← Chapters

ဝိညာဉ်အရက်ဖြင့် ကံကြမ္မာကောင်းဖန်တီးခြင်း၊ ဝိညာဉ်ကျောက်သောင်းချီ ရှာခြင်း

Vol. 2 Ch. 18

ဝိညာဉ်အရက်ဖြင့် ကံကြမ္မာကောင်းဖန်တီးခြင်း၊ ဝိညာဉ်ကျောက်သောင်းချီ ရှာခြင်း

Vol. 2 Ch. 18

“စကားမစပ်၊ တာအိုရောင်းရင်းကျိုး၊ အင်မော်တယ်ရှားဂိုဏ်းနောက်ကိုလိုက်ပြီး တိမ်မြူတောင်တန်းထဲမှာ တိုက်ပွဲဝင်ဖို့ အစီအစဉ်ရှိလား။” ကျန်းချန်က မေးလိုက်သည်။

“ဘာလဲ၊ လူအများကြီး သွားကြလို့လား.။” ကျိုးစွေ့က ပြန်မေးလိုက်သည်။

“မင်း ဘေးအိမ်က တာအိုရောင်းရင်းထောင်ကို သိတယ်မလား။ သူက ချီသန့်စင်ခြင်း အဆင့်(၈)ကျင့်ကြံသူလေ၊ အင်မော်တယ်ရှားဂိုဏ်းနောက်ကို လိုက်ပြီး တိမ်မြူခိုးတောင်တန်းထဲကို ဝင်ကံစမ်းဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ဘာပဲဖြစ်ဖြစ်၊ သူ့ရဲ့ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီနဲ့ဆိုရင် အင်မော်တယ်ရှားဂိုဏ်းရဲ့ ဆုလာဘ်မရရင်၊ ဒီတစ်သက် အခြေတည်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိဘူးလေ။”

“ငါသာ ကံကောင်းထောက်မလို့ ကြီးမားတဲ့ ပံ့ပိုးမှုသာ လုပ်နိုင်ခဲ့ရင် အင်မော်တယ်ရှားဂိုဏ်းကနေ ဆုလာဘ်တစ်ခု ရလိမ့်မယ်။ အခြေတည်အဆင့်ကို အောင်မြင်အောင် တက်လှမ်းနိုင်မယ်လို့ ငါမပြောနိုင်ပေမယ့်၊ အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၉)အထိတော့ တိုးမြှင့်နိုင်မှာပဲ.” ကျန်းချန်က ရှင်းပြလိုက်သည်။

“ဒါပေမဲ့ တိမ်မြူခိုးတောင်တန်းက အရမ်းအန္တရာယ်များတယ်၊ တကယ်ပဲ စွန့်စားရတာ တန်လို့လား။”

ကျိုးစွေ့က မျက်မှောင်ကြုတ်လိုက်၏။

အင်မော်တယ်ရှားဂိုဏ်းက အမှန်တကယ် ဤမျှရက်ရောမည်ဟု သူမယုံကြည်ပေ။ တိမ်မြူခိုးတောင်တန်းအား ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရာတွင် အန္တရာယ်မရှိဘူးဆိုလျှင်၊ ထိုမျှများပြားသော အရင်းအမြစ်များအား ဆုလာဘ်အဖြစ် သူတို့ ပေးအပ်ချင်မည်နည်း။

ဆိုရိုးစကားအတိုင်း “ကြီးမားသော ဆုလာဘ်သည် အမြဲပင် ရဲရင့်သောသူအား မွေးထုတ်ပေးသည်” ဟူသည့်အတိုင်း ဖြစ်ပေ၏။

အင်မော်တယ်ရှားဂိုဏ်းသည် ထိုတစ်ကိုယ်တော် ကျင့်ကြံသူများအား တိမ်မြူတောင်တန်း၏ များပြားလှသော အန္တရာယ်များအား တောင့်ခံနိုင်ရန်၊ သူတို့အတွက် အမြှောက်စာအဖြစ် အသုံးချရန် ဆွဲဆောင်လိုခြင်းသာ ဖြစ်နိုင်ခြေများလေ၏။

အင်မော်တယ်ရှားဂိုဏ်းအနောက်သို့လိုက်ကာ တိမ်မြူခိုးတောင်တန်းထဲသို့ ဝင်ရောက်ခဲ့ကြသော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ သေဆုံးနှုန်းက သေချာပေါက် လျော့နည်းမည် မဟုတ်သည်မှာ သံသယဖြစ်ဖွယ်မလိုပေ။

“အင်း၊ ဒါကတော့ ကြိုးစားကြည့်ဖို့ ထိုက်တန်ပါတယ်။ တိမ်မြူခိုးတောင်တန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့၊ အင်မော်တယ်ရှားဂိုဏ်းက အခြေတည်အဆင့် အကြီးအကဲသုံးဦးနဲ့ ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ရာကျော် စေလွှတ်ထားတယ်။ သူတို့က လုံးဝအနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားကြတာပဲ။”

“ငါသာ ကျင့်ကြံမှုမှာ ဒီလောက်အားနည်းမနေခဲ့ရင် ငါလည်း တစ်ချက်လောက်တော့ လိုက်စမ်းကြည့်လိုက်ချင်တယ်” ကျန်းချန်က သက်ပြင်းချလိုက်သည်။

ဤတစ်ကြိမ် အင်မော်တယ်ရှားဂိုဏ်း၏လှုပ်ရှားမှုက အမှားအယွင်းရှိမည်မဟုတ်ဟု သူခံစားနေရပေသည်။

“ထားလိုက်ပါ၊ ကျွန်တော်က ချီသန့်စင်ခြင်း အဆင့်(၃)မှာပဲ ရှိသေးတော့ လိုက်သွားရင်တောင် ဆုလာဘ်များများ ရမှာမဟုတ်ဘူး။ အိမ်မှာနေပြီး ကောင်းကောင်း ကျင့်ကြံတာပဲ ပိုကောင်းပါတယ်။”

“ဆေးလုံးတွေ မလောက်တော့ရင်လည်း တာအိုလက်တွဲဖော်ဆီက တောင်းလိုက်ရုံပေါ့။”

ကျိုးစွေ့က လက်ကို ခါယမ်းလိုက်ပြီး ဤရှုပ်ထွေးမှုများထဲတွင် ပါဝင်မပတ်သက်လိုကြောင်း ပြသလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ သူ၏ဝိညာဉ်အရက် ရောင်းအားသည် ယခုအခါ အလွန်ကောင်းမွန်နေပြီး၊ သူသည် လစဉ် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ခန့် ရှာ‌ဖွေနိုင်သည်ဖြစ်ရာ၊ သူ့တွင် ဝိညာဉ်ကျောက်တုံး မရှားပါးပေ။

သူသာ အခြားသူများ၏ အာရုံစိုက်မှုအား ရှောင်ရှားရန် မကြိုးစားပါက၊ ဝိညာဉ်ကျောက်တုံးများ ပို၍ပင် ရှာဖွေနိုင်အုံးမည် ဖြစ်သည်။

ထို့ကြောင့်ပင် သဘာဝအားဖြင့် အခြားတစ်ကိုယ်တော် ကျင့်ကြံသူများကဲ့သို့ အနည်းငယ်သော ဆုလာဘ်များအတွက် သူ၏အသက်အား စွန့်စားမည် မဟုတ်ပေ။

ထိုနေရာ၌ ဖြုန်းတီးရန် သူ့အသက်က များစွာပို၍ တန်ဖိုးရှိနေသည် မဟုတ်လော။

“ဒါ..။”

ထိုစကားအား ကြားသော်၊ ကျိုးချန်၏ပါးစပ်က တဆတ်ဆတ်ပင် တုန်သွားလေသည်။ အူများအသည်းများ စိမ်းဖန်သွားလောက်အောင်ထိ သူမနာလိုဖြစ်မိလေသည်။ ဆေးလုံးများ မလုံလောက်ပါက၊ သူ၏တာအိုလက်တွဲဖော်ထံ တောင်းလိုက်ရုံ ဟူသည်လော။ ၎င်းက လူတစ်ယောက် ပြောသင့်သည့်စကားပင် ဖြစ်ပါ၏လော…။

အဘယ်ကြောင့် သူ့တွင်မူ ထိုကဲ့သို့ ချမ်းသာသော တာအိုလက်တွဲဖော်တစ်ဦး မရှိရသနည်း။ ဘုရားသခင်က မျက်နှာလိုက်လှပေသည်။

ဤကောင်လေးက တိမ်မြူခိုးတောင်တန်းတွင် စွန့်စားလိုခြင်းမရှိသည်မှာလည်း အံ့ဩစရာမရှိပေ။

အကယ်၍ သင်သည် တာအိုလက်တွဲဖော်ထံမှ လက်ဝါးဖြန့်လိုက်ရုံမျှဖြင့် ငွေရနိုင်မည်ဆိုလျှင်၊ မည်သူက အပြင်ထွက်၍ စွန့်စားနေရလောက်အောင် မိုက်မဲနေမည်နည်း…။

ဤခွေးကောင်လေးက ထိုကျင့်ကြံသူမိန်းမလှလေးအပေါ် အမှန်တကယ်မှီခိုနေခြင်း ဖြစ်၏။ ကျင့်ကြံသူအမျိုးသမီးက သူ၏အဆီအနှစ်အား စုပ်ယူနေခြင်း မဟုတ်ဘဲ၊ ဤငနဲကသာလျှင် သူမ၏အဆီအနှစ်အား စုပ်ယူနေခြင်း ဖြစ်မည်ကိုပင် စိုးရိမ်မိတော့လေသည်။

ယင်းက အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပေသည်၊ ဤသို့သော အဖြစ်များ အဘယ့်ကြောင့် လောကတွင် ဖြစ်ပျက်နေရသနည်း…။

“ယောက်ျား”

ထိုအချိန်တွင် နူးညံ့သော ခေါ်သံတစ်ခုနှင့်အတူ၊ တံခါးအပြင်ဘက်မှ လှပကျော့ရှင်းသော အမျိုးသမီးကျင့်ကြံသူသုံးဦး ဝင်လာကြလေသည်။ ယင်းတို့က ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ ဖြစ်လေသည်။

၎င်းတို့က အိမ်မှထွက်ကာ ဝိညာဉ်အရက်‌ရောင်းချရန်နှင့် ဆေးပင်များ၊ကုန်ကြမ်းများ၊ ဝိညာဉ်အသားများ၊ ဝိညာဉ်ဆန်များနှင့် အခြားအထောက့်အပံ့များအား ဝယ်ယူရန် အခြားနေရာများသို့ သွားခဲ့ကြခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိ မီယွင်မြို့က ရှုပ်ထွေးနေကာ၊ နေရာတိုင်းတွင် နယ်ခြားကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။

ချီသန့်စင်ခြင်း အဆင့်(၃)သာရှိသေးသော ကျိုးစွေ့ကဲ့သို ကျင့်ကြံသူတစ်ဦးက အပြင်သို့ ပေါ့ပေါ့ဆဆ ထွက်သွားပါက၊ မည်သို့သော အန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည်ကို မည်သူ သိနိုင်မည်နည်း။

သို့သော် ကျိပင်းယွီနှင့် အခြားသူများ အပြင်ထွက်လျှင်မူ သူတို့က ထိုမျှဂရုမစိုက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူများ ဖြစ်ကြကာ၊ မည်သူမှ သူတို့အား အန္တရာယ်ပေးဝံ့ခြင်း မရှိကြပေ။

“ပြန်လာကြပြီလား၊ မြန်မြန်ဝင်ခဲ့လေ”

ကျိုးစွေ့က အနည်းငယ်ပြုံးလိုက်ပြီး ချက်ချင်းပင် တံခါးဖွင့်ကာ အမျိုးသမီးသုံးဦးအား ဝင်ခိုင်းလိုက်သည်။

“လခွမ်း။”

ထိုမြင်ကွင်းအား မြင်သော်၊ ကျန်းချန် လွန်စွာ မနာလိုသွားလေသည်။ သူသည် အသက်လေးဆယ်ပင် ကျော်နေပြီဖြစ်သောလည်း၊ တစ်ကိုယ်တည်းဖြစ်နေဆဲ ဖြစ်ပြီး တာအိုလက်တွဲဖော်တစ်ဦးတောင်မှ မရှိသေးပေ။

သူသည် သူ၏ကိစ္စအား ဖြေရှင်းရန် အပျော်ဂေဟာများသို့သာ နေ့စဉ်သွားရောက်ခဲ့ရသည်။ ထိုသို့ သွားရောက်သည့်အခါတိုင်း သူသည် ဝိညာဉ်ကျောက်တုံးများစွာအား ဖြုန်းတီးခဲ့ရပြီး၊ ၎င်းမှာ သူ၏ မိသားစုစည်းစိမ်အားလုံးအာ ကုန်ဆုံးစေခဲ့ပေသည်။

သို့သော် ဤကောင်လေးမှာမူ၊ ဤမျှငယ်ရွယ်သော အသက်အရွယ်နှင့်ပင် ဤသို့သော ကျင့်ကြံသူမိန်းမလှတစ်ဦး၏ မျက်နှာသာပေးခြင်းအား ရရှိခဲ့လေ၏။

ဤကောင်လေး၏ ဘဝက မည်မျှပြည့်စုံနေမည်အား မြင်ယောင်ကြည့်နိုင်ပေသည်။ နှိုင်းယှဉ်ခြင်းက တိတ်တဆိတ် စိတ်ပျက်အားငယ်မှုအား ဖြစ်စေသည်မှာ အမှန်ပင် ဖြစ်လေသည်။

သူသည်လည်း ချက်ချင်းပင် အိမ်အတွင်းသို့ဝင်ကာ တံခါးပိတ်လိုက်သည်။ ထိုသည်များအား မမြင်ချင်တော့ပေ။

…

ထိုအချိန်တွင်၊ ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့က အိမ်ထဲတွင် ထိုင်နှင့်နေကြပြီ ဖြစ်၏။

“ဘယ်လိုလဲ။ ဝိညာဉ်အရက်ရောင်းအားက ကောင်းရဲ့လား..။” ကျိုးစွေ့က မေးလိုက်သည်။

“ကောင်းတာမှ ချောချောမွေ့မွေ့ပါပဲ။”

ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်ရင်း “ဘာပဲဖြစ်ဖြစ်၊ မီယွင်မြို့မှာ ဈေးနှုန်းတွေ တက်လာတော့၊ ဝိညာဉ်အရက်ရဲ့ဈေးကလည်း တရိပ်ရိပ်တက်လာနေတယ်လေ။ တစ်ကရားကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာအဆင့်ကို ရောက်နေပြီ။”

“ကျွန်မတို့ ကရားတစ်ရာပဲ ရောင်းခဲ့ပေမယ့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်းရခဲ့တယ်။ ကျွန်မတို့ရဲ့ ငွေရှာနှုန်းက အရမ်းမြန်လွန်းလို့ ကျွန်မကိုတောင် ခြေတုန်လက်တုန်ဖြစ်မိစေတယ်။”

သူမက အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ဝန်ခံရလျှင်၊ ကျိုးစွေ့၏ ဝိညာဉ်အရက်သာ မရှိခဲ့ပါက ဝိညာဉ်ကျောက်တုံးများ ရှာဖွေခြင်းက ဤမျှ ရိုးရှင်းလွယ်ကူသော အရာဖြစ်ကြောင်း သူမ သိနိုင်ခဲ့မည် မဟုတ်ပေ။

အပြင်ထွက်၍ စွန့်စားရန်မလို၊ ရတနာများအတွက် လူသတ်ရန်မလို၊ ယောင်သားရဲများအား အမဲလိုက်ရန် မလိုပေ။ ဝိညာဉ်အရက် ရောင်းရုံမျှဖြင့် ငွေများစွာ ရှာနိုင်ပေသည်။

အခြေခံအားဖြင့်၊ လွန်ခဲ့သော ခြောက်လအတွင်း၊ သူတို့သည် ဝိညာဉ်အရက် ရောင်းရုံမျှဖြင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သောင်းချီ၍ ရရှိခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ယခင်က သူတို့ မည်သည့်အခါကမှ စိတ်ကူးမယဉ်ရဲခဲ့သော ဘဝပင် ဖြစ်လေသည်။

“စိတ်မပူပါနဲ့၊ ဒီဝိညာဉ်ကျောက်တုံးပမာဏက အရမ်းများမှန်း ကျွန်မတို့ သိပါတယ်။ ဒါကြောင့် ကျွန်မတို့က အဲ့ဒီစားသောက်ဆိုင်တွေနဲ့ပဲ ပူးပေါင်းပြီးတော့၊ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတွေကို မရောင်းပါဘူး။ အဲ့ဒီစားသောက်ဆိုင်တွေက ဝယ်လိုအား အရမ်းများတော့ ကရားဒါဇင်နဲ့ချီပြီး အလွယ်တကူ ဝယ်နိုင်ကြပါတယ်။”

“အရေးအကြီးဆုံးကတော့ စားသောက်ဆိုင်တွေဆီကို ကုန်ပစ္စည်းတွေသွားရောင်းတဲ့အခါမှာ၊ အဲ့ဒီကို မသွားခင် ကျွန်မတို့ကိုယ်တိုင် ရုပ်ဖျက်ထားခဲ့တယ်။ သူတို့က ကျွန်မတို့တည်နေရာကို ရှာချင်ရင်တော့ မဖြစ်နိုင်ပါဘူး။”

မုဇီယန်နှင့် ရှားကျင်းယန်တို့က ရှင်းပြလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူတို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသည်ဖြစ်ရာ၊ ရန်သူ၏ပစ်မှတ်ထားခြင်းခံရပါက မည်မျှအန္တရာယ်များမည်အား ရှေးယခင်ကတည်းက နားလည်ထားကြပြီး ဖြစ်လေသည်။ အခြားကျင့်ကြံသူများ၏ တိုက်ခိုက်မှုအား သူတို့ သေချာပေါက် ခံရမည် ဖြစ်သည်။

ထို့ကြောင့် ယင်းအား ရှောင်ရှားနိုင်ရန် သူတို့သည် အမြဲတစေ သတိကြီးစွာ ထားခဲ့ကြပြီး၊ အခြားသူများအား သူတို့၏ အစစ်အမှန် ဇစ်မြစ်အား သိရှိသွားစေရန် ဘယ်တုံးကမှ မရည်ရွယ်ခဲ့ကြပေ။

အခြားသော ကျင့်ကြံသူများက သူတို့ ဤမျှ များပြားသော ဝိညာဉ်ကျောက်တုံးများ ရရှိခဲ့သည်အား သိရှိခဲ့ကြပါက၊ သူတို့အား သေချာပေါက်တိုက်ခိုက်ကြမည်ဖြစ်ရာ ကြီးမားသော အန္တရာယ်အား ဖြစ်စေပေလိမ့်မည်။

“အမှန်အတိုင်းပြောရရင်၊ အန္တရာယ်မရှိဘူးလို့လည်း ပြောလို့တော့ မရဘူး။ ကျွန်မတို့ ဝိညာဉ်အရက် ရောင်းလာတာ နှစ်ဝက်တောင် ရှိပြီဆိုတော့၊ အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်တွေက ကျွန်မတို့ရဲ့ ဇစ်မြစ်ကို စပြီးသံသယဝင်လာကြပြီလို့ ခံစားရတယ်။”

ကျိပင်းယွီက လေးနက်သောအသံဖြင့် ဆိုလေ၏။

သူမ၏ဝိညာဉ်စွမ်းအား ကြီးထွားလာသည်နှင့်အမျှ သူမသည် အခြားသူများ၏ ရန်လိုမှုများအား ပိုမို၍ အာရုံခံလာနိုင်လေသည်။

အစပိုင်းတွင် စားသောက်ဆိုင်ပိုင်ရှင်များသည် မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ မရှိခဲ့ကြသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ကျိပင်းယွီနှင့်အခြားသူများ၏ ဝိညာဉ်အရက်မူလအစအား သံသယဝင်လာကြပြီ ဖြစ်၏။

“ဒီအတိုင်းသာဆိုရင်၊ ငါတို့ ဝိညာဉ်အရက်ရောင်းတာကို ယာယီရပ်နားထားရလိမ့်မယ်။ ဝိညာဉ်ကျောက်တုံး အများကြီး မရှာနိုင်ရင်တောင်၊ မင်းတို့ရဲ့ ဘေးကင်းလုံခြုံရေးက အရေးအကြီးဆုံးပဲ။ မင်းတို့ ဘယ်တော့မှ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် မလုပ်ရဘူး။”

ကျိုးစွေ့၏မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။

ဤသည်မှာ လွန်စွာအန္တရာယ်များသော အချက်ပြမှုတစ်ခုဖြစ်လေရာ၊ အလွန်အမင်း သတိထားခြင်းက လွန်ကဲမည်မဟုတ်ဟု သူခံစားရပေသည်။

All Chapters