လမ်းစဥ်မရှိသည့်လောက
Vol. 152 Ch. 2158
မုယွင်လန်က အရှေ့မှ သွားနေပြီး ရီဖူရှင်းက နောက်မှ လိုက်နေသည်။ သူတို့နှစ်ယောက်က တစ်ချိန်တည်း လျှောက်လာကာ တိမ်တိုက်များထိတိုင် ရောက်ရှိနေသော အလွန် မြင့်မားလှသည့် ကျောက်တိုင်များကြား ဖြတ်သွားကြသည်။ နတ်အာရုံများက ဤနေရာတွင် အလုပ်မဖြစ်သောကြောင့် သူတို့က မျက်လုံးများဖြင့်သာ အရာအားလုံးကို စူးစမ်းရုံ တတ်နိုင်သည်။
သူတို့က အရှေ့မှ ကြောက်မက်ဖွယ် ဖိအားကို ခံစားမိနိုင်သောကြောင့် သူတို့၏ ခေါင်းကို မော့ကာ အဝေးသို့ ကြည့်လိုက်သည်။ သူတို့က ကောင်းကင်ထိ မြင့်မားသော လှေကားများကို ကြည့်လိုက်ပြီး လှေကားထိပ်ဖျားရှိ ကျောက်တိုင်များက ပို၍ပင် ခမ်းနားထည်ဝါကြောင်း ခံစားမိလိုက်ကြပေသည်။
၎င်းတို့က တလက်လက် တောက်ပနေခဲ့သည်။ ၎င်းသည် ထိုနေရာ၌ ပို၍ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခု ရှိနေသလိုပင် ထင်မှတ်ရသည်။
"အဲဒီမှာ ဘာကြီးလဲ။" သူတို့နှစ်ယောက်လုံးက စိတ်ထဲမှ တွေးလိုက်ကြသည်။ မုယွင်လန်က လှေကားများဆီသို့ သွက်လက်စွာ စတင် လျှောက်သွားပြီး ဖြစ်သည်။ သူက အလွန် လျင်မြန်စွာ လျှောက်မသွားခဲ့သော်လည်း ခြေလှမ်းတိုင်းက အားကောင်းကာ ခိုင်မာလှသည်။ သူ လှမ်းသမျှ ခြေလှမ်းတိုင်းမှ တုန်ခါသံများ ထွက်ပေါ်နေပြီး တစ်စုံတစ်ယောက်အား ဖိအားကြီးစွာ ခံစားရစေရန် ပြုလုပ်နေသည်။
ထိုကြီးမားသော ဖိအားက သူ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်သော တစ်စုံတစ်ခု မဟုတ်ပေ။ သူက ရှေ့သို့ စူးစိုက်ကာ ကြည့်နေရင်း ထိုကြောက်မက်ဖွယ်စွမ်းအားကြောင့် သူ့အမူအရာက မည်းမှောင်လာသည်။ ထိုကံကြမ္မာအခွင့်အလမ်းများသည် သူတို့ကို အတိတ်မှ အစစ်အမှန်အမွေအနှစ်အား ရှာဖွေတွေ့ရှိနိုင်ရန် လမ်းပြပေးနိုင်ကြောင်း ခံစားမိသည့်အခါ သူ့အမူအရာက လေးနက်လာသည်။ ၎င်းသည် အတိတ်မျ အလွန် ကြောက်မက်ဖွယ် ကောင်းလှသော တစ်စုံတစ်ယောက် ချန်ရစ်ခဲ့သည့် တစ်စုံတစ်ခု ဖြစ်နိုင်ပေသည်။
မုယွင်လန်သည် နန်ဟိုင်မိသားစုအတွင်းသို့ လက်ထပ်ဝင်ရောက်လာခြင်းမှာ သူတို့၏ သားမက်ဖြစ်လာရန်သာမက ကျင့်ကြံခြင်း အကျိုးအမြတ်အတွက်လည်း ပါပေသည်။ သူသည် ရွာ၌သာ နေသားကျနေခဲ့ပြီး အခြားကိစ္စများကို အနည်းငယ်သာ သိရှိပေသည်။ အပြင်လောကအကြောင်းနှင့် ပတ်သတ်သော ဗဟုသုတက ဝေဝါးနေပြီး ကောင်းကောင်းမွန်မွန် ရှိနေသည်။ သူက ကျင့်ကြံခြင်းအကြောင်းကိုသာ သိပြီး အပြင်ထွက်ကာ လောကကြီးအကြောင်း စူးစမ်းရှာဖွေရန် ဆန္ဒရှိခဲ့သည်။
နှစ်များစွာ အပြင်ဘက်၌ လှည့်လည်သွားလာပြီးနောက် သူ၏ ဗဟုသုတများလည်း တိုးပွားလာခဲ့သည်။ သို့သော် သူသည် နန်ဟိုင်ချန်းရွှယ်နှင့် တွေ့ဆုံခဲ့ပြီး နန်ဟိုင်မိသားစုအား တွေ့ဆုံပြီးနောက် သူသည် ရှေးခေတ်ကာလမှ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိလာခဲ့ပေသည်။ ရှည်လျားသော သမိုင်းတလျှောက် မြှုပ်နှံခံခဲ့ရသည့် ဇာတ်လမ်းပေါင်းများစွာနှင့် မထုတ်ဖော်ရသေးသော အံ့သြဖွယ်ရာများ ရှိနေသေးကြောင်း သတိပြုမိခဲ့သည်။
ယခု သူသည် နတ်ဘုရားကဲ့သို့ တစ်စုံတစ်ယောက်၏ အမွေအနှစ်နှင့် တွေ့ကြုံလာရသောအခါ သူက အလွန် လေးနက်လာပြီး နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာသည်။ ကောင်းကင်ကိုပင် တိုက်ခိုက်ရဲသော ရှေးခေတ်အခါမှ နတ်ဘုရားများသည် ကောင်းကင်ကိုအံတုရဲသည့် တည်ရှိမှုများ ဖြစ်ကြသည်။ ထိုသို့ ဖိနှိပ်မရနိုင်သော ရဲရင့်မှုက သူ၏ ရည်မှန်းချက်များကို ကျွမ်းလောင်စေသည်။ သူသည် ထိုခေတ်အခါ၌ မွေးဖွားလာပြီး ကောင်းကင်နန်းတော်နှင့်ပင် ယှဥ်ပြိုင်ရန် ဆန္ဒရှိပေသည်။
ရီဖူရှင်းသည်လည်း တူညီစွာပင် တည်ငြိမ်နေ၏။ သို့သော် မုယွင်လန်နှင့် မတူညီစွာပင် သူသည် ကျင့်ကြံရင်းနှင့် စူးစမ်းရှာဖွေနေဆဲ ဖြစ်သည်။ သူက သူ၏ ကိုယ်ပိုင်အတိတ်မှ လျှို့ဝှက်ချက်ကို ရှာဖွေနေပြီး ကမ္ဘာ့သစ်ပင်နောက်ကွယ်မှ အမှန်တရားအား ရှာဖွေနေခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် ဤလောကအကြောင်းကို အမှန်တကယ် သိချင်ပေသည်။
သူသည် အရာတော်တော်များများကို ထိတွေ့မိသည်ဟု ခံစားရသော်လည်း ရှင်းလင်းစွာ မသိမြင်နိုင်ပေ။
သို့သော် သူ၏ ကျင့်ကြံဆင့်က ပို၍ မြင့်မားလာလျှင် သူက အမှန်တရားနှင့် တဖြေးဖြေး နီးကပ်လာပေလိမ့်မည်။
သူက လှေကားများသို့ ရောက်ရှိသည့်အခါ ၎င်းမှ လာသော ထူးဆန်း၍ အားအင်ပြည့်ဝလှသည့် ဖိအားကို ခံစားမိပေသည်။ ထို ဖိအားသည် ရှေးဆန်ကာ ခမ်းနားထည်ဝါပြီး အခြားစွမ်းအားများနှင့် ရောယှက်နေခြင်း မရှိပေ။ ၎င်းသည် အသန့်စင်ဆုံး နတ်စွမ်းအားတစ်ခု ဖြစ်ပုံရလေသည်။ ၎င်းက ပုံသဏ္ဌာန်မရှိသော်လည်း သူအပေါ် လေးလံသော ဖိအားကို ထုတ်လွှတ်နေပြီး မွန်းကြပ်သော ခံစားမှုကို ခံစားရစေသည်။
ရီဖူရှင်းက လှေကားအား ဆက်တက်သွားခဲ့၏။ သူ့ခန္ဓာကိုယ်ကို တောက်ပသော မဟာလမ်းစဥ် နတ်အလင်းများက ဝန်းရံထားကာ နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရစေသော်လည်း ဤနေရာအတွင်းရှိ မဟာလမ်းစဥ် နတ်အလင်းများက လှပခြင်းမရှိသလို မျက်စိဖမ်းစားနိုင်ခြင်းလည်း မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းက အရောင်မှိန်နေပုံရပြီး ၎င်းပြင်းထန်သော ဖိအားက အရာအားကို ၎င်း၏ ထိန်းချုပ်မှုအောက် ရောက်အောင် သိမ်းသွင်းချင်နေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အသုံးမဝင်အောင် ဖိနှိပ်ထားကာ လမ်းတလျှောက် သူ၏ ကိုယ်ကာယစွမ်းအားနှင့်သာ အရာအားလုံးကို တောင့်ခံနေရပေသည်။
ထိုနေရာ၌ မည်သည့်အရာ ရှိနေသနည်းဟု ရီဖူရှင်းက သိချင်မိပေသည်။ သူ့ နှလုံးသားက အလွန် တည်ငြိမ်နေခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး မျက်လုံးများထဲ၌ မျှော်လင့်ချက်အချို့ ယှက်သန်းနေခဲ့သည်။
သို့သော် သူက အရှိန်ကို တိုးမြှင့်ရန် နည်းလမ်းမရှိသဖြင့် ရွေးချယ်စရာ မရှိဘဲ တစ်ဆင့်ချင်းသာ တက်နေရပေသည်။
သူ၏ ရှေ့မှ မုယွင်လန်က လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး အသက်ရှုမှုနှုန်းက မြန်ဆန်လာပုံရသည်။ သူ့ထံမှ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေသလို မည်သည့် မဟာလမ်းစဥ်စွမ်းအားမှ ထွက်ပေါ်နေခြင်း မရှိပေ။ ရှင်းလင်းစွာပင် မုယွင်လန်သည်လည်း ရီဖူရှင်းနှင့် တူညီသော အဖြစ်မျိုးဖြင့် ဖြတ်ကျော်နေရခြင်း ဖြစ်ပေသည်။ သူသည်လည်း ဤကြီးမားလှသော ဖိအားက မည်သည့် မဟာလမ်းစဥ်ကိုမဆို ဖိနှိပ်ထားနိုင်သည့်အတွက် သူ့တွင် ရှိနေသည့် စွမ်းအားက အသုံးမဝင်ကြောင်း သတိပြုမိပေသည်။ ထိုသည်မှာ တစ်စုံတစ်ယောက်၏ သိုင်းဝိညာဥ်စွမ်းအားကို ဖိနှိပ်ထားနိုင်ပေသည်။
သို့သော် တခဏကြာပြီးနောက် သူက ဆက်လက်လျှောက်တက်သွားသည်။ ရီဖူရှင်းက သူ့နောက်မှ လိုက်ပါသွား၏။ သူ၏ အသက်ရှုမှုနှုန်းကလည်း စတင် မြန်ဆန်လာပေသည်။ သူက မရပ်တန့်ဘဲ သူနှင့် မုယွင်လန်ကြား အကွာအဝေးကို နီးကပ်ရန် စတင်ကြိုးစားလိုက်သည်။ သူတို့နှစ်ယောက်က ဆက်လက်၍ လျှောက်နေပြီး ပို၍ မြင့်မားသော လှေကားများသို့ ရောက်ရှိလာသည်။
မုယွင်လန်က တစ်ဖန် ရပ်တန့်သွားသည့်အခါ သူက နောက်ဆုံး ခြေသုံးလှမ်းသာ ကျန်တော့ပေသည်။ သူက အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် ခြေထောက်ကို မြှောက်ကာ ထပ်တက်သွားသည်။ သူက လှေကားထိပ်တွင် ရပ်နေပြီး တခဏနေသောအခါ မုယွင်လန်၏ အကြည့်များက အေးခဲသွားပေသည်။ သူက ရောက်နေသည့်နေရာ၌ တစ်လက်မ မရွှေ့ ရပ်နေပြီး ရှေ့တည့်တည့်သို့ စိုက်ကြည့်နေခဲ့၏။
ရီဖူရှင်းသည် မုယွင်လန်က တစ်ခုခု တွေ့သွားခြင်း ဖြစ်ရမည်ဟု တွေးမိလိုက်သည်။ သူက မုယွင်လန်၏ နောက်မှ ဆက်လျှောက်လာပြီး နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိကာ ရပ်နေလိုက်သည်။ ထို့နောက်တွင် သူ့အကြည့်များသည်လည်း မုယွင်လန်ကဲ့သို့ပင် အေးခဲသွားကာ အရှေ့ကို ကြည့်နေရင်း မလှုပ်မယှက် ရပ်နေခဲ့ပေသည်။
အပြင်ဘက်မှ လူများသည်လည်း သူတို့၏ အရှေ့မှ ထိုဝေဝါးသော မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသည်။ ရန်သူနှစ်ယောက်က အမှန်တကယ်ပင် ဘေးချင်းယှဥ်ရပ်ကာ ရှေ့သို့ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ အပြင်ဘက်ရှိ လူများသည် သူတို့က ထိုနေရာ၌ မည်သည့် အရာတို့ကို မြင်တွေ့နေရကြောင်း တိတိကျကျ မသိနိုင်ကြပေ။ သူတို့သည် အလွန် တောက်ပသည့် အလင်းလုံးတစ်ခုကိုသာ မြင်တွေ့နိုင်ပေသည်။
"သူတို့ ဘာကို ကြည့်နေတာလဲ။" အလွန် ပြင်းထန်လှသော သိချင်စိတ်ကြောင့် လူတိုင်း၏ စိတ်က မရိုးမရွ ဖြစ်နေခဲ့သည်။ ထိုနှစ်ယောက်က ကမ္ဘာမကြေရန်သူများ ဖြစ်သည်။ သူတို့က မည်သည့်အရာကို မြင်တွေ့လိုက်ရသဖြင့် ဤကဲ့သို့ မလှုပ်မယှက် အတူတကွ ရပ်နေအောင် ပြုလုပ်နိုင်ရသနည်း။အများစုက ထိုနေရာ၌ မည်သည်တို့ ရှိနေသည်ကို မြင်တွေ့ရရန် ဆန္ဒပြင်းပြနေကြသည်။
သို့သော် ယခုထိတိုင် သူတို့နှစ်ယောက်မှလွဲ၍ အခြားမည်သူမှ လေဟာနယ်အတွင်း ဝင်နိုင်စွမ်း မရှိသေးပေ။
သူတို့က သူတို့ရှေ့၌ မည်သည့်အရာ ရှိနေသည်အား သိလိုလျှင် သူတို့က ထိုနှစ်ယောက် ပြန်ထွက်လာသည်ကို စောင့်ဆိုင်းရပေလိမ့်မည်။
တစ်ချိန်တည်းတွင် လေဟာနယ်အတွင်း၌ မုယွင်လန်နှင့် ရီဖူရှင်းတို့က စူးရှလှသော ရွှေရောင်နတ်အလင်းတန်းနှင့် ရင်ဆိုင်နေရသည်။ စူးရှတောက်ပသော နတ်အလင်းက သူတို့၏ မျက်လုံးများကိုပင် နာကျင်လာစေသည်။ ဤနေရာသည် တစ်စုံတစ်ယောက် ကျင့်ကြံခဲ့သော နေရာဖြစ်ပုံရသည်။ ကောင်းကင်သို့တိုင် ရောက်သော ကျောက်တိုင်များအတွင်း စာလုံးအက္ခရာများ ရေးထွင်းထားပြီး ကြမ်းပြင်တစ်ခုလုံးတွင်လည်း ရှိနေခဲ့သည်။ ၎င်းသည် ကြီးမားလှသော ဝင်္ကပါအစီအရင်ကြီးတစ်ခုနှင့် အလားတူပြီး ယဇ်ပုလ္လင်တစ်ခုနှင်လည်း ဆင်တူပေသည်။
သို့သော် ထိုနေရာ၏ အလယ်တွင် မုယွင်လန်နှင့် ရီဖူရှင်းသည် ရွှေရောင်ခေါင်းတလားတစ်ခုကို မြင်တွေ့ရသည်။ ထိုခမ်းနားထည်ဝါသော ရွှေရောင်အလင်းများက ရွှေရောင်ခေါင်းတလားမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း မုယွင်လန်နှင့် ရီဖူရှင်းတို့ မြင်တွေ့ကြရပေသည်။ ထိုရွှေရောင်ခေါင်းတလားမှ ထုတ်လွှတ်နေသော ခမ်းနားထည်ဝါသည့် ရွှေရောင်နတ်အလင်းများက သူတို့၏ မျက်လုံးများကိုပင် နာကျင်စေသည်။ ထိုခေါင်းတလားမှ စွမ်းအားကြီးမားလှသော ဖိအားသည် သူတို့နှစ်ယောက်အား ဒူးများ ညွှတ်ကျလာစေလောက်အောင် လေးလံပေသည်။ သူတို့က အစွမ်းထက်လျှင်ပင် သူတို့၏ ခြေထောက်များက အားနည်းလာသလို ခံစားကြရပေသည်။ မည်မျှ အားကောင်းလိုက်သော စွမ်းအားနည်း။
ဤနေရာတွင် မည်သည့် မဟာလမ်းစဥ် စွမ်းအားမှ အသုံးပြု၍ မရပုံပေါ်ပေသည်။ သူတို့ပေါ်သို့ ဖြာကျနေသော စွမ်းအားများက သူတို့တွင် ရှိသမျှ စွမ်းအား အားလုံးကို ဖယ်ရှားပစ်လိုက်သည်။
"ဒါက အဲဒီစာလုံးတွေပဲ။"
မုယွင်လန် နှင့် ရီဖူရှင်းတို့က ကျောက်တိုင်များထက် ရေးထားသော စာလုံးများကို ကြည့်လိုက်သည်။ ကျောက်တိုင် ငါးခုပေါ်တွင် မတူညီသော စာလုံး ငါးလုံးကို ရေးထွင်းထား၏။ 'ရှစ်ကျန်းပန်ဝူသောက်' လမ်းစဥ်မရှိသည့် လောက ဟူ၍ ဖြစ်လေသည်။
"လမ်းစဥ်မရှိတဲ့လောက" မုယွင်လန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်ကြည့်သည့်အခါ ချက်ချင်း ပျက်ပြယ်သွားလေသည်။ ထိုရှေးဟောင်းစာလုံးများမှ အလင်းက သူ့အပေါ်တွင်တောက်ပလာပြီး လမ်းစဥ်က မတည်ရှိတော့ပေ။ ဤလေဟာနယ်အတွင်း၌ လမ်းစဥ်ဟူ၍ မတည်ရှိပေ။
"လမ်းစဥ်မရှိတဲ့ လောက။" ရီဖူရှင်းက ထိုစကားလုံးငါးလုံးကို ရေရွတ်ရင်း တူညီစွာ တုန်လှုပ်သွားပေသည်။ ၎င်းတို့က မည်သည်ကို ဆိုလိုသနည်း။
ဤနေရာရှိ 'လမ်းစဥ်' ဟူသည်က မည်သည့်သဘောကို ဆိုလိုသနည်း။
လမ်းစဥ်မရှိတဲ့လောကတဲ့လား။ သို့ဆိုလျှင် သူတို့အားလုံး ကျင့်ကြံနေခဲ့သည့် စွမ်းအားမှာ မည်သည်နည်း။
ထိုသို့သော စွမ်းအားမျိုး တည်ရှိခဲ့လျှင် မည်သည့်အတွက်ကြောင့် ဤလေဟာနယ်အတွင်း အပြည့်အဝ ပျောက်ကွယ်သွားရသနည်း။ ၎င်းက မည်သည့်အတွက်ကြောင့် လေဟာနယ်အတွင်း တည်ရှိနိုင်စွမ်း မရှိရသနည်း။
မုယွင်လန်နှင့် ရီဖူရှင်းတို့သည် သူတို့ရှေ့ရှိ ခေါင်းတလားကို ကြည့်နေခဲ့ပြီး သူတို့၏ နှလုံးသားများထဲတွင် မေးခွန်းတို့နှင့် ပြည့်နှက်နေခဲ့သည်။
ဘန်း...
ရီဖူရှင်းက ခြေလှမ်းလိုက်ပြီး ကြမ်းပြင်ထက် ကျယ်လောင်သည့် ပဲ့တင်သံ ဖြစ်ပေါ်လာစေသည်။ သူ့ လှုပ်ရှားမှုက ဤလေဟာနယ်အတွင်း ကန့်သတ်ခံထားရလျှင်ပင် သူက မဖြစ်မနေ ခြေလှမ်းနေလိမ့်ဦးမည် ဖြစ်သည်။ ကမ္ဘာ့သစ်ပင်၏ ခွန်အားက ခန္ဓာကိုယ်အတွင်း ဖြေးညင်းစွာ လှည့်ပတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ကာ အားအင်များ ဖြည့်တင်းပေးနေသည်။
ရီဖူရှင်း၏ လှုပ်ရှားမှုကို သတိပြုမိသည့်အခါ မုယွင်လန်၏ အမူအရာက အေးခဲသွားခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်းရန် ကြိုးစားခဲ့သော်လည်း လှုပ်ရှား၍ မရနိုင်ခဲ့ပေ။
ဤကြီးမားလှသော ဖိအားအောက်၌ မတ်တပ်ရပ်နေရန်မှာပင် သူ့အတွက် ခက်ခဲနေခဲ့ပြီး ဖြစ်သည်။ သို့သော် ရီဖူရှင်းက အမှန်တကယ် ဆက်လက်၍ လမ်းလျှောက်နိုင်စွမ်း ရှိနေသည်လား။
ထိုသည်မှာ ရီဖူရှင်းက သူ့ထက်ပို၍ အစွမ်းထက်သည်ဟု ဆိုလိုသည်လား။
မုယွင်လန်က သဘာဝအားဖြင့် မာနကြီးသူတစ်ယောက် ဖြစ်တာကြောင့် ရီဖူရှင်းက လတ်တလော၌ သူ့ကိုယ်သူ နာမည်ရအောင် လုပ်နိုင်သည်ကပင် ကောင်းချီးဖြစ်နေပြီ ဖြစ်ရာ ရီဖူရှင်းက သူ့ထက် အစွမ်းထက်နေလိမ့်မည်ဟု မတွေးမိဖူးခဲ့ပေ။ သို့သော် သူတို့နှစ်ယောက်လုံးက အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ဤနေရာကို ရောက်လာသောခါ သူက နောက်ထပ် ရှေ့ဆက်မလျှောက်နိုင်တော့ပါသော်လည်း ရီဖူရှင်းက ရှေ့ဆက်လျှောက်နိုင်နေဆဲ ဖြစ်သည်။ ဤသည်မှာ မုယွင်လန်၏ မာနကို ပြင်းထန်စွာ ထိခိုက်စေပေသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ်များက စုစည်းလာကာ သူ့နောက်၌ နတ်အလင်းများ စုစည်းလာပြီး ရှေ့တစ်လှမ်းထပ်လှမ်းနိုင်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ သို့သော် အရာအားလုံးက ခေါင်းတလားမှ သဏ္ဌာန်မဲ့ နတ်အလင်းကြောင့် လျင်မြန်စွာ ပျက်ပြယ်သွားလေသည်။
ဖူး.......
မုယွင်လန်သည် နာကျင်စွာ ညည်းညူလိုက်ပြီး သူ့ ပါးစပ်မှ သွေးများ စီးကျလာသော်လည်း အတင်းအကျပ် ခုခံ၍ ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက ရှေ့သို့ ဆက်လှမ်းနေသော ရီဖူရှင်းအား မြင်ရရန် ကြည့်လိုက်သည်။ ရီဖူရှင်းက အလွန် နှေးကွေးစွာ လျှောက်နေခဲ့သော်လည်း ရှေ့သို့ သုံးလှမ်းဆက်လှမ်းပြီး ဖြစ်လေသည်။
ရီဖူရှင်းသည် မုယွင်လန်၏ လှုပ်ရှားမှုကို ခံစားမိသဖြင့် နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာနေသော်လည်း ရှေ့သို့ ဆက်လှမ်းရန် ကြိုးစားနေသော မုယွင်လန်အား ပြန်လှည့်ကြည့်လိုက်သည်။ မုယွင်လန်က ထိုကဲ့သို့ ဆက်လုပ်နေလျှင် ပိုမိုများပြားသော နေရာများမှ သွေးယိုစီးရင်း အဆုံးသတ်သွားရပေလိမ့်မည်။
ဤလူက အမြဲ မာနကြီးပြီး လက်လျှော့ရန် ငြင်းဆန်သူ ဖြစ်သည်။ သို့သော် ခေါင်းမာခြင်းက အမြဲ ကောင်းသော အရာမဟုတ်ပေ။ ရီဖူရှင်းသည် ကမ္ဘာသစ်ပင်က နတ်အလင်းသက်ရောက်ခြင်း မခံရဘဲ သူ့အား ခွန်အား ပေးနေ၍အတွက်သာ ရှေ့သို့ ဆက်သွားနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် သူက ဤနေရာ၌ ရပ်နေရပေလိမ့်မည်။
"ကျင့်ကြံခြင်းလမ်းစဥ်ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ ပျက်စီးခြင်းလမ်းကြောင်းပေါ် ရောက်မသွားစေနဲ့။" ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ မုယွင်လန်က သူ့ကို ကြည့်လိုက်သည်။ ယခု ရီဖူရှင်းက သူ့ကို အကြံပေးနေသည်လား။
ရီဖူရှင်းက သူ့ကို သရော်နေသည်လား။ သို့မဟုတ်လျှင် သူ၏ ကံမကောင်းမှုအတွက် လှောင်ရယ်နေသည်လား။
"ခင်ဗျား ဒီမှာ သေသွားခဲ့ရင် ကျုပ်အတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားလိမ့်မယ်။ ကျုပ်ကို သတ်ဖို့ အသက်ရှင်နေရအောင် အခု ထွက်သွားလိုက်တာ ပိုကောင်းတယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ ထို့နောက် သူက ထပ်မံဂရုမစိုက်တော့ဘဲ နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်လေသည်။
မုယွင်လန်က ပို၍ပင် နေရာများစွာမှ သွေးတို့ ယိုစီးလာသည့်အတွက် အရှုံးပေးခြင်းနှင့် အဆုံးသတ်သွားရသည်။ သူက လှေကားထစ်အစွန်းသို့ နောက်ပြန်ဆုတ်သွားကာ နောက်ထပ် ရှေ့ဆက်တိုးရန် မကြိုးစားရဲတော့ပေ။
ထိုစဥ်၌ ရီဖူရှင်းက ခေါင်းတလားအနီးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများက သူ့ မျက်လုံးများကို ဖွင့်ရခက်ခဲနေစေသဖြင့် သူက လက်များကိုသာ သုံး၍ ၎င်းတို့ကို တားဆီးရန် တတ်နိုင်ပေသည်။ သူက ခေါင်းတလားအတွင်းသို့ ကြည့်လိုက်လျှင် သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာပြီး သူ့လက်များက အေးခဲသွားလေသည်။
သူက တစ်ချက်သာ ကြည့်ရသေးသော်လည်း ရီဖူရှင်းသည် နာကျင်စွာ ညည်းညူလိုက်ကာ သူ့ခန္ဓာကိုယ်က လွင့်စင်သွားလေသည်။ သူက ကျောက်တိုင်များထဲမှ တစ်ခုနှင့် ရိုက်ခတ်မိကာ လတ်ဆတ်သော သွေးများကို အန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးများမှ သွေးတို့ စီးကျလာနေပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
မုယွင်လန်သည် ထိုမြင်ကွင်းအား မြင်သည့်အခါ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လာခဲ့သည်။ သူက ထိုခေါင်းတလားကို စိုက်ကြည့်ပြီးနောက် ရီဖူရှင်းအား ကြည့်လိုက်သည်။
မုယွင်လန်သည် ရီဖူရှင်းက သူ့မျက်လုံးသူ လက်နှင့် သုတ်လိုက်ပြီး အနီရောင်သွေးများ ပါလာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ကမ္ဘာ့သစ်ပင်၏ စွမ်းအားကို မျက်လုံးများထံ ပို့ဆောင်လိုက်သည်။ သူက လက်ကို ဖြေးညင်းစွာ လှုပ်ရှားလိုက်ကာ အားလုံးကို ခြောက်သွေ့စေလိုက်၏။ သူ့ မျက်လုံးများက တစ်ဖန် ပွင့်လာပြီး ခေါင်းတလားကို ကြည့်လိုက်သည်။
"အဲဒီမှာဘာရှိတာလဲ။" မုယွင်လန်က ရီဖူရှင်း ဒဏ်ရာရသွားသည်ကို သိနေလျှင်ပင် အောင့်အီးမနေနိုင်တော့ဘဲ မေးလိုက်ပေသည်။
ရီဖူရှင်းက မုယွင်လန် ရပ်နေသည့်နေရာသို့ လှည့်ကြည့်လိုက်၏။ မုယွင်လန်က ရီဖူရှင်း၏ တုံ့ပြန်မှုအား စောင့်ဆိုင်းနေကာ သူ့ကို ပြန်ကြည့်နေသည်။
ခေါင်းတလားအတွင်း၌ မည်သည်တို့ ရှိနေသနည်း။
ထိုအခိုက်အတန့်တွင် မုယွင်လန်၏ နှလုံးသားက သူ့အလိုလို ခုန်လှုပ်လာခဲ့သည်။
သို့သော် ရီဖူရှင်းက တစ်ခုခု ပြောချင်လျှင်ပင် အဆုံး၌ မည်သည့်စကားမှ မဆိုခဲ့ပေ။ သူ၏ နှလုံးသားသည်လည်း တူညီစွာ ခုန်လှုပ်နေခဲ့ခြင်းကြောင့် ဖြစ်လေသည်။
***