်ကျိုးက အဘယ်မှာ လက်လွှတ်ခံနိုင်ပါမည်နည်း။
ရန်ကျောက်ကဲက လင်ကျိုးကို စူးစိုက်ကြည့်ရင်း နှုတ်ခမ်းများတွန့်ကွေးလိုက်၏။
“သွေးပိုးအိမ်ပိုက်ကွန်... အတော်ကောင်းတဲ့ပစ္စည်းပဲ ၊ တွေ့ရခဲတယ်”
ထိုစကားကိုကြားသည့်အခါ လင်ကျိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိသော်လည်း မျက်ဝန်းများက ရုတ်တရက် တုန်လှုပ်သွားဟန် အေးစက်သွားသည်။
“ဒီကောင်က သွေးပိုးအိမ်ပိုက်ကွန်အကြောင်းကို သိနေပါလား”
ရန်ကျောက်ကဲက သွေးပိုးအိမ်ပိုက်ကွန်နှင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
“မင်း ဒီလိုတိုက်ခိုက်ပါ့မလားလို့ ငါစောင့်နေတာ ၊ မင်း လုပ်မယ်ဆိုတာ ငါသိနေတယ်...”
လင်ကျိုးတွေးလိုက်သည်။
စောစောက သွေးပိုးအိမ်ပိုက်ကွန်ကို တိုက်ခိုက်ခဲ့သော သွေးမိစ္ဆာချပ်ပြားမှ ထွက်ပေါ်နေသည့် အနီရောင်အလင်းတန်းများသည် မှင်ကဲ့သို့ နက်မှောင်သွားသည်။
အနက်ရောင်အလင်းတန်းများထွက်ပေါ်လာသည်နှင့် သွေးပိုးအိမ်ပိုက်ကွန်၏ ကြိုးမျှင်များက ချက်ချင်းရပ်တန့်သွား၏။
မိုကြိုးဧကရာဇ်မျက်လုံးက လျှပ်စီးကြောင်းများ အဆက်မပြတ်ထုတ်လွှတ်နေသည့်တိုင် ထို့ထက်ပိုပြီး မပြင်းထန်နိုင်တော့ပေ။
အားဟူက ရန်ကျောက်ကဲအနားသို့ အလျှင်အမြန်ရောက်ရှိလာပြီး လက်ဖဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ များစွာသော အနက်ရောင်လေပွေများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အားဟူက သူ၏ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို အသုံးပြုကာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစမှ ထွက်ပေါ်နေသည့် စွမ်းအားများကို ဖိနှိပ်လိုက်သည်။
ဤသည်ကိုတွေ့မြင်သည့်အခါ အားဟူနောက်မှလိုက်လာသည့် လင်ကျိုးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
ချက်ချင်းပင် သူ၏ လျှပ်စီးတောင်ပံများကို ဖြန့်လိုက်ပြီး အစီအစဉ်အတိုင်းဖြစ်မလာပါက ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော်...
“နောက်ကျသွားပြီ”
ရန်ကျောက်ကဲက အော်ဟစ်ရယ်မောရင်း သူ့လက်ကို အပေါ်သို့ မြှောက်လိုက်သည်။
သူ့လက်မှ တောက်ပသည့်အလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။ တစ်ခုက အစိမ်းရောင် ၊ တစ်ခုက ခရမ်းရောင်ဖြစ်ပြီး အလင်းတန်းများက သက်တံ့တစ်စင်းအလား ကောင်းကင်ကိုဖြတ်သန်းသွားကာ တိမ်တိုက်များဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အကွာအဝေးက နီးကပ်လွန်းလေရာ လင်ကျိုး မည်မျှပင်လျှင်မြန်ပါစေ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ပေ။ သူလုပ်နိုင်သည်မှာ တိုက်ကွက်ကိုရှောင်တိမ်းရန် ခန္ဓာကိုယ်ကို ဘေးသို့တိမ်းလိုက်ခြင်းပင် ဖြစ်သည်။ အစိမ်းရောင်နှင့် ခရမ်းရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်နှင့် လွဲချော်သွားသော်လည်း သူ့အနောက်မှ လျှပ်စီးတောင်ပံတစ်စုံကိုထိမှန်သွားပြီး တောင်ပံ (၂)ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ရန်ကျောက်ကဲက ကြုံးဝါးသံတစ်ချက်ပြုလုပ်ကာ လေထုထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် လင်ကျိုးကို သတ်ဖြတ်ပစ်ရန် လျှပ်စီးကြောင်းများကြားသို့ တိုးဝင်သွားလေတော့၏။