ဒါ ကောင်းကင်ကပ်ဘေးလား...
Vol. 50 Ch. 737
~ကျောက်စိမ်းကြယ်တာရာဂြိုဟ်၌...
လုရီနှင့် သူ၏ အဖွဲ့ လမ်းခရီးတွင် ရှိနေစဉ်မှာပင် သူတို့သည် ယွီရှင်းကို အကြောင်းကြားထားပြီးဖြစ်သည်။ သူတို့ ကျောက်စိမ်းကြယ်တာရာသို့ ရောက်ရှိချိန်တွင် ယွီရှင်းမှာ အစီအစဉ်များ ပြုလုပ်ပြီး ဖြစ်လေသည်။
နောက်ဆုံး အကြိမ်နှင့် မတူညီဘဲ ယွီရှင်းမှာ လုရီအား ရက်အနည်းငယ် စောင့်ဆိုင်းပေးရန် မျှော်လင့်နေသည်။ လုရီ၏ နောက်ဆုံး အကြိမ် ကျောက်စိမ်းကြယ်တာရာဂြိုဟ်ပေါ်မှ နယ်ပယ်ဖြတ်ကျော်မှုက ယူဆောင်လာခဲ့သော တာအို
ဒိီရေလှိုင်းမှာ အလွန် ခမ်းနားလှပြီး ထိုအချိန်က ကျောက်စိမ်းကြယ်တာရာပေါ်တွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ ကြီးမားသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။ သို့သော် သူတို့၏ တာဝန်များကို စောင့်ကြပ်နေရသော ယွီမျိုးနွယ်၏ အားကောင်းသည့် အဖွဲ့ဝင် တစ်စိတ်တစ်ပိုင်းအပြင်၊ များပြားလှသော အားကောင်းသည့် အဖွဲ့ဝင်များမှာ အပြင်သို့ လေ့ကျင့်ရန် ထွက်သွားကြပြီး အချိန်မီ ပြန်မလာနိုင်ခဲ့ကြသဖြင့် ထိုကြီးမားသော အခွင့်အရေးကို လက်လွှတ်ခဲ့ရလေ၏။
ထိုပါရမီရှိသော ယွီမျိုးနွယ်၏ စွမ်းအားရှင်များအတွက်မူ ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့သည်။ ယွီမျိုးနွယ်အတွက်လည်း ၎င်းမှာ သိသာထင်ရှားသော ဆုံးရှုံးမှု တစ်ခု ဖြစ်ခဲ့၏။
မည်သို့ပင် ဆိုစေ ယွီမျိုးနွယ်တွင် အားကောင်းသောအဖွဲ့ဝင်များ များလေလေ၊ မျိုးနွယ် တစ်ခုလုံးအတွက် ကောင်းလေလေ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ယွီရှင်းမှာ လုရီအား ရက်အနည်းငယ် ပို၍ စောင့်ဆိုင်းပေးရန် မျှော်လင့်နေသည်။ သူတို့ အကြောင်းကြားသည်နှင့်တစ်ပြိုင်နက် သူသည် ယွီမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ အပြင်သို့ လေ့ကျင့်ရန် ထွက်သွားသော ပါရမီရှိ ယွီမျိုးနွယ် အဖွဲ့ဝင်များကို အကြောင်းကြားခဲ့လေ၏။
ဤအခိုက်အတန့်တွင် ထိုပါရမီ ရှိသော အဖွဲ့ဝင်များမှာ အရူးအမူး အပြေးအလွှား ပြန်လာနေကြသည်။ လုရီအတွက်မူ ၎င်းမှာ သဘာဝအတိုင်း ကိစ္စမရှိပေ။ ရက်အနည်းငယ် စောင့်ဆိုင်းခြင်းက သူ့အပေါ် သက်ရောက်မှုမရှိ။ ယွီမျိုးနွယ်မှာ သူ၏ ခိုင်မာသော အထောက်အပံ့ဖြစ်ပြီး၊ သူတို့ အားကောင်းလေလေ၊ သူ ပို၍ ဘေးကင်းလေလေ ဖြစ်မည်မှာ ထင်ရှားသည်။
လုရီက စူးစမ်းစွာ မေးလိုက်သည်။ "ဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား။"
ယွီရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ကာ
"ဟုတ်တယ်၊ နောက်ဆုံး တာအိုဒိီရေလှိုင်းအပြီးမှာ ဘိုးဘေးက အကျိုးကျေးဇူးအများကြီး ရလိုက်တယ်။ သူက ဒီနှစ်တွေအတွင်းမှာ အခါအားလျော်စွာ ဉာဏ်အလင်းတွေ ရပြီး မကြာခဏ တံခါးပိတ်ကျင့်ကြံလေ့ရှိတယ်၊ သူ ညွှန်ကြားချက်တွေပေးဖို့ ထွက်လာတဲ့အခါတောင် အများဆုံး ရက်အနည်းငယ်ပဲ ကြာတာကွ။"
ထိုအခါ လုရီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီး ပြုံးလိုက်၏။
"ဒါ သတင်းကောင်းပဲ။ ဖြစ်နိုင်ရင် ဘိုးဘေးက
မကြာခင်မှာ အင်မော်တယ် ဘုရင် နယ်ပယ်ကို တက်လှမ်းဖို့ မျှော်လင့်ချက် ရှိလာလောက်ပြီ။"
"ဟားဟားဟားဟား။"
ယွီရှင်းက အားရပါးရ ရယ်မောလိုက်ရာ သူ၏ မျက်နှာမှာ နီမြန်းတောက်ပနေ၏။
"ဒီတစ်ခေါက် မင်းရဲ့ နယ်ပယ် ဖြတ်ကျော်မှုက ယူဆောင်လာမယ့် တာအိုဒိီရေလှိုင်းက ဘိုးဘေးကို ကောင်းကင်ဘုံကြားက အဲ့ဒီ ချောက်ကမ်းပါးကြီးကို ဖြတ်ကျော်ဖို့ အခွင့်အရေးကို တကယ်ပဲ ပေးနိုင်လောက်တယ် ရီအာ။"
လုရီ၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီးအမူအရာတစ်ခု ပေါ်လာသည်။
"ဒီလိုသာဆိုရင် ကောင်းကင်ကြယ်တာရာနယ်မြေက အများကြီးပိုပြီး ဘေးကင်းသွားမှာပဲ။"
ယွီရှင်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်သည်။ "အင်း... မကြာသေးမီနှစ်တွေမှာ ဒုက္ခတွေက အဆက်မပြတ်ပါပဲ။"
လုရီမှာ ကြက်သေသေသွားပြီး အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။ "ဦးလေးယွီ၊ ဘာဖြစ်လို့လဲဗျ။"
ယွီရှင်းက ခပ်ဖွဖွ သက်ပြင်းချကာ ဆိုသည်။
"မင်း ရှာဖွေ တွေ့ရှိခဲ့တဲ့ အဲ့ဒီ ကျိုယို ကျင့်ကြံသူတွေအပြင်၊ ရာရှိုမွန် မျိုးနွယ်ကလည်း မကြာသေးခင်က မငြိမ်မသက် ဖြစ်နေတယ်၊ နယ်စပ်မှာ ထိတိုက်မှုတွေက ပိုပြီး ပြင်းထန်လာတယ်။ ဒါ့အပြင် မကြာသေးခင်က လူအင်အား
မလုံလောက်မှုကြောင့် ကြယ်တာရာ ဒေသအသီးသီးက ကောင်းကင်ဘုံမိစ္ဆာအုပ်စုတွေက ပိုပြီးသောင်းကျန်းနေကြပြီး ဒုက္ခတွေက အဆုံးမရှိဘူး။"
ယွီရှင်း၏ စကားကို ကြားသောအခါ လုရီမှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။
"ရာရှိုမွန်မျိုးနွယ်က ကျွန်တော်တို့နဲ့ စစ်ဖြစ်ဖို့ ကြံနေတာလား။"
ယွီရှင်းက မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဟုတ်တယ်၊ ငါတို့ ထျန်းလော့ကြယ်တာရာနယ်မြေနဲ့ ရာရှိုမွန်ကြယ်တာရာနယ်မြေကြားက နယ်စပ်မှာရှိတဲ့ သဲကန္တာရကြယ်တာရာဒေသမှာ တန်ဖိုးရှိတဲ့ သတ္တုရိုင်းကြယ်အများကြီး ရှာတွေ့ခဲ့တာ လေ။ ကျိုယိုကျင့်ကြံသူတွေရဲ့ ဩဇာ
လွှမ်းမိုးမှုနဲ့ ပေါင်းလိုက်တော့ ငါတို့က
ချောက်နက်ကြီးအပျက်အစီးရဲ့ အစွန်အဖျားကို စောင့်ကြပ်ဖို့ သလင်းဝိညာဉ် မျိုးနွယ်နဲ့ ပူးပေါင်းဖို့ အင်မော်တယ် ဧကရာဇ် တစ်ပါးနဲ့ ရွှေအင်မော်တယ်အချို့ကို စေလွှတ်ခဲ့ရတယ်။ ငါတို့ရဲ့ လူအင်အားက အနည်းငယ် မလုံလောက်ဖြစ်နေတာကြောင့် ရာရှိုမွန်မျိုးနွယ်ကို ငါတို့အပေါ် လှုပ်ရှားဖို့ သတ္တိတွေ ပေးလိုက်သလို ဖြစ်သွားတာပေါ့ကွာ။"
ဤစကားကို ကြားသောအခါ လုရီက အနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် ဆိုလိုက်သည်။ "အတွင်းပိုင်းကိုတော့ သက်ရောက်မှုမရှိလောက်ဘူး မဟုတ်လား။"
"အဲ့လိုတော့ မဖြစ်ပါဘူး။"
ယွီရှင်းက ခေါင်းခါပြီး ရယ်မောလိုက်သည်။
"အများဆုံးတော့ ငါတို့က ရာရှိုမွန် မျိုးနွယ်ကို အမြတ်အစွန်း အချို့ အလျှော့ပေးလိုက်ရုံပဲ။ သူတို့လည်း ကျိုယို စစ်မြေပြင်ရဲ့ ဖိအားအောက်မှာ ရှိနေတာပဲလေ၊ ငါတို့နဲ့ အလုံးစုံစစ်ပွဲဖြစ်ဖို့အထိတော့ သူတို့ မလုပ်လောက်ပါဘူး။"
လုရီက ခေတ္တမျှ တွေဝေသွားပြီးနောက် ရယ်မောလိုက်သည်။ "ဦးလေးယွီအနေနဲ့ ကျွန်တော်တစ်ခုခုလုပ်ပေးဖို့ လိုအပ်ရင် ပြောလိုက်ပါ။ ကျွန်တော်တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။"
သူ၏ ရွှေအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် သူကျွမ်းကျင်သော အင်မော်တယ်သိုင်းနည်းစနစ်များနှင့် လျှို့ဝှက်နည်းစနစ်အမျိုးမျိုး၊ ဖန်တီးမှု ဝိညာဉ်ရတနာတို့နှင့် ပေါင်းစပ်လိုက်လျှင် အင်မော်တယ် ဧကရာဇ် တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် လုရီမှာ အားနည်းမည် မဟုတ်ပေ။ ဤဒေသတွင် သူသည် ထိပ်တန်းစွမ်းအားရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရလောက်ပြီဖြစ်သည်။ အင်မော်တယ် အရှင်သခင် အဆင့် ပုဂ္ဂိုလ်ကြီးများ ဝင်မပါသရွေ့ သူတစ်ယောက်တည်း ကိစ္စများကို ဖြေရှင်းနိုင်လောက်သည်။ အကယ်၍ ရာရှိုမွန် မျိုးနွယ်က အမှန်တကယ် လှုပ်ရှားလာမည်ဆိုလျှင် လုရီက ဝင်ကူညီနိုင်သည်။
ရာရှိုမွန် မျိုးနွယ်၏ အင်မော်တယ် အရှင်သခင်မှာလည်း ကျိုယို စစ်မြေပြင်ကို ဖိနှိပ်ရန် လိုအပ်ပြီး လှုပ်ရှားနိုင်မည် မဟုတ်ရာ လုရီမှာ သူတို့နှင့် အပြည့်အဝ ရင်ဆိုင်နိုင်သည်။ ထို့အပြင် ကောင်းမွန်သော အလုပ် ဆုလာဘ်အချို့ပင် ရှိနေနိုင်သေးသည်။
သူ၏ အစွမ်းသတ္တိ တိုးမြင့်လာသည်နှင့်အမျှ
လုရီမှာ ယခုအခါ အနည်းငယ် ကြိုးစားစမ်းသပ်ချင်စိတ် ဖြစ်ပေါ်နေသည်။
ယွီရှင်းက ရယ်မောလိုက်၏။
"ဟားဟားဟားဟား၊ ကောင်းတာပေါ့။ မင်းရဲ့ အစွမ်းနဲ့ဆိုရင် ရီအာ...မင်းသာ ရွှေ
အင်မော်တယ် နယ်ပယ်ကို တက်လှမ်းသွားရင်
ဒီလို အသေးအမွှား ပွတ်တိုက်မှုတွေကို ဖိနှိပ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။ ငါတို့ဘက်က မင်းကို တကယ်ပဲ လှုပ်ရှားစေဖို့ လိုအပ်လာခဲ့ရင် ငါ မင်းကို အသိပေးမှာပါ။"
လုရီက ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့ပါ၊ စကားမစပ်...ချောက်နက်ကြီးအပျက်အစီး နယ်မြေနဲ့ပတ်သက်ပြီး တခြားသတင်းတွေရော ရှိသေးလားဗျ။"
ထိုအခါ ယွီရှင်းက ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်သည်။
"သတင်း မကြားရသေးဘူး။ ဖြစ်နိုင်ရင် အဲ့ဒီ
ကျိုယိုကျင့်ကြံသူက ချောက်နက်ကြီးအပျက်အစီးထဲမှာ သေသွားလောက်ပြီ ထင်တယ်။"
ယွီရှင်းက ဤသို့ နောက်ပြောင်ကာ ဆိုလိုက်ခြင်းဖြစ်ပြီး၊ ထိုကျိုယို ကျင့်ကြံသူမှာ ဤမျှ လွယ်ကူစွာ သေဆုံးသွားလိမ့်မည် ဟူ၍တော့ သူ
မယုံကြည်ပေ။
ရှည်လျားသော စကားစမြည် ပြောဆိုမှုအပြီးတွင် ယွီရှင်းက ယွီလင်းလောင်ကို လုရီနှင့် မင်္ဂလာခန်းထဲသို့ အတင်းအကျပ် ထည့်ရန် စီစဉ်နေသည်ဟု ဆိုကာ သူ့အား ကြောက်လန့်တကြား အလျင်အမြန် ထွက်ပြေးသွားစေခြင်းဖြင့် အဆုံးသတ်လိုက်၏။
ယွီမျိုးနွယ်သည် လုရီ၏ သည်တစ်ကြိမ် နယ်ပယ် ဖြတ်ကျော်မှုအတွက် များစွာသော ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သူတို့သည် နေရာလပ်၏ ဟင်းလင်းပြင်ထဲတွင် ကြီးမားကျယ်ပြန့်သော တာအို စင်မြင့်ကြီး တစ်ခုကို တည်ဆောက်ခဲ့သည်။
တာအိုစင်မြင့်များမှာ အပိုင်းလိုက် ဆက်သွယ်ထားပြီး စက်ဝိုင်းပုံသဏ္ဌာန် ဖွဲ့စည်းထားကာ များပြားလှသော အခင်းအကျင်းများဖြင့် ဝန်းရံထားသည်။ ဤအခင်းအကျင်းများမှာ ကျင့်ကြံသူ တစ်ဦး၏ နားလည်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် စိတ်နှင့် ချီကို စုစည်းရန် အထောက်အကူပြုပြီး တာအိုကို နားလည်ရန်အတွက် တန်ဖိုးရှိသော အခင်းအကျင်း အင်းကွက်များ ဖြစ်ကြ၏။
ထို့အပြင် ဤဧရိယာမှာ အချိန် ကျရောက်သည့်အခါ ယွီမျိုးနွယ်၏ စွမ်းအားရှင်များနှင့် ပါရမီရှင်များက လုရီ၏ နယ်ပယ် ဖြတ်ကျော်မှုကြောင့် ဖြစ်ပေါ်လာသော တာအို ဒီရေလှိုင်းကို သိမြင်ခံစားရမည့် နေရာ ဖြစ်သည်။
ကြယ်များ၏ ကွင်းတစ်ခုနှင့် ဆင်တူသော ကြီးမားလှသည့် တာအိုစင်မြင့်ကြီးကို ကြည့်ရင်း လုရီမှာ မထိန်းချုပ်နိုင်ဘဲ အံ့အားသင့်မိလေ၏။
"ယွီမျိုးနွယ်နာမည်နဲ့ ထိုက်တန်ပါပေတယ်၊ သူတို့ ရက်အနည်းငယ်အတွင်းမှာ ဒီလို စင်မြင့်ကြီးကို တည်ဆောက်နိုင်ခဲ့တာပဲ။"
သူ၏ ဘေးတွင် ရပ်နေသော ယွီယွမ်ဝူမှာ အတော်လေး ဂုဏ်ယူနေဟန်ဖြင့် သွားများပေါ်အောင် ပြုံးလိုက်၏။
"ဒါပေါ့။ ယွီမျိုးနွယ်က ဘယ်နှစ်နှစ်လောက် တည်ရှိလာခဲ့ပြီလဲ ဆိုတာ မင်း မတွေ့ဘူးလား။
ငါတို့မှာ အဲ့ဒီလောက်တော့ အခြေခံ အုတ်မြစ် ရှိပါသေးတယ်။"
ထိုအခါမှာ ယွီဟန်ကွမ်းက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးကာ ဆိုလိုက်သည်။
"လုရီ၊ ဒီရက်ပိုင်းတွေမှာ ငါနဲ့ အဆင်ပြေတဲ့ ယွီမျိုးနွယ်က ညီငယ်... ညီမငယ် အချို့က ငါကနေတစ်ဆင့် မင်းနဲ့ သိကျွမ်းချင်ကြတယ်တဲ့။ သူတို့ စုဝေးပွဲတစ်ခု ကျင်းပဖို့ စီစဉ်နေတယ်၊ မင်းဘယ်လို သဘောရလဲကွ။ စိတ်မပါဘူးဆိုရင်တော့ ထားလိုက်ပါ။"