မြင့်တက်လာသော ကုန်ဈေးနှုန်း၊ အင်မော်တယ်ရှားဂိုဏ်း၏ဆုလာဘ်များ
Vol. 2 Ch. 17
“ဒါပေမဲ့ ငါ ချီသန့်စင်ခြင်း အဆင့်(၄) ကို မချိုးဖြတ်နိုင်သေးဘူး။”
ကျိုးစွေ့က သူ၏မေးစေ့အား ပွတ်လိုက်သည်။
နှစ်ဝက်ကြာ ကျင့်ကြံပြီးနောက် ဆေးလုံးများ၏ အကူအညီနှင့် ပေါင်းစပ်လိုက်သောအခါ၊ သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီသည် လျင်မြန်စွာ တိုးပွားလာပြီး ချီသန့်စင်ခြင်း အဆင့်(၃) အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သို့သော်ငြား ချီသန့်စင်ခြင်း အဆင့်(၃)နှင့် ချီသန့်စင်ခြင်း အဆင့်(၄)အကြားတွင် ပါးလွှာသော အတားအဆီးတစ်ခု ရှိနေသေးသည်။
သာမန်ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင် အမှန်တကယ် ချိုးဖြတ်နိုင်ရန် အနည်းဆုံး လေးငါးနှစ်ခန့် အချိန်ယူရပေမည်။
သို့သော် အဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်သွားပြီဖြစ်ရာ၊ သူသည် လေးငါးနှစ် မလိုအပ်နိုင်ဟု ခံစားရပေသည်။ လအနည်းငယ်အတွင်းမှာပင် ချီသန့်စင်ခြင်း အဆင့်(၄)သို့ သူတိုးမြှင့်နိုင်ပေမည်။ ထိုအခါ၌ သူသည် အလယ်လတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
၎င်းနယ်ပယ်အဆင့်က အထူးအဆန်း မဟုတ်သော်လည်း အနည်းဆုံးတော့ သူသည် ကျင့်ကြံခြင်းလောက၏ အနိမ့်ဆုံးအလွှာမှ လွတ်မြောက်ပြီဟု ဆိုရပေမည်။
ယင်းက သူအား မိမိကိုယ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စွမ်းအား ပေးစွမ်းလေသည်။
ထို့သည်အား စဉ်းစားကာ ကျိုးစွေ့က အကြောတစ်ချက်ဆန့်လိုက်ပြီး ခြံဝန်းအပြင်သို့ လမ်းလျောက်ထွက်လိုက်ရာ အိမ်နီးချင်းအချို့နှင့် ဆုံလိုက်မိလေသည်။
“ယို့၊ ရောင်းရင်းကျိုးပါ့လား။ မိန်းမလှလေးကို ယူထားတော့ အခုမှပဲ အပြင်ထွက်ဖို့ စိတ်ပါတော့တယ်ပေါ့လေ။”
ပြောလိုက်သူကား သူ၏ အိမ်နီးချင်းဖြစ်သူ အဆင့်နိမ့်ဆေးဖော်ဆရာ ကျန်းချန် ဖြစ်လေသည်။
ယခင်က သူသည် ကျိပင်းယွီက ကျိုးစွေ့အား စုပ်ယူကျင့်ကြံလိုခြင်းသာ ဖြစ်သည်ဟု အမြဲတစေထင်ထားခဲ့ပြီး၊ ကျိုးစွေ့သည် ရက်အနည်းငယ်ထက် ပိုအသက်ရှင်နိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့ပေသည်။
သို့သော် ကျိုးစွေ့က နှစ်ဝက်တိုင် အသက်ရှင်နေသေးရုံသာမက သူ၏ကျင့်ကြံမှုကိုလည်း ချီသန့်စင်ခြင်း အဆင့်(၃) သို့ မြှင့်တင်နိုင်ခဲ့မည်ဟု မည်သူထင်ထားမည်နည်း။
ကျိုးစွေ့၏ စိတ်ဝိညာဉ်အမြစ်သည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် ဖြစ်ကြောင်းကိုလည်း သူသိထား၏။ မည်သည့်အဆင့် စိတ်ဝိညာဉ်အမြစ် ဖြစ်သည်အား သူ မသိထားသော်လည်း ၎င်းသည် သူ့ထက် သေချာပေါက် ပိုမိုဆိုးရွား၏။ သာမန်အခြေအနေများအောက်တွင် ချီသန့်စင်ခြင်း အဆင့်(၁)မှ ချီသန့်စင်ခြင်း အဆင့်(၃)သို့ တက်လှမ်းနိုင်ရန် အနည်းဆုံး ဆယ်နှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။
သို့သော် ယခုတွင်မူ၊ ချီသန့်စင်ခြင်း အဆင့်(၉)ရှိ မိန်းမလှတစ်ဦးနှင့် လက်ထပ်ပြီးနောက် သူသည် ရုတ်တရက်ကြီးပွားချမ်းသာလာကာ၊ ချက်ချင်းဆိုသလို သူ၏ကျင့်ကြံမှုအဆင့်ကိုလည်း ချီသန့်စင်ခြင်း အဆင့်(၃)သို့ မြှင့်တင့်နိုင်ခဲ့လေသည်။
သံသယဖြစ်ဖွယ်မလိုပေ၊ ဤကျင့်ကြံသူမိန်းမလှက သူ၏ကျင့်ကြံမှုအား အထောက်အကူပြုရန် ဆေးလုံးအများအပြား ပံ့ပိုးပေးခဲ့သည်မှာ သေချာပေသည်။
မဟုတ်ပါက သူ၏ကျင့်ကြံမှုသည် ဤကဲ့သို့ လျင်မြန်စွာ တိုးတက်လာနိုင်စရာ အကြောင်းမရှိပေ။
ထိုကလေးသည် ငယ်စဉ်က ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် မိဘများ၏ ထောက်ပံ့မှုဖြင့် သက်သောင့်သက်သာ နေထိုင်ခဲ့ရပြီး၊ အရွယ်ရောက်လာသောအခါတွင်လည်း ကျင့်ကြံသူမိန်းမလှတစ်ဦး၏ မျက်နှာသာပေးခြင်း ခံရကာ ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိခဲ့သည်အား စဉ်းစားမိသောအခါ၊ အူများပင် စိမ်းလောက်အောင် သူမနာလို ဖြစ်မိလေသည်။ အဘယ်ကြောင့် ထိုကလေးက ကျင့်ကြံသူအမျိုးသမီးထံမှ ဤသို့သော မျက်နှာသာပေးမှုအား ရရှိနိုင်ရသနည်း။ ကောင်းကင်ဘုံက တကယ်ကို မမျှတပေ။
သူသည်လည်း ထိုကိစ္စမျိုးတွင် မဆိုးလှပါ၊ သို့တိုင်အောင် အဘယ်ကြောင့် သူမက သူ့အား သဘောမကျရသနည်း။
“ဦးလေးကျန်းကတော့ နောက်နေပြန်ပြီ။ ကျွန်တော်အပြင်မထွက်တာက ကျွန်တော့်ရဲ့ ကျင့်ကြံမှုက နိမ့်ကျနေလို့ပါ။ ဒါ့ကြောင့် အိမ်မှာပဲ ကြိုးစားကျင့်ကြံနေရတာပေါ့။ ဘယ်လိုပြောပြော ကျွန်တော်ရဲ့ ကျင့်ကြံအဆင့်နဲ့ အပြင်မှာ ဘယ်လိုလုပ် လျှောက်သွားရဲမှာလဲဗျာ။”
ကျိုးစွေ့က အေးဆေးသောအမူအရာဖြင့် အနည်းငယ် ပြုံးလိုက်သည်။
“အင်း၊ မင်း အိမ်မှာပဲ ကြိုးစားပမ်းစား ကျင့်ကြံနေတာ ကောင်းပါတယ်။ မင်း မသိလောက်သေးဘူး၊ အခု အပြင်မှာ အရမ်းရှုပ်ထွေးနေတယ်။ တာအိုရောင်းရင်းလျိုနဲ့တခြားသူတွေ လွန်ခဲ့တဲ့နှစ်ဝက်လောက်က တိမ်မြူခိုးတောင်တန်းမှာ သေသွားကြတယ်လို့ ကြားတယ်။ ပြောကြတာတော့ ဆိုးသွမ်းကျင့်ကြံသူတွေက သတ်သွားတာဆိုပဲ။”
“သနားစရာ တာအိုရောင်းရင်းလျိုက ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီလေ။ အနာဂတ်မှာ အခြေတည်အဆင့်ကို မျှော်လင့်နိုင်လောက်တယ်။ သူ ဒီလောက်ကံဆိုးပြီး ဆိုးသွမ်းကျင့်ကြံသူတွေလက်ချက်နဲ့ ကြေကွဲစရာကောင်းအောင် အဆုံးသတ်သွားရမယ်လို့ ဘယ်သူထင်မှာလဲ။” ကျန်းချန်က ခံစားချက်များနှင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာ၊ လျိုတုန်က သေပြီလား။ ဟုတ်ကောဟုတ်ရဲ့လား။”
ဤသည်အား ကြားရသောအခါ ကျိုးစွေ့သည်လည်း တုန်လှုပ်သွား၏။ သူသည် လွန်ခဲ့သော နှစ်ဝက်အတွင်း အိမ်တွင်းအောင်းကာ ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့ပြီး လျိုတုန်၏ ကိစ္စများအား အာရုံသိပ်မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူ့နောက်တွင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူအမျိုးသမီး သုံးဦးရှိထားလေသည်။ လျိုတုန် မည်မျှပင် သတ္တိကောင်းသည်ဖြစ်စေ၊ သေလမ်းရှာလိုသည်သာ မဟုတ်လျှင် သူ့အိမ်တွင် လာရောက် ဒုက္ခပေးရဲမည်မဟုတ်ပေ။
သို့သော် သူမည်သည့် လှုပ်ရှားမှုမှ မပြုလိုက်ရသေးမီမှာပင် လျိုတုန်၏ သေဆုံးမှုသတင်းအား ကြားရမည်ဟု မည်သူထင်မည်နည်း။
အားကောင်းသော ရန်သူတစ်ဦးက ဒီအတိုင်းလေး လေထဲတွင် ပျောက်ကွယ်သွားလေပြီ။
သို့သော်ငြား သူ့အား ပို၍ပင် စိတ်အေးလက်အေး ဖြစ်သွားစေ၏။ ရန်သူတစ်ဦး ပျောက်ကွယ်သွားလျှင်၊ သူသည်လည်း တန်ပြန်ဗျူဟာ ချနေရန် ပူပန်နေရမည် မဟုတ်ပေ။
“တကယ် အဲ့တာက အမှန်ပဲ။ ဒီသတင်းက ငါတို့ အိမ်နီးနားချင်းတွေကြားမှာ ပျံ့နေတာ အတော်ကြာပေါ့။”
ကျိုးချန်က လေးနက်သောအသံဖြင့် “ငါတို့အနီးတစ်ဝိုက်ကလူတစ်ယောက်က တိမ်မြူခိုးတောင်တန်း အတွင်းပိုင်းထဲကို စွန့်စားဝင်ရောက်ခဲ့တုံးက လျိုတုန်နဲ့အခြားသူတွေရဲ့ အလောင်းတွေကို တွေ့ခဲ့တာတဲ့။ အလောင်းတွေက မှတ်မိဖို့မလွယ်လောက်အောင်ကို ကိုက်ဖြတ်ခံထားရတယ်တဲ့။ သူတို့က တကယ့်ကို ဝမ်းနည်းစရာ သေဆုံးခြင်းမျိုးနဲ့ သေခဲ့ကြတာပဲ။”
ဤကိစ္စက လုံးဝပင် အမှန်ဖြစ်ကြောင်း သူထပ်မံ၍ ပြောလိုက်သည်။
“ဒီလိုဆိုရင်၊ တရားခံကိုကော ရှာတွေ့ပြီလား။” ကျိုးစွေ့က စူးစမ်းလိုက်သည်။
“ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲကွာ။” ထိုစကားအား ကြားသော် ကျန်းချန်က ချက်ချင်း ရယ်မောလိုက်ပြီး “မင်းက လက်ရှိအခြေအနေတွေ ဘယ်လိုဖြစ်နေလဲဆိုတာကို မသိပါဘူး။ အင်မော်တယ်ရှားဂိုဏ်းက တိမ်မြူခိုးတောင်တန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့အတွက်၊ တစ်ကိုယ်တော်ကျင့်ကြံသူတွေကော ကျင့်ကြံသူမိသားစုတွေကော အများကြီးကို တိမ်မြူခိုးတောင်တန်းအနက်ပိုင်းတွေထဲထိ ဦးဆောင်ခေါ်သွားခဲ့တာ။
အဲ့ဒီကျင့်ကြံသူတွေက အခြားနေရာတွေမှာ ဆိုးသွမ်းဗိုလ်ကျနေကျတွေ၊ တစ်ယောက်ချင်းစီက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုးသွမ်းကျင့်ကြံသူတွေပဲ။ သူတို့ထဲက ဘယ်သူမဆို တရားခံ ဖြစ်နေနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အဖြစ်အပျက်တွေ တိမ်မြူခိုးတောင်တန်းထဲမှာ အများကြီး ဖြစ်ပျက်နေတာ။ နေ့တိုင်း ကျင့်ကြံသူအများအပြား သေနေကြတာ ဘယ်လိုမှ စီမံခန့်ခွဲနေဖို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင်၊ လျိုတုန်က တောထဲမှာ သေသွားတာဆိုတော့ ပိုပြီးတော့တောင် ဘယ်သူကမှ ဂရုစိုက်မနေဘူး။”
ယင်းအား ပြောနေရင်း သူက ရုတ်တရက် အသံနိမ့်လိုက်ကာ “ပြီးတော့ ငါ အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုကိုလည်း ကြားထားသေးတယ်။ အင်မော်တယ်ရှားဂိုဏ်းက ရွှေနီသတ္တုတွင်းကို ဖွံ့ဖြိုးအောင် လုပ်နေတုန်း၊ ရုတ်တရက် အဆင့်နှစ် ယောင်သားရဲတစ်ကောင်နဲ့ တိုးတယ်တဲ့။ အဲ့ဒါကြောင့် ကျင့်ကြံသူတွေ အများကြီး သေကုန်ကြတယ်တဲ့။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးတောင် ဒဏ်ရာအပြင်းအထန်ရသွားပြီး အသည်းအသန် ထွက်ပြေးခဲ့ရတယ်တဲ့။ ဒါကြောင့်ပဲ ကျင့်ကြံသူတွေ အများကြီး ပြန်ပြေးလာကြတာပဲ။”
“တကယ်ကြီး အဆင့်နှစ် ယောင်သားရဲတစ်ကောင် ပေါ်လာတာလား။ အင်မော်တယ်ရှားဂိုဏ်း နောက်ဆုတ်လိုက်ရတာလား။”
ကျိုးစွေ့ လွန်စွာ အံ့အားသင့်သွားသည်။ မည်သို့ပင်ဆိုစေကာမူ၊ အဆင့်နှစ် ယောင်သားရဲဆိုသည်မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး၊ ၎င်း၏အစွမ်းသည် မယုံနိုင်လောက်အောင် အားကြီး၏။ သာမန်ကျင့်ကြံသူတစ်ဦးသည် အဆင့်နှစ် ယောင်သားရဲနှင့် တိုးပါက၊ မလွဲမသွေ သေဆုံးကြရမည်သာ ဖြစ်သည်။
“ဘယ်လိုလုပ် နောက်ဆုတ်မှာလဲ။”
ကျန်းချန်က သူ့လက်အား ခါလိုက်ပြီး “တိမ်မြူခိုးတောင်တန်းထဲမှာ ရွှေနီသတ္တုတွင်းနဲ့ ဝိညာဉ်မိုင်းတွင်း ရှိနေတာ၊ သူတို့သာ အဲ့တာတွေကို ရနိုင်မယ်ဆိုရင် အင်မော်တယ်ရှားဂိုဏ်းရဲ့ အင်အားကို သေချာပေါက် အတိုင်းထက်အလွန် တိုးပွားစေမှာလေ။ သူတို့ ဘယ်လိုမှ လက်လျှော့မှာ မဟုတ်ဘူး။”
“အဲ့ဒီ အဆင့်နှစ် ယောင်သားရဲရဲ့ တည်ရှိမှုကို သိပြီးနောက်တော့၊ အင်မော်တယ်ရှားဂိုဏ်းက အခြေတည်အဆင့် အကြီးအကဲ အများအပြားကို စေလွှတ်လိုက်သလို၊ တစ်ချိန်တည်းမှာပဲ သူတို့က အကျိုးအမြတ်တွေကို တိုးမြှင့်ပေးလိုက်တယ်လေ၊ အခြေတည်ဆေးလုံး ငါးလုံးထိတောင် ကမ်းလှမ်းထားတာကွ။”
“တိမ်မြူခိုးတောင်တန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား ပံ့ပိုးကူညီနိုင်တဲ့ ဘယ်သူမဆို အခြေတည်ဆေးလုံးတစ်လုံး ရနိုင်တယ်တဲ့။ အဲ့သတင်း ထွက်လာတော့ ကျင့်ကြံသူ များစွာက လှုပ်ရှားဖို့ စိတ်အားထက်သန်သွားကြပြီးတော့၊ အင်မော်တယ်ရှားဂိုဏ်းနောက်ကို လိုက်ပြီး တိမ်မြူခိုးတောင်တန်းထဲကို ဝင်ချင်နေကြတယ်လေ။”
အခြေတည်ဆေးလုံးလား..။
ကျိုးစွေ့၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ သူသည် လက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရူးသွပ်မှုအား လုံးဝပင် မြင်ယောင်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ၊ တစ်ကိုယ်တော်ကျင့်ကြံသူများအနေဖြင့် အခြေတည်ဆေးလုံးတစ်လုံးအား ရရှိလိုပါက၊ ဝိညာဉ်ကျောက်တုံး မည်မျှပင် သုံးစွဲရမည်အား သူတို့ မသိကြပေ။ သူတို့တွင် လုံလောက်သော ဝိညာဉ်ကျောက်တုံးများ ရှိလျှင်တောင်မှ အခြေတည်ဆေးလုံးအား ဝယ်ယူနိုင်ရန် လမ်းကြောင်း သူတို့တွင် ရှိကြမည်မဟုတ်ပေ။
ယင်းက ငွေပေးတိုင်း ဝယ်ယူနိုင်သော ဆေးလုံးတစ်လုံး မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်သည် အခြေတည်ဆေးလုံးတစ်လုံး ရရှိပါက၊ ၎င်းသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် မျှော်လင့်ချက်ရှိသည် ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။
များစွာသော တစ်ကိုယ်တော်ကျင့်ကြံသူများ အရူးအမူးဖြစ်ကာ အင်မော်တယ်ရှားဂိုဏ်းနောက်သို့ လိုက်၍ တိမ်မြူခိုးတောင်တန်းထဲသို့ ဝင်ရောက်လိုကြခြင်းမှာ အံ့ဩစရာမရှိတော့ပေ။
“အဲ့ဒါကြောင့်ပဲ မီယွင်မြို့မှာ ဆေးလုံးတွေ၊ အဆောင်တွေ၊ မှော်အသုံးအဆောင်တွေ၊ ဝိညာဉ်ဆန်တွေ စတာတွေရဲ့ ဈေးနှုန်းတွေက မိုးထိအောင် မြင့်ကုန်တာပေါ့ကွာ။ တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားက တိမ်မြူခိုးတောင်တန်းထဲကို ဝင်ပြီး သေမင်းနဲ့ ရင်ဆိုင်ဖို့ အရင်းအမြစ်တွေ စုဆောင်းနေကြတာပေါ့။”
ကျန်းချန်က ဤကာလအတွင်း မီယွင်မြို့ရှိ ကုန်ပစ္စည်းအမျိုးမျိုး၏ ဈေးနှုန်းများ မြင့်တက်လာမှုက သာမန်ကျင့်ကြံသူများ အလူးအလဲ ညည်းညူနေရသည့် အခြေအနေထိတိုင် ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပြလေသည်။ ယခင်ကနှင့် စာလျှင် ဈေးနှုန်းများက အနည်းဆုံး နှစ်ဆတက်သွားလေသည်။
မီယွင်မြို့၏ အိမ်ငှားခများပင်လျှင် တိုးလာကြပြီ ဖြစ်၏။ မည်မျှသော တစ်ကိုယ်တော်ကျင့်ကြံသူများက မီယွင်မြို့တွင် လာရောက်နေထိုင်လိုကြသည်အား မည်သူမှ မသိနိုင်ပေ။
မည်သို့ပင် ဖြစ်စေ၊ တစ်ကိုယ်တော်ကျင့်ကြံသူများက လွန်စွာ များပြားလှပေသည်။ သူတို့သည်သာ မြို့အပြင်ထွက်၍ နေထိုင်ပါက၊ ဆိုးသွမ်းကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းအား ခံရမည့် အန္တရာယ်ကလည်း အမြဲပင် ရှိနေလေ၏။
မြို့ထဲတွင် နေထိုင်ခြင်းကသာလျှင် သူတို့၏ ဘေးကင်းလုံခြုံမှုက အဆပေါင်းများစွာ ပိုကောင်းမည်သာ ဖြစ်လေသည်။