နှစ်ဝက်အတွင်း အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်ခြင်း
Vol. 2 Ch. 16
“ဒီလိုဆိုမှတော့၊ ဒီအရက်ပိုးကောင်က ဝိညာဉ်အရက် ဘယ်လောက် ထုတ်ပေးနိုင်လဲ။” ကျိပင်းယွီက သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။
“အင်း၊ တစ်ညမှာ ဝိညာဉ်အရက် ဆယ်အိုးလောက် ထုတ်လုပ်နိုင်လောက်မယ်။” ကျိုးစွေ့က သေသေချာချာ စဉ်းစားလိုက်ပြီး တိကျတဲ့ နံပါတ်တစ်ခုအား ပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ၊ အရက်ကူကောင်သည် ယခုမှ စတင်မွေးဖွားလာသည်ဖြစ်ရာ၊ ပထမအဆင့် စိတ်ဝိညာဉ်ပိုးကောင်နှင့်သာ ညီမျှပေသည်။ ၎င်း၏စွမ်းရည်သည် ကြီးမားစွာ ပြောင်းလဲမှု မရှိသေးပေ၊ ထို့ကြောင့် ဝိညာဉ်အရက် ဆယ်အိုးဆိုသည်မှာ အတော်ပင် ထူးခြားလှပြီဟု ဆိုနိုင်ပေသည်။
မှန်ပေသည်၊ အရက်ကူကောင်သည်သာ ဆက်လက်တိုးတက်ပြောင်းလဲ လာပါက၊ ပြောင်းလဲပေးနိုင်သော ဝိညာဉ်အရက် ပမာဏသည်လည်း သေချာပေါက် ပိုမို များပြားလာပေမည်။
“ဝိညာဉ်အရက် ဆယ်အိုးလား..။”
မုဇီယန်သည်လည်း တုန်လှုပ်သွား၏။ “ဝိညာဉ်အရက်တစ်အိုးကို ဝိညာဉ်ကရား ဆယ်ကရားလောက် ခွဲလို့ရတယ်။ ဝိညာဉ်ကရား တစ်ကရားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်တန်တယ်။ သဘောက ဝိညာဉ်အရက်တစ်အိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာတန်တယ်။”
“ဒါပေမဲ့ အရက်ပိုးကောင်က တစ်ညတည်းနဲ့ ဝိညာဉ်အရက် ဆယ်အိုး ပြောင်းလဲပေးနိုင်တယ်ဆိုတော့၊ ဒါက တစ်ညတည်းနဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင် ရှာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား။ ဒါက သောက်ရမ်းကြမ်းသွားပြီ။”
သူမ လုံးဝကို ကြက်သေသေသွားလေသည်။
သူမကဲ့သို့ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင်၊ ယောင်သားရဲများအား အမဲလိုက်ရန် ကြိုးစားပမ်းစား စွန့်စားလျှင်ပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာဂဏန်းအနည်းငယ်သာ ရမည်ဖြစ်ပြီး၊ ယင်းက အတော်ပင် ကောင်းမွန်သော ရိတ်သိမ်းမှု ဖြစ်နေပြီ ဖြစ်၏။
အကြိမ်ပေါင်းများစွာ လက်ဗလာဖြစ်ခဲ့ရသည်လည်း ရှိသေး၏။
အရေးအကြီးဆုံးသည်ကား သူမတို့၏ အသက်အား ရင်း၍ အမဲလိုက်ကြရခြင်း ဖြစ်ပေသည်။
ဂရုတစ်ချက် မစိုက်မိသည်နှင့် သူမတို့၏အသက်များက ထိုနေရာတွင်ပင် ထားရစ်ခဲ့ရမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ၊ အရက်ပိုးကောင်၏အစွမ်းအား အားကိုး၍ တစ်ညတည်းနှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင် ရှာဖွေနိုင်ပေမည်။ ယင်းကဲ့သို့ ငွေရှာနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ကြမ်းလှပေသည်။
“ဝိညာဉ်အရက် လျှို့ဝှက်ချက်လုပ်နည်းက ကျင့်ကြံသူမိသားစုတစ်ခုကို ထွန်းတောက်လာစေနိုင်တာ မဆန်းတော့ဘူး။ ဒီလောက် အမြတ်အစွန်းများမယ်လို့ ထင်မထားမိဘူး။ တစ်ရက်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ဆိုရင်၊ တစ်လမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲ မဟုတ်ဘူးလား။”
အရက်ပိုးကောင်က ကြီးမားသော ဝိညာဉ်ကျောက်မိုင်းတွင်းတစ်ခု ဟု သူမ ခံစားလိုက်ရလေသည်။ တကယ့် ဝိညာဉ်ကျောက်မိုင်း ဆိုလျှင်ပင် အချိန်တန်လျှင် ကုန်ခန်းသွားမည်သာ ဖြစ်သည်။ သို့သော် အရက်ပိုးကောင်မှာမူ၊ သက်တမ်းမကုန်ဆုံးသရွေ့ ဝိညာဉ်အရက်အား စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနိုင်၏။
အခြားသော ကျင့်ကြံသူ မိသားစုများနှင့် ဂိုဏ်းများသာ ဤသတင်းအား သိရှိသွားကြပါက၊ ဤနေရာသို့ သေချာပေါက် ဝိုင်းအုံရောက်ရှိလာကာ အရက်ပိုးကောင်အား အရူးအမူး လုယက်ကြပေလိမ့်မည်။
ထိုအချိန်တွင် အရက်ပိုးကောင်၏ အရေးပါမှုအား သူမ တကယ့်ကို နားလည်သွားလေသည်။ ၎င်းသည် ကျင့်ကြံသူမိသားစုတစ်ခုအား ထွန်းတောက်လာစေနိုင်သော ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ပိုးကောင်တစ်မျိုးဖြစ်သည်မှာ သံသယဖြစ်စရာမလိုတော့သကဲ့သို့ ယင်း၏တန်ဖိုးသည်လည်း အဖိုးဖြတ်၍ မရနိုင်ပေ။
“အကျိုးအမြတ်က တကယ့်ကို အံ့ဩဖို့ ကောင်းလွန်းတယ်၊ အခြားသူတွေသာ ဒီအကြောင်းကို သိသွားရင် ငါတို့ သေချာပေါက် သေရလိမ့်မယ်။ အခြေတည်အဆင့် ကျင့်ကြံသူတွေကတောင် ငါတို့ကို အလွတ်ပေးကြမှာ မဟုတ်ဘူး။ ငါတို့ သေချာ ဂရုစိုက်ဖို့ လိုလိမ့်မယ်။”
ကျိပင်းယွီက လေးနက်သော အသံဖြင့် “ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်အရ တစ်လမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ရှာနိုင်ရင် လုံလောက်ပြီ။ ဒါက လက်ခံနိုင်တဲ့အတိုင်းအတာ အတွင်းမှာ ရှိသေးတယ်။ ဒီထက် ကျော်သွားရင် နည်းနည်း အန္တရာယ်များလိမ့်မယ်။”
သူမက တစ်လလျှင် ဝိညာဉ်အရက် ဆယ်အိုးရောင်းချလျှင် လုံလောက်ပြီဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။ သူတို့သာ အများကြီး ရောင်းချပါက၊ ပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
“ငါတို့ ယွီအာ ပြောသလို လုပ်မယ်။” ကျိုးစွေ့သည်လည်း ယင်းအချက်အား အပြည့်အဝသဘောတူကာ ခေါင်းညိတ်လိုက်သည်။
ဝိညာဉ်ကျောက်တုံးများသည် များများရှိလေ၊ ကောင်းလေ ဆိုသော်ငြား ၎င်းတို့အား ထိန်းသိမ်းထားနိုင်သော အစွမ်းရှိ၊မရှိပေါ်တွင်လည်း မူတည်နေသေးသည်။
ဝိညာဉ်ကျောက်တုံး မည်မျှပင် ပိုင်ဆိုင်စေကာမူ၊ ယင်းတို့အား ထိန်းသိမ်းနိုင်စွမ်း မရှိပါက အခြားသူများအတွက်သာ ဖြစ်သွားပေလိမ့်မည်။
တစ်လလျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် ရှာဖွေနိုင်လျှင် သူ၏ နေ့စဉ်ကျင့်ကြံမှုအတွက် တကယ့်ကို လုံလောက်နေပြီ ဖြစ်၏။ အနာဂတ်တွင် သူ၏ကျင့်ကြံဆင့် မြင့်မားလာကာမှ ဝိညာဉ်ကျောက်တုံးများ ပိုမိုရှာဖွေလျှင်လည်း နောက်ကျမည်မဟုတ်ပေ။
“နားလည်တဲ့အတွက် ကျေးဇူးပါ ယောက်ျား။ ကျွန်မတို့ရဲ့ အဆင့်က အရမ်း အားနည်းနေသေးတယ်၊ အခြေတည်အဆင့် ကျင့်ကြံသူတွေ ဖြစ်လာရင်တော့ ဝိညာဉ်အရက်တွေကို ပေါ်တင်ရောင်းချနိုင်ပြီးတော့ အခြားသူတွေရဲ့ လောဘကို စိုးရိမ်စရာမလိုတော့ဘူး။” ကျိပင်းယွီက ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်သည်။
သို့သော်လည်း ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အသက်ရှင်သန်နိုင်ရေး ဥပဒေသ ဖြစ်လေသည်။ ကျောထောက်နောက်ခံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ရေခဲပြင် အလွှာပါးပါးပေါ်တွင် လမ်းလျှောက်သကဲ့သို့ လုပ်ဆောင်သမျှအရာရာအား သတိထားရပေမည်။ ခြေတစ်လှမ်းမှားလိုက်သည်နှင့် ယင်းက သေဆုံးခြင်းနှင့် တာအိုပျောက်ဆုံးခြင်းဆီသို့ ဦးတည်သွားနိုင်ပေသည်။
“ဒီအတောအတွင်း မင်းတို့ တောထဲသွား စွန့်စားတာမျိုး မလုပ်သရွေ့ အဆင်ပြေပါတယ်။”
“အင်မော်တယ်ရှားဂိုဏ်းက တိမ်မြူခိုးတောင်တန်းထဲကို ကျင့်ကြံသူတွေ အများကြီး ခေါ်လာတယ်လို့ ငါကြားထားတယ်။ ဒီအချိန်မှာ တိမ်မြူခိုးတောင်တန်းက အရမ်းရှုပ်ထွေးပြီးတော့ နေရာတိုင်း သတ်ဖြတ်မှုတွေနဲ့ တော်တော် မလုံခြုံဘူး။”
“အခု မင်းတို့မှာ ဝိညာဉ်အရက် ရောင်းလို့ရတဲ့ ဝိညာဉ်ကျောက်တုံးတွေ ရှိနေပြီဆိုတော့၊ တောထဲက ယောင်သားရဲတွေကို စွန့်စားပြီး အမဲလိုက်နေစရာမလိုတော့ဘူး။” ကျိုးစွေ့က ရိုးသားစွာ ပြောလိုက်၏။
“အင်း၊ ဒီအတောအတွင်း ကျွန်မတို့ စွန့်စားသွားလာမှာ မဟုတ်ပါဘူး။” ကျိပင်းယွီက ကျိုးစွေ့အား နူးညံ့ကြင်နာစွာ ကြည့်လိုက်သည်။
ဤစကားအား ကြားလိုက်ရသောအခါ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း လွန်စွာ စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ကြာမြင့်စွာ ကျင်လည်ခဲ့ကြသော်လည်း ယခုကဲ့သို့ သူတို့အား ဤမျှဂရုစိုက်သော ယောက်ျားတစ်ဦးအား တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ဆိုရလျှင်၊ ဘာမှလုပ်စရာမလိုပဲ ငွေအများကြီး ရှာနိုင်မည်ဆိုလျှင် မည်သူက စွန့်စားသွားလာနေပါမည်နည်း။
မည်မျှကျွမ်းကျင်သော မုဆိုး ဖြစ်စေ၊ တစ်နေ့နေ့တွင် သားကောင်၏ ပြန်လည်အမဲလိုက်ခြင်းအား ခံရမည်သာ ဖြစ်၏။ ထို့အပြင်၊ ကံမကောင်းပါက ဆိုးသွမ်းကျင့်ကြံသူများနှင့် ထိပ်တိုက်တိုးမိနိုင်ကာ လမ်းတစ်ဝက်တွင်ပင် အသတ်ခံရနိုင်သေးသည်။
သို့သော် ယခုတွင်မူ အဆင်ပြေသွားပြီ ဖြစ်သည်။ ဝိညာဉ်အရက်နှင့်ဆိုလျှင် မီယွင်မြို့ထဲမှာသာ နေထိုင်လျှင်တောင်မှ ဝိညာဉ်ကျောက်တုံးများ ပြတ်လတ်သွားမည်အား ပူပန်စရာမလိုတော့ပေ။
ဤသည်က ဟိုးယခင်ကတည်းက သူတို့ အိပ်မက်မက်ခဲ့ရသော ဘဝပင် ဖြစ်လေသည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်က လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ယခုအချိန်တွင် မီယွင်မြို့တွင် ဆောင်းရာသီဖြစ်ကာ၊ နေရာတိုင်း၌ နှင်းမျာထူထပ်စွာ ကျဆင်းနေပြီး အရာအားလုံးအား ငွေရောင်ဖုံးလွှမ်းထားသော်လည်း ရာသီဥတုမှာလည်း လွန်စွာ အေးစက်လှပေသည်။
များစွာသော ကျင့်ကြံသူများမှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ သို့သော်လည်း ကျိုးစွေ့သည်ကတော့ သူ၏တာအိုလက်တွဲဖော် ကျီပင်းယွီနှင့်အတူ အိမ်တွင် ငြိမ်းချမ်းစွာ နေထိုင်ကျင့်ကြံနေဆဲ ဖြစ်လေသည်။
“သင်သည် မနေ့ည၌ သင်၏တာအိုလက်တွဲဖော်နှင့်အတူ အားကောင်းသောအချစ်၊ နက်ရှိုင်းသော သံယောဇဉ်အမြစ်များ တွယ်ယှက်ကာ ခုနှစ်ကြိမ် တူနှစ်ကိုယ် ကျင့်ကြံခဲ့သည်။ သင်သည် ဓားတာအို အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့သည်။”
“သင်၏ကျင့်ကြံဆင့် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်။”
“သင်၏စိတ်ဝိညာဉ်အမြစ် အရည်အသွေး တိုးတက်လာပြီး အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်သွားသည်။”
နောက်တစ်ည တူနှစ်ကိုယ်ကျင့်ကြံပြီးနောက်၊ ကျိုးစွေ့၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူသည် ချစ်ခြင်းမေတ္တာကူထံမှ ဆန်းကြယ်သော နွေးထွေးသည့် စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ၊ သူ၏စိတ်ဝိညာဉ်အမြစ်ထဲသို့ စီးဆင်းသွားပြီးနောက် သူ၏စိတ်ဝိညာဉ်အမြစ်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်အား ခံစားမိလိုက်လေသည်။
ထိုအခိုက်အတန့်တွင် သူ၏စိတ်ဝိညာဉ်အမြစ်သည် နဝမအဆင့်မှ အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်သွားသည်အား အာရုံခံမိလိုက်၏။
သံသယဖြစ်ဖွယ်မလို၊ ဤသည်မှာ လွန်စွာအံ့အားသင့်ဖွယ်ကောင်းကော ပြောင်းလဲမှုတစ်ခု ဖြစ်လေ၏။
အခြားသောကျင့်ကြံသူများသည် သူတို့၏စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအား တိုးတက်စေလိုသောကြောင့် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံအား ကြိုးစားခဲ့ကြသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ကြချေ။
ယခုတွင်မူ သူသည် သူ၏တာအိုလက်တွဲဖော်နှင့် နှစ်ဝက်သာ တူနှစ်ကိုယ်ကျင့်ကြံခဲ့ပြီးနောက်၊ နဝမအဆင့် စိတ်ဝိညာဉ်အမြစ်မှ အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အမှန်တကယ် တိုးမြှင့်နိုင်ခဲ့လေသည်။ ယင်းက တကယ့်ကို မယုံနိုင်စရာပင်။
ဤကိစ္စသည်သာ ပျံ့နှံ့သွားပါက၊ မရေမတွက်နိုင်သော ကျင့်ကြံသူများအား သေချာပေါက် တုန်လှုပ်သွားစေမည်သာ ဖြစ်သည်။
“ဒါက အဌမအဆင့် စိတ်ဝိညာဉ် ပင်ကိုယ်ပါရမီလား?။”
သူ၏ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီအား စုပ်ယူနိုင်စွမ်းသည် ယခင်ကထက် သုံးပုံတစ်ပုံ တိုးလာသည်အား ကျိုးစွေ့ အာရုံခံမိလိုက်သည်။ သူ၏နားလည်နိုင်စွမ်းသည်ပင် အတိုင်းအတာတစ်ခုအထိ တိုးတက်လာလေသည်။
နဝမအဆင့် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီနှင့် ယှဉ်လျှင်၊ လက်ရှိ သူ၏ပင်ကိုယ်ပါရမီက အလွန်အမင်း တိုးတက်လာခြင်း ဖြစ်သည်။ ဤသည်မှာ အရူးတစ်ယောက်အဖြစ်မှ သာမန်လူတစ်ယောက်၏အရည်အချင်းမျိုး ရှိလာခြင်းနှင့် တူပေသည်။ ပြောရလျှင် ကျင့်ကြံသူများအကြားတွင် နဝမအဆင့် စိတ်ဝိညာဉ်အမြစ် ဆိုသည်မှာ လူအများကြားထဲမှ အရူးတစ်ယောက်ကဲ့သို့ အတော်လေး ရှားပါလှသည် ဖြစ်သည်။
ယခုတွင်မူ၊ သူသည် အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်နိုင်ခဲ့ပြီ ဖြစ်ရာ၊ ယင်းက သူအား သာမန်အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှစေပြီ ဖြစ်သည်။
အရူးသတ်မှတ်ချက်မှ ကပ်သီလေး လွတ်မြောက်လာခဲ့ပြီဟု ဆိုနိုင်ပေသည်။
ယင်းက ကျိုးစွေ့အား အလွန်ပျော်ရွှင်စေသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အစသာ ရှိသေး၏။ သူသာ ဒီအတိုင်း ဆက်သွားပါက၊ သူ၏စိတ်ဝိညာဉ်အမြစ်သည် အဌမအဆင့်၊ သတ္တမအဆင့်၊ သို့မဟုတ် ပထမဆင့်အထိပင် တိုးတက်လာနိုင်သေးသည် မဟုတ်လော။
ထိုသို့သာ ဖြစ်ပါက၊ သူသည် ကျင့်ကြံသူများကြားထဲမှ ပါရမီရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။