မီယွင်နတ်ဆိုးသုံးဖော်အား သတ်ဖြတ်ခြင်း၊ သာလွန်တိုက်ခိုက်ရေးစွမ်းအား
Vol. 2 Ch. 23
ညည့်နက်ချိန်၊ ကောင်းကင်က မည်းမှောင်သောတိမ်တိုက်များဖြင့် ထူထပ်စွာဖုံးလွှမ်းနေ၏။
မီယွင်မြို့အတွင်း၊ ကျိုးစွေ့၏အိမ်အနီး လမ်းမပေါ်၌ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသုံးဦး ပေါ်လာလေသည်။ သူတို့အားလုံးက ချီသန့်စင်ခြင်း အဆင့်(၇)ရှိ ကျင့်ကြံသူများ ဖြစ်ကြပြီး၊ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်နှင့် သေစေနိုင်သောအရှိန်အဝါများ ထွက်ပေါ်နေ၏။
၎င်းတို့က ထင်တိုင်းကြဲသတ်ဖြတ်မှုများကြောင့်၊ နာမည်ဆိုးဖြင့်ကျော်ကြားသော လုယက်သူများဖြစ်ကာ၊ “မီယွင်နတ်ဆိုးသုံးဖော်”ဟု ကျော်ကြားပေသည်။
သူတို့၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသော တစ်ကိုယ်တော်ကျင့်ကြံသူများက မရေတွက်နိုင်အောင် များပြားသည်။
အမျိုးမျိုးသော လုယက်သတ်ဖြတ်မှုများမှတစ်ဆင့်၊ သူတို့ ဝိညာဉ်ကျောက်တုံး မည်မျှရရှိခဲ့သည်အား မသိနိုင်ပေ။ ထိုများပြားလှသော ဝိညာဉ်ကျောက်တုံးများကြောင့်ပင် သူတို့၏ကျင့်ကြံမှုက အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ချီသန့်စင်ခြင်း အဆင့်(၇)သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
နဂိုတုံးက “မီယွင်နတ်ဆိုးသုံးဖော်”သည် အပြင်ဘက်တွင်သာ လှုပ်ရှားကြပြီး မြို့ထဲတွင် ပြဿနာမရှာရဲကြပေ။ သို့သော် မီယွင်မြို့ရှိ ကျင့်ကြံသူအများအပြားက အင်မော်တယ်ရှားဂိုဏ်းနောက်သို့ လိုက်ပါသွားပြီး တိမ်မြူခိုးတောင်တန်းထဲသို့ ဝင်ရောက်သွားကြသဖြင့်၊ ဥပဒေစိုးမိုးရေးက မြို့၏ငြိမ်ဝပ်ပိပြားရေးအား မထိန်းသိမ်းနိုင်တော့ပဲ မငြိမ်မသက်ဖြစ်လာစေတော့သည်။
အကယ်၍ သူတို့သည်သာ ဤအချိန်ကောင်းတွင် မြို့ထဲရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအား လုယက်သတ်ဖြတ်ပါက သေချာပေါက် ချမ်းသာကြွယ်ဝလာမည်မှာ သံသယဖြစ်စရာမလိုပေ။
ယခင်ညအနည်းငယ်အတွင်း၊ အခြားကျင့်ကြံသူများ၏ အိမ်များသို့ တိတ်တဆိတ်ခိုးဝင်လုယက်ခဲ့ရာ၊ တိုက်ရာပါပစ္စည်းအများအပြားအား သူတို့ ရရှိခဲ့ကြလေသည်။
ယင်းက သူတို့အား ပိုမိုလောဘတက်လာစေကာ၊ ထပ်မံကျူးလွန်လိုစိတ်အား ဖြစ်ပေါ်စေ၏။
"အစ်ကိုကြီး၊ ကြည့်ရတာ ဒီလမ်းပေါ်က ကျင့်ကြံသူတွေ ကျွန်တော်တို့လာမယ်ဆိုတာ ကြိုသိပြီး အိမ်တစ်လုံးနားမှာ စုဝေးနေကြပုံပဲ။”
“အိုး၊ အဲ့ဒီအိမ်က ဘာများထူးခြားလို့ အဲ့ဒီမှာ စုဝေးနေကြတာလဲ။”
“ပြောကြတာတော့ အဲ့ဒီအိမ်မှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူသုံးယောက် နေထိုင်တယ်တဲ့။ သူတို့ထဲက တစ်ယောက်က ချီသန့်စင်ခြင်း အဆင့်(၉)မှာ ရှိနေတော့၊ သူတို့က အဲ့ဒီမိန်းမသုံးယောက်ရဲ့ ဂုဏ်သတင်းကို အားကိုးပြီး ကျွန်တော်တို့ကို ဟန့်တာချင်တာပဲ။”
“ဟဟ၊ ရယ်စရာကောင်းလိုက်တာ၊ လှည့်ကွက်ပဲ ဖြစ်ရမယ်။ နာမည်ကြီး ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူအားလုံးက မြို့လယ်ခေါင်မှာပဲ နေကြတာ၊ သူတို့က ဘယ်လိုလုပ် မြို့စွန့်မှာ လာနေမှာတုံး။ အဓိပ္ပါယ်မရှိလိုက်တာ။”
‘ဟုတ်တယ်၊ ကျွန်တော်လည်း အဲ့လိုပဲထင်တယ်။ ဒီမှာရှိတဲ့ကျင့်ကြံသူတွေက ကျွန်တော်တို့ကြောက်အောင် တမင်တကာ ဒီလိုရယ်စရာကောင်းတဲ့ ကောလဟလတွေကို ဖြန့်နေတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဒီလောက်လွယ်လွယ် လှည့်စားလို့ ရမတဲ့လား။”
“တပ်အပ်တော့ ပြောလို့မရဘူးလေ။ မဖြစ်နိုင်ဘူးဆိုပေမဲ့ ဖြစ်နိုင်ခြေကို ထည့်တွက်တာ ပိုကောင်းမယ်။ ကျွန်တော်တို့ သတိထားပြီး လှုပ်ရှားရမယ်။ မတော်လို့ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်သာ တကယ်ရှိရင်၊ ကျွန်တော်တို့ သေချာပေါက် ဒုက္ခရောက်ပြီ။”
“မင်းပြောတာမှန်တယ်၊ ငါတို့ အရင်ဆုံး စုံစမ်းသင့်တယ်။ တကယ်လို့ အဲ့ဒီအိမ်မှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးယောက် တကယ်နေထိုင်တယ်ဆိုရင်၊ ငါတို့ ဒီလမ်းကို စွန့်ပြီး အခြားနေရာတွေမှာပဲ ဆက်ပြီး လုယက်ကြတာပေါ့။”
“သဘောတူတယ်၊ ငါတို့က ပစ္စည်းဥစ္စာကိုပဲ ရှာတာ၊ နယ်ပယ်တူကျင့်ကြံသူတွေနဲ့ အသေအကြေတိုက်ခိုက်ဖို့ မလိုဘူး။ ဆုံးရှုံးရမတန်ဘူး။”
အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသုံးဦးက ဆက်တိုက်ဆွေးနွေးနေကြ၏။
လုယက်သူများအဖြစ်နှင့် ဤမျှသက်ဆိုးရှည်စွာ ရှင်သန်နိုင်ခဲ့ခြင်းက သူတို့၏သတိကြီးမှုနှင့် အားနည်းသူကိုသာ အနိုင်ကျင့်ပြီး၊ အားကြီးသူအား ကြောက်ရွံ့သောကြောင့်ဖြစ်သည်။
သူတို့သည် အကောင်ကြီးများနှင့် ဘယ်သောအခါမှ အသေအကြေမတိုက်ခိုက်ခဲ့ပေ။ ထို့ကြောင့်ပင် ယခုကဲ့သို့ သေကံမရောက်ဘဲ သက်ဆိုးရှည်ရှည် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
“နှမြောစရာပဲ၊ မင်းတို့ စောစောကတည်းက ထွက်ပြေးသွားခဲ့ရင်၊ မင်းတို့အသက်ကို ကယ်တင်နိုင်ခဲ့မှာ။”
အမှောင်ထဲမှ အသံတစ်သံက တိုးညှင်းစွာ ပဲ့တင်ထပ်လာလေသည်။
ဘာ..။
မီယွင်နတ်ဆိုးသုံးဖော်မှာ ချက်ချင်းပင် တုန်လှုပ်သွားကာ ချွေးစေးများပြန်လာကြသည်။ အကြောင်းမူကား၊ ယခုပင် သူတို့ပတ်ဝန်းကျင်တွင် မည်သူ့ကိုမျှ အာရုံမခံမိသောကြောင့်ဖြစ်သည်။ ဤအသံက မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။
သူတို့၏အကြည့်များအား စူးစိုက်လိုက်မှသာ မလှမ်းမကမ်းမှ ထွက်ပေါ်လာသော ပုံရိပ်တစ်ခုအား ရုတ်ချည်းမြင်လိုက်ရသည်။ ၎င်းက ၁၇၊၁၈နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပုံပေါ်ကာ၊ လမ်းမပေါ်တွင်တွေ့လျှင် သတိပြုမိမည်မဟုတ်သော သာမန်ရုပ်ရည်ရှိလေ၏။
ရန်သူ၏မျက်နှာအား ရှင်းလင်းစွာ မမြင်နိုင်မီမှာပင်၊ သာလွန်သော ပုံရိပ်ယောင်နည်းစနစ်တစ်ခုက ရုတ်တရက် တိတ်တဆိတ် ထွက်ပေါ်လာသည်။
ဝှမ်…!
မီယွင်နတ်ဆိုးသုံးဖော်သည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်တွင်သာ ရှိကြပြီး၊ ဤကဲ့သို့သော ပုံရိပ်ယောင်နည်းစနစ် တိုက်ခိုက်မှုအား ဘယ်တုံးကမှ မကြုံတွေ့ဖူးသလို၊ ပုံရိပ်ယောင်နည်းစနစ်များအား ခုခံနိုင်သော မှော်ပစ္စည်းတစ်ခုကိုမှလည်း မပိုင်ဆိုင်ကြပေ။
တစ်ခဏအတွင်းမှာပင်၊ ပုံရိပ်ယောင်တစ်ခုထဲတွင် ပိတ်မိနေပြီး နေရာတွင်ပင် ကြက်သေသေရပ်ကာ မလှုပ်ရှားနိုင်တာ့သည်အား တွေ့လိုက်ရပေသည်။ ယင်းက သေရေးရှင်ရေးတိုက်ပွဲတွင် သေစေနိုင်သောအမှားဖြစ်၏။
ဖောင်း…၊ဖောင်း...၊ဖောင်း…။
နောက်တစ်ခဏတွင် ဓားချီအများအပြားက လေကိုခွင်းကာ သူတို့၏ဦးခေါင်းများအား ချက်ချင်းပင် ထိုးဖောက်သွားပြီး သွေးများ နေရာအနှံ့ ပက်ဖြန်းသွားတော့သည်။
“ဒါ..။”
မီယွင်နတ်ဆိုးသုံးဖော်၏မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားသည်။ အသိမပျောက်ဆုံးမီ အမှောင်ထုကိုသာ တစ်ချက်မြင်လိုက်ရပေသည်။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူတို့ အသက်များဆုံးရှုံးသွားကာ ကြမ်းပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားပြီး ဖုန်များ ထသွားလေသည်။ သွေးများက နေရာအနှံ့စီးကျနေတော့၏။
တိုက်ခိုက်လိုက်သူက ကျိုးစွေ့မှလွဲ၍ အခြားမဟုတ်ပေ။ သို့သော် ဤသည်မှာ ကျိုးစွေ့၏အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘဲ သူ၏ကိုယ်ပွားကူမှ ဖွဲ့စည်းထားသော ကိုယ်ပွားတစ်ဦး ဖြစ်သည်။
မူလက ဤကိုယ်ပွားအား ပတ်ဝန်းကျင်အား ကင်းထောက်စောင့်ကြည့်ရန်သာ အသုံးပြုခဲ့ခြင်း ဖြစ်သော်လည်း၊ ဤစမ်းသပ်မှုအတွင်း ၎င်းက ချီသန့်စင်ခြင်း အဆင့်(၇)ရှိ လုယက်ကျင့်ကြံသူသုံးဦးအား တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည်။
၎င်းက ကျိုးစွေ့အား အလွန်အံ့ဩသွားစေသည်။
ကျိုးစွေ့ကိုယ်တိုင်ပင် အံ့ဩသွားသည်။ သူသည် ချီသန့်စင်ခြင်း အဆင့်(၄)သို့ တက်လှမ်းပြီးနောက်၊ သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီနှင့် သူ၏ဝိညဉ်စွမ်းအား နှစ်ခုစလုံး အလွန်တိုးတက်လာသည်မှာ သံသယဖြစ်စရာမလိုပေ။ အထူးသဖြင့် ဝိညာဉ်စွမ်းအားမှာ အကြီးမားဆုံးသော တိုးတက်မှုအား ရရှိခဲ့လေ၏။
အိပ်မက်ဝိညာဉ်ကူ၏အစွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ၊ ၎င်းက တစ်အပေါင်းတစ်ကဲ့သို့ ရိုးရှင်းသည်မဟုတ်တော့။ ချီသန့်စင်ခြင်းအဆင့်(၇)ရှိ ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် ချက်ချင်းသတ်ဖြတ်နိုင်ပေသည်။ ဤသည်မှာ ဝိညဉ်စွမ်းအား၏အစွမ်းဖြစ်၏။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအားသည် အလွန်အဆင့်မြင့်လွန်းပြီး အနည်းမျှသာ ၎င်းနှင့် ထိတွေ့ဖူးကြသည်။ ထို့ကြောင့် သူတို့တွင် မည်သည့်အကာအကွယ်မှာ မရှိခဲ့ပေ။
ထို့သို့သော ကြိုတင်ပြင်ဆင်မှုမရှိသော အခြေအနေ၌ ကျိုးစွေ့၏လျှပ်တစ်ပြတ်သတ်ဖြတ်ခြင်းအား ခံခဲ့ရခြင်း ဖြစ်သည်။
ဝိညာဉ်စွမ်းအားကို ခုခံနိုင်ရန် အနည်းဆုံး အခြေတည်အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။ ထိုအဆင့်မှ ကျင့်ကြံသူများက ဝိညာဉ်အာရုံအား ပိုင်ဆိုင်ထားကြပြီး ဝိညာဉ်စွမ်းအားကို အတိုင်းတာတစ်ခုထိ ခုခံနိုင်လေသည်။
တစ်နည်းအားဖြင့်၊ ဝိညာဉ်တိုက်ခိုက်မှုများအား ကာကွယ်နိုင်သော မှော်အသုံးအဆောင်တစ်ခုအား ပိုင်ဆိုင်ခြင်းသည်လည်း လုံလောက်ပေမည်။
သို့သော်၊ ထိုသို့သော ပစ္စည်းက အလွန်ရှားပါး၍ တန်ဖိုးရှိသောကြောင့် သာမန် တစ်ကိုယ်တော်ကျင့်ကြံသူများ လက်လှမ်းမီနိုင်သော အရာမဟုတ်ပေ။
“ငါ့ရဲ့လက်ရှိအနေအထားနဲ့ အိပ်မက်ဝိညာဉ်ကူရဲ့စွမ်းအားနဲ့ဆို၊ ချီသန့်စင်ခြင်း အဆင့်(၇)ကျင့်ကြံသူတွေကို အနိုင်ယူနိုင်ပြီ။ ချီသန့်စင်ခြင်း အဆင့်(၈)ကျင့်ကြံသူတွေကိုတောင် ယှဉ်နိုင်လောက်တယ်။ အင်းပေါ့၊ ထိပ်တိုက်ရင်ဆိုင်လို့တော့ ဘယ်ရမလဲ။ အလစ်တိုက်တာဆိုရင်တော့ တစ်ယောက်ကို တစ်ချက်နှုန်းနဲ့ ငါသတ်နိုင်တယ်။”
ကျိုးစွေ့ ချက်ချင်းပင် ကျေနပ်သွားသည်။
‘အဓိကတိုက်ခိုက်ရေးကူအဖြစ် အိပ်မက်ဝိညာဉ်ကူအား ရွေးချယ်ခဲ့ခြင်းက အတော့်ကို မှန်ကန်ပေသည်။ သူသည် ယခင်ဘဝတွင်လည်း အားနည်းသော ကိုယ်ခန္ဓာနှင့် အိမ်တွင်းပုန်တစ်ဦးသာဖြစ်ပြီး၊ မည်သည့် အနီးကပ်တိုက်ခိုက်မှုကိုမှ ကျွမ်းကျင်ခြင်းမရှိပေ။
ထို့အပြင်၊ အနီးကပ်တိုက်ခိုက်ခြင်းသည် တစ်ချက် သတိလစ်သည်နှင့် ရန်သူ၏သတ်ဖြတ်ခြင်းအာ ခံရနိုင်ခြေရှိကာ အလွန်ပင် အန္တရာယ်များလေ၏။
အဝေးမှတိုက်ခိုက်နိုင်သော မှော်ဆရာတစ်ဦးဖြစ်လာခြင်းက ပိုမိုကောင်းပေသည်။
ထိုနည်းလမ်းဖြင့်၊ သူ့ကိုယ်သူ မထိခိုက်စေဘဲ အဝေးကနေ၍ ရန်သူများအား သတ်ဖြတ်နိုင်ပေသည်။ ယင်းက သူ့အတွက် အသင့်တော်ဆုံး တိုက်ခိုက်ရေးနည်းလမ်း ဖြစ်ပေသည်။
မိမိကိုယ်ကို အန္တရာယ်ကြား ထည့်ခြင်းသည် မိုက်မဲသော အပြုအမူဖြစ်၏။
ထို့ကြောင့် အိပ်မက်ဝိညာဉ်ကူသည် သူ၏အဝေးတိုက်ခိုက်ရေးအတွက် ရွေးချယ်ထားသော ကူပိုးကောင်ဖြစ်ပြီး၊ ၎င်း၏စွမ်းအားက တကယ်ကို ထူးခြားပေသည်။
သူ၏ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၄)တွင်သာ ရှိသေးသော်လည်း၊ ချီသန့်စင်ခြင်း အဆင့်(၇)ရှိကျင့်ကြံသူတစ်ဦးအား အလွယ်တကူသတ်ဖြတ်နိုင်၏။ သူ့ထက်အဆင့်မြင့်သော ကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်နေသေးသည်။
ဤသည်က ကူနတ်ဘုရားပန်းကန်၏အစွမ်းအား သက်သေပြနိုင်ကာ၊ တစ်ကိုယ်တော်ကျင့်ကြံသူများ တုနှိုင်းနိုင်မည်မဟုတ်ပေ။
“သွားသင့်ပြီ။”
မီယွင်နတ်ဆိုးသုံးဖော်၏ သိုလှောင်အိတ်များအား ကိုယ်ပွားကျိုးစွေ့က ချက်ချင်းယူလိုက်ကာ၊ ဘာတွေပါသည်အား စစ်ဆေးနေရန်အချိန်မရှိတော့ပဲ ထွက်ခွာသွားလေသည်။
အကြောင်းရင်းက အဝေးမှ ခြေသံများကြားနေရကာ၊ တစ်စုံတစ်ယောက်က ဤနေရာမှ အသံများအား ကြားရပြီး လာရောက်စစ်ဆေးပုံရလေသည်။ ထို့ကြောင့် သူဆက်လက်နေရန် အကြောင်းမရှိတော့ပေ။
ဝှစ်ခနဲအသံနှင့်အတူ ကိုယ်ပွားသည် ထိုနေရာမှ လျှပ်တစ်ပြတ်ထွက်ခွာသွားပြီး ဘာမှ မဖြစ်ခဲ့သလို အိမ်သို့ ပြန်သွားလေသည်။