← Chapters

ဘိုလော့စ် မိသားစုအတွက် ဒုက္ခကြီး (၂)...

Vol. 49 Ch. 724

ဘိုလော့စ် မိသားစုအတွက် ဒုက္ခကြီး (၂)...

Vol. 49 Ch. 724

ဝါးအိမ်ကို နောက်တွင် ထားခဲ့ပြီးနောက် သူသည် ယွီယွမ်ဝူ၏ ဝါးအိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ ဆောက်လုပ်မှုမှာ ပြီးစီးလုနီးပါးဖြစ်နေပြီး ယွီယွမ်ဝူမှာ အထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။

လုရီလည်း သူ့ကို မနှောင့်ယှက်တော့ဘဲ

လင်းလောင် တောင်ထိပ်မှ ထွက်ခွာကာ သူ၏ ကိုယ်ပိုင် ဂူစံအိမ်သို့ ပြန်လာခဲ့လိုက်သည်။

…

နောက်ပိုင်း အချိန်များတွင် လုရီသည် အေးချမ်းသက်သာသော ကာလ တစ်ခုကို စတင်ခံစားနေတော့သည်။ လက်ထဲတွင် ပေါကြွယ်ဝသော အရင်းအမြစ်များ ရှိနေပြီး လုပ်စရာ အလုပ်ဟူ၍လည်း များများစားစား မရှိသောကြောင့် သူ၏ နေ့ရက်များသည် အလွန်တည်ငြိမ်နေခဲ့၏။

သူသည် နေ့ရက်များကို တိတ်ဆိတ်စွာ ကျင့်ကြံရင်း ကုန်လွန်စေပြီး ရံဖန်ရံခါတွင် ကြယ်တာရာနယ်မြေ တပ်မတော်၏ စစ်အခင်းအကျင်းများကို လေ့လာရင်း အချိန်ဖြုန်းတတ်သည်။

ပြောရမည်ဆိုလျှင် ကြယ်တာရာအမြုတေထဲမှ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုသည် ကြယ်တာရာခြင်ဆီထက် များစွာသာလွန်ကာ အလွန်ပင်အားကောင်းလှပေသည်။

နှစ်တစ်ရာကျော်မျှသော အချိန်တိုအတွင်း လုရီသည် နက်ရှိုင်းခြင်း အင်မော်တယ် ပဉ္စမအလွှာသို့ အဆင့်ချိုးဖြတ်နိုင်ခဲ့ရာ သူ၏ကျင့်ကြံမှုနှုန်းသည် ယခင် အစစ်အမှန် အင်မော်တယ် နယ်ပယ်တွင် ရှိခဲ့စဉ်ကထက်ပင် မနှေးကွေးခဲ့ချေ။

ကျင့်ကြံခြင်းများကြားတွင် ဆယ်စုနှစ် နှစ်ခု သို့မဟုတ် သုံးခု တစ်ခါ လုရီသည် သူ၏ တာအိုအပေါ် နားလည် သဘောပေါက်မှုများကို ဟောပြောရန် မည်သည့်အခါမျှ မပျက်ကွက်ခဲ့ပေ။

ကျင့်ကြံခြင်းကို ငြီးငွေ့လာသောအခါ သူသည် အပြင်သို့ထွက်၍ လမ်းလျှောက်တတ်ပြီး သူ၏

စီနီယာအစ်မနှင့် အခြား သုံးယောက်ကို ခေါ်ကာ လက်ရှိ ထျန်းမင်ကြယ်တစ်ခွင် လှည့်လည်သွားလာရင်း တောင်တန်းများနှင့် မြစ်ချောင်းများ၏ အလှအပကို ခံစားခြင်း၊ သာမန်လောက၏ အရသာရှိသော အစားအစာများကို မြည်းစမ်းခြင်းနှင့် ဘဝ၏ အခြေအနေအမျိုးမျိုးကို လေ့လာ ကြည့်ရှုခြင်းတို့ ပြုလုပ်လေသည်။

ပြောရမည်ဆိုလျှင် ဆယ်စုနှစ် အနည်းငယ်တစ်ခါ လုရီ၏ တာအိုဒီရေဖြင့် အခါအားလျော်စွာ သန့်စင်ပေးခြင်း ခံရသော ထျန်းမင်ကြယ်သည် သူ အင်မော်တယ် မဖြစ်မီကနှင့် လုံးဝ မတူတော့ချေ။

ထျန်းမင် တိုက်ကြီး တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုသည် အလွန်ပင် ထူထပ်လာပြီး အချို့သော ဝိညာဉ်စွမ်းအင် အထူးကြွယ်ဝသည့် နေရာများတွင် အင်မော်တယ်စွမ်းအင်များပင် ပေါ်ထွက်လာတော့သည်။ အချိန်သာ ပေးလိုက်ပါက အင်မော်တယ် ရတနာများပင် ကြီးထွားလာနိုင်ပေသည်။

ဒေသအသီးသီးမှ သက်ရှိသတ္တဝါများ၊ မွေးဖွားလာသူတိုင်းနီးပါးတွင် ကျင့်ကြံခြင်း အရည်အချင်းများ ပါလာကြလေသည်။ လူသားတိုင်းနီးပါးတွင် ဝိညာဉ်အမြစ်တစ်ခုစီ ပိုင်ဆိုင်ကြပြီး လူတိုင်း ကျင့်ကြံနိုင်ကြ၏။

တောနက်ထဲမှ မိစ္ဆာမျိုးနွယ်များမှာလည်း ယခင်ကထက် များစွာ ပိုမို အားကောင်းလာကြသည်။သို့သော်လည်း ထျန်းမင်သည် အင်မော်တယ်ကြယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် တက်လှမ်းသွားခဲ့သော လူသားအင်မော်တယ်များနှင့် မိစ္ဆာအင်မော်တယ်များ ထျန်းမင်သို့ ပြန်လည်ရောက်ရှိလာကြရာ ထိုမြင့်မြတ်နယ်မြေ အင်မော်တယ်ဂိုဏ်းများသည် ချင်းကျိုးတွင် အခြေချခဲ့ကြသည်။ တိမ်ဖြူအင်မော်တယ်ဂိုဏ်း၏ တည်ရှိမှုနှင့်အတူ လူသားများ၊ မိစ္ဆာများနှင့် ပင်လယ်မျိုးနွယ်တို့သည် သဟဇာတဖြစ်စွာ အတူတကွ နေထိုင်နိုင်ခဲ့ကြ၏။

သံသယဖြစ်ဖွယ် မရှိသည်မှာ ချင်းကျိုးသည်

ထျန်းမင်တိုက်ကြီးတွင် အင်မော်တယ် ဝိညာဉ်ချီ အထူထပ်ဆုံးသော နေရာ ဖြစ်နေခြင်းပင်တည်း။

ယွီဟန်ကွမ်းနှင့် ယွီယွမ်ဝူတို့၏ အဆိုအရ

ချင်းကျိုး၏ လက်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုသည် အလယ်အလတ်တန်းစား အင်မော်တယ်ကြယ်တစ်လုံး၏ အဆင့်ဟုပင် သတ်မှတ်နိုင်နေပြီဖြစ်သည်။

ပြီးတော့ ဤအရာသည် နှစ်ပေါင်းနှစ်ထောင်ကျော်အတွင်း လုရီ၏ သင်ကြားမှုများကြောင့် ဖြစ်ပေါ်လာသော ရလဒ်မျှသာ ဖြစ်ရာ ဤသို့သော တိုးတက်မှုနှုန်းသည် အံ့ဖွယ် တစ်ပါးဟု ဆိုရပေမည်။

လုရီသည်လည်း ဤအပေါ်တွင် အလွန်ပင် ကျေနပ်ပီတိဖြစ်နေပြီး နှစ်ပေါင်းများစွာ သူ၏ ကြိုးပမ်းမှုများသည် အသီးအပွင့်အချို့ကို ဖြစ်ထွန်းစေခဲ့သည်ဟု ခံစားနေရသည်။ သို့သော် မကြာမီမှာပင် သူ၏နှလုံးသားသည်

တဖန် လေးလံလာပြန်သည်။

အကြောင်းမှာ ထျန်းမင်တွင် ကျိုယိုဥမင်တစ်ခုရှိနေပြီး နောက်ထပ် နှစ်မည်မျှကြာလျှင် ထိုကျိုယိုဥမင်ကို ပိတ်ဆို့ထားနိုင်တော့မည် မဟုတ်သည်ကို မသေချာသောကြောင့်ဖြစ်သည်။ ထိုအခါ

ထျန်းမင် တစ်ခုလုံးသည် ကျိုယို၏ ဝါးမြိုခြင်းကို ခံရနိုင်ပေသည်။

သူ အရာရာကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ထျန်းမင်ကို သာလွန်ကောင်းမွန်သော သို့မဟုတ် အားအကောင်းဆုံး အင်မော်တယ်ကြယ်အဖြစ် ပြောင်းလဲနိုင်ခဲ့သည့်တိုင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

ခရီးသွားခြင်းအပြင် လုရီသည် သူ၏ အားလပ်ချိန်များတွင် ရင်းနှီးသော မိတ်ဆွေအချို့နှင့်လည်း စုဝေးတတ်သည်။

ကျင့်ကြံသူများသည် ထာဝရအသက်ကို ရှာဖွေကြသော်လည်း ထိုနည်းတူပင် ဆွေးနွေးဖလှယ်ရန် တာအိုရောင်းရင်းများ ရှိနေခြင်းသည်လည်း အလွန် သာယာသော ကိစ္စ တစ်ရပ် ဖြစ်ပေသည်။

လုရီအတွက်မူ သူ၏ ယခင်ဘဝက အမှတ်တရများ ရှိနေသည်ဖြစ်ရာ သူ တစ်ဦးတည်းသာ ထာဝရ အသက်ကို ရရှိမည်ဆိုလျှင် မလွဲမသွေ အလွန် အထီးကျန်ဆန်နေပေလိမ့်မည်။

နှိုင်းယှဉ်ကြည့်လျှင် သူ၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့်အတူ ထာဝရ အသက်ကို ရရှိနိုင်ခြင်းသည် လုရီအတွက် ပိုမို လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။ ရံဖန်ရံခါ မိတ်ဆွေများနှင့် စုစည်းတွေ့ဆုံရခြင်းသည်လည်း ကောင်းမွန်လှပေ၏။ဟုတ်ပေသည်။ ဤအရာများသည် သူ၏ အားလပ်ချိန်များတွင် လုပ်ဆောင်သော အရာများသာ ဖြစ်ပြီး အချိန် အများစုတွင် လုရီသည် သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစူးစိုက်နေဆဲဖြစ်သည်။

…

အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းငါးရာကျော် ကုန်ဆုံးသွားခဲ့သည်။

လုရီ၏ ကျင့်ကြံခြင်း အခြေခံသည် နက်ရှိုင်းခြင်းအင်မော်တယ် အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့ပြီး နဝမအလွှာသို့ တစ်လှမ်းသာ လိုတော့သည်။

ဤသို့သော ကျင့်ကြံမှု အရှိန်သည် နက်ရှိုင်းခြင်းအင်မော်တယ် အမြောက်အမြားကိုပင် ထိတ်လန့်သွားစေလောက်သည်။ အထူးသဖြင့် လုရီသည် ကျင့်ကြံရာတွင် မည်သည့် ကျပ်တည်းမှုနှင့်မျှ

မကြုံတွေ့ရသည့်အပြင် ခိုင်မာသော အခြေခံရှိသောကြောင့် ကြယ်တာရာ အမြုတေ၏ စွမ်းအင်ကို အလွန် လျင်မြန်စွာ စုပ်ယူနိုင်ခဲ့ရာ သူ၏ ကျင့်ကြံမှု အရှိန်သည်လည်း လုံးဝ မနှေးကွေးခဲ့ပေ။ သူ၏ စိတ်ထဲတွင်မူ အလွန် တည်ငြိမ်အေးချမ်းနေပြီး သူ့အတွက်မူ ဤသို့သော ကျင့်ကြံမှု အရှိန်သည် ပုံမှန်ပင် ဖြစ်သည်။

ဤနေ့တွင် လုရီသည် ကောင်းကင်နဂါး သူတော်စင်သားတော်၏ စံအိမ်တွင် ကျန့်ဖန်နှင့် အခြားသူများနှင့်အတူ စုဝေးပွဲ တစ်ခု ပြုလုပ်နေ လေသည်။

လုရီ၊ လျိုနင်ရွှမ်းနှင့် သူတို့၏ အဖော်

လေးယောက်၊ ကောင်းကင်နဂါး သူတော်စင်

သားတော်တို့အပြင် တိမ်ဖြူ အင်မော်တယ်ဂိုဏ်းမှ သူတို့ မျိုးဆက်၏ ပါရမီရှင်များ၊ လုရီနောက်သို့ လိုက်ခဲ့ကြသော မြင့်မြတ်နယ်မြေ

အင်မော်တယ် ဂိုဏ်းအသီးသီးမှ သူတော်စင်အမွေခံများနှင့် သူတော်စင် သမီးတော် အားလုံးတို့သည်လည်း သူ၏ အထူးဂရုစိုက်မှုကို ခံရကာ အရင်းအမြစ်များစွာကို ရရှိထားကြသည်။

ယခုအခါတွင် သူတို့ တစ်ဦးချင်းစီသည် အင်မော်တယ်များ ဖြစ်နေကြပြီ ဖြစ်ပြီး အများစုမှာ

သူတို့၏ ကိုယ်ပိုင်ဂိုဏ်းများအတွင်း ရာထူး

ကြီးကြီးမားမားကို ရယူထားကြကာ တစ်ဦးချင်းစီတွင် တည်ကြည်ခန့်ညားသော အရှိန်အဝါများ ကိုယ်စီရှိနေကြသည်။

သို့သော်လည်း လူတိုင်းသည် အင်မော်တယ်များ ဖြစ်နေကြပြီဖြစ်သောကြောင့် အချိန်ကုန်လွန်ခြင်း၏ သဲလွန်စများသည် သူတို့အပေါ်တွင်

မထင်ရှားတော့ဘဲ သူတို့၏ရုပ်သွင်မှာ ငယ်ရွယ်စဉ်ကနှင့် ဘာမှမခြားနားပေ။

လေ့ယင် မြင့်မြတ်နယ်မြေ၏ အမျိုးသမီးသူတော်စင် ဖြစ်လာသော လေ့ယင် သူတော်စင်သမီးတော်သည် ယခုအခါ လုရီ၏ ဘေးတွင် ထိုင်နေပြီး သူ့ကို ရံဖန်ရံခါ ခိုးကြည့်ရင်း သူမ၏မျက်လုံးများထဲတွင် လွမ်းဆွေးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

လုရီကိုယ်တိုင်မှာမူ ဤသို့အကြည့်ခံနေရသည်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေတော့သည်။

သူ၏ဘေးမှ လျိုနင်ရွှမ်းနှင့် အခြားသူများမှာမူ ဘာမှ မမြင်ဟန်ဆောင်နေကြသည်။

သုန်းကုန်းမင်ယွဲ့သည် လေ့ယင် သူတော်စင်သမီးတော်နှင့် တာအိုအကြောင်း မကြာခဏ ဆွေးနွေးလေ့ရှိသောကြောင့် သူမတို့၏ဆက်ဆံရေးမှာ အတော်လေးကောင်းမွန်နေသည်။ ယခင်ကသာဆိုလျှင် သူမ ဒေါသထွက်မိမည်ဖြစ်သော်လည်း ယခုမူ လေ့ယင် သူတော်စင် သမီးတော်နှင့် ရွှင်လန်းစွာ စကားစမြည်ပြောဆိုရင်း

သူမတို့၏ ဆက်ဆံရေးမှာ အတော်လေးပင် ကောင်းမွန်လာခဲ့သည်။

လေ့ယင် သူတော်စင်သမီးတော်အပြင် ကောင်းကင်နန်းတော်မှ သူတော်စင်သမီးတော်နှင့် အခြားအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ သူတော်စင်သမီးတော်များအားလုံးသည်လည်း လုရီကို အလွန်ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဤအပေါ်တွင် အမျိုးသားကျင့်ကြံသူများမှာမူ ကြာရှည်စွာကပင် အသားကျနေပြီဖြစ်၍ အံ့အားသင့်ခြင်းမရှိတော့ပေ။

လုရီ၏မျိုးဆက်မှ သူတော်စင်သမီးတော်အားလုံး၊ တစ်ယောက်မျှပင် တာအို လက်တွဲဖော် မရွေးချယ်ခဲ့ကြသေးရာ ၎င်းတို့၏ မျိုးဆက်တူ အမျိုးသားများမှာမူ အတော်ပင် စကားဆွံ့အခဲ့ရသည်။

လုရီကို တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်သက်လုံး စွဲလမ်းသွားကြသည်တကား။

သို့သော်လည်း အမျိုးသားကျင့်ကြံသူများသည် ဤအဖြစ်ကို ကျင့်သားရနေပြီဖြစ်ပြီး ပွဲ၏ အငွေ့အသက်မှာမူ စည်ကားနေဆဲ ဖြစ်၏။

လူတိုင်း တာအိုအကြောင်း ဆွေးနွေးကြပြီး စပျစ်ရည်သောက်ကြသည်။ လုရီသည်လည်း သူတို့အတွက် အင်မော်တယ်စပျစ်ရည်နှင့် အင်မော်တယ်ရတနာများကို ပြင်ဆင်ပေးထား‌လေသည်။

ကောင်းကင်နဂါး သူတော်စင်သားတော်သည် အင်မော်တယ် စပျစ်ရည်ကို တစ်ငုံသောက်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဝေဝါးသွားသည်။ ဤစပျစ်ရည်၏ ပါဝင်ပစ္စည်းများသည် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့် ကောင်းကင်ဘုံရတနာများ ဖြစ်သောကြောင့် ကောင်းကင်ဘုံအင်မော်တယ် နယ်ပယ် အဆင့်တွင်သာ ရှိသေးသော ကောင်းကင်နဂါး သူတော်စင်သားတော်အတွက်မူ တစ်ငုံမျှဖြင့် မူးယစ်သွားစေနိုင်သည်။

"ညီအစ်ကိုလုကတော့ အေးဆေးပဲဗျာ၊ နေ့တိုင်း ကျင့်ကြံနေရုံပဲ။ ကျွန်တော်ကတော့ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို ကိုင်တွယ်နေရတာ တကယ်ကို စိတ်ညစ်ဖို့ ကောင်းတယ်"

သူက ဟစ်အော်လိုက်သည်။

လုရီက ခပ်ဟဟရယ်ရင်း "မြင့်မြတ်သခင်တစ်ပါးအနေနဲ့တော့ သက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ရမှာပေါ့။ ဘာလဲ၊ မကျေမနပ်ဖြစ်နေတာလား။" ဟု ဆိုလိုက်သည်။

"အာ၊ အဓိကကတော့ ကုန်သွယ်ရေးဂြိုဟ်နဲ့ ပတ်သက်တဲ့ကိစ္စတွေပါပဲ"

ကောင်းကင်နဂါး သူတော်စင်သားတော်က ခေါင်းခါရင်း သက်ပြင်းချကာ ဆိုသည်။

လေ့ယင် သူတော်စင်သမီးတော်ကလည်း မျက်မှောင်ကြုတ်ကာ ထပ်ပြောသည်။

"ဟုတ်ပါရဲ့၊ ကုန်သွယ်ရေးဂြိုဟ်က အစ်ကိုလုရဲ့ဟာဆိုပေမယ့်၊ ပြီးတော့ အစ်ကိုလုက ဒီမြင့်မြတ်နယ်မြေတွေအတွက် သက်ဆိုင်ရာ ကုန်တိုက်ဆိုင်ခန်းတွေ ပြင်ဆင်ပေးထားပေမယ့်လည်း ကျွန်မတို့ရဲ့အင်အားက မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေက အင်အားကြီးအဖွဲ့တွေလောက်

မကောင်းဘူးလေ။ အဲ့ဒီ နက်ရှိုင်းခြင်းအင်မော်တယ်အဆင့် အင်အားစုတွေနဲ့ ထိပ်တန်း ရွှေအင်မော်တယ်အဆင့် အင်အားစုတွေက ကျွန်မတို့ကို အရေးမလုပ်သလို ဆက်ဆံနေတုန်းပါပဲရှင်။"

ထိုအခါ ကောင်းကင်နဂါး သူတော်စင်သားတော်က ခပ်ယဲ့ယဲ့ပြုံးကာ ထောက်ခံသည်။

"ညီအစ်ကိုလုသာ မရှိရင် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေက အဲ့ဒီထိပ်တန်း အင်အားစုတွေက ငါတို့ကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။"

ကောင်းကင်နဂါး သူတော်စင်သားတော်၏ ညည်းညူသံများကို ကြားသောအခါ လုရီသည် တစ်စုံတစ်ခုကို ရုတ်ချည်း သဘောပေါက်သွားသည်။

ဤစကြဝဠာတွင် အရာအားလုံးသည် အင်အားကိုသာ အလေးထားကြသည်။ သူ၏ ဆက်ဆံရေးများကြောင့် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေ၏ ထိပ်တန်းအင်အားစုများသည် ဤကုန်သွယ်ရေးဂြိုဟ်ပေါ်တွင် စည်းကမ်းရှိရှိနေထိုင်ကြပြီး ထျန်းမင်မှ အင်အားစုများကို ဒုက္ခမပေးကြပေ။

သို့သော် အဆုံးစွန်တွင် နှစ်ဖက်ကြားရှိ အင်အားမှာ မမျှတပေ။ မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှ ထိပ်တန်းအင်အားစုများက ထျန်းမင်မှ အင်အားစုများကို အမှန်တကယ် လေးစားရန် မျှော်လင့်ခြင်းမှာ အလွန်ခက်ခဲပေလိမ့်မည်။

လုရီသည် ဤအချက်ကို အနည်းငယ် နားလည်နိုင်သည်။ မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှ ထိုထိပ်တန်းအင်အားစုများသည် သူ့ကို၊ လုရီတစ်ဦးတည်းကိုသာ လေးစားခြင်း ဖြစ်ပြီး

ထျန်းမင်ကြယ်မှ သက်ရှိအားလုံးကို လေးစားခြင်းမဟုတ်ပေ။

သူက ရယ်မောကာ "ဒါဆိုလည်း ကျင့်ကြံဖို့ပဲ အာရုံစိုက်လိုက်ပေါ့။ မင်းတို့ အားကောင်းလာတဲ့အခါ သူတို့က အလိုလို မင်းတို့ကို မျက်နှာချိုသွေးလာကြလိမ့်မယ်။" ဟု ဆိုလိုက်သည်။

ကောင်းကင်နဂါး သူတော်စင်သားတော်က မျက်လုံးကို လှန်ကာ ပြန်ပြောလာသည်။

"ညီအစ်ကိုလုက ငါတို့ကို အရင်းအမြစ်တွေ အများကြီး ထောက်ပံ့ပေးထားပေမယ့် ငါ့အနေနဲ့ ရွှေအင်မော်တယ်နယ်ပယ်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမယ်မှန်းတောင် မသိသေးဘူး"

ထ်ုအခါ လေ့ယင် သူတော်စင်သမီးတော်က ဖြည်းညင်းစွာ ရယ်မောရင်း

"အစ်ကို အော့ထျန်း ကျေနပ်သင့်ပါပြီ။ ကျွန်မတို့က အခါတိုင်း အစ်ကိုလု တာအိုဆွေးနွေးတာကို အနီးကပ် နားထောင်ခွင့်ရတယ်၊ ဒါက တခြားသူတွေ မရနိုင်တဲ့ အခွင့်အရေးပဲ။ အစ်ကိုလု ပြင်ဆင်ပေးထားတဲ့ အင်မော်တယ်ရတနာတွေနဲ့ဆိုရင် ကျွန်မတို့အားလုံး အခု အင်မော်တယ်ခန္ဓာကိုယ်တွေ ပိုင်ဆိုင်နေကြပြီ။ ဒီလောက်ကောင်းတဲ့ အခြေအနေတွေရှိနေတာတောင် နှစ်တစ်သောင်းအတွင်း ရွှေအင်မော်တယ်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်ခြင်းမရှိရင် တကယ့်ကို အလဟဿဖြစ်မှာပဲရှင်"

သူမစကားကြောင့် ကောင်းကင်နဂါး သူတော်စင်သားတော်က ပြုံးကာ "လေ့ယင် အင်မော်တယ် ပြောတာမှန်တယ်၊ ငါ တကယ်ပဲ ဒီလောက်စိတ်ဓာတ်ကျမနေသင့်ဘူး" ဟု ပြန်ပြောလိုက် တော့သည်။

လုရီက ပြုံးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"စကားမစပ်၊ နုခ်ရော ဘယ်မှာလဲ။"

နုခ်သည် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှ လုရီကို စိတ်အားထက်သန်စွာ လိုက်နာသူတစ်ဦးဖြစ်ပြီး သူတို့ထဲမှ ပါရမီရှင်တစ်ဦးဖြစ်ရာ စုဝေးပွဲတိုင်းတွင် ပုံမှန်အားဖြင့် တက်ရောက်လေ့ရှိသော်လည်း ဤတစ်ကြိမ်တွင် သူ မရှိနေသည်မှာ အံ့အားသင့်စရာပင်။

ဤစကားကို ကြားသောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်နှင့် လေ့ယင် သူတော်စင်သမီးတော်တို့သည် ရပ်တန့်သွားကြသည်။

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးနောက် ကောင်းကင်နဂါး သူတော်စင်သားတော်က ချောင်းဟန့်ကာ ဆိုလိုက်သည်။

"အဟမ်း...ညီအစ်ကိုလု၊ နုခ်က ဒီအကြောင်းကို မင်းကို မပြောစေချင်ဘူး နော်။"

"ဘာများလဲ"

လုရီက မျက်မှောင်ကြုတ်လိုက်သွားကာ

မေးလိုက်လေ၏။

ထိုအခါမှာ လေ့ယင် သူတော်စင်သမီးတော်က ညင်သာစွာ ပြောပြလာသည်။

"နုခ်ရဲ့မိသားစုက ဒုက္ခအကြီးအကျယ် ကြုံနေရတယ်လို့ ပြောတယ်။ သူတို့ရဲ့ ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့် အကြီးအကဲသုံးယောက်ထဲက တတိယအကြီးအကဲ ပျောက်ဆုံးနေတယ်တဲ့။"

All Chapters