← Chapters

အိမ်နီးချင်းကျင့်ကြံသူများ၏ တောင်းဆိုချက်၊ လုံခြုံမှုအပြည့်

Vol. 2 Ch. 22

အိမ်နီးချင်းကျင့်ကြံသူများ၏ တောင်းဆိုချက်၊ လုံခြုံမှုအပြည့်

Vol. 2 Ch. 22

“ဆိုတော့၊ ဒါတွေလာပြောပြနေတာ ခင်ဗျားဘာလိုချင်လို့တုံး။”

ကျိုးစွေ့သည် သူ၏အိမ်နီးချင်းအိုကြီးက အကြောင်းမရှိဘဲ အလည်လာမည်မဟုတ်ကြောင်း သိထားပြီး၊ တစ်ခုခုလိုအပ်၍သာ ထိုသူ လာရောက်ခြင်း ‌ဖြစ်ပေမည်။

“တကယ်တော့ ဒီလိုပါ။ မင်းရဲ့တာအိုလက်တွဲဖော်က ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် နောက်ထပ်မိန်းမနှစ်ယောက်လည်း မင်းနဲ့အတူနေကြတယ်ဆိုတာ ငါသိပါတယ်။”

ကျန်းချန်က မျက်နှာပြောင်တိုက်ကာ ပြောသည်။ “အဆိုးသွမ်းဆုံး လုယက်ကျင့်ကြံသူတွေတောင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် သုံးယောက်ကို တစ်ချိန်တည်း ရန်စရဲမှာမဟုတ်ဘူးလေ။ ဒါကြောင့် ငါနဲ့အခြားအိမ်နီးချင်းတွေ တိုင်ပင်ပြီးတော့ မင်းအိမ်ဘေးမှာ ယာယီနေထိုင်ခွင့်ပြုနိုင်မလားလို့ တောင်းဆိုချင်တာပါ။ တကယ်လို့များ လုယက်ကျင့်ကြံသူတစ်ယောက်များ ပေါ်လာခဲ့ရင်၊ ငါတို့အချင်းချင်းလည်း ဂရုစိုက်ပေးလို့ရတာပေါ့။”

သူက သူ့ရည်ရွယ်ချက်အား ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

တကယ်တော့ သူသည် အိမ်နီးနားချင်းအားလုံးကိုယ်စား ကျိုးစွေ့ထံမှ အကူအညီတောင်းခံခြင်းလည်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိ ဤလမ်းအတွင်းရှိ အင်အားအကြီးဆုံးကျင့်ကြံသူမှာ ကျိပင်းယွီဖြစ်ပြီး၊ ကျန်ကျင့်ကြံသူအများစုမှာ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိကြသည်။ သူတို့နှင့် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိသူများကြား ကွာခြားချက်က အလွန်ကြီးမားပေသည်။

“ဟုတ်ပါတယ်၊ ငါတို့ အကြာကြီးမနေပါဘူး၊ အများဆုံး တစ်လလောက်ပါပဲ။ အဲ့လောက်ဆို တိမ်မြူခိုးတောင်တန်းကိုသွားတဲ့ ကျင့်ကြံသူတွေလည်း ပြန်ရောက်လာပြီး၊ မီယွင်မြို့ရဲ့ လုံခြုံရေးက သေချာပေါက် ပုံမှန်ပြန်ဖြစ်သွားမှာပါ။”

ကျန်းချန်က အလျင်စလို ပြောလိုက်သည်။ ဤအိမ်နီးချင်းများက အကြာကြီးမဟုတ်ဘဲ အများဆုံး တစ်လသာနေမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြော၏။

“ကောင်းပြီလေ၊ ခင်ဗျားတို့ ကျုပ်အိမ်အနီးအနားမှာ နေလို့ရတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လုံခြုံရေးကိုတော့ အာမ မခံနိုင်ဘူး။”

ကျိုးစွေ့က သေချာစဉ်းစားပြီးနောက် သဘောတူလိုက်သည်။

သူငြင်းဆန်လျှင်ပင်၊ ဤအိမ်နီးချင်းများက ပတ်ပတ်လည်တွင် စုရုံးနေမည်သာဖြစ်ပြီး သူတားဆီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သဘောတူလိုက်တာက ပိုကောင်းကာ၊ သူတို့အား မျက်နှာသာပေးရာလည်း ရောက်ပေသည်။

ဤအိမ်နီးချင်းများသည် လုယက်ကျင့်ကြံသူများအား ဟန့်တားရန်၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများ၏ ဂုဏ်သတင်းကိုသာ အသုံးချလိုခြင်း ဖြစ်သည်။

“ကောင်းလိုက်တာ၊ ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်းရင်းကျိုး။”

ကျန်းချန် အလွန်ပင် ဝမ်းသာသွားသည်။

ဤအချိန်တွင် သူ၏ခံစားချက်များက ချိုမြိန်ခြင်းနှင့် ခါးသီးခြင်းတို့ ရောထွေးနေသည်။ ယခင်က၊ အသက်ကြီးကြီး အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် လက်ထပ်ခဲ့သော ကျိုးစွေ့သည် သူမ၏အသုံးတော်ခံအဖြစ် သေချာပေါက် အသုံးချခံရကာ လုံးဝခြောက်သွေ့သွားအောင် စုပ်ယူခံရမည်ဟု သူထင်ခဲ့သည်။

သို့သော် ယခုတွင်မူ၊ သူသည် ဘေးကင်းလုံခြုံနေရုံသာမက ကျင့်ကြံမှုသည်ပင် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့၏။ သူကိုယ်တိုင်ပင် ကျိုးစွေ့ထံ အကူအညီလာရောက်တောင်းခံနေရလေပြီ။

ဤလောကရှိ မသေချာခြင်းများက အခြားမည်သည့်အရာများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

လွန်ခဲ့သောတစ်နှစ်က တစ်စုံတစ်ယောက်သည် သူ့အား လူငယ်ဖြစ်သူ ကျိုးစွေ့ထံ သွားရောက်အကူအညီ တောင်းခံရမည်ဟု ပြောခဲ့ပါက၊ သေအောင်ရိုက်ခံရလျှင်ပင် သူယုံမည်မဟုတ်ပေ။

“ကောင်းပြီ၊ ဒီလောက်ပါပဲ၊ ကျုပ် ကျင့်ကြံဖို့ ပြန်လိုက်အုံးမယ်။”

ကျိုးစွေ့က ထွက်ခွာခွင့်ပြုကြောင်း အသိမှတ်ပြုလိုက်သည်။

ကျန်းချန်က လျင်မြန်စွာထွက်ခွာသွားသည်။ ဘေးပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသော အိမ်နီးချင်းကျင့်ကြံသူများ ချက်ချင်းဝိုင်းအုံလာကာ အခြေအနေအား မေးမြန်းကြလေသည်။

“အခြေအနေဘယ်လိုလဲ..။ ကောင်လေးကျိုး၊ မဟုတ်ဘူး၊ တာအိုရောင်းရင်းကျိုး သဘောတူလိုက်လား..။”

ကျင့်ကြံသူတစ်ဦးက မစောင့်နိုင်ဘဲ မေးသည်။

“တာအိုရောင်းရင်းကျိုး သဘောတူတယ်၊ သူက သူရဲ့ဂုဏ်သတင်းကို သုံးခွင့်ပြုလိမ့်မယ်၊ ဒါပေမဲ့ ငါတို့ရဲ့လုံခြုံရေးကိုတော့ သူ အာမ မခံဘူး။”

ကျန်းချန်က ပြန်ဖြေသည်။

“ဒါဆို လုံလောက်တာထက်တောင် ပိုနေပြီ။ ငါတို့ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအားလုံး စုပေါင်းအားရယ်၊ ပြီးတော့ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူတွေရဲ့ ခြိမ်းခြောက်မှုကိုပါ ထပ်ပေါင်းလိုက်ရင်၊ ဘယ်လိုလုယက်ကျင့်ကြံသူမဆို ဘယ်လောက်သတ္တိကောင်းကောင်း ငါတို့ကို ရန်ပြုဝံ့မှာမဟုတ်ဘူး။”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ စိတ်ချလက်ချဖြစ်သွားပြီး အလွန်ပင် စိတ်သက်သာရာ ရသွားကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် ဂုဏ်သတင်းတစ်ခုကပင် လုယက်ကျင့်ကြံသူများစွာအား ဟန့်တားရန် လုံလောက်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ လုယက်ကျင့်ကြံသူများသည် အရူးများမဟုတ်ကြပေ။ သူတို့အားလုံးသည် အားနည်းသူအား အခွင့်ကောင်းယူကာ အနိုင်ကျင့်သူများဖြစ်ကြပြီး၊ အမှန်တကယ် အားကြီးသောပြိုင်ဘက်တစ်ဦးနှင့် ကြုံတွေ့ပါက ပြန်လည်အသတ်ခံနိုင်ရခြေများကာ၊ သူတို့၏သေခြင်းနှင့် ကျင့်ကြံခြင်းလမ်းကြောင်း ပျက်သုန်းခြင်းဆီသို့ ဦးတည်သွားနိုင်ကြောင်း သိထားကြပေမည်။

လူတိုင်းက အင်မော်တယ်လမ်းစဉ်အား လျောက်လှမ်းနေကြပြီး၊ မည်သူက အခြားသူများအား သတ်ဖြတ်လုယက်ရန် အသက်အား ရင်းမည်နည်း။

သတ်ဖြတ်ရန် မအောင်မြင်ဘဲ ကိုယ်တိုင် အသတ်ခံရမည်မှာ အလွန်ပင် အန္တရာယ်များလွန်းပေသည်။ လုယက်ကျင့်ကြံသူတိုင်းသည် အကောင်းအဆိုး ချိန်ဆပြီး၊ သူတို့၏လုပ်ဆောင်ချက်များ တန်၊မတန်အား ဆုံးဖြတ်ကြပေလိမ့်မည်။

“ဒီတစ်ခါတော့ တာအိုရောင်းရင်းကျိုးကို တကယ်ကျေးဇူးတင်ရမယ်။ သူကြီးလာရင် အောင်မြင်မယ်ဆိုတာ ငါ ကလေးဘဝကတည်းက သိခဲ့တာ။”

“မဟုတ်လို့လား။ သူ့ရဲ့ကျင့်ကြံမှုက သာမန်ပေမယ့်၊ မိန်းမရွေးတဲ့မျက်စိကတော့ ထူးချွန်လွန်းတယ်လေ။”

“သိပ်ဟုတ်တာပေါ့ကွာ၊ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူက သူမှသူ ဖြစ်ပြီး၊ ကိုယ့်ကိုယ်ကို ပေးဆပ်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ”

“အင်း လူချင်းတူတာတောင် ဘဝချင်းတွေက မတူဘူး။ ဟူး… တာအိုရောင်းရင်းကျိုးလိုမျိုးသာ ဖြစ်ရင် ဘဝက နေရတာတန်ပါတယ်ကွာ။”

“တာအိုရောင်းရင်းကျိုးအိမ်မှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် မိန်းမနှစ်ယောက် ထပ်ရှိသေးတယ်ဆို၊ သူတို့ကိုလည်း ယူထားတာလား။”

“မဖြစ်နိုင်တာကွာ၊ ဒါကြီးကျ များလွန်းသွားပြီ။ ဖားပြုတ်က ငန်းကိုစားချင်ရင်တောင် ဒီလောက်အများကြီး‌တော့ မစားနိုင်ဘူး။ ငန်းတစ်ကောင်စားရတာကိုက အံ့ဖွယ်ဖြစ်နေပြီ၊ တစ်ကြိမ်တည်း သုံးကောင်ဆိုရင်တော့ ပြောမနေနဲ့တော့ ရူး‌လောက်စရာဖြစ်နေပြီ။”

“ဘာပဲဖြစ်ဖြစ် ငါတို့ တာအိုရောင်းရင်းကျိုးကို ကျေးဇူးတင်ရမယ်။ သူသာမရှိရင် ငါတို့ ဒီတစ်ခါ ဒုက္ခလှလှတွေ့နိုင်တယ်။”

“ဟင်း… မီယွင်မြို့က အခြေအနေ ဒီလောက်အထိ ဆိုးရွားသွားမယ်လို့ ဘယ်သူ ထင်မိမှာလဲ။”

ကျင့်ကြံသူအများအပြားက အချင်းချင်း စကားပြောဆိုကြရင်း၊ မီယွင်မြို့လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ ပူပန်နေကြလေသည်။

မူလက သူတို့သည် မီယွင်မြို့တွင် ကြီးကြီးမားမား အန္တရာယ်များ မရှိပဲ နေထိုင်နိုင်ခဲ့ကြ၏။ အင်မော်တယ်ရှားဂိုဏ်း ရုတ်တရက်ရောက်ရှိလာကာ တိမ်မြူခိုးတောင်တန်း ပတ်ဝန်းကျင်ဒေသအား ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေမည်ဟု မည်သူထင်ထားမည်နည်း။

…

ထိုအချိန်တွင် ကျိုးစွေ့သည်လည်း အိမ်သို့ ပြန်ရောက်နေပြီဖြစ်၏။ ကျိပင်းယွီနှင့် အခြားအမျိုးသမီးများအား မကြာသေးမီက ဖြစ်ရပ်များအကြောင်း ပြောပြပြီး၊ လုယက်သူများ များပြားလာသောကြောင့် ပေါ့ပေါ့ဆဆ အပြင်မထွက်ကြရန် သတိပေးလိုက်သည်။

မဟုတ်ပါက၊ သူတို့ မည်သည့်အန္တရာယ်မျိုးနှင့် ကြုံတွေ့ရမည်အား သိနိုင်မည်မဟုတ်ပေ။

ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင်၊ အငိုက်ဖမ်း တိုက်ခိုက်ခံရပါက အသက်ရှင်လွတ်မြောက်နိုင်မည်အား ပြောရခက်ပေသည်။

အထူးသဖြင့် ယခုအချိန်တွင် မီယွင်မြို့ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းနေပြီး၊ နေရာတိုင်းတွင် သူစိမ်းများ ရှိနေသောကြောင့် ဖြစ်သည်။

အားနည်းသောကျင့်ကြံသူများ လက်ချက်ဖြင့် ပေါ့တီးပေါ့ဆနေမိသောကျင့်ကြံသူ မည်မျှသေဆုံးခဲ့ပြီအား မည်သူမှသိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်နေပြီ ဖြစ်၏။

“စိတ်အေးအေးထားပါ ယောက်ျား၊ ဒီလုယက်ကျင့်ကြံသူတွေသာ ဒီကိုလာရဲရင် သေချာပေါက်သေရမယ်။ ငါ့ဓားကို ခံနိုင်ရည်ရှိမရှိ ကြည့်လိုက်ချင်သေးတယ်။”

ကျိပင်းယွီက တည်ငြိမ်စွာပြောလိုက်ရင်း၊ အသတ်အဖြတ် အရှိန်အဝါ ခပ်ပါးပါးက ထုတ်လွှင့်နေ၏။

သူမက ခက်ထန်‌ကာ အနိုင်မခံအရှုံမပေးတတ်သည့် ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူတစ်ဦးဖြစ်ကာ၊ ရွယ်တူကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းဟု အမှန်တကယ် သတ်မှတ်ခံထားရသူဖြစ်သည်။

“ကျွန်မ ပထမအဆင့် ထိပ်တန်းအဆောင်တော်တော်များများ ပြင်ဆင်ထားတယ်။ ဒီလုယက်ကျင့်ကြံသူတွေသာ တကယ်လာရင်၊ သေချာပေါက် ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်။” မုဇီယန်က သူမ၏လက်သီးသေးသေးလေးအား ဆုပ်လိုက်သည်။

ပထမအဆင့် ထိပ်တန်းအဆောင်ပညာရှင်တစ်ဦးအနေဖြင့်၊ သူမသည် မီးအဆောင်၊ ရေခဲအဆောင်နှင့် မိုးကြိုးအဆောင်ကဲ့သို့သော ထိပ်တန်းအဆောင် ဒါဇင်ပေါင်းများစွာအား ပြင်ဆင်ထားပြီးဖြစ်သည်။ ထိပ်တန်းအဆောင်တစ်ခုစီတွင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုတစ်ခုစာ စွမ်းအားရှိပေသည်။

ထိပ်တန်းအဆောင် ဒါဇင်ပေါင်းများစွာအား ပစ်ပေါက်လိုက်ပါက၊ ချီသန့်စင်ခြင်း အဆင့်(၉)ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် အမှုန့်ဖြစ်သွားပေမည်။

“ကျွန်မ အိမ်ထဲက အစီအရင်ကိုလည်း အဆင့်မြင့်ထားတယ်၊ ပထမအဆင့် ကာကွယ်ရေးအစီအရင်နဲ့ တိုက်ခိုက်ရေးအစီအရင်တစ်ခု ထပ်ထည့်ထားတယ်။ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ခုနှစ်ယောက်၊ရှစ်ယောက်လောက် တိုက်ခိုက်ရင်တောင် သူတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

ရှားကျင်းယန်က ဂုဏ်ယူစွာပြောလိုက်သည်။

သူမက အစီအရင်များတွင် မြင့်မားသော ပါရမီရှိသည့် ပထမအဆင့် ထိပ်တန်းအစီအရင်ပညာရှင်တစ်ဦးဖြစ်လေသည်။

ယခင် သူမတို့ တောထဲတွင် ကျင်လည်စဉ်က အန္တရာယ်အများအပြားအး ရှောင်ရှားရန် သူမ၏ ယာယီအစီအရင်များအပေါ် အားကိုးခဲ့ရလေသည်။

“အင်း၊ ကောင်းကောင်းလုပ်ခဲ့တာပဲ။”

ကျိုးစွေ့ ချက်ချင်းပင် စိတ်အေးသွားကာ လုံခြုံမှုအား ခံစားလိုက်ရသည်။ သူမတို့သည် အမှန်ပင် သူ၏တာအိုလက်တွဲဖော်များဖြစ်ကြပြီး၊ တကယ့်ကို ထက်မြက်ကာ သူ့ထက် များစွာ အားကောင်းကြပေသည်။

သူ့ဘက်တွင် ဤကဲ့သို့သော အားကြီးသောပုဂ္ဂိုလ်များရှိသည့်အတွက် ကံကောင်းလှပေသည်။ ကိုယ့်ကိုယ်ကိုသာ အားကိုးရပါက၊ လုယက်ကျင့်ကြံသူများ၏အန္တရာယ်အား ရင်ဆိုင်ရာတွင်၊ ကျီးလန့်စာစား၍ နေရပေမည်။

ထိုလုယက်ကျင့်ကြံသူများ မည်မျှပင် ထောင်လွှားစေကာမူ၊ သူ၏ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ရဲမည်မဟုတ်ဟု သူယုံကြည်ပေသည်။

အကယ်၍ လာရဲသော လုယက်ကျင့်ကြံသူများ ရှိခဲ့လျှင်၊ ၎င်းတို့အား နမူနာအနေဖြင့် သူ၏တာအိုလက်တွဲဖော်များ မည်မျှအစွမ်းထက်သည်အား ပေးမြင်စေလိုက်ရုံပင်။

ယခုအချိန်တွင် သူသည် ကျား၏စွမ်းအားကို ချေးငှားထားသော မြေခွေးတစ်ကောင်ကဲ့သို့ ခံစားရပေသည်။

All Chapters