← Chapters

ကမ္ဘာမကြေရန်သူ

Vol. 152 Ch. 2162

ကမ္ဘာမကြေရန်သူ

Vol. 152 Ch. 2162

နယ်မြေသခင်က တင်းတင်းကြပ်ကြပ် တားမြစ်ထားသော်လည်း သူသည် အပြင်လူများက သူ၏ သတိပေးချက်ကို လျစ်လျူရှုကာ နတ်ဘုရားရုပ်ကြွင်းအား စစ်ဆေးကြည့်ချင်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို ကိုယ့်ဘာသာ ခံနိုင်ရမည်ဟု ပြောခဲ့ပေသည်။

ထို့ကြောင့် နယ်မြေသခင်အိမ်တော်မှ လွှတ်လိုက်သော အစောင့်များက လူအများကို သတိပေးရုံသာ ပေးကြပေသည်။ တစ်စုံတစ်ယောက်က အမှန်တကယ် တားမြစ်ချက်အား ချိုးဖောက်ရန် ကြိုးစားလျှင် သူတို့က ကျူးကျော်သူအား အင်အားသုံး တားဆီးမည် မဟုတ်ပေ။

ရလဒ်အနေနှင့် ချင်မြို့တွင် အလွန် ကျော်ကြားသော ရန်ဟောင်တစ်ပါးက ပထမဆုံး စတေးခံ ဖြစ်လာပေသည်။ လူအုပ်ကြီးအား တိုးတိုက်သွားနေရင်း သူ့ မျက်လုံးများမှ သွေးထွက်နေကာ နာကျင်မှုကြောင့် ညည်းညူနေခဲ့သည်။

သို့သော် ထိုရန်ဟောင် ဖြစ်ပျက်ခဲ့သော အရာများက လူအများအတွက် သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။ နယ်မြေသခင်က ထိုသတိပေးချက်အား လူအများကို ခြောက်လှန့်ရန်သက်သက် ပြောခဲ့ခြင်း မဟုတ်ပေ။ နတ်ဘုရားခေါင်းတလားအတွင်း ရှိနေသည့် အရာသည် လူများကို ချက်ချင်း အကန်း ဖြစ်သွားစေနိုင်သည်။

မရေတွက်နိုင်သော တန်ခိုးရှင်များက နယ်မြေသခင်အိမ်တော် အပြင်ဘက်၌ စုဝေးနေကြသည်။ မြေပြင်နှင့် လေထဲတွင် လူများစွာအား မြင်နိုင်ပေသည်။ သူတို့အားလုံးက တစ်ချက်မျှ ကြည့်ရန် ဆန္ဒရှိကြသော်လည်း အနည်းငယ်သာလျှင် သတ္တိနှင့် ယုံကြည်ချက် ရှိပေသည်။

ထိုအခိုက်အတန့်တွင် လူတစ်ယောက်က လေဟာနယ်ကို ဖြတ်ကာ နတ်ဘုရားခေါင်းတလားအထက်သို့ လျှောက်လာခဲ့သည်။ လူအများသည် သူ့ကို သတိပြုမိကြပြီး သူ၏ ဂုဏ်သရေရှိလှသော အမူအရာက အထင်ကြီးလေးစားဖွယ်ပင် ဖြစ်သည်။ သူက သာမန်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ သူ့နောက်မှ လှပသော အမျိုးသမီးက သူ့ကို သတိပေးလိုက်သည်။ "ဂရုစိုက်နော်။"

"သူက ကြိုးစားကြည့်တော့မယ်။" လူအုပ်ကြီးက သူ့ကို အသက်မရှုဘဲ ကြည့်လိုက်ကြသည်။ ထိုတန်ခိုးရှင်က နတ်ဘုရားခေါင်းတလားကို ​စစ်ဆေးကြည့်ရှုရန် ရှေ့သို့ ခြေလှမ်းလာခဲ့သည်။

"အဲဒါက နန်ဟိုင်မိသားစုရဲ့ အဖိုးတန်သမီးလေး နန်ဟိုင်ချန်းရွှယ်ပဲ။ ဒီလူက သူမရဲ့ ယောက်ျား မုယွင်လန်။" လူအုပ်ထဲမှ တစ်စုံတစ်​ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ ကြည့်ရှုနေသူများက ဆူဆူညံညံ ဖြစ်သွားကြသည်။ နန်ဟိုင်ကုန်းမြေမှ ကျော်ကြားသည့် ပါရမီရှင် မုယွင်လန်သည်လည်း နတ်ဘုရားခေါင်းတလားကို စူးစမ်းရန် ရောက်လာခဲ့ပေသည်။

လူအုပ်ထဲ၌ ရပ်နေသော ရီဖူရှင်းသည်လည်း သူ၏ မျက်လုံးများကို မုယွင်လန်ထံ စူးစိုက်ထားသည်။ ကြည့်ရသည်မှာ မုယွင်လန်သည်လည်း ချန်းယွမ်ကုန်းမြေ၌ သူ့ ကြိုးစားမှု ကျဆုံးသွားသည်ကို ခါးသီးစွာ ခံစား​နေရခြင်း ဖြစ်နိုင်ပေသည်။ သူသည် ရှန်ချင်းကုန်းမြေသို့ ရောက်ပြီးနောက် ထပ်မံကြိုးစားကြည့်ရန် စိတ်အားထက်သန်နေပုံရသည်။

မုယွင်လန်က အမှန်တကယ် မကျေမနပ်ဖြစ် ဝမ်းနည်းနေပုံရသည်။ ချန်းယွမ်ကုန်းမြေ၌ သူသည် နတ်ဘုရားခေါင်းတလားအတွင်း မည်သည့်အရာ ရှိနေသည်ကို မြင်တွေ့လိုစိတ်တို့နှင့် လောင်ကျွမ်းနေသော်လည်း သူက ရှေ့သို့ ခြေမလှမ်းနိုင်ခဲ့ပေ။ သူသည် ရီဖူရှင်းအား အထဲ၌ မည်သည့်အရာရှိနေသနည်းဟု မေးခဲ့သော်လည်း ရီဖူရှင်းက တုံ့ပြန်ခဲ့ခြင်း မရှိပေ။ မုယွင်လန်က ထိုအခြေအနေကြောင့် နက်ရှိုင်းစွာ အစော်ကားခံရသလို ခံစားမိပေသည်။

ထို့နောက် သူ့ယောက္ခမနှင့် အခြား ဆရာသခင်တန်ခိုးရှင်များ ရောက်ရှိလာပေသည်။ သူတို့၏ ထူးခြား အစွမ်းထက်သော စွမ်းအားများနှင့်ပင် သူတို့က နတ်ဘုရားခေါင်းတလားအတွင်းရှိ နတ်ဘုရားရုပ်ကြွင်းကို တိုက်ရိုက်မကြည့်ရှုနိုင်ပေ။ ယခု မုယွင်လန်သည် ထိုနတ်ဘုရားရုပ်ကြွင်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည့်အတွက် လူအများစုက တစ်ချက်ကလေးမျှပင် မကြည့်နိုင်ရသည်ကို မြင်တွေ့ရရန် စိတ်အားထက်သန်နေပေသည်။

မုယွင်လန်က ဤတစ်ကြိမ်တွင် အပြည့်အဝ ပြင်ဆင်ထားသည်။ ထို့အပြင် သူက အထက်မှ နတ်ဘုရားခေါင်းတလားကို ငုံ့ကြည့်ရန် စီစဥ်ထားသည့်အတွက် ထိုပြင်းထန်သည့် စွမ်းအားကြောင့် ထပ်မံ တွန်းကန် ခံရတော့မည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်က မဟာလမ်းစဥ်၏ တောက်ပသော နတ်အလင်းများဖြင့် လွှမ်းခြုံခံထားရပြီး မျက်လုံးများက ရွှေရောင်တောက်ပနေခဲ့သည်။

သူက နတ်ဘုရားခေါင်းတလား၏ ကောင်းကင်ထက် ရောက်အောင် ရှေ့သို့ ဆက်လှမ်းနေခဲ့သည်။ နတ်ဘုရားခေါင်းတလားကို တစ်ချက်ကြည့်လိုက်သည်နှင့် သူသည် သေပြီးသား လူတစ်ယောက်၏ ခန္ဓာကိုယ်အစား မဟာလမ်းစဥ် သင်္ကေတအက္ခရာများကို မြင်တွေ့လိုက်ရပေသည်။ မဟာလမ်းစဥ်၏ ထိုသင်္ကေတစာလုံးများသည် ချက်ချင်းပင် သူ့မျက်လုံးများထဲ တိုးဝင်လာခဲ့ပေသည်။

ရှေးဟောင်းအက္ခရာစာလုံးများက စက္ကန့်ပိုင်းအတွင်း သူ၏ အကာအကွယ်ကို ချိုးဖျက်ကာ မျက်လုံးများထဲ ထိုးဖောက်လာသည်။ မည်မျှသန်မာသည့် တန်ခိုးရှင်ဖြစ်ပါစေ မျက်လုံးများက အမြဲတမ်း အားနည်းချက် ဖြစ်ပေသည်။ မုယွင်လန်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်သော်လည်း သူက မျက်လုံးများကို အလျင်အမြန် မှိတ်ပစ်လိုက်သည်။ သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေခဲ့သည်။ ကြည့်ရှုနေသူများသည် သူက မျက်လုံးများကို လက်နှစ်ဖက်ဖြင့် အုပ်ကာလိုက်သည်အား မြင်တွေ့လိုက်ရသည်။ သူ့လက်ချောင်းများမှ သွေးတို့ စိမ့်ကျနေပြီး ပါးတလျှောက် စီးကျလာနေခဲ့သည်။

လူအများက မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့ပေသည်။ လူအုပ်ကြီးသည် လေထဲတွင် နာကျင်နေသော မုယွင်လန်အား ကြည့်ကာ  ထိတ်လန့်မှုကြောင့် တိတ်ဆိတ်သွားခဲ့ပေသည်။ သူက အစွမ်းထက်သော တန်ခိုးရှင်တစ်ယောက် ဖြစ်လျှင်ပင် မျက်လုံးမှ သွေးများ စီးကျလာသည်ထိ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့ပေသည်။ လူအများသည် ကြိုးစားကြည့်သူက သာမန်လူတစ်ဦးသာ ဖြစ်လျှင် မည်သို့ ဖြစ်သွားလိမ့်မည်ကို ခန့်မှန်းနိုင်ကြပေသည်။ မုယွင်လန်က နောက်တစ်ကြိမ် ထပ်မံကြိုးစားပါလျှင်ပင် အမြင်အာရုံကို ဆုံးရှုံးသွားနိုင်ပေသည်။ အန္တရာယ်ပမာဏက အားလုံး၏ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေပေသည်။

မုယွင်လန်က မည်သည့်အရာကို မြင်တွေ့ခဲ့ရသနည်း။

သူတို့ရှေ့၌ ရှိနေသည့် တစ်စုံတစ်ခုကို မည်သူမှ မကြည့်ရဲကြပေ။ ထိုအဖြစ်က ရယ်စရာကောင်းလှပေသည်။

နန်ဟိုင်ချန်းရွှယ်က အပြေးသွားကာ မုယွင်လန်အား စစ်ဆေးကြည့်လိုက်သည်။ မုယွင်လန်က သူ့လက်များကို ဖယ်ကာ သူမထံ ခေါင်းယမ်း၍ ပြောလိုက်သည်။ "ငါ အဆင်ပြေပါတယ်။"

သူက ဇနီးဖြစ်သူ စိတ်သက်သာရာသွားစေရန်သာ ပြောလိုက်ခြင်း ဖြစ်သော်လည်း အက္ခရာတစ်ခုချင်းစီ၌ မည်သည့်အခါမှ မေ့နိုင်လိမ့်မည် မဟုတ်သော စွမ်းအားပမာဏတို့ ပါဝင်နေကာ သူ့မျက်လုံးများထဲတွင် စူးရှသော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။

"ထပ်မကြည့်ပါနဲ့တော့။" နန်ဟိုင်ချန်းရွှယ်က ညင်သာလှသော အသံနှင့် ပြောလိုက်သည်။ သူမက အတော်လေး သိချင်စိတ်ပြင်းပြနေပေမယ့် စိတ်ကို ထိန်းချုပ်ထားကာ သူမကိုယ်တိုင် မကြိုးစားကြည့်ခဲ့ပေ။

"အင်း။" မုယွင်လန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ တစ်ချက်မျှ ကြည့်လိုက်ရုံက သူ့အတွက် လုံလောက်ပေသည်။ အနည်းဆုံး သူသည် နတ်ဘုရားခေါင်းတလားအတွင်း မည်သည်တို့ ရှိနေသည်ကို သူ့မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရပြီဖြစ်ရာ နောက်ဆုံး၌ ချန်းယွမ်ကုန်းမြေတွင် စတင်ခဲ့သော စိတ်စွဲလမ်းမှုအား စွန့်လွှတ်နိုင်ပြီ ဖြစ်သည်။

သူက ပြန်တွေးကြည့်သည့်အခါ ရီဖူရှင်းက နှစ်ပေါင်းများစွာက ကြွင်းကျန်ရစ်သော နတ်ဘုရားရုပ်အလောင်းကို တစ်ချက်ကြည့်ပြီးသည့်နောက်၌ပင် သူ၏ မေးခွန်းအား မည်သည့်အတွက် ပြန်မဖြေခဲ့သည်ကို နားလည်သွားပေသည်။ ရီဖူရှင်းသည် ၎င်းကို စကားလုံးများဖြင့် မည်သို့ ဖော်ပြရမည်အား မသိခြင်း ဖြစ်နိုင်ပေသည်။

"မုယွင်လန် ဘယ်လိုခံစားရလဲ။" တစ်စုံတစ်ယောက်က မေးလိုက်သည်။ အစွမ်းထက် တန်ခိုးရှင်များစွာက မုယွင်လန်ကို ရှေ့ဆုံးတန်းမှနေ၍ စောင့်ကြည့်နေကြသည်။ သူတို့​က ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်တို့ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့က ယခင် ချန်းယွမ်ကုန်းမြေ၌ ရပ်တန့်ခဲ့သော်လည်း အများစုမှာ ရှန်ချင်းကုန်းမြေသို့ တိုက်ခိုက်လာခဲ့ကြရာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအကြောင်းကို စီနီယာများထံမှသာ ကြားခဲ့ရခြင်း ဖြစ်သည်။

"မဟာအင်ပါယာရှန်ကျား သေဆုံးသွားတာ နှစ်ပေါင်းဘယ်လောက်ပဲ ကြာနေပါစေ သူ့ရဲ့ ရုပ်ကြွင်းက ကျုပ်တို့ မလေးမစား ပြုလုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ ကျုပ်တို့ တစ်ချက်ကလေး ကြည့်ဖို့တောင် ခက်ခဲလိမ့်မယ်။ ကျုပ်ကတော့ ကောင်းကင်လမ်းစဥ်ကို စိန်ခေါ်ရဲတဲ့ မဟာအင်ပါယာတစ်ယောက်သာ ဒါကို အောင်နိုင်စွမ်း ရှိမယ်လို့ ထင်တယ်။" မုယွင်လန်က ပြောလိုက်သည်။ သူက ခါတိုင်း ရှိနေကြ မောက်မာမှုများများ ပျောက်ဆုံးနေလေသည်။ သူက ရုပ်ကြွင်းအား တစ်ချက်လေးမျှပင် မကြည့်နိုင်သည့် အချိန်၌ မည်သို့ စိတ်ကျေနပ်နေနိုင်ရပါသနည်း။

ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်ရန်ဟောင်တစ်ယောက် အနေနှင့် သူက သူနှင့်တန်းတူများအကြား ပြိုင်ဘက်ကင်းဟု ဆိုနိုင်ပေသည်။ ဆရာသခင်အဆင့် တန်ခိုးရှင်များမှ လွဲ၍ ရှန်ချင်းနယ်မြေတစ်ခွင်တွင် သူနှင့် အဆင့်တူသူ တန်ခိုးရှင်က လက်တစ်ဆုပ်စာသာ ရှိပေလိမ့်မည်။ သူက မည်မျှအားကောင်းသန်မာလျှင်ပင် မဟာအင်ပါယာရှန်ကျား၏ ရှေ့၌ နှိုင်းယှဥ်၍ မရနိုင်သော သိမ်နုပ်သည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပေသည်။

...

အစွမ်းထက် ကျင့်ကြံသူဖြစ်လာလေ ကျင့်ကြံခြင်းအား ပို၍ နက်ရှိုင်းစွာ နားလည်လာလေဖြစ်ကာ ပိုမို နှိမ့်ချတတ်သူ ဖြစ်လာပေသည်။

လူအများသည် မုယွင်လန်၏ မှတ်ချက်ကြောင့် အံ့အားသင့်သွားခဲ့သည်။ သူတို့က သူ၏ ရုတ်တရက် အပြောင်းအလဲအား သတိပြုမိကြပြီး ယခင်နှင့် ကွဲပြားနေသည်ကို ခံစားမိကြပေသည်။ မုယွင်လန်နှင့် ရင်းနှီးသော လူတိုင်းက သူသည် အလွန် မောက်မာပြီး မာနကြီးသူဖြစ်ကြောင်း သိရှိကြသည်။ သို့သော်လည်း သူက မဟာအင်ပါယာရှန်ကျား၏ မြင့်မြတ်သောရုပ်ကြွင်းကြောင့် နှိမ့်ချနေပေသည်။

"ကျုပ် ကြားတာတော့ ချန်းယွမ်ကုန်းမြေမှာတုန်းက မင်းအပြင် တခြားတစ်ယောက်လည်း လုပ်နိုင်ခဲ့တယ်ဆို။" တစ်ယောက်က ပြောလိုက်သည်။ ရှင်းပြ၍ မရနိုင်သော အမူအရာနှင့် မုယွင်လန်က ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။"

ပြောရလျင် ချန်းယွမ်ကုန်းမြေရှိ အမွေအနှစ်နယ်မြေအတွင်း ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားသည့်အခါ ရီဖူရှင်းက သူ့ထက် ပို၍ အောင်မြင်ခဲ့သည်။ သူက ထိုသည်ကို မငြင်းဆန်နိုင်ပေ။

"အဲဒီရီဖူရှင်းက ဘယ်နေရာကနေ လာခဲ့တာလဲ။ ကျုပ် ကြားမိတာတော့ သူက တစ်ယောက်တည်းနဲ့ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီးဘယ်သူမှတောင် မတားနိုင်ဘူးတဲ့ ဟုတ်လား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"သွမ့်ချုံးက ရှေးဟောင်းတော်ဝင် သွမ့်မိသားစုထဲမှာ အထူးချွန်ဆုံး တန်ခိုးရှင်တစ်ယောက်ပဲ။ သွမ့်ချုံးလောက် ပါရမီမရှိပေမယ့် သူတို့မှာ အဆင့်ကိုးရန်ဟောင်တွေလည်း ရှိတယ်။ ရီဖူရှင်းက အဆင့်ငါးရန်ဟောင်တစ်ပါးပဲလို့ ပြောကြတာမလား။ အဲဒီလို ထူးခြားမှုကပဲ သူ့ကို   ရှန်ချင်းနယ်မြေတစ်ခွင် ကျော်ကြားအောင် လုပ်ဖို့ လုံလောက်နေပြီ။" နောက်တစ်​ယောက်က ပြောလိုက်သည်။ ယခု စကားဝိုင်းတွင် ဝင်ရောက်ပြောဆိုနေကြသူများက မတူညီသော ထိပ်သီးအင်အားစုများမှ ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်။

ရီဖူရှင်းက လက်ရှိတွင် ပိုပို ကျော်ကြားလာရာ ရှန်ချင်းကုန်းမြေမှ တန်ခိုးရှင်များသည်ပင် သူ့အကြောင်းကို ကြားဖူးကြပြီး ပြောဆိုနေကြသည်။

"သူလည်း ဒီနေရာမှာ ရှိမယ်ထင်တယ်။" တစ်စုံတစ်ယောက်က လူအုပ်ကြီးထဲ လိုက်ကြည့်ရင်း ရီဖူရှင်းအား ရှာရန် ကြိုးစားလိုက်သည်။

သွမ့်ချုံးသည် ထိုလူများက ရှေး​ဟောင်းတော်ဝင် မိသားစုအား အသုံးချ၍ ရီဖူရှင်းကို အမွှမ်းတင်နေသည်အား ကြားသည့်အခါ သိပ်ပျော်ရွှင်မနေပေ။ သို့သော်လည်း သူက ရီဖူရှင်း၏ မိတ်ဆွေဖြစ်လာသည့်အတွက်ကြောင့် ထိုကိစ္စများကို စိတ်ထဲ မထည့်တော့ချေ။

သိပ်မကြာခင်မှာပင် လူအများ၏ အကြည့်က ရီဖူရှင်းနှင့် သွမ့်ချုံးထံ ရောက်ရှိလာပေသည်။ သိသာစွာပင် သူတို့က သွမ့်ချုံးတို့အား မှတ်မိပေသည်။

လူအများက သွမ့်ချုံးနှင့် ရင်းနှီးကြသည်။ သူတို့သည် သူ့ဘေးမှ ငွေရောင်ဆံပင်နှင့် လူက ရီဖူရှင်းဖြစ်ကြောင်း ခန့်မှန်းနေကြပေသည်။ သူက ချောမောလှပြီး ဂုဏ်သရေရှိ အမူအရာနှင့် အဖြူရောင်ဝတ်စုံဖြင့် လူတစ်ယောက် ဖြစ်သည်။

ရီဖူရှင်းက နေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထိုနေရာအနီးမှ လူအများသည် သူနှင့် သွမ့်ချုံးအား လေးစားမှုဖြင့် အကွာအဝေးတစ်ခုခြားလိုက်ကြသည်။ သူတို့အနီးတွင် နေရာလွတ်တစ်ခု ဖြစ်လာခြင်းက အားလုံး၏ အာရုံကို ပိုမို ဆွဲဆောင်သွားပေသည်။

ရီဖူရှင်းက ရှန်ချင်းကုန်းမြေ၏ အဓိကမြို့တော်မှ လူများပင် သူ့အကြောင်းကို သိနေသည့်အတွက် အံ့အားသင့်နေကြပေသည်။ ထိုသည်မှာ သူက ချန်းယွမ်ကုန်းမြေရှိ နတ်ဘုရားရုပ်ကြွင်းကို ကြည့်ခဲ့သည့်အတွက်ကြောင့်ဟု ယူဆမိပေသည်။

"ကောလာဟလတွေက ပြောကြတာတော့ မင်းနဲ့ မုယွင်လန် နှစ်ယောက်လုံး ချန်းယွမ်ကုန်းမြေမှာ အမွေအနှစ်နယ်မြေထဲ ဝင်ခဲ့တယ်တဲ့။ မင်းလည်း နတ်ဘုရားခေါင်းတလားထဲမှာ နတ်ဘုရားရုပ်ကြွင်းကို မြင်ခဲ့တယ်မလား။" တစ်စုံတစ်ယောက်က ရီဖူရှင်းအား မေးလိုက်သည်။

"အင်း.. ကျုပ် မြင်ခဲ့တယ်။" ရီဖူရှင်းက ခေါင်းညိတ်ပြန်ဖြေလိုက်သည်။

ရီဖူရှင်း၏ အတည်ပြုချက်က လူအချို့၏ ကြောက်ရွံ့မှုများအား လွင့်ပြယ်သွားစေသည်။ ရီဖူရှင်းနှင့် မုယွင်လန်နှစ်ယောက်လုံး နတ်ဘုရားခေါင်းတလားအတွင်းမှ ရုပ်ကြွင်းကို မြင်တွေ့ခဲ့ရပြီး အသေးအဖွဲ ဒဏ်ရာမျှသာ ရရှိခဲ့သည်။ ယခင်ရန်ဟောင်များက ခွန်အားနည်းပါး၍သာ ကန်းသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

နတ်ဘုရားရုပ်ကြွင်းက ကြောက်မက်ဖွယ် ကောင်းသော်လည်း သူတို့သာ သတိထား၍ လှုပ်ရှားမည်ဆိုလျှင် အမြင်အာရုံကို လုံးလုံးလျားလျား ဆုံးရှုံးလိမ့်မည် မဟုတ်ဟု ယုံကြည်ပေသည်။

"မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို မင်းဘယ်လိုထင်လဲ။" ထိုလူကပင် ထပ်မံမေးမြန်းလိုက်သည်။

"မမြင်ရဘူး။" ရီဖူရှင်းက ခေါင်းကို မော့ကာ တည်ငြိမ်စွာ အဖြေပြန်ပေးလိုက်သည်။

"မမြင်ရဘူးလား။" လူတိုင်းသည် ရီဖူရှင်းနှင့် မုယွင်လန်က မြင်ခဲ့ရသည်ဟု တွေးထင်ထားခဲ့သည့်အတွက် စိတ်ရှုပ်သွားကြသည်။ သူက မည်သည့်အတွက်ကြောင့် မမြင်နိုင်ဟု ပြောရသနည်း။

"ကျုပ်တို့ သွားကြည့်ဖို့ မရနိုင်ဘူးလို့ ဆိုလိုတာလား။" တစ်စုံတစ်ယောက်က ရှင်းလင်းအောင် ထပ်မေးလိုက်သည်။

"ကျုပ်ရဲ့ အကြံဉာဏ်ကို မေးတာဆိုရင် နတ်ဘုရားရုပ်ကြွင်းက မမြင်ရနိုင်တဲ့အရာလို့ ထင်တယ်။ နယ်မြေသခင်ကလည်း ကျုပ်တို့ကို သတိပေးပြီး တားမြစ်ထားတယ် မဟုတ်လား။" ရီဖူရှင်းက တည်ငြိမ်သော အသံနှင့် ပြန်ဖြေလိုက်သည်။ သူတို့က သူ၏ တုံ့ပြန်မှုအပေါ် မည်သို့ ယူဆမည်မှာ သူ့ပြဿနာမဟုတ်ပေ။

"အဲဒီတော့ မင်းက ထပ်သွားကြည့်ဦးမှာလား။" တစ်ယောက်က မေးလိုက်သည်။

"အင်း.. ကြည့်မှာ။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ အံ့အားသင့်သည့် ရေရွတ်သံများက လူအုပ်ထဲမှ ထွက်ပေါ်လာပေသည်။

ရီဖူရှင်းသည် နတ်ဘုရားရုပ်ကြွင်းကို မမြင်နိုင်ဟု သူတို့အား ပြောခဲ့သည်။ ထို့နောက်တွင် သူက ၎င်းကို တစ်ဖန် သွားထပ်ကြည့်မည်ဟု အတည်ပြုပြန်သည်။ သူက မည်သည်ကို ဆိုလိုသနည်း။

သူက အခြားသော တန်ခိုးရှင်အားလုံးကို သူ့ထက် နိမ့်ကျသည်ဟု သွယ်ဝိုက်ညွှန်းဆိုနေသည်လား။

ဆရာသခင်အဆင့် တန်ခိုးရှင်များသည်လည်း ရီဖူရှင်းအား ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ်ရှိ လူကြီးတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက လာတဲ့ ကျော်ကြားတဲ့ တန်ခိုးရှင်ရဲ့ အဖြေက ဘယ်လောက် အထင်ကြီးစရာ ကောင်းလိုက်သလဲ။ မင်းက ကိုယ့် ဂုဏ်သတင်းနဲ့အညီ သေချာပေါက် ရှင်သန်နေတာပဲ။"

ရီဖူရှင်းသည် ထိုလူ စကားပြောလာသည့်အခါ အနီးဝန်းကျင်အား တုန်ခါသွားစေသည်ကို စွာ ခံစားမိပေသည်။ သူက ထိုစွမ်းအား ထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။ သူ့ကို အံ့အားသင့်စေသည်မှာ မျက်မမြင်ထျယ်သည် ထိုသက်လတ်ပိုင်းလူနှင့် ရင်ဆိုင်ရသည့်အခါ သူ့ခန္ဓာကိုယ်မှ ပြင်းထန်လှသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

မျက်မ​မြင်ထျယ်သည် ရီဖူရှင်းနှင့် စတွေ့စဥ်ကပင် အမြဲ တည်ငြိမ်သော ပုံစံကိုသာ ပြသခြင်း ဖြစ်ပေသည်။ သူ့အမြင်ကို ဆုံးရှုံးပြီးနောက် သူက ဒေါသစိတ်ကို ထိန်းသိမ်းဖို့ရာ စိတ်ဝိညာဥ် ကျင့်ကြံရင်း ရွာထဲ၌ နှစ်ပေါင်းများစွာ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေခဲ့သည်။

မျက်မမြင်ထျယ်၏ ပြင်းထန်နေသော တုံ့ပြန်ချက်ကြောင့် ရီဖူရှင်းက သက်လတ်ပိုင်းလူကြီးကို ​စစ်ဆေးကြည့်လိုက်သည်။ မျက်မမြင်ထျယ်က သူ့အမြင်အာရုံကို ဆုံးရှုံးခဲ့ရပြီး ပြင်ပဘုံမှ လူများအား မယုံကြည်သည်မှာ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက သူ့အား သစ္စာဖောက်ကာ နတ်ဘုရားနည်းစနစ်ကို ခိုးယူသွားခဲ့သည့် မိတ်ဆွေတစ်​ယောက်ကြောင့် ဖြစ်လေသည်။

သက်လတ်ပိုင်းလူကြီးက ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပုံရ​လေသည်။ ရီဖူရှင်းသည် ထိုလူက မျက်မမြင်ထျယ်အား အမြင်အာရုံ ဆုံးရှုံးစေခဲ့သည့် သူ ဖြစ်မည်ဟု ယူဆမိပေသည်။

***

All Chapters