← Chapters

မဟာအင်ပါယာ ရှန်ကျား

Vol. 152 Ch. 2160

မဟာအင်ပါယာ ရှန်ကျား

Vol. 152 Ch. 2160

ဆရာသခင်တန်ခိုးရှင်များက မတူညီသည့် နေရာများ၌ ရပ်နေကြပြီး အလွန် သိချင်စိတ်ပြင်းပြနေခဲ့သည်။ သူတို့ကဲ့သို့ အစွမ်းထက်သော သူများသည်ပင် ကြည့်ရန် မဝံ့ရဲပေ။ နတ်ဘုရားခေါင်းတလားအတွင်း၌ မည်သို့သော ကြောက်မက်ဖွယ် ကောင်းသည့် အရာမျိုး ရှိနေသည်ကို ခန့်မှန်းနိုင်ကြပေသည်။

"အဲဒါသူလား။" တစ်စုံတစ်ယောက်က နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်ကို မေးလိုက်သည်။ သူက အလွန် ထိတ်လန့်နေပြီး ကြည့်ရှုရန် သတ္တိမရှိခဲ့ပေ။

"ဟုတ်တယ်။" နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ရှေးခေတ်ဒဏ္ဍာရီတစ်ပါးရဲ့ ရုပ်ကလာပ်က ဒီနေ့ထိ ရှိနေနိုင်သေးတာ အံ့သြမိတယ်။" ထိုလူက ပြောလိုက်၏။

"ယောက္ခမကြီး အဲဒါ ဘယ်သူလဲ။" မုယွင်လန်က မေးလိုက်သည်။ ထိုသည်မှာ သူ့ခန့်မှန်းမှုက မှန်ကန်ပေသည်။ ၎င်းမှာ အမှန်တကယ်ပင် နတ်ဘုရားရုပ်အလောင်း ဖြစ်ပေသည်။ သို့သော် ဆရာသခင်တန်ခိုးရှင်များပင် အနားမကပ်နိုင်သည်မှာထိုရုပ်အလောင်း၌ မည်သို့သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသနည်း။

"ငါ ထင်တာသာမှန်ရင် ဒါက မဟာအင်ပါယာရှန်ကျား ဖြစ်လိမ့်မယ်။" နန်ဟိုင်မိသားစု၏ ကလန်ခေါင်းဆောင်က တည်ငြိမ်သော အသံနှင့် ခပ်တိုးတိုး ပြောလိုက်သည်။ သူသည်ပင် ထိုသို့သော ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦးအတွက် နက်ရှိုင်းသည့် လေးစားကြည်ညိုမှု ရှိပေသည်။

အဓိကအင်အားစုများက မဟာအင်ပါယာရှန်ကျားအကြောင်း ကြားဖူးခြင်း မရှိကြပေ။ ဆရာသခင်အဆင့် တန်ခိုးရှင်များသာ သူ့အကြောင်း အနည်းငယ် သိရှိကြပေသည်။ ထိုသည်မှာ ရှေးခေတ်အခါမှ လျှို့ဝှက်ထားသော သမိုင်းတစ်ခု ဖြစ်သည်။  လွှမ်းမိုးနိုင်သော မိသားစုများမှအပ သာမန်တန်ခိုးရှင်များက ထိုသို့သော အချက်အလက်မျိုး ရရှိရန် မဖြစ်နိုင်ပေ။

ထို့အပြင် လတ်တလောနှစ်များမှ ကျော်ကြားလာသူများသည်ပင် ရှေးခေတ်အခါမှ လျှို့ဝှက်ဇာတ်လမ်းများကို သိနိုင်ရန် အခွင့်အရေး မရှိကြပေ။ သမိုင်းကြောင်းရှည်လျားသော အဆင့်အတန်းမြင့်မိသားစုများသာ သိနိုင်ကြပေသည်။

"မဟာအင်ပါယာရှန်ကျားက ကောင်းကင်လမ်းစဥ်ကို မယုံကြည်ဘူးလား။" မုယွင်လန်က အံ့အားသင့်သွားပေသည်။ သူသည် လက်ထပ်ပြီး နန်ဟိုင်မိသားစုသို့ ဝင်ရောက်ကတည်းက အစွမ်းထက်ပုဂ္ဂိုလ်များ၏ အကြောင်းကို ကြားဖူးခဲ့ပေသည်။ ထူးချွန်သည့် တန်ခိုးရှင်များက ကြီးကျယ်ခမ်းနားသော ထူးထူးခြားခြား အောင်မြင်မှုများကို ရရှိကာ သမိုင်းတွင်  မှတ်တိုင်စိုက်ထူနိုင်ခဲ့ကြပေသည်။

မဟာအင်ပါယာရှန်ကျားက သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။ သူက ကောင်းကင်လမ်းစဥ်ကို မကိုးကွယ်ဘဲ ယုံကြည်မှုအား စိန်ခေါ်ရန်ဝံရဲခဲ့ပေသည်။ သူသည် ပြိုင်ဘက်ကင်း ယုံကြည်ချက်တို့အား ပြသရန် 'ကောင်းကင်' နှင့် 'မြေကြီး' ဟူသည့် စကားလုံးကို ရေးထွင်းကာ ကောင်းကင်နှင့် ထိပ်တိုက်တွေ့ဆုံ၍ ခိုင်ခိုင်မာမာ ရင်ဆိုင်ခဲ့သည်။

"သူက ကောင်းကင်လမ်းစဥ်ကို မယုံကြည်ခဲ့ဘူး။" ရီဖူရှင်းက မုယွင်လန်၏ စကားများကို တိုးသက်စွာ ထပ်ပြောလိုက်သည်။ ထိတ်လန့်အံ့သြစွာနှင့် သူက ကျောက်တိုင်များပေါ်မှ စာလုံးများအား ကြည့်လိုက်၏။ ရှေးခေတ်အခါမှ ဤအစွမ်းထက် တန်ခိုးရှင်က ကောင်းကင်လမ်းစဥ်ကို မယုံကြည်ခဲ့ဘဲ ထိုကျောက်တိုင်များကို တည်ရှိနေသည့် မဟာလမ်းစဥ်အား ဖျက်ဆီးရန် တည်ဆောက်ထားခြင်း ဖြစ်သည်။

သူ့တွင် မည်ကဲ့သို့သော ရဲဝံ့သည့် အမြင်နှင့် မြင့်မားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေမျိုး ရှိနေသနည်း။

ရီဖူရှင်းက ခန့်မှန်းရန် ခက်ခဲနေသည်။

ကျင့်ကြံခြင်း၌ အမြင့်ဆုံးအဆင့်က မည်သည့် အဆင့်​ဖြစ်သနည်း။

သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာမှ တိုက်ပွဲများအတွင်း ကောင်းကင်လမ်းစဥ် ပြိုကျသွားခဲ့သည်ကို ကြားဖူးပေသည်။ ယခု သူသည် ထိုအချိန်က ကောင်းကင်ကိုပင် အံတုနိုင်သော အစွမ်းထက်လှသည့် တန်ခိုးရှင်များစွာ ရှိလာသည့်အတွက်ကြောင့် ကောင်းကင်လမ်းစဥ် ပြိုကွဲသွားသည်လား သိချင်မိပေသည်။

သူ၏ ခန့်မှန်းချက်ကသာ အမှန်ဖြစ်လျှင် ၎င်းက ထိတ်လန့်ဖွယ် သမိုင်းကြောင်း ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အတိတ်၌ မည်သည်တို့ တိတိကျကျ ဖြစ်ပျက်ခဲ့ကြောင်း မည်သူမှ မသိကြပေ။ ရီဖူရှင်းသည်လည်း ၎င်းကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပါချေ။

သူသည် ဤမျှ အချိန်ကာလ ကြာမြင့်စွာ ကျင့်ကြံခဲ့ပြီး ဗဟုသုတများစွာ ရရှိခဲ့သည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ယနေ့တွင်သူ မသိသေးသော အရာများစွာ ရှိနေကြောင်း  ရှင်းလင်းလာပေ၏။ သူသည် မသိနားမလည်သည့် ကလေးတစ်ဦးပမာ ခံစားလိုက်ရသည်။

ယခု ရှန်ချင်းနယ်မြေအတွင်းမှ ဆရာသခင်တန်ခိုးရှင်အားလုံးနီးပါးက ရှေးဟောင်းဒဏ္ဍာရီတစ်ပါး၏ ရုပ်အလောင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုကြောက်မက်ဖွယ် ပြင်းထန်လှပြီး အန္တရာယ်များသည့် ဖိအားအောက်တွင် တစ်ချက်ကလေးမှပင် မကြည့်နိုင်ခဲ့ပေ။ ထိုနတ်ဘုရားရုပ်အလောင်းအနီး မည်သူက ချဥ်းကပ်နိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် နောက်တစ်ယောက်က ရှေ့ထွက်လာကာ နတ်ဘုရားခေါင်းတလားအား ကြည့်လိုက်သည်။ ထိုသူမှာ ရှန်းယွီနတ်ပြည်ထောင်၏ အရှင်သခင် ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေပြီး သူ့မျက်လုံးများမှ နတ်အလင်းတို့နှင့် တောက်ပနေသည်။ သူ၏ အကြည့်များက လေဟာနယ်ကို ထိုးဖောက်သွားပြီး နတ်ဘုရားရုပ်အလောင်းကို အာရုံစိုက်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ လွှမ်းမိုးနိုင်သော စွမ်းအားနှင့်ပင် ခေတ္တမျှသာ ကြည့်နိုင်၍ အဝေးသို့ အကြည့်လွှဲလိုက်ရသည်။ သူသည် နန်ဟိုင်မိသားစုခေါင်းဆောင်ထက် ပို၍ နတ်ဘုရားရုပ်အလောင်းကို အချိန်ကြာကြာ ကြည့်နိုင်ခဲ့သော်လည်း သူ့ထက်ပို၍ အားကောင်းသန်မာသည်ဟု မဆိုလိုပေ။ သူက ပိုမို ပြင်ဆင်ထား၍သာ ဖြစ်ပေသည်။

"ဒါက မဟာအင်ပါယာရှန်ကျားဆိုတာ သေချာတယ်။" ရှန်းယွီနတ်ပြည်ထောင်မှ အရှင်သခင်က ပြောလိုက်သည်။ "မဟာအင်ပါယာရှန်ကျားက အက္ခရာတွေကနေ အသွင်ပြောင်းနိုင်တယ်လို့ ကောလာဟလရှိတယ်။ သူ့ရဲ့ ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းပြီး ကျင့်ကြံဆင့်ကလည်း မြင့်မားတာကြောင့်  အချိန်အကြာကြီး မပျက်စီးဘဲ ရှိနိုင်တယ်တဲ့။ နှစ်ပေါင်းများစွာကြာပြီးတော့မှ သူ့ရဲ့ ရုပ်ကလာပ်ကို မြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ မဟာအင်ပါယာရှန်ကျားက ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာကြာနေပေမယ့် သူ့ခန္ဓာကိုယ်က ဒီနေရာမှာ ပြိုင်ဘက်ကင်းနေဆဲပဲ။"

သူ၏ မှတ်ချက်က လူအများအား စိတ်လှုပ်ရှားလာစေသည်။ ရှန်းယွီအရှင်သခင်ပြောသည်မှာ အဓိပ္ပါယ်ရှိပေသည်။ ထိုနတ်ဘုရားရုပ်အလောင်းအား ထိန်းချုပ်နိုင်သည့် မည်သူမဆို ကောင်းကင်ဒေသ၌ ပြိုင်ဘက်ကင်းနိုင်ပေသည်။ မဟာအင်ပါယာအရှင်ဒွန်ဟောင်မှလွဲလျှင် မည်သူက ရှေးခေတ်အချိန်မှ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို မည်သူက လွှမ်းမိုးအောင်နိုင်စွမ်း ရှိလိမ့်မည်နည်း။

ထိုရုပ်ကြွင်းက အန္တိမလက်နက်တစ်ခု ဖြစ်နိုင်သော်လည်း သာမန်လူများအတွက် ၎င်းကို ထိန်းချုပ်ရန်မဆိုထားနှင့် တစ်ချက်ကလေးမျှ ကြည့်နိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။

သို့ပါသော်လည်း စွမ်းရည်ချို့တဲ့ခြင်းက လူအများကို စိတ်ကူးယဥ်အိပ်မက်မက်ခြင်းမှ မရပ်တန့်နိုင်ပေ။

မည်သူက လောကအတွင်း ထိုသို့သော ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးသမား ဖြစ်မလာချင်ဘဲနေပါမည်နည်း။

ရုတ်ချည်းပင် လေပွေတစ်ခု စတင်ဖြစ်ပေါ်လာပြီး တိမ်များကလည်း လှုပ်ရှားလာပေသည်။ အလွန် ခြိမ်းခြောက်နိုင်သော စွမ်းအားများကို သယ်ဆောင်ထားသည့် နောက်ထပ် လူတစ်ယောက် ထပ်ရောက်လာသည်။ လူအုပ်ကြီးက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ဆရာသခင်အဆင့် တန်ခိုးရှင်များက မည်သူရောက်ရှိလာသည်ကို သတိပြုမိကြပြီး ဖြစ်သည်။

ကြည့်ရသည်မှာ ယခု သူတို့အတွက် နတ်ဘုရားရုပ်ကြွင်းကို ထိန်းသိမ်းထားရန် ခက်ခဲမည့်ပုံပေါ်ပေသည်။

"ကျုပ်က ခင်ဗျားတို့ကို ရှန်ချင်းကုန်းမြေဆီ လာဖို့ ​ဖိတ်ခဲ့တာ။ ဒါပေမယ့် ခင်ဗျားတို့အားလုံးက ဒီမှာ စုဝေးနေကြတာပဲ။" မျက်နှာကို မမြင်ခင်မှာပင် လူအုပ်ကြီးက သူ့အသံကို ကြားနေကြရပြီ ဖြစ်သည်။

လူတိုင်းသည် သူတို့၏ ခေါင်းများကို မော့ကာ ကောင်းကင်၌ ပေါ်လာသော သက်လတ်ပိုင်းလူကြီးအား ကြည့်လိုက်သည်။ သူက အသက်လေးဆယ် အရွယ်ခန့်သာ ရှိသေးသည်ဟု ထင်ရလျှင်ပင် သူ့ဆံပင်က မီးခိုးရောင်သမ်းနေပြီ ဖြစ်၏။ သူ၏ ချောမောသော မျက်နှာနှင့် ခမ်းနားထည်ဝါသော အရှိန်အဝါတို့ဖြင့် ဆုံးဖြတ်ရလျှင် လူအများအတွက် သူ၏ အဆင့်အတန်းကို မှန်းဆရန် မခက်ပေ။ သူက ရှန်ချင်းနယ်မြေသခင် ဖြစ်ပေသည်။

"နယ်မြေသခင် ခင်ဗျားလည်း ရောက်လာတာလား။" ဆရာသခင်ကျင့်ကြံသူများက သူ့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာခဲ့သည်။ နယ်မြေသခင်က ခေါင်းညိတ်ကာ နတ်ဘုရားခေါင်းတလားဘက်သို့ ကြည့်လိုက်၏။ သူက ပြောလိုက်သည်။ "ရှန်ချင်းနယ်မြေထဲက ချန်းယွမ်ကုန်းမြေမှာ နတ်ဘုရားရုပ်ကြွင်းတစ်ခု ရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ။ မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်အလောင်းသာ ရှိနေဆဲဆိုတာ သိရင် ကျုပ်တို့ ချန်းယွမ်ကုန်းမြေကို မြေလှန်ပြီးတာ ကြာပြီပေါ့။"

သူတို့ ယခင်ကပင် သိခဲ့ပါက ထိပ်သီးအင်အားစုများသည် ချန်းယွမ်ကုန်းမြေတစ်ခွင် နှံ့စပ်အောင် ရှာဖွေခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယခု ဖြစ်လာသော ကိစ္စရပ်က နယ်မြေသခင်ပင် ကိုယ်တိုင်လာရောက်လောက်အောင် အလွန် ရှုပ်ထွေးလာပေသည်။ လူတိုင်းသည် နယ်​မြေသခင် ရောက်မလာခင် သူတို့၏ ခေါင်းများထဲ၌ အစီအစဥ်ပေါင်းစုံက ပြေးလွှားနေခဲ့ပေသည်။ သို့သော် ယခုတွင် နတ်ဘုရားရုပ်ကြွင်းကို သူတို့လက်ဝယ်ပိုင်ဆိုင်ရန်မှာ ပို၍ ခက်ခဲလာပေလိမ့်မည်။

နယ်မြေသခင်က နတ်ဘုရားခေါင်းတလားကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက တကယ်ကို မဟာအင်ပါယာရှန်ကျားပဲ။"

သူက ရှေးဟောင်းဒဏ္ဍာရီတစ်ပါးအား လေးစားမှုကို ပြသသည့်အနေနှင့် နတ်ဘုရားခေါင်းတလားအား အနည်းငယ် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက လူအုပ်ကြီးအား ကြည့်ကာ ကြေညာလိုက်သည်။ "ခင်ဗျားတို့ အားလုံး ဒီနေရာကို ရောက်နေပြီဆိုတော့ ရှန်ချင်းကုန်းမြေကို အတူတူ သွားကြတာပေါ့။ ကျုပ် နတ်ဘုရားခေါင်းတလားကို နယ်မြေသခင်အိမ်တော်ဆီ သယ်သွားပြီး ဒွန်ဟောင်တော်ဝင်နန်းတော်ဆီ နောက်မှ အစီရင်ခံလိုက်မယ်။"

သူ့ဆုံးဖြတ်ချက်အား ကြားသောအခါ လူတိုင်း၏ နှလုံးသားများက နစ်မြုပ်သွားလေသည်။ နယ်မြေသခင်၏ အစီအစဥ်က ​အငြင်းပွားဖွယ် မရှိပေ။ သူက နတ်ဘုရားခေါင်းတလားအား နယ်မြေသခင်အိမ်တော်သို့ ယူဆောင်သွားမည်ဟုသာ ပြောလျှင် အခြားလူများက မေးခွန်းထုတ်လာနိုင်သည်။ သို့သော် သူက နောက်ပိုင်း၌ ဒွန်ဟောင်တော်ဝင်နန်းတော်သို့ အစီရင်ခံမည်ဟု အထူးတလည် ထည့်ပြောခဲ့သည်။ ထို့ကြောင့် ဆိုလိုသည်မှာ သူက လုံခြုံစေရန်အတွက် နတ်ဘုရားခေါင်းတလားကို ခေတ္တမျှ ထိန်းသိမ်းထားသည်ဟု ဖြစ်ပေသည်။ သူက အရှင်ဒွန်ဟောင်၏ ညွှန်ကြားချက်အား စောင့်ဆိုင်းလိုသည့် ရည်ရွယ်ချက်ကို ဖော်ပြလာပြီးနောက် သူ့ဆုံးဖြတ်ချက်အကို မည်သူက စိန်ခေါ်နိုင်ပါမည်နည်း။

သို့သော် ဒွန်ဟောင်အင်ပါယာနန်းတော်သို့ အစီရင်မခံခင် နတ်ဘုရားခေါင်းတလားအား နယ်မြေသခင်အိမ်တော်၌ မည်မျှကြာကြာ ထိန်းသိမ်းထားမည်က မသေချာပေ။ သူက အချိန်တစ်ခုလောက်ထိ လက်ထဲ ထိန်းသိမ်းထားနိုင်ပေသည်။

မည်သို့ဖြစ်စေ သူ့အကြောင်းပြချက်က ပြီးပြည့်စုံပေသည်။

"ရှေးခေတ်အခါက မဟာအင်ပါယာရဲ့ ရုပ်ကြွင်းနဲ့ တွေ့ဖို့ဆိုတာ အရမ်းရှားတဲ့ အခွင့်အရေးပဲ။ နယ်မြေသခင် ဒီနတ်ဘုရားခေါင်းတလားကို ရှန်ချင်းကုန်းမြေဆီ ယူသွားပြီးတဲ့နောက် ကျင့်ကြံခြင်းမှာ တိုးတက်လာအောင် လေ့လာလို့ရနိုင်မလား။" ရှန်းယွီအရှင်သခင်က အကြံပြုလိုက်သည်။ သူတို့က ဤအခွင့်အရေးကို အသုံးပြု၍ နတ်ဘုရားရုပ်ကြွင်းအား လေ့လာခွင့်ရရန် သေချာသည့် ကတိတစ်ခုလိုချင်နေပေသည်။ အနည်းဆုံး သူတို့က ထိုအခွင့်အရေးကို နယ်မြေသခင်တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားမည်အား ခွင့်မပြုနိုင်ပေ။

"ကိစ္စမရှိဘူး။ ရှေးခေတ်ကာလက နတ်ဘုရားရုပ်ခန္ဓာကို လေ့လာနိုင်ဖို့ဆိုတာ ဘယ် ကျင့်ကြံသူမဆို စိတ်အားထက်သန်နေမယ့် အရာမျိုးပဲ။" နယ်မြေသခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ဆိုလိုတာကို နားလည်ပါတယ်။"

"ကျေးဇူးတင်ပါတယ် နယ်မြေသခင်။" လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ ထိုသို့အရာမျိုးကို တွန်းအားပေးခြင်းက သူတို့အတွက် မသင့်တော်ပေ။

မည်သို့ပင်ဖြစ်စေ သူတို့ထဲမှ မည်သူကမှ ထိုအစီအစဥ်နှင့် ပတ်သတ်၍ ကျေနပ်ခြင်း မရှိချေ။ နယ်မြေသခင်သည် သူ ရောက်လာပြီးနောက် သူ၏ တရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ နတ်ဘုရားရုပ်ကြွင်းအား သိမ်းယူခဲ့သည်။ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်သူမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည်မှာ သေချာပေသည်။ ဤအမွေအနှစ်အား မည်သူက အရင်ရှာတွေ့ခဲ့သည်ကို မည်သူကမှ စုံစမ်းမည်မဟုတ်သလို ဂရုစိုက်မည်လည်း မဟုတ်ပေ။ ထိုသည်မှာ အသေးအဖွဲလေးသာလျှင် ဖြစ်ပေသည်။

"ဒီမှာ အားလုံးရောက်နေတာဆိုတော့ ရှန်ချင်းကုန်းမြေကို အတူတူပြန်သွားကြရအောင်။" နယ်မြေသခင်က ပြောလိုက်သည်။ ထို့နောက် သူက အကြည့်များကို အောက်ဘက်သို့ ရွှေ့လိုက်၏။ နားစည်ကွဲမတတ် ဆူညံသံနှင့်အတူ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားစေသည်။ မြေပြင်က နှစ်ခြမ်းကွဲသွားသလို အက်ကြောင်းများက တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာသည်။

ပြင်းထန်လှသော မဟာလမ်းစဥ်နတ်အလင်းများက ထိုနေရာကို လွှမ်းခြုံလာသည်။ နယ်မြေသခင်က လက်ကို ဖမ်းဆုပ်သည့် အမူအရာ လုပ်လိုက်လျှင် မိုးချုန်းသံကဲ့သို့ ဆူညံသံများနှင့် ပြည့်နှက်လာကာ အမွေအနှစ်နယ်မြေတစ်ခုလုံးက အမြစ်မှ ဆွဲနှုတ်ခံရသလို ဖြစ်လာပေသည်။

နယ်မြေသခင်က အမွေအနှစ်နယ်မြေအား တစ်ခါတည်း ရွှေ့ပြောင်းရန် ကြိုးစားနေသည်ကို မြင်သောအခါ ကြည့်ရှုနေသူများက အံ့သြမှင်တက်သွားပေသည်။

ထိုနေရာတစ်ခုလုံးသည် ရဲတိုက်တစ်ခုကဲ့သို့ လေထဲ တဖြေးဖြေး မြင့်တက်လာပေသည်။ ၎င်းက ကြောက်မက်ဖွယ် စွမ်းအားတစ်ခုနှင့် လွှမ်းခြုံခံထားရသည်။ ခေါင်းတလား၏ စွမ်းအားက ပါဝင်နေသော်လည်း အရှိန်ကို သက်ရောက်ခြင်း မရှိပေ။

"သွားကြစို့။" နယ်မြေသခင်က ပြောလိုက်သည်။ သူသည် အမွေအနှစ်အား သယ်ဆောင်၍ ချက်ချင်း ထွက်သွားရန် ပြင်လိုက်သည်။ နန်ဟိုင်မိသားစု ခေါင်းဆောင်က နန်ဟိုင်ချန်းရွှယ်နှင့် မုယွင်လန်အား ကြည့်ကာ ပြောလိုက်သည်။ "တက်လာခဲ့။"

"ဟုတ်ကဲ့" သူတို့က ကလန်ခေါင်းဆောင်နှင့်အတူ ထွက်ခွာသွားလေသည်။ အခြားသော ဆရာသခင်အဆင့် တန်ခိုးရှင်များသည်လည်း သူတို့၏ ဂျူနီယာလေးကို ခေါ်ဆောင်ကာ ထွက်သွားခဲ့သည်။

"သွားကြရအောင်။" တိတ်ဆိတ်စွာ ရပ်နေခဲ့သည့် အဘိုးမာက နောက်ဆုံးတွင် ရီဖူရှင်းနှင့် အခြားလူများအား ပြောလာခဲ့သည်။

သွမ့်ထျန်းရှုံက အဘိုးမာ၏ ဘေးတွင် ရှိနေခဲ့၏။ သူက ရီဖူရှင်းအား ခေါင်းညိတ်ပြကာ သူတို့နှင့်အတူ လိုက်လာခဲ့သည်။

ထိပ်သီးအင်အားစုများမှ လူတိုင်းသည် ထိုနေရာမှ ထွက်ခွာသွားရန် အချိန်သိပ်မကြာလိုက်ကြပေ။ သူတို့အား ခေါ်ဆောင်ပေးသွားမည့်လူ မရှိသော တန်ခိုးရှင်များက နတ်ဘုရားအမွေအနှစ်အနားသို့ ချဥ်းကပ်နိုင်ရန် အခွင့်အရေးမရှိသဖြင့် ဝမ်းနည်းစိတ်ပျက်နေရုံသာ တတ်နိုင်သည်။

လေးမျက်နှာကျေးရွာမှ လူများသည် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများနှင့်အတူ ခရီးဆက်လေသည်။ ရီဖူရှင်းက သွမ့်ထျန်းရှုံကို မေးလိုက်သည်။ "အရှင်မင်းကြီး အရင်က မဟာအင်ပါယာရှန်ကျားကို ကြားဖူးလား။"

"နည်းနည်းကြားဖူးတယ်။" သွမ့်ထျန်းရှုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သူက ကောင်းကင်လမ်းစဥ်ကို မယုံကြည်ဘဲ နတ်ဘုရားတွေကိုတောင် စိန်ခေါ်ခဲ့တယ်။ ရှေးဟောင်းခေတ်အစောပိုင်းမှာ အစွမ်းထက် တန်ခိုးရှင်တွေက သူတို့ရဲ့ ကျင့်ကြံခြင်းအထွတ်အထိပ်ကို ရောက်တဲ့အခါ ကောင်းကင်ကို ဆန့်ကျင်ဖို့ မကြာခဏ ဆုံးဖြတ်ခဲ့ကြတယ်။ မဟာအင်ပါယာရှန်ကျားက သူတို့ထဲကတစ်ယောက်ပဲ။ ဘယ်လိုဖြစ်ဖြစ် ကျုပ်တောင်မှ အဲဒါက ဘယ်လို အန္တိမစွမ်းအားမျိုးလဲဆိုတာ မမှန်းဆနိုင်ဘူး။ ကျုပ်တို့ခေတ်မှာ အဲဒီလို လူမျိုးတွေ ထပ်မရှိတော့ဘူးလေ။"

ရီဖူရှင်းသည် ထိုဇာတ်ကြောင်းကြောင့် အလွန် စိတ်လှုပ်ရှားသွားပေသည်။ ကျင့်ကြံခြင်းဟူသည်မှာ အဆုံးမရှိပေ။ သို့သော် ၎င်းသည် တစ်စုံတစ်ယောက်က အထွတ်အထိပ် ကျင့်ကြံခြင်းသို့ ရောက်သည့်အခါ နတ်ဘုရားများကိုပင် အံတုနိုင်သည်ဟု ဆိုလိုသည်လား။ ကောင်းကင်လမ်းစဥ်အား စိန်ခေါ်ခြင်း။

သွမ့်ထျန်းရှုံသည်ပင် ထိုသို့သော စွမ်းအားမျိုးကို မှန်းဆရန် ခက်ခဲပေသည်။

မျက်မှောက်ခေတ် မဟာအင်ပါယာက ရှေးခေတ်အခါမှ မဟာအင်ပါယာများနှင့် မည်သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

***

All Chapters