ကြွင်းကျန်ရစ်သော နတ်ဘုရားခေါင်းတလား
Vol. 152 Ch. 2159
"ဘာတွေဖြစ်နေတာလဲ။" မုယွင်လန်က ရီဖူရှင်းထံမှ အဖြေပြန်မရသည့်အတွက် ထပ်မေးလိုက်သည်။ သူ၏ မျက်လုံးများက သိချင်စိတ်ဖြင့် တောက်ပနေခဲ့သည်။ ထိုအရာသည် ရီဖူရှင်း၏ မျက်လုံးများကို ကန်းလုနီးပါးဖြစ်အောင် ပြုလုပ်ပြီး ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။ ၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ရှေးခေတ်နတ်ဘုရားများ၏ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေအတွင်း ချိပ်ပိတ်ထားသည့် ခေါင်းတလားအတွင်းတွင် မည်သည်တို့ ဝှက်ထားခဲ့သနည်း။
အလောင်းတစ်ခု ဖြစ်နိုင်သလား။
ရှေးခေတ်နတ်ဘုရားများ၏ ကြွင်းကျန်ရစ်သော ရုတ်ခန္ဓာတစ်ခု အမှန်တကယ် ဖြစ်နိုင်သလား။
နတ်ဘုရားရုပ်ခန္ဓာလား။
ရီဖူရှင်းက မုယွင်လန်၏ မေးခွန်းကို ပြန်မဖြေသေးပေ။ ထိုသည်မှာ သူက ပြန်မဖြေချင်၍ မဟုတ်ဘဲ မည်သည့်အရာဆိုသည်ကို မပြောပြနိုင်၍ ဖြစ်သည်။ ၎င်းကို မည်သို့ ဖော်ပြရမည်အား သူ မသိခဲ့ပေ။ ထိုသည်က အလောင်းတစ်ခု ဖြစ်နိုင်သလား။ သူသည် ၎င်းကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြရန် အခက်အခဲ ရှိနေခဲ့သည်။
သူက ထိုအချိန်၌ အံ့သြတုန်လှုပ်ကာ ရှုပ်ထွေးနေသော်လည်း သိချင်စိတ်နှင့် အားကောင်းလှသော စူးစမ်းချင်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ သူ့မျက်လုံးများက ခဏတာ ပြာဝေသွားခြင်းမှ သက်သာလာသည့်အခါ သူ့အကြည့်များက နတ်ဘုရားခေါင်းတလားသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားလေသည်။
နတ်အလင်းတန်းများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ ၎င်းသည် သာမန် မဟာလမ်းစဥ် နတ်အလင်းမဟုတ်ဘဲ ဧကရာဇ်ရောင်ဝါ ဖြစ်လေသည်။ သူ့မျက်လုံးများက တောက်ပသော အလင်းတို့ ရောင်ပြန်ဟပ်နေပြီး နတ်ဘုရားမျက်ဝန်းများကဲ့သို့ တောက်ပလင်းလက်နေခဲ့၏။
သူက တစ်ဖန် ခြေလှမ်းကာ နတ်ဘုရားခေါင်းတလားသို့ လျှောက်သွားခဲ့သည်။ သူက ခေါင်းတလားအတွင်းမှ အရာကို အတည်ပြုရန် နောက်တစ်ကြိမ် ကြိုးစားကြည့်ချင်နေသေးသည်။ သူက တစ်ချက်လေး ကြည့်မိရုံနှင့်ပင် မျက်စိကန်းလုနီးပါး ဖြစ်သွားခဲ့သည်။ သူနှင့် တူညီသည့်အဆင့်မှ မည်သည့် တန်ခိုးရှင်မဆို အမြင်အာရုံဆုံးရှုံးသွားရပေလိမ့်မည်။
မုယွင်လန်က လက်သီးကို ကျစ်ကျစ်ဆုပ်၍ ရီဖူရှင်းအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ ထိုကောင်က ခေါင်းတလားအတွင်း မည်သည့်အရာ ရှိသည်ကို ပြောပြလိမ့်မည် မဟုတ်ပေ။ မုယွင်လန်သည် သူ့ကိုယ်သူ ရှေ့သို့ ခြေလှမ်းရန် ဖိအားပေးကာ ကိုယ်တိုင် ကြည့်ရှုဖို့ရာ ကြိုးစားလိုက်သည်။
"မင်း ဒီလို လာနိုင်ရင်တောင် တစ်ချက်ကြည့်လိုက်ရုံနဲ့ ကန်းသွားလိမ့်မယ်။ တကယ် ကြိုးစားကြည့်ချင်တာလား။" အေးစက်သည့် အသံတစ်ခုက မုယွင်လန်အား ပြောလိုက်သည်။ မုယွင်လန်က ထိုအကြံဉာဏ်အား စွန့်လွှတ်လိုက်သည်။ သူက မြေပြင်၌ အေးခဲနေခဲ့ပြီး စကားလုံးတို့ ပျောက်ဆုံးနေလေသည်။
သူသည် ဝန်မခံချင်လျှင်ပင် သူ၏ စွမ်းဆောင်ရည်က ရီဖူရှင်းထက် ဆိုးဝါးသည်မှာ သေချာပေသည်။ သူသည် ရီဖူရှင်းက ခေါင်းတလားအတွင်း ကြည့်ခဲ့သည့်အတွက် မည်သို့သော တန်ဖိုး ပေးဆပ်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရပြီး သူကိုယ်တိုင် ကြိုးစားကြည့်လျှင် မျက်လုံးများပင် ကန်းသွားနိုင်သည်ကို သိရှိပေသည်။
ထို့အပြင် မုယွင်လန်သည် ရီဖူရှင်းက ဧကရာဇ်ရောင်ဝါတို့နှင့် တောက်ပနေသည်အား သတိပြုမိပေသည်။ ရီဖူရှင်းသည် လုံလောက်အောင် ကံကောင်းသည့်အတွက် ကျင့်ကြံခြင်းအခွင့်အလမ်းများ ရှာဖွေရာ၌ မဟာအင်ပါယာ၏ စွမ်းအားကို ဆက်ခံရရှိခဲ့ပုံရသည်။ ထို့ကြောင့်ပင် သူက မုယွင်လန်ထက် ပို၍ သာလွန်ကာ ထပ်မံကြိုးစားကြည့်ရန် ယုံကြည်ချက် ရှိနေပုံရသည်။
ရီဖူရှင်းက အလွန် နှေးကွေးစွာ လမ်းလျှောက်နေခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းက လေးလံလှ၏။ သူက တန်ပေါင်းများစွာသော အလေးချိန်ကို သယ်ဆောင်ထားရသလိုပင် ဖြစ်သည်။ သူက နတ်ဘုရားခေါင်းတလားအနီး ရောက်သည့်အခါ ခေတ္တမျှ ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက နတ်အလင်းများနှင့် တောက်ပလာသကဲ့သို့ ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားလေသည်။ ရီဖူရှင်းက နတ်ဘုရားခေါင်းတလားအနီး ချဥ်းကပ်လာပြီး အထဲသို့ တစ်ဖန်ငုံ့ကြည့်လိုက်၏။
ချက်ချင်းပင် မရေတွက်နိုင်သော နတ်အလင်းများက ရီဖူရှင်း၏ မျက်လုံးများထဲ ထိုးဖောက်ဝင်ရောက်လာသည်။ သူ၏ မျက်လုံးများက အလွန် နာကျင်စွာ ခံစားလိုက်ရပြီး သူ့စိတ်ဝိညာဥ်သည်ပင် ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ မျက်စိကျိန်းလောက်သော အလင်းများတွင် အဆုံးမဲ့ သင်္ကေတအက္ခရာများ စီးဆင်းနေပုံရလေသည်။ အက္ခရာတစ်ခုချင်းစီသည် ရှေးနတ်ဘုရားများမှ ချန်ရစ်ထားခဲ့ခြင်း ဖြစ်ပြီး နားလည်ရန်ခက်ခဲသော စွမ်းအားများ ပါဝင်နေသည်။
ပို၍ အံ့သြဖွယ် ကောင်းသည်မှာ မရေတွက်နိုင်သော သင်္ကေတအက္ခရာများက ရွှေရောင်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ရုပ်အလောင်းတစ်ခုမှ ထွက်ပေါ်လာနေခြင်း ဖြစ်ပုံရသည်။ ၎င်းက အမှန်တကယ် ရုပ်အလောင်းတစ်ခု ဖြစ်လေသည်။ ယင်းက နတ်ဘုရားရုပ်အလောင်းတစ်ခု ဖြစ်သည်။
သို့သော် တောက်ပ၍ ခမ်းနားထည်ဝါသော နတ်ဘုရားရုပ်အလောင်း၌ အသွေးအသားနှင့် အရိုးများ ရှိမနေပေ။
နတ်ဘုရားတစ်ပါးက သေဆုံးသွားလျှင်ပင် သူ၏ ရုပ်ခန္ဓာက မည်သည့်အခါမှ ပုပ်သိုးဆွေးမြေ့သွားမည် မဟုတ်ဘဲ သွေးများကလည်း ခမ်းခြောက်သွားမည် မဟုတ်ပေ။ ထို့အပြင် သူက သွေးတစ်စက် သို့မဟုတ် အသားတစ်စ ကျန်လျှင်ပင် ပြန်လည်ရှင်သန်ထမြောက်နိုင်ပေသည်။ ရီဖူရှင်းသည် နတ်ဘုရားများက မည်သည့်အရာတို့ကို စွမ်းဆောင်နိုင်သည်အား မခန့်မှန်းနိုင်သော်လည်း အနည်းဆုံး သူတို့၏ ခန္ဓာကိုယ်က ထာဝရ ကျန်ရှိနေမည် ဖြစ်သည်။
ယခု သူ့ရှေ့ရှိ နတ်ဘုရားရုပ်အလောင်းက မရေတွက်နိုင်သော အက္ခရာများဖြင့် ဖွဲ့စည်းထားခြင်းဟု ဆိုနိုင်ပေသည်။ အလင်းက အလွန် ခမ်းနားထည်ဝါသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ဘုန်း....
ရီဖူရှင်းက သူ၏ မျက်လုံးများအတွင်း အားကောင်းကာ ထက်ရှသော နာကျင်မှုကို ခံစားမိလိုက်သည်။ သူက နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ဆုတ်ခွာလိုက်ရသည်။ သူ့မျက်လုံးများမှ သွေးစီးကြောင်း နှစ်ခု စီးကျလာပြီး အလွန် ဖရိုဖရဲ ဖြစ်နေခဲ့သည်။
သူက ယခုတစ်ကြိမ်၌ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ရီဖူရှင်းက နှစ်ခြမ်းကွဲသွားတော့မလိုထက် ပိုသော နာကျင်မှုအား တောင့်မခံနိုင်ခဲ့ပေ။ ထိုကြွင်းကျန်ရစ်သော အလောင်းမှ အက္ခရာများက သူ၏ ခေါင်းနှင့် မျက်လုံးများကို ထိုးဖောက်လာပေသည်။ သူက ထိုကဲ့သို့သော စွမ်းအားမျိုးကို ရင်ဆိုင်ရန် မတတ်နိုင်ပေ။
"နတ်ဘုရားတွေ သေဆုံးပြီးတော့ ဒီလို ဖြစ်လာတာများလား။" ရီဖူရှင်းက နတ်ဘုရားရုပ်အလောင်းကို မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်လျှင်ပင် အံ့သြထိတ်လန့်မိနေဆဲ ဖြစ်သည်။ အတိတ်က သူသည် ဥဒေါင်းမိစ္ဆာနတ်ဘုရားမှ ချန်ရစ်ခဲ့သော ဥဒေါင်း၏ နတ်နှလုံးသားကို တွေ့ခဲ့ရသည်။
ဤတစ်ကြိမ်၌ နတ်ဘုရားရုပ်အလောင်းက မည်သည့်သဘောကို ဆိုလိုသနည်း။
…
ထိုအချိန်၌ အပြင်ဘက်လောက၌ တန်ခိုးရှင်များ၏ ဝန်းရံထားခြင်းကို ခံထားရပေသည်။ သူတို့အားလုံးသည် အထဲ၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို သိချင်စိတ် ပြင်းပြနေကြသည်။ မုယွင်လန်က မည်သည့်အတွက် ရှေ့ဆက်မသွားဘဲ ရပ်တန့်နေသနည်း။
သူ့ထံ၌ မည်သည်တို့ ဖြစ်ပျက်နေသနည်း။
ရီဖူရှင်းသည် မုယွင်လန်ကို ဆန့်ကျင်၍ မမြင်နိုင်သည့် နေရာသို့ လျှောက်ဝင်သွားခဲ့သည်။ ထိုသည်က ရီဖူရှင်းသည် အမွေအနှစ်နယ်မြေအတွင်း မုယွင်လန်ထက် ပို၍ စွမ်းဆောင်ရည်ကောင်းသည်ဟု ဆိုလိုသည်လား။
ရုတ်ချည်းပင် လူတိုင်းသည် ကောင်းကင်၏ ပြင်းထန်လှသော အာဏာစက်ကို ခံစားမိလိုက်ကြသည်။ သူတို့အားလုံးက ခေါင်းများကို မော့ကာ ကြောက်မက်ဖွယ် စွမ်းအားများ လာရာဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်းပင် ကောင်းကင်၌ ပေါ်လာသော လူတစ်ယောက်ကို မြင်လိုက်ရပေသည်။
၎င်းက နက်နဲသိမ်မွေ့လှသော စွမ်းအားများနှက့် အဘိုးအိုတစ်ယောက် ဖြစ်ပေသည်။ သူ၏ ရှည်လျားသော အဖြူရောင် မုတ်ဆိတ်များက လေထဲတွင် မျောလွင့်နေပြီး သူ့ကို နတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဌာန် တူစေသည်။
"အဲဒါက ဘယ်သူလဲ။" လူတိုင်း၏ နှလုံးသားများက စိတ်လှုပ်ရှားမှုနှင့် ကြိုတင်မှန်းဆချက်များကြောင့် တုန်လှုပ်လာပေသည်။ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များက ထိုအဘိုးအိုအား အရိုအသေပေးကာ ပြောလိုက်သည်။ "ကလန်ခေါင်းဆောင်ကို အရိုအသေပြုပါတယ်။"
နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်က ဤနေရာသို့ ရောက်လာပေသည်။
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားကြပေသည်။ မည်သူကမှ ဤနေရာ၌ ကျင့်ကြံသူဆရာသခင်တစ်ယောက်ကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ နန်ဟိုင်မိသားစု၏ ထင်ရှားသော ခေါင်းဆောင်တစ်ယောက်နှင့် တွေ့ဆုံရမည်ဟု ပို၍ ထင်မှတ်မထားခဲ့ပါချေ။
သူက အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ကြည့်ရသည်မှာ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များသည် သူ့ကို အခြေအနေနှင့် ပတ်သတ်၍ သတင်းပို့လိုက်သည့်အတွက် ဤနေရာသို့ တစ်ခါတည်း ရောက်လာခြင်း ဖြစ်နိုင်ပေသည်။
နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်က အောက်ဘက်သို့ တည်ငြိမ်သော အမူအရာနှင့် ငုံ့ကြည့်လိုက်သည်။ သူက မေးလိုက်၏။ "ဘယ်လောက်ထိ တွေ့ရှိပြီးပြီလဲ။"
နှစ်ပေါင်းများစွာကြာအောင် လုယက်ယူငင်ခြင်းကို ခံခဲ့ရပြီးနောက် ချန်းယွမ်ကုန်းမြေ၌ မည်သည့် အဖိုးတန် ရတနာမှ မရှိတော့ဟု တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသည်ကပင် ဤနေရာရှိ အခြေအနေကို မြင်ရပြီးနောက် သူတို့ ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ သူတို့သည် ဤကုန်းမြေပေါ်ရှိ အရေးကြီးဆုံးသော အမွေအနှစ်တစ်ခုအား လွဲချော်သွားသည်ဟု မဟုတ်ပါလား။
"တစ်စုံတစ်ယောက်က အခွင့်အရေးရလို့ လျှို့ဝှက်ချက်ကို ဖြေရှင်းပြီးတဲ့နောက် ဒီနေရာကို ပြောင်းလဲစေခဲ့တယ်။" တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။ နန်ဟိုင်မိသားစု၏ ခေါင်းဆောင်က စကားလုံးများ ပျောက်ဆုံးသွားလေသည်။ ထိုမျှ ရိုးရှင်းသည်လား။
မည်သို့ပင်ဖြစ်စေ အသေးစိတ် စုံစမ်းခြင်းနှင့် အတိတ်အား နောင်တရနေခြင်းက အဓိပ္ပါယ်မရှိပေ။ ထို့အစား သူသည် လက်ရှိကို အာရုံစိုက်၍ ထိုနေရာအား စူးရှစွာ ကြည့်နေခဲ့သည်။
သူက လှုပ်ရှားမှုပြုလိုက်သည့်အချိန်တွင် နောက်ထပ် ကြောက်မက်ဖွယ် စွမ်းအား ပေါက်ကွဲမှုတစ်ခု လေထဲ၌ ဖြစ်ပေါ်လာပြီး အသံတစ်ခု ထွက်ပေါ်လာ၏။ "အစ်ကိုနန်ဟိုင် ဘာအတွက် အသည်းအသန် ပြေးသွားတာလဲလို့ သိချင်နေတာ။ လက်စသတ်တော့ ချန်းယွမ်ကုန်းမြေမှာ နတ်ဘုရားအမွေအနှစ် ပေါ်လာလို့ကိုး။"
အသံပျောက်ကွယ်မသွားခင် နောက်ထပ် ဆရာသခင်ကျင့်ကြံသူတစ်ဦးက မြင်ကွင်းထဲ ရောက်ရှိလာပေသည်။
"အစ်ကိုနန်ဟိုင်က ဒီလိုသတင်းကိုတောင် ကျုပ်တို့နဲ့ မမျှစေချင်ဘူး အတော်လေး တစ်ကိုယ်ကောင်းဆန်တာပဲ။" ဆရာသခင်တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီး သူတို့ထဲမှ တစ်ယောက်မှာ ခမ်းနားထည်ဝါသော တန်ဖိုးကြီး တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားကာ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပုံရသည်။
"ရှန်းယွီနတ်ပြည်ထောင်ဘုရင်"
ကြည့်ရသည်မှာ အဆင့်မြင့်ကောင်းကင်သုံးလွှာမှ အစွမ်းထက်ဆုံးတန်ခိုးရှင်များ ရောက်လာကြပုံရလေသည်။
သူတို့အားလုံးက နယ်မြေသခင်အိမ်တော်မှ တောင်းဆိုမှုကြောင့် ရှန်ချင်းကုန်းမြေသို့ ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် နန်ဟိုင်မိသားစုခေါင်းဆောင်နှင့် အန်းမိသားစုတို့ အလောတကြီး ထွက်ခွာသွားခြင်းက အခြား ဆရာသခင်အဆင့် တန်ခိုးရှင်များ၏ အာရုံကို ဆွဲဆောင်မိသွားလေသည်။ ထို့ကြောင့် သူတို့က ဤနေရာသို့ လိုက်လာကြပြီး ယခု အဖြစ်အပျက်များကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
အစွမ်းထက်ဆုံး ဆရာသခင်တန်ခိုးရှင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်အား မြင်သောအခါ လူအုပ်ကြီးက စိတ်လှုပ်ရှားသွားကြပေသည်။ နယ်မြေသခင်အိမ်တော်က သူတို့ကို ဖိတ်ခေါ်ထားခြင်း ဖြစ်သော်လည်း သူတို့အားလုံး ချန်းယွမ်ကုန်းမြေ၌ စုစည်းနေကြမည်ဟု မည်သူက ထင်ပါမည်နည်း။
လူတိုင်းသည် ထိုအစွမ်းထက်ပုဂ္ဂိုလ်များ၏ တည်ရှိမှုကြောင့် သူတို့ ခန္ဓာကိုယ်များက ပြင်းထန်သော ဖိအားအောက် ကျရောက်နေသည်ကို ခံစားမိနိုင်ပေသည်။
သို့သော် သူတို့သည် ကျောက်တိုင်များကို ဝန်းရံကာ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်လွှတ်၍ အောက်ဘက်သို့သာ စိုက်ကြည့်နေကြသည်။ အကျိုးဆက်အနေနှင့် လူအုပ်ကြီးသည် မမြင်နိုင်သော်လည်း အားကောင်းလှသည့် လှိုင်းများနှင့် ရိုက်ခတ်ခံကြရပေသည်။ ၎င်းသည် အနီးရှိ တန်ခိုးရှင်များကို ပုံမှန်မဟုတ်သော လေဟာနယ်မုန်တိုင်းအတွင်း ကျရောက်သွားသလို ခံစားမိစေသည်။
"ပြန်ဆုတ်။"
အသံတစ်ခုက လေဟာနယ်အတွင်း ထွက်ပေါ်လာသည်။
တန်ခိုးရှင်များက ချက်ချင်း ပြန်ဆုတ်ခွာလိုက်၏။ သို့သော် မမြင်နိုင်သော စွမ်းအင်လှိုင်းက ပို၍ ပြင်းထန်လာသည်။ ၎င်းသည် လေပွေအဖြစ် ပြောင်းလဲသွားကာ စစ်မှန်သော လေဟာနယ်မုန်တိုင်းအဖြစ် ပြောင်းလဲသွားပေသည်။
ဘုန်း...
ပြင်းထန်သော မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်အတွင်း မျက်စိကျိန်းလောက်သော အလင်းများ ပေါက်ကွဲထွက်လာပေသည်။ ထိုအခိုက်အတန့်တွင် အားလုံးသော ပြိုကျနေသည့် အဆောက်အဦးများက အမှုန့်အဖြစ်ပြောင်းလဲသွားကာ လေထဲ၌ လွင့်ပါသွားလေသည်။
နောက်ဆုံး၌ မုန်တိုင်းဆဲသွားသည့်အခါ အဝေး၌ ရပ်နေသော လူအုပ်ကြီးသည် ထိုနေရာက ပြောင်းလဲသွားကြောင်း ရုတ်တရက် သတိပြုမိလိုက်ပေသည်။ လူတိုင်းက အံ့သြထိတ်လန့်စွာဖြင့် ခမ်းနားထည်ဝါသော နတ်နန်းတော်၏ အစိတ်အပိုင်းကဲ့သို့ ကျောက်တိုင်များစွာက တိမ်တိုက်များထဲ လွင့်မျောနေသည်ကို မြင်တွေ့ရပေသည်။
"အဲဒါက အထဲမှာ ရှိနေတဲ့ဟာလား။" လူအများသည် သူတို့၏ နှလုံးသားများက လျင်မြန်စွာ ခုန်လှုပ်လာကြောင်း ခံစားမိကြသည်။ အမွေအနှစ်နယ်မြေအတွင်းမှ နတ်နန်းတော်က ဆရာသခင်အဆင့် တန်ခိုးရှင်များ၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ရွေ့လျားလာသည်လား။
ရီဖူရှင်းနှင့် မုယွင်လန်သည်လည်း ထိုအပြောင်းအလဲများကို ခံစားမိပေသည်။ သူတို့က ခေါင်းကို မော့ကာ လေထဲမှ လူများအား ကြည့်လိုက်သည်။ သူက သူတို့ထဲက မည်သူ့ကိုမှ မတွေ့ဖူးသော်လည်း ရီဖူရှင်းသည် သူတို့က ထိပ်သီးအင်အားစုများမှ အစွမ်းထက် ပုဂ္ဂိုလ်များဖြစ်ကြောင်း သိရှိပေသည်။
"အဘိုးမာ။" ရီဖူရှင်းသည် လူအုပ်ကြီး၏ အနောက်၌ ရှိနေသော အဘိုးမာကို သတိပြုမိလိုက်သည်။ အဘိုးမာသည်လည်း လူအုပ်ကြီးနှင့်အတူ ဤနေရာသို့ လိုက်လာခဲ့ပေသည်။
"ယောက္ခမကြီး။" မုယွင်လန်က နန်ဟိုင်မိသားစု ခေါင်းဆောင်ကို ခေါ်လိုက်သည်။ လူကြီးက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ "မုယွင်လန် အခု နောက်ဆုတ်လိုက်တော့။"
မုယွင်လန်က ခေါင်းညိတ်လိုက်သည်။ ဆရာသခင်တန်ခိုးရှင်များ ရောက်လာပြီဖြစ်ရာ သူက ဤနေရာတွင် ဆက်နေရန်အတွက် အကြောင်းပြချက် မရှိတော့ပေ။
သူက အလျင်အမြန် ထွက်ခွာမသွားခင် ရီဖူရှင်းအား ကြည့်လိုက်သည်။
ရီဖူရှင်းက ထိုနေရာမှ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခဲ့သည်။ သို့ဆိုလျှင်ပင် လေထဲမှ ဆရာသခင် တန်ခိုးရှင်များက သူ့ကို သတိပြုမိကြပေသည်။ သူတို့က သူ့ကို ခေတ္တမျှ စိုက်ကြည့်လာပြီး သူက နတ်ဘုရားခေါင်းတလားအနီး ချဥ်းကပ်နိုင်သည့်အတွက် အံ့အားသင့်နေကြသည်။
အမှန်က ဆရာသခင်တန်ခိုးရှင်များသည်လည်း ၎င်းက နတ်ဘုရားခေါင်းတလားတစ်ခု ဖြစ်နေသည်ကို အံ့သြထိတ်လန့်နေကြပေသည်။
သူတို့က နတ်ဘုရားခေါင်းတလားအတွင်းသို့ အာရုံစိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ အခြားလူများက အော်ဟစ်လိုက်ပြီး ချက်ချင်းပင် နေရာမှ ပျောက်ကွယ်သွားကာ အဝေးရှိ ကောင်းကင်တစ်နေရာ၌ ပြန်လည်ပေါ်ထွက်လာပေသည်။
"အဲဒါ ဘာကြီးလဲ။"
အသံတစ်ခုက လေဟာနယ်ကို ဖြတ်ကာ ပဲ့တင်ထပ်လာသည်။ နန်ဟိုင်မိသားစုခေါင်းဆောင်သည်ပင် ခေါင်းတလားကို မကြည့်ဘဲ ပြန်ဆုတ်ခွာလိုက်သည်။ သူ့မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားခဲ့ပေသည်။
"ဟမ်..."
သူတို့၏ တုံ့ပြန်မှုများကြောင့် ကြည့်ရှုနေသူများက မှင်တက်သွားကြသည်။ တောက်ပနေသော နတ်ဘုရားခေါင်းတလားအတွင်း မည်သည်တို့ ရှိနေသနည်း။ အစွမ်းထက်ဆုံး တန်ခိုးရှင်များသည်ပင် ဆိုးဆိုးဝါးဝါး ဆုတ်ခွာသွားခဲ့ရသည်။
၎င်းသည် ရှေးဟောင်းနတ်ဘုရားများမှ ချန်ရစ်ခဲ့သော တစ်စုံတစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ် မလိုပေ။ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်တစ်ယောက်က လေထဲသို့ တက်လာကာ ချောင်းကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ကလန်ခေါင်းဆောင်က အော်ပြောလိုက်၏။
ထိုလူက ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ကလန်ခေါင်းဆောင်၏ မျက်နှာကို မြင်သောအခါ သူက သိချင်စိတ်ကို ဟန့်တားထိန်းချုပ်ရမည်အား နားလည်သွားသည်။ သူက နတ်ဘုရားခေါင်းတလားသို့ အနည်းငယ်မျှပင် ချောင်းမကြည့်ရဲတော့ပေ။
***