စိတ်ပျက်အားလျော့ခြင်း
Vol. 152 Ch. 2161
ရှန်ချင်းကုန်းမြေသည် ရှန်ချင်းနယ်မြေအတွင်းရှိ အဓိကကျသော နေရာတစ်ခုဖြစ်သည်။ ၎င်းကို အဝေးမှပင် လှမ်းမြင်နေရသည်။
ရီဖူရှင်းနှင့် အခြားလူများသည် အစက ရှန်ချင်းကုန်းမြေသို့ တည့်မတ်စွာ ဦးတည်သွားမည်ဟု စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က ချန်းယွမ်ကုန်းမြေမှ အဖြစ်အပျက်များကြောင့် နှောင့်နှေးသွားရပေသည်။ ယခု ထိုအခြေအနေက ဖြေရှင်းပြီးသွားပြီး သူတို့က အခြားတန်ခိုးရှင်များနှင့် လိုက်သွားခဲ့ပြီး အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကာ မူလရည်ရွယ်ရာသို့ ဦးတည်လိုက်သည်။ မကြာခင်မှာပင် သူတို့က ရှန်ချင်းကုန်းမြေ၏ မြို့တော်ဖြစိသော ချင်မြို့သို့ ရောက်ရှိလာပေသည်။
ချင်မြို့က နယ်မြေအတွင်း နေရာအနှံ့မှ အင်အားစုအသီးသီး၏ တန်ခိုးရှင်များ ကျက်စားရာ နေရာဖြစ်ပေသည်။ နယ်မြေသခင်အိမ်တော်သည် အင်အားစုအားလုံးထံဖိတ်ကြားလွှာများ ပို့ခဲ့ပြီး ကိုယ်စားပြုသူများနှင့် ဧည့်သည်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပေသည်။ ကောလာဟလများက ပြောသည်မှာ နယ်မြေသခင်အိမ်တော်မှ ဤတစ်ကြိမ် လူတိုင်းကို ဆင့်ခေါ်ရခြင်းမှာ ကောင်းကင်ဒေသအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ကာ စစ်ပွဲဖြစ်ပွားနိုင်သောကြောင့်ဟု ဆိုသည်။ လူအများသည် မည်သူက ကောင်းကင်ဒေသအတွင်း တိုက်ခိုက်လိမ့်မည်ကို ပြင်းပြင်းထန်ထန် သိချင်နေကြပေသည်။
ကောင်းကင်ဒေသတစ်ခွင်လုံး စစ်မက်ဖြစ်ပွားလျှင် မည်သို့သော ဘေးအန္တရာယ်မျိုး ဖြစ်လာနိုင်မည်နည်း။
မရေတွက်နိုင်သော လူများက ဝေးကွာသော နေရာတွင် စုစည်းနေကြပြီး ရှန်ချင်းနယ်မြေတစ်ခွင်လုံး၌ အစွမ်းထက်ဆုံး ကျင့်ကြံခြင်အင်အားစု ဖြစ်သော နယ်မြေသခင်အိမ်တော်ကို ကြည့်နေခဲ့သည်။ နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ကာ ကျင့်ကြံလိုသူများအတွက် ထိုနေရာက အံ့ဖွယ်ကမ္ဘာတစ်ခုပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လူအုပ်ကြီးသည် ရုတ်တရက် ကောင်းကင်မှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာနေသည်ကို ရုတ်တရက် ခံစားမိလိုက်ကြပေသည်။ အဝေးမှ ပေါက်ကွဲသံက လူတိုင်းကို နေရာမှာတင် အေးခဲသွားစေသည်။ သူတို့၏ နှလုံးသားများက ကြောက်ရွံ့မှုကြောင့် တုန်ယင်လာ၏။ မည်သူ ရောက်လာခြင်း ဖြစ်သနည်း။ တစ်စုံတစ်ယောက်က ထိုကဲ့သို့ မုန်တိုင်းဖြစ်လာအောင် မည်သို့ လုပ်နိုင်ရပါသနည်း။
နယ်မြေသခင်အိမ်တော်အတွင်းမှ တန်ခိုးရှင်များသည်လည်း ထိုအနှောက်အယှက်ကို ကျိန်းသေ ခံစားမိကြပေသည်။ တစ်ယောက်ပြီး တစ်ယောက် လေထဲသို့ တက်သွားကာ အဝေးမှ ကောင်းကင်ကို ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့သည် ထိတ်လန့် ခြောက်ခြားဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရ၏။ လူတစ်စုက ကောင်းကင် မြင်ကွင်းအတွင်း ရောက်ရှိလာသည်။ သို့သော် သူတို့နှင့်အတူ ခမ်းနားသည့် အဆောက်အဦးကြီးတစ်ခုလည်း ရွေ့လျားလာပေသည်။ ကြည့်ရသည်မှာ နယ်မြေတစ်ခု၏ အစိတ်အပိုင်းတစ်ခုလုံးက အမြစ်မှ ကျွတ်ထွက်လာသလို ဤနေရာသို့ သယ်ဆောင်လာခြင်း ခံရသလို ထင်မှတ်ရပေသည်။
"အဲဒါ နယ်မြေသခင်ပဲ။"
နယ်မြေသခင်အိမ်တော်မှ လူတိုင်း အံ့သြမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ။" နယ်မြေသခင်က မြို့တစ်မြို့လုံးကို ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့သည်လား။
တန်ခိုးရှင်များထဲက မည်သူမှ မည်သည်တို့ ဖြစ်ပျက်နေသည်အား နားမလည်နိုင်ပေ။ တခဏကြာပြီးနောက် သူတို့သည် နယ်မြေသခင်က လွင့်မျောနေသော မြို့အား အောက်ဘက်သို့ ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ကြရသည်။ တုန်ခါသံနှင့်အတူ ခမ်းနားထည်ဝါသော အဆောက်အဦးက ၎င်းအား ထားရှိရန် လုံလောက်အောင် ကျယ်ပြန့်သော နယ်မြေသခင်အိမ်တော်၏ အပြင်ဘက် မြေကွက်လပ်သို့ သက်ဆင်းသွားလေသည်။
"ဘာကြီးလဲ။" နယ်မြေသခင်အိမ်တော်မှ တန်ခိုးရှင်များသည် ချက်ချင်းပင် ပြေးထွက်လာကြသည်။ သူတို့က ထိုထူးခြားဆန်းကြယ်သည့် အဆောက်အဦးအား စစ်ဆေးကြည့်ရန် စိတ်အားထက်သန်နေကြသည်။ နယ်မြေသခင်အိမ်တော် အပြင်ဘက်မှ ကြည့်ရှုနေသူများကလည်း သိချင်စိတ်နှင့် ကြည့်ချင်စိတ်တို့ဖြင့် ပြည့်နေခဲ့သည်။
"ဒီနေရာကို စောင့်ကြည့်ဖို့ အစောင့်တွေထားလိုက်။ နတ်ဘုရားခေါင်းတလားထဲက အရာတွေကို လုံးဝ ချောင်းကြည့်ဖို့ ခွင့်မပြုနဲ့။ နယ်မြေသခင်အိမ်တော်ထဲက တန်ခိုးရှင်တွေကိုလည်း ဒီနေရာကို မလာဖို့ တင်းတင်းကျပ်ကျပ် တားမြစ်တယ်။ တားမြစ်ချက်ကို ချိုးဖောက်တဲ့ ဘယ်သူမဆို အမြင်အာရုံသာမက အသက်ကိုတောင် ဆုံးရှုံးရနိုင်တယ်။ အပြင်ဘက် တန်ခိုးရှင်တွေလည်း နတ်ဘုရားခေါင်းတလားကို မကြည့်ဖို့ တားမြစ်တယ်။ တားမြစ်ချက်ကို ချိုးဖောက်ဖို့ ကျူးလွန်တဲ့သူက အကျိုးဆက်ကို ကိုယ့်ဘာသာ ရင်ဆိုင်ရမယ်။" ပြတ်သား၍ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။ လူတိုင်းက အံ့သြထိတ်လန့်သွားသလို တစ်ချိန်တည်းမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။
နတ်ဘုရားခေါင်းတလား။ အထဲမှာ မည်သည့်အရာ ရှိနေသနည်း။
ထို့အပြင် နယ်မြေသခင်က ထိုအထဲသို့ ချောင်းကြည့်သည့် မည်သူမဆို အမြင်အာရုံ ဆုံးရှုံးလိမ့်မည်ဖြစ်ကာ အဆိုးဆုံး၌ အသတ်ပင် ခံရလိမ့်မည်ဟု သတိပေးခဲ့ပေသည်။ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
သို့သော် နယ်မြေသခင်၏ ထိုသို့ တားမြစ်ချက်က လူအများကို သိချင်စိတ်ဖြင့် လောင်ကျွမ်းနေစေသည်။ အထဲ၌ မည်သည့်အရာ ရှိနိုင်သနည်း။ သူက မည်သည့်အတွက်ကြောင့် လူအများ ၎င်းကို ချဥ်းကပ်ခြင်းမှ တားမြစ်ရသနည်း။
"နယ်မြေသခင် အဲဒါ ဘာကြီးလဲ။" နယ်မြေသခင်အိမ်တော်ရှိ တန်ခိုးရှင်များထဲမှ တစ်ယောက်က မေးလိုက်သည်။
"နတ်ဘုရားရုပ်ကြွင်း။" နယ်မြေသခင်က တည့်တိုးဆန်လှသော အဖြေကို ပေးလိုက်သည်။ ချန်းယွမ်ကုန်းမြေ၌ ဖြစ်ခဲ့သော အဖြစ်အပျက်များက လူသိရှင်ကြားဖြစ်မည်မှာ အနှေးနှင့်အမြန် ဖြစ်လေသည်။ သူက ယခု အမှန်ပြောပြလိုက်ခြင်းက ပိုကောင်းပေသည်။
နတ်ဘုရားရုပ်ကြွင်းလား။
နယ်မြေသခင်က နတ်ဘုရားရုပ်ကြွင်းကို ပြန်သယ်လာတာလား။
နယ်မြေသခင်အိမ်တော် အတွင်းအပြင်မှ တန်ခိုးရှင်တိုင်းက ထိုအဖြေကြောင့် အံ့သြဘနန်း ဖြစ်သွားကြလေသည်။ သူတို့က ယခု ပို၍ပင် သိချင်လာပေသည်။ သို့သော် သူတို့သည် နယ်မြေသခင်၏ သတိပေး ဟန့်တားမှုကြောင့် အလျင်စလို မပြုမူရဲကြပေ။
ယခုမှသာ လူအုပ်ကြီးသည် နယ်မြေသခင်နောက်မှ လိုက်ပါလာသည့် တန်ခိုးရှင်များအား သတိပြုမိပေသည်။ နယ်မြေသခင်နောက်မှ လူတိုင်းသည် ခြိမ်းခြောက်နိုင်စွမ်း ရှိကြပြီး ချဥ်းကပ်၍ မရနိုင်အောင် ဖြစ်သည်။ နယ်မြေသခင်နှင့် အတူ အိမ်တော်သို့ လိုက်ပါလာသည့် သူတို့က အစွမ်းထက် တန်ခိုးရှင်များ ဖြစ်ရပေမည်။
"ကျုပ် နယ်မြေသခင်အိမ်တော်ကို ပြန်ရောက်ပြီးတာနဲ့ ဒွန်ဟောင်တော်ဝင်နန်းတော်ကို သတင်းပို့ဖို့ တစ်စုံတစ်ယောက် လွှတ်လိုက်မယ်။ ခင်ဗျားတို့ နယ်မြေသခင်အိမ်တော်မှာ ရက်နည်းနည်းလောက် နေပြီး အနားယူချင်လား။" နယ်မြေသခင်က သူ့နောက်မှ လူများကို မေးလိုက်သည်။ သူတို့က အောက်ဘက်ရှိ နတ်ဘုရားခေါင်းတလားကို တစ်ချက်ကြည့်လိုက်သည်။ နန်ဟိုင်မိသားစုခေါင်းဆောင်က သူတို့ ကိုယ်စားပြန်ဖြေလိုက်၏။ "နယ်မြေသခင်ကို ဒုက္ခမပေးတော့ပါဘူး။ ကျုပ်တို့ မြို့ထဲမှာ နေပြီးတော့ နယ်မြေသခင်ရဲ့ အမိန့်ကို စောင့်နေပါ့မယ်။ ခင်ဗျား လိုအပ်တဲ့ အချိန်တိုင်း ကျုပ်တို့ နယ်မြေသခင်အိမ်တော်ကို သွားနိုင်တယ်လေ။"
ထို့အပြင် သူတို့က နတ်ဘုရားခေါင်းတလားကို အချိန်မရွေး ကြည့်ရှုရန် ခွင့်ပြုချက် ရထားပြီး ဖြစ်သည်။
"ကောင်းပြီ။" နယ်မြေသခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဲဒီလိုဆိုရင် ကျုပ် ခင်ဗျားတို့အချိန်ကို ယူမနေတော့ဘူး။ ကိုယ့်ဘာသာ အဆင်ပြေသလို နေကြပါ။ ကျုပ် ဒွန်ဟောင်တော်ဝင်နန်းတော်ကို သတင်းပို့ပြီး ညွှန်ကြားချက်ရတာနဲ့ ရက်အနည်းငယ်အတွင်း ခင်ဗျားတို့ကို ဖိတ်ကြားလိုက်မယ်။"
လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် နတ်ဘုရားခေါင်းတလားကို နောက်တစ်ခါ တစ်ချက်ကြည့်လိုက်ပြီး ထွက်ခွာသွားကြလေသည်။
"ငါတို့လည်း သွားကြစို့။" အဘိုးမာက ရီဖူရှင်းနှင့် အခြားလူများကို ပြောလိုက်သည်။ သူတို့က ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်များနှင့်အတူ ထွက်ခွာသွားပြီး နေထိုင်ရန် မြို့ထဲရှိ တည်းခိုခန်းတစ်ခု ရှာဖွေခဲ့သည်။
နယ်မြေသခင်နှင့် အခြား ဆရာသခင်တန်ခိုးရှင်များ ထွက်ခွာသွားပြီးနောက် နတ်ဘုရားခေါင်းတလားနှင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း အကြောင်း သတင်းက ရှန်ချင်းကုန်းမြေတစ်ခွင်ကို ပျံ့နှံ့သွားလေသည်။ ထိတ်လန့်အံ့သြမှုများနှင့်အတူ လူအများသည် နယ်မြေသခင်အိမ်တော် အပြင်ဘက်နေရာတွင် လူးလာခေါက်တုံ့လုပ်နေကြပြီး တစ်ချက်မျှဖြစ်ဖြစ် ချောင်းကြည့်ရန် စိတ်အားထက်သန်နေကြသည်။.
နယ်မြေသခင်၏ သတိပေးချက်ကလည်း ပျံ့နှံ့သွားပေသည်။ ပြောကြသည်မှာ နယ်မြေသခင်နှင့် အခြားဆရာသခင် တန်ခိုးရှင်များသည်ပင် ချန်းယွမ်ကုန်းမြေ၌ ရှိစဥ် ထိုနတ်ဘုရားရုပ်ကြွင်းအား တိုက်ရိုက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ကြပေ။ သာမန်ရန်ဟောင်များသာ ဖြစ်လျှင် တစ်ချက်ကလေး ကြည့်မိရုံနှင့်ပင် ဆိုးဝါးလှသည့် သေခြင်းတရားအား ခံစားမိပေလိမ့်မည်။
သို့ဆိုလျှင်ပင် ကောလာဟလများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာလျှင်ပင် ပိုမိုများပြားသော လူများက နယ်မြေသခင်အိမ်တော်အပြင်ဘက်၌ ပို၍ စုဝေးလာနေပေသည်။
သူက တည်းခိုခန်းတွင် အခြေချပြီးနောက် ရီဖူရှင်းက ကျင့်ကြံခြင်းတွင် အာရုံမစိုက်နိုင်ပေ။ သူ၏ စိတ်အစဥ်ကို နတ်ဘုရားခေါင်းတလားအတွင်းရှိ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကသာ စိုးမိုးထားသည်။ ထိုအချိန်တွင် သွမ့်ချုံးက သူ့ကို လာရှာ၍ ပြောလိုက်သည်။ "အစ်ကိုရီ။"
ရီဖူရှင်းက ကျင့်ကြံနေခြင်းအား ရပ်တန့်ကာ သွမ့်ချုံးကို ကြည့်လိုက်သည်။ သွမ့်ချုံးက မေးလိုက်၏။ "ခင်ဗျားက အာရုံစိုက်နိုင်တယ်လား။"
ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက အာရုံမစိုက်နိုင်ပေ။
"ဒီနေ့ အစောပိုင်းတုန်းက ခင်ဗျား နတ်ဘုရားခေါင်းတလားထဲမှာ မဟာအင်ပါယာရှန်ကျားကို မြင်ခဲ့တယ်မလား။ အဲဒီနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကြောင့်သာ မဟုတ်ရင် ခင်ဗျား အဲဒါနဲ့ အချိန် တစ်ခုလောက် ကျင့်ကြံနိုင်ပြီး တစ်ခုခုတောင် ရှာဖွေသင်ယူနိုင်မယ်ထင်တယ်။ ဒါပေမယ့် နယ်မြေသခင်က နတ်ဘုရားရုပ်ကြွင်းကို အဝေးယူသွားပြီဆိုတော့ ကျုပ်တို့မှာ အဲဒီလို လုပ်ဖို့ အခွင့်အရေးမရှိတော့ဘူး။ သိပ်မကြာခင်မှာ သူက မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ဒွန်ဟောင်တော်ဝင်နန်းတော်ဆီ ပို့ဆောင်လိမ့်မယ်။"
ရီဖူရှင်းသည်လည်း နားလည်ပေသည်။ ရှားပါးလှသော အခွင့်အရေးကို လွဲချော်ခြင်းမှာ နှမြောစရာပင် ဖြစ်သည်။
သူသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အမှန်တကယ် လေ့လာနိုင်လျှင် သူ၏ ကျင့်ကြံခြင်း၌ တိုးတက်မှုများ ဖြစ်လာနိုင်ပေလိမ့်မည်။
သွမ့်ချုံးက ရီဖူရှင်း၏ အမူအရာကို သတိပြုမိကာ အပြုံးနှင့် ပြောလိုက်သည်။ "သွားကြစို့။ နယ်မြေသခင်အိမ်တော်ရဲ့ အပြင်ဘက်မှာ လူတွေ စုစည်းနေကြတယ်။ တည်းခိုဆောင်ထဲက လူတချို့ အဲဒီအကြောင်း ပြောနေတာ ကြားမိတယ်။ ကျုပ်တို့လည်း သွားကြည့်သင့်မယ်။ နတ်ဘုရားရုပ်ကြွင်းနဲ့ အချိန်ပိုရနိုင်ရင် ခင်ဗျား နားလည်မှုတချို့ ရလာနိုင်တယ်။"
"ကောင်းတယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ နယ်မြေသခင်က နတ်ဘုရားရုပ်ကြွင်းအား ထိန်းသိမ်းထားသည်ကို မကြောက်ရွံ့ပေ။ သို့သော် သူ့ထံ၌ နယ်မြေသခင်အား စိန်ခေါ်ရန် စွမ်းအား လုံလောက်မှု မရှိပါချေ။
ဆရာသခင် တန်ခိုးရှင်များက အခြေအနေကို လွှမ်းမိုးပြီး အမွေအနှစ်အား ရရန် အားထုတ်လာသည်။ သူတို့၏ ရှေ့၌ ရီဖူရှင်း မဆိုထားနှင့် မုယွင်လန်သည်ပင် မည်သည့်ကောင်မှ ဟုတ်မနေချေ။ ထိုအစွမ်းထက် တန်ခိုးရှင်များသည် သူတို့၏ တည်ရှိမှုကို သတိပင် ပြုမိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းသည် ရွေးချယ်စရာ မရှိဘဲ နတ်ဘုရားရုပ်ကြွင်းကို အဝေးမှ ကြည့်ရုံသာ တတ်နိုင်သည်။ အခွင့်အရေးက သူ့လက်များထဲမှ ချော်ထွက်သွားလေသည်။
သွမ့်ချုံးနှင့် ရီဖူရှင်းသာ တူညီသော စိတ်ရှိနေသည်မက မျက်မမြင်ထျယ်နှင့် အခြားလူများသည်လည်း သူတို့နှင့် လာပူးပေါင်းပေသည်။ မကြာခင်မှာပင် သူတို့က နယ်မြေသခင်အိမ်တော်၏ အပြင်ဘက်သို့ ပြန်လည် ရောက်ရှိလာသည်။
နယ်မြေသခင်အိမ်တော် အပြင်ဘက်မြင်ကွင်းက ယခုတွင် လုံးဝ ကွဲပြားနေပြီ ဖြစ်သည်။ မရေတွက်နိုင်သော တန်ခိုးရှင်များက လမ်းတလျှောက် ရှိနေခဲ့၏။
လူအုပ်ကြီးသည် အံ့သြထိတ်လန့်စွာဖြင့် ဆူဆူညံညံ အသံများ ပြုလုပ်နေကြသည်။ အစွမ်းထက် တန်ခိုးရှင်များစွာက နတ်ဘုရားခေါင်းတလားအား စောင့်ကြပ်နေကြ၏။ သတိပေးချက်ကို လျစ်လျူရှု ဆန့်ကျင်ခဲ့သည့် မောက်မာသော ရန်ဟောင်တစ်ပါးက နတ်ဘုရားခေါင်းတလားအတွင်း တစ်ချက် ကြည့်လိုက်မိရုံနှင့် မျက်စိကွယ်သွားခဲ့လေသည်။
***