← Chapters

မီယွင်မြို့လုံခြုံရေး ယိုယွင်းလာမှု၊ ထင်တိုင်းကြဲလာသော လုယက်သူများ

Vol. 2 Ch. 21

မီယွင်မြို့လုံခြုံရေး ယိုယွင်းလာမှု၊ ထင်တိုင်းကြဲလာသော လုယက်သူများ

Vol. 2 Ch. 21

“မုမိသားစု…? သူတို့က တကယ်ပဲ မင်းကို သေခါနီးအဘိုးကြီးတစ်ယောက်နဲ့ လက်ထပ်ဖို့ အတင်းဖိအားပေးခဲ့တာလား။”

“မယားငယ်တစ်ယောက်ရဲ့ သမီးဖြစ်တော့ကော ဘာဖြစ်လဲ၊ လူတစ်ယောက်ပဲလေ။ ဘာဖြစ်လို့ တရားဝင်သားမြေးတွေက ပိုသာလွန်ပြီး၊ မယားငယ်မိသားစုက မွေးဖွားလာတဲ့သူတွေက နိမ့်ကျနေရမှာလဲ..။ လောကကြီးမှာ ဒီလို ယုတ္တိမတန်တာမျိုး မရှိသင့်ဘူး။”

“မင်းတို့က ငါ့ရဲ့လက်တွဲဖော်ကို ဒီလိုဆက်ဆံရဲရင်၊ အခြေတည်အဆင့် မိသားစု ဖြစ်နေရင်တောင် ပြန်ပေးဆပ်ရလိမ့်မယ်။”

“အရှေ့အရပ်မှာ နှစ်သုံးဆယ်၊ အနောက်အရပ်မှာ နှစ်သုံးဆယ်၊ ဆင်းရဲတဲ့သူကို အထင်မသေးနဲ့ တဲ့။ ငါ ရွှေအမြုတေကျင့်ကြံသူ ဖြစ်လာတဲ့အခါကျရင် မုမိသားစုနဲ့ လျိုမိသားစုကို ပြန်ပေးဆပ်ခိုင်းပြီး၊ မင်းကို အတင်းအကျပ် လက်ထပ်ခိုင်းခဲ့တဲ့အတွက် မုမိသားစုကို နောင်တကောင်းကောင်း ရစေရမယ်။”

ကျိုးစွေ့က သူ၏လက်သီးများအား ဆုပ်လိုက်ပြီး၊ ဒေါသအလွန်ထွက်နေဟန်ဖြင့် မုဇီယန်အတွက် နောက်ထပ် လက်တွေ့မကျသောကတိတစ်ခု ပေးလိုက်သည်။

“ယောက်ျား၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ။”

မုဇီယန်က မျက်ရည်ဝဲနေသော အကြည့်ဖြင့် ကျိုးစွေ့အား ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားကာ စိတ်ထဲတွင် နွေးထွေးမှုအား ခံစားလိုက်ရလေသည်။

မည်သည့်အချိန်မှ သူမ၏ခင်ပွန်းသည် ရွှေအမြုတေကျင့်ကြံသူ ဖြစ်လာမည်အား သူမ မသိနိုင်သော်လည်း၊ အနည်းဆုံးတော့ သူမ၏ခင်ပွန်းတွင် ထိုကဲ့သို့သော ရည်ရွယ်ချက်များ ရှိသည့်အတွက် သူမ ကျေနပ်မိလေသည်။

ထိုအချိန်တွင်၊ သူမနှလုံးသားထဲမှ အချစ်သည်လည်း အရိုင်းဆန်စွာ တိုးပွားလာလေသည်။

“မင်း ဘာတွေပြောနေတာလဲ။ ကိုယ့်ရဲ့လက်တွဲဖော်အပေါ် ကြင်နာတာက သဘာဝပဲ မဟုတ်လား။”

ကျိုးစွေ့က မုဇီယန်အား ချစ်မြတ်နိုးစွား ကြည့်လိုက်သည်။

သူ့တွင် ရွေးချယ်စရာမရှိပေ။ မုဇီယန်သည် နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း၊ အမှန်တကယ်တွင် သဘောထားကြီးပေသည်။ ဤကဲ့သို့သော ကျင့်ကြံသူ မိန်းမလှလေး၏ လှုပ်ရှားမှုမှန်သမျှက တင့်တယ်လှပေသည်။

“ယောက်ျား..၊ ကျွန်မကို နောက်တစ်ခေါက် ချစ်ပေး..။”

မုဇီယန်က ကျိုးစွေ့အား ရှက်ရွံ့စွာ ကြည့်လိုက်၏။

ထိုစကားအား ကြားရသောအခါ ကျိုးစွေ့ ဆက်လက် ထိန်းမထားနိုင်တော့ပေ။ ဆက်လက်၍သာ ထိန်းထားနိုင်ပါက သူသည် ယောက်ျားစင်စစ်တစ်ယောက် မည်သို့ ဖြစ်နိုင်မည်နည်း။

…

မလှမ်းမကမ်းတွင်၊ သူမ၏အခန်းထဲတွင် ပုန်းနေသော ရှားကျင်းယန်သည် မျက်နှာနီရဲနေလေသည်။ ကျိုးစွေ့၏အိပ်ခန်းအတွင်း ဖြစ်ပျက်နေသည်များအား သူမလည်း သိပေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူမ အလွန် ဒေါသထွက်နေလေသည်။

“အစ်မကျိ၊ အစ်မက အဲ့ဒီအရှက်မရှိတဲ့ကောင်က မယားငယ်ယူခွင့်ပြုခဲ့တယ်၊ ပြီးတော့ အဲ့ဒါက အစ်မမုတဲ့။ ဒါ သူ့အတွက် သိပ်ကို လွယ်လွန်းမနေဘူးလား။ တကယ်ကို အဓိပ္ပါယ်မရှိဘူး။”

ရှားကျင်းယန် အံ့ကြိတ်လိုက်သည်။ ကျိုးစွေ့သည် ထိန်းသိမ်းမှုမရှိသော ကာမဘီလူးတစ်ကောင် ဖြစ်သည်ဟု သူမ ယူဆလေသည်။

အကယ်၍ ဤလူယုတ်မာတွင် အစကတည်းက မကောင်းသောအကြံအစည်များ ရှိသည်အား သူမ သိခဲ့ပါလျှင်၊ လျှော့ဈေးဖြင့် ၎င်းနှင့် တူတူနေထိုင်ရန် သဘောတူခဲ့မည် မဟုတ်ပေ။ ဤလူယုတ်မာသည် အစကတည်းက လူကော၊ငွေပါ အပိုင်သိမ်းရန် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ကြံစည်ထားခဲ့သည်ဟု သူမ သံသယဝင်မိလေသည်။

ဤလူယုတ်မာက အမှန်တကယ် အကြံအောင်သွားမည်အား သူမ စိတ်ကူးပင် မယဉ်မိပေ။ ယခုတွင်မူ ၎င်းက ဘယ်တစ်ယောက်၊ညာတစ်ယောက် ဖြစ်နေချေပြီ။

“အဆင်ပြေပါတယ်၊ ဒါက ငါသဘောတူခဲ့တာ။ ဘာပဲဖြစ်ဖြစ် အခုက ငါ အခြေတည်အဆင့်ကို ချိုးဖြတ်ဖို့ အရေးကြီးတဲ့ အချိန်ပဲ။ ငါ့ယောက်ျားကို မချင့်မရဲလည်း ဖြစ်မနေစေချင်ဘူးလေ၊ ဟုတ်တယ်မလား။ အနည်းဆုံးတော့ အခြားသူကို ဦးစားပေးတာထက် ဖိတ်ချင်းဖိတ်၊ ကိုယ့်အိတ်ထဲကိုဖိတ်တာ ပိုကောင်းတာပေါ့။ ပြီးတော့ ညီမမုကလည်း စိတ်ထဲရှိပုံမပေါ်ဘူး၊ တော်တော်လေးတောင် ကျေနပ်နေပုံပဲလေ။”

ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်သည်။

ဘာရယ်..။

ထိုစကားအား ကြားသောအခါ ရှားကျင်းယန်၏နှလုံးသားထဲ၌ မနာလိုစိတ်များဖြင့် ပြည့်နှက်သွားလေသည်။ ငါ့ဆီကျ လာမဖိတ်ဘဲ၊ ဘာလို့ အစ်မမုလဲ..။

သို့တိုင် သူမ အလျော့မပေးသေးပဲ “အစ်မကျိ၊ သတိထားတာ ပိုကောင်းမယ်နော်။ အစ်မက ရှေ့ဆောင်လမ်းပြ လုပ်လိုက်လို့ကတော့၊ အဲ့ဒီလူယုတ်မာက မယားငယ်တွေ တစ်ယောက်ပြီးတစ်ယောက်ယူသွားလိမ့်မယ်။ နောက်ဆုံးကျ မိန်းမတွေ တစ်ပြွတ်လိုက်ကြီး ယူချလာလို့ မောင်းမဆောင်တည်လိုက်ရင် ခက်ရချည့်ရဲ့နော်။”

“အခုလက်ရှိ သူက ချီသန့်စင်ခြင်း အဆင့်(၄)မှာပဲ ရှိသေးလို့နော်၊ ချီသန့်စင်ခြင်း နှောင်းပိုင်း ဒါမှမဟုတ် အခြေတည်အဆင့်ကိုသာ ရောက်သွားရင် မယားငယ်တွေ အများကြီး ရှိမလာနိုင်ဘူးလား.။”

“အင်း၊ ဒါက တကယ့်ကို ပြဿနာပဲ။ ဒီလိုဆိုရင်ကော ညီမရှား...၊ ဘာလို့ ငါ့ကို ကူညီပြီး ငါ့ယောက်ျားကို လက်မထပ်ရတာတုံး..။ ဒီလိုသာဆိုရင် ငါ့ယောက်ျားလည်း ခြေငြိမ်သွားပြီး အခြားမိန်းမတွေနဲ့ ရှုပ်မနေတာ့ဘူးပေါ့။”

ကျိပင်းယွီက အပြုံးလေးနှင့် ပြောလိုက်သည်။

“ကျွန်...ကျွန်မလား...။ လက်မခံနိုင်ဘူး၊ ဘယ်သူက အဲ့လို ခြေမငြိမ်တဲ့ ယောက်ျားကို ယူချင်မှာလဲ..။” ရှားကျင်းယန်၏ လှပသော မျက်နှာကလေးက နီမြန်းသွားပြီး၊ သူမ၏နှလုံးက တဒိန်းဒိန်း ခုန်သွားလေသည်။ ခေါင်းညိတ်လုနီးပါး ဖြစ်သွားသော်လည်း ပင်ကိုယ်အသိစိတ်ဖြင့် ငြင်းဆန်လိုက်လေ၏။

သူမအား သေအောင်ရိုက်သတ်လျှင်ပင် ထိုကဲ့သို့သော အရှက်မရှိသောစကားအား မပြောနိုင်ပေ။

သို့သော်လည်း ကျိပင်းယွီက ညီမဖြစ်သူ၏ အတွေးများအား ရှင်းရှင်းလင်းလင်းပင် နားလည်ထားသည်။ သူမသည်သာ ဤအကြံအား အမှန်တကယ် သဘောမကျပါက၊ ရှက်ရွံ့ခြင်းမဟုတ်ဘဲ စက်ဆုပ်ရွံ့ရှာသော အမူအရာကိုသာ ပြရမည် ဖြစ်လေသည်။

သူမ၏ခင်ပွန်းဖြစ်သူသည် အလွန်ပင် ဆွဲဆောင်အားကောင်းသောကြောင့် သူမ၏ညီမနှစ်ဦးစလုံး လုံးဝအရည်ပျော်ခဲ့ကျခဲ့ရသည်ဟုသာ ဆိုရပေတော့မည်။

သို့သော် ဤသည်မှာလည်း ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ၊ သူမတို့သည် ကြာမြင့်စွာကတည်းက အကျိုးစီးပွားအလို့ဌာ အတူတကွ ချည်နှောင်ထားပြီး ဖြစ်သည်။ အကယ်၍ မိသားစုတစ်ခု ဖြစ်လာပါက၊ အလိုအလျောက် ပို၍ပင် ရင်းနှီးလာကြပေမည်။

သို့သော် ညီမရှား၏ အမူအရာအရ၊ ထိုအကြံအား လက်ခံရန် အချိန်အနည်းငယ် လိုအပ်ပေအုံးမည်။

...

ပျော်ရွှင်စရာအချိန်များက အမြဲပင် လျင်မြန်စွာ ကုန်ဆုံးသွားတတ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လ ကုန်ဆုံးသွားလေသည်။

မုဇီယန်သည် သူမ၏မယားငယ်အဆင့်အတန်းဖြင့် လျင်မြန်စွာ အသားကျသွားပြီး၊ ကျိုးစွေ့၏အခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။

ရှားကျင်းယန်မှာမူ ဘာမှမမြင်သကဲ့သို့ ဟန်ဆောင်ကာ အချိန်ပြည့် သူမ၏အခန်းထဲတွင်သာ ကျင့်ကြံနေခဲ့လေသည်။ မကြာမီအချိန်အတွင်း ချီသန့်စင်ခြင်း အဆင့်(၉)သို့ တက်လှမ်းနိုင်တော့မည့်ပုံ ပေါ်လေ၏။

ဟုတ်ပေသည်၊ ကျိုးစွေ့သည်လည်း အိမ်တွင်းအောင်းကာ ကျင့်ကြံနေခဲ့လေသည်။ သို့သော် သူ၏စိတ်ဝိညာဉ်အမြစ်သည် အဌမအဆင့်သို့ တိုးမြှင့်သွားသည် ဆိုသော်လည်း၊ အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ် တစ်ခုသာ ဖြစ်နေသေးသည်။ ယခင်ကထက် ပိုမိုကောင်းမွန်လာသော်လည်း၊ ကျင့်ကြံမှုတိုးတက်နှုန်းက နှေးကွေးနေဆဲသာ ဖြစ်လေ၏။

သို့သော်၊ သူ၏လက်တွဲဖော်နှစ်ဦးနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း၊ ဝိညာဉ်အရက်၏ အထောက်အကူတို့ကြောင့်၊ သူ၏ကျင့်ကြံမှုတိုးတက်နှုန်းက ပြောရလောက်အောင်ထိ နှေးကွေးခြင်းတော့ မရှိပေ။ သူသည် ချီသန့်စင်ခြင်း အဆင့်(၅)အလွှာဆီသို့ လျင်မြန်စွာ တိုးတက်နေလေပြီ။ သာမန် ချီသန့်စင်ခြင်း အဆင့်(၄) ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်၊ ဤသည်မှာ မယုံနိုင်လောက်အောင် လျင်မြန်သောတိုးတက်မှုတစ်ခု ဖြစ်၏။

“တာအိုရောင်းရင်းကျိုး..။”

ထိုအချိန်တွင် အိမ်နီးချင်း ကျန်းချန်သည် တုန်လှုပ်နေသော အမူအရာဖြင့် ရုတ်တရက်ရောက်ရှိလာကာ “ခင်ဗျား ဒါကို ကြားပြီးပြီလားတော့ မသိဘူး၊ မနေ့ညက ဒီနားနေတဲ့ တာအိုရောင်းရင်းပိုင်တို့ မိသားစုသုံးယောက်စလုံး အသတ်ခံလိုက်ရပြီးတော့ ပိုင်ဆိုင်သမျှအကုန် လုယက်ခံလိုက်ရတယ်။”

“ဘာရယ်၊ အိမ်မှာအသတ်ခံလိုက်ရတာလား။ မီယွင်မြို့ထဲမှာ ဒီလိုကျူးလွန်ရဲရအောင် ဘယ်သူကများ သွေးကောင်းနေတာတုံး။”

ဤသတင်းအား ကြားလိုက်ရသော်၊ ကျိုးစွေ့ တုန်လှုပ်သွားသည်။ သူသည် အိမ်တွင်းအောင်းကာ ကျင့်ကြံမှုကိုသာ အာရုံစိုက်နေသောကြောင့် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များအား ဘာမှမသိခဲ့ပေ။ သူသည် လုံခြုံရေးအခြေအနေက ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု ဘယ်တုံးကမှ ထင်မထားမိချေ။

အိမ်မှာနေလျှင်ပင်၊ လူသတ်မှု လာရောက်ကျူးလွန်ကြမည့် လုယက်သူများ ရှိနေသည်လော။

တာအိုရောင်းရင်းပိုင်သည် ချီသန့်စင်ခြင်း အဆင့်(၆)ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ကာ သူ၏လက်တွဲဖော်သည် ချီသန့်စင်ခြင်း အဆင့်(၅)ရှိ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သူသိထားသည်။ ၎င်းတို့သည် များစွာ အစွမ်းထက်လှသည် မဟုတ်သော်လည်း၊ သူတို့အား ရန်သွားစရဲသူ သိပ်များများ ရှိမည်မဟုတ်ပေ။

သို့တိုင်၊ သူတို့သည် လုယက်သူများ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤသည်က ရမ်းကားလှချေသည်။

ယခင်က ထိုလုယက်သူများသည် တောထဲတွင်သာ လှုပ်ရှားရဲခဲ့သော်လည်း၊ ယခုမူ မြို့ထဲတွင်ပင် လူသတ်မှု ကျူးလွန်ရဲနေကြပြီ ဖြစ်သည်။

“တာအိုရောင်းရင်းကျိုး၊ မင်းမသိလောက်သေးဘူးထင်တယ်။ မကြာသေးခင်က အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူ တော်တော်များများကို တိမ်မြူခိုးတောင်တန်းအနက်ပိုင်းထဲကို ခေါ်သွားခဲ့တယ်။ မီယွင်မြို့လုံခြုံရေးအဖွဲ့က ကျင့်ကြံသူတွေ အများကြီးလည်း လိုက်သွားကြတယ်။ သူတို့ထွက်သွားကြတော့ မြို့လုံခြုံရေးကို ထိန်းသိမ်းဖို့ လူမလောက်တော့ဘူး။ ဒါကြောင့် လုယက်သူတွေက အတင့်ရဲလာကြပြီး မြို့ထဲမှာတောင် ကျင့်ကြံသူတွေကို သတ်ဖြတ်၊လုယက်လာကြတော့တာပဲ။”

ကျန်းချန်က အလွန်ပင် စိုးရိမ်နေသည်။ “ဘာပဲပြောပြော၊ လုံခြုံရေးအဖွဲ့မရှိတော့ တခြားတစ်ကိုယ်တော်ကျင့်ကြံသူတွေကလည်း မီယွင်မြို့ရဲ့ စည်းမျဉ်းတွေကို အလေးမထားကြတော့ဘူး။ အဲ့တာက မြို့ထဲက လုံခြုံရေး အခြေအနေကို ပိုပြီး မတည်မငြိမ်ဖြစ်လာစေတော့တာပေါ့။”

“တာအိုရောင်းရင်းပိုင်က အပြင်ထွက်ပြီး အစားအစာသွားမဝယ်ခင် ပြောခဲ့သေးတယ်။ သူ့ကို နယ်ခြားကျင့်ကြံသူတချို့က ပစ်မှတ်ထားနေကြတယ်တဲ့။ အဲ့ဒီညမှာပဲ လုယက်ခံလိုက်ရမယ်လို့ ဘယ်သူထင်မိမှာလဲကွာ။”

“ဒီလိုကိုး။”

မီယွင်မြို့ရှိ လုံခြုံရေးအခြေအနေသည် အဘယ်ကြောင့် ဤမျှဆိုးရွားသွားသည်အား ကျိုးစွေ့ ချက်ချင်းပင် နားလည်သွားသည်။ ယင်းသည် ကျင့်ကြံသူအများအပြားက ယောင်သားရဲများအား အမဲလိုက်ရန်နှင့်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ရာ တိမ်မြူခိုးတောင်တန်းအနက်ပိုင်းထဲသို့ ဝင်ရောက်ရန် မီယွင်မြို့မှ ထွက်ခွာသွားသောကြောင့် ဖြစ်သည်။

ဤသို့ဖြင့် မြို့ထဲတွင် လုံခြုံရေးအား ထိန်းသိမ်းနိုင်ရန် ကျင့်ကြံသူ အနည်းငယ်မျှသာ ကျန်ရှိစေတော့သည်။

အချို့သော နယ်ခြားတစ်ကိုယ်တော်ကျင့်ကြံသူများက ဤအခြေအနေကို မြင်သောအခါ၊ ထုံးစံအတိုင်း သတ္တိရှိလာကြကာ မြို့ထဲရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအား လုယက်လာကြခြင်းပင် ဖြစ်သည်။ ထိုသို့ဖြင့် မြို့သည် အလွန်တင်းမာသောအခြေအနေတွင် ရှိနေစေသည်။

All Chapters