အဆုံးမဲ့ စာကြည့်တိုက်၊ စာအုပ်ကူ သန့်စင်ရန်အတွက် ကုန်ကြမ်းများ
Vol. 2 Ch. 26
“ငါ့ရဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုရှိမလား။”
ကျိုးစွေ့က ကူနတ်ဘုရားပန်းကန်ကို ကြည့်လိုက်ရင်း ဤရတနာက အဖြေတစ်ခုပေးနိုင်မည်လားဟု စဉ်းစားနေသည်။
ဝူးရှ်…။
တစ်ခဏအတွင်းမှာပင်၊ ကူနတ်ဘုရားပန်းကန်သည် သူ၏အတွေးများအား အာရုံခံမိပုံရပြီး အနည်းငယ် တုန်ခါသွားသည်။ ချက်ချင်းပင် သူ၏သိစိတ်ပင်လယ်ထဲသို့ သတင်းအချက်အလက် တစ်ခု စီးဝင်လာသည်။
“နေအုံး၊ စာအုပ်ကူကို သန့်စင်ရမယ်..။ စာအုပ်ကူက ငါ့ရဲ့နားလည်နိုင်စွမ်းကို အကူအညီပေးနိုင်တယ်လား။”
ကျိုးစွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
စာအုပ်ကူဟုခေါ်သော ဤအရာသည် စာအုပ်များမှ အသက်ဝင်လာသော ထူးခြားဆန်းကျယ်သည့် ကောင်းကင်နှင့်မြေကြီး၏ ကူပိုးကောင်တစ်မျိုးဖြစ်ပြီး၊ အမွေအနှစ် မှတ်တမ်းတင်ကျောက်စိမ်းပြားများ အပါအဝင် မရေမတွက်နိုင်သော စာအုပ်များကို စားသုံးနိုင်သည်။
စာအုပ်တစ်အုပ်အား ချေဖျက်ပြီးသည်နှင့်၊ ၎င်းသည် ဓာတ်ပုံရိုက်မှတ်ဉာဏ်ဖြင့် အသေးစိတ်အချက်အလက်တိုင်းအား ချက်ချင်း မှတ်သားထားနိုင်ပြီး ဘယ်တော့မှ မေ့လျော့သွားမည်မဟုတ်ချေ။ စာအုပ်အလုံအလောက်အား စားသုံးပြီးလျှင် ကြီးမားကျယ်ပြန့်သော စာကြည့်တိုက်တစ်ခု ဖြစ်လာပေမည်။
၎င်း၏မှတ်ဉာဏ်စွမ်းရည်သည် အကန့်အသတ်မရှိဘဲ၊ စာအုပ်များများ စားသုံးလေ ပိုမိုအစွမ်းထက်လာလေ ဖြစ်သည်။
အရေးကြီးဆုံးမှာ ၎င်းသည် ပိုင်ရှင်အား စာအုပ်များ၏အကြောင်းအရာများအား နားလည်အောင် ကူညီပေးနိုင်ခြင်းဖြစ်သည်။ ဉာဏ်ပညာကို မြှင့်တင်ပေးပြီး နားလည်နိုင်စွမ်းအား အရှိန်မြှင့်ပေးသည့် ကျင့်ကြံမှုအထောက်အကူတစ်ခုနှင့် တူပေသည်။
“လောကမှာ ဒီလိုကူမျိုး ရှိသေးတာလား။ ငါ ဒါကို သန့်စင်ရမယ်။”
ကျိုးစွေ့ အလွန်စိတ်လှုပ်ရှားသွားသည်။
ဤကူကောင်အား အောင်မြင်စွာ သန့်စင်နိုင်ပါက၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့် ပညာရပ်အမျိုးမျိုးသည် သူ့အတွက် ဒုက္ခများစွာ မဖြစ်စေတော့ဘဲ၊ ၎င်းတို့အား အလွယ်တကူ သူ နားလည်သဘောပေါက်စေမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ကျင့်ကြံချိန်မည်မျှ သူသက်သာသွားမည်အား ခန့်မှန်း၍ မရနိုင်ပေ။
“အဓိကပါဝင်ပစ္စည်းက သစ်သားကို အဓိကစားသုံးတဲ့ စိတ်ဝိညာဉ်ပိုးတစ်မျိုးဖြစ်တဲ့ သစ်သားပိုးပဲ။ အခြားပါဝင်ပစ္စည်း သုံးဆယ့်ခြောက်မျိုးလည်း ရှိသေးတယ်။”
“ကြည့်ရတာ ကုန်ကြမ်းတချို့ ဝယ်ရမယ့်အချိန်ပဲ။”
ကျိုးစွေ့က မေးစေ့အား ပွတ်လိုက်သည်။
ကံကောင်းစွာဖြင့် သူသည် စိတ်ဝိညာဉ်ကုန်ကြမ်း အမျိုးမျိုး အထူးထွက်သည့် တိမ်မြူခိုးတောင်တန်းအနီးရှိ မီယွင်မြို့တွင် နေထိုင်ခြင်းပင်။ သူ့တွင် ဝိညာဉ်ကျောက်တုံး အလုံအလောက်ရှိသရွေ့၊ လိုအပ်သည့် မည်သည့်ကုန်ကြမ်းကိုမဆို ဝယ်ယူနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ စာအုပ်ကူအား သန့်စင်ပြီးသည်နှင့်၊ သူ၏ကျင့်ကြံမှုသည် သိသိသာသာ လွယ်ကူလာမည်ဖြစ်သည်။ ထို့ကြောင့် ဤတာဝန်သည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာ ဖြစ်လေသည်။
…
ဘွန်း…
ချက်ချင်းပင် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး၊ ကိုယ်ပွားကူအား လည်ပတ်စေကာ ကိုယ်ပွားတစ်ဦးအား ကျိုးစွေ့ ဖွဲ့စည်းလိုက်သည်။
ဤကိုယ်ပွားသည် သူ၏မူလခန္ဓာကိုယ်နှင့် တစ်ထပ်တည်းနီးပါးတူညီကာ၊ တစ်ခုတည်းသော ကွာခြားချက်သည် သူ၏ကျင့်ကြံမှုက အနည်းငယ်နိမ့်ကျခြင်းပင် ဖြစ်သည်။
စာအုပ်ကူကို သန့်စင်ရန် လိုအပ်သောကုန်ကြမ်းများအား ဝယ်ယူဖို့ရာ၊ ဤကိုယ်ပွားအား အသုံးပြုရန် သူကြံထားလေသည်။
မီယွင်မြို့ထဲတွင် လူဆိုးများက နေ့ခင်းကြောင်တောင် လှုပ်ရှားရဲမည်မဟုတ်သော်လည်း သတိထားခြင်းက အမြဲတစေ ပိုမိုကောင်းမွန်ပေသည်။ မတော်တဆ ကိုယ်ပွားသည် ဈေးဝယ်ထွက်စဉ် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက၊ သူ၏မူလခန္ဓာကိုယ်အား ထိခိုက်စေမည်မဟုတ်ဘဲ၊ အဆိုးဆုံး အရေးမပါသော အဖိုးတန်ပစ္စည်းအချို့ကိုသာ ဆုံးရှုံးရမည် ဖြစ်၏။
ကျင့်ကြံမှုက တားဆီးမရနိုင်သည့်အဆင့်သို့ မရောက်မချင်း၊ သူ ဘယ်သောအခါမှ ပေါ့ဆမည်မဟုတ်ပေ။
ဝှစ်…!
ကျိုးစွေ့၏ကိုယ်ပွားက စံအိမ်မှ ထွက်ခွာပြီး မီယွင်မြို့လမ်းမကြီးဆီသို့ ဦးတည်လိုက်သည်။ လမ်းခရီးက ချောမွေ့ပေသည်။ လမ်းပေါ်တွင် ကျင့်ကြံသူများစွာ မရှိချေ၊ မကြာသေးမီက မီယွင်မြို့ လုံခြုံရေးအခြေအနေသည် အတော်လေးဆိုးရွားနေသောကြောင့် ကျင့်ကြံသူများအား စိတ်အေးလက်အေး လျှောက်သွားရန် မဝံ့မရဲ ဖြစ်စေသည်။
သူသည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ မီယွင်မြို့ရှိ ဒန်ဆေးစံအိမ်သို့ ရောက်ရှိကာ ဆိုင်ရှင်ကျောက်အား မြင်လိုက်ရသည်။
“အိုး၊ ဒါရှောင်ကျိုး မလား။ မတွေ့တာတောင် ကြာပြီ၊ မင်းရဲ့ကျင့်ကြံမှုက အများကြီးတိုးတက်လာပါ့လား။ ချီသန့်စင်ခြင်း အဆင့်(၄)ကို ရောက်နေပုံပဲ။”
ဆိုင်ရှင်ကျောက်က တိုးတက်လာသော ကျိုးစွေ့၏ကျင့်ကြံမှုအား လျင်မြန်စွာ သတိပြုမိပြီး အံ့ဩတကြီး ချီးကျူးလိုက်သည်။
ဘာရယ်..။
ကျိုးစွေ့ တုန်လှုပ်သွားသည်။ သူ၏ကျင့်ကြံမှု တိုးတက်လာသည်အား ဤမျှလျင်မြန်စွာ ထိုးထွင်းသိမြင်ခံရမည်ဟု သူမထင်ထားပေ။ ဤသည်မှာ သူ၏ကိုယ်ပွားသာ ဖြစ်သော်လည်း၊ ကျင့်ကြံမှုအဆင့်သည် သူ၏အစစ်အမှန်ခန္ဓာကိုယ်နှင့် အတူတူပင် ဖြစ်သည်။
နတ်ဆိုးအသွင်ပြောင်းပညာအား သူ ပိုမိုစောစီးစွာ ကျွမ်းကျင်ရန် လိုအပ်ပုံပေါ်လေသည်။ မဟုတ်ပါက မည်သည့်ကျင့်ကြံသူမဆို သူ့ကို အလွယ်တကူ ထိုးဖောက်မြင်နိုင်နေပြီး၊ မည်သည့် ကိုယ်ရေးကိုယ်တာကိုမှ လျှို့ဝှက်ထားနိုင်မည် မဟုတ်ပေ။
ပိုအရေးကြီးသည်မှာ သူ၏ကျင့်ကြံမှုသည် အလွန်လျင်မြန်စွာ တိုးတက်နေသည်အား သိသွားကြပါက၊ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု အခြားသူများက အာရုံခံမိနိုင်သည်။
သူ၏တာအိုလက်တွဲဖော်ဆိုလျှင် ပြဿနာမရှိသော်လည်း၊ မသမာသော ကျင့်ကြံသူများဆိုလျှင် သူ၏ရတနာများအား လောဘတက်ကာ သူ့အား သတ်ရန် ကြိုးစားကြပေမည်။
“ဆိုင်ရှင်ကျောက်က ချီးကျူးလွန်းနေပါပြီဗျာ။ ဒါတွေအားလုံး ကျွန်တော့်လက်တွဲဖော်ရဲ့ အကူအညီကြောင့်ပါပဲ။ သူမသာ မရှိရင်၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက ဒီလောက်မြန်မြန် တိုးတက်လာစရာ အကြောင်းမရှိပါဘူး။”
ကျိုးစွေ့က ခပ်ဟဟပြုံးကာ ပြန်ဖြေလိုက်ပြီး၊ အရာရာအား သူ၏တာအိုလက်တွဲဖော်ပေါ်သို့သာ ပုံချလိုက်သည်။
လက်တွဲဖော်..။
ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ကျိုးစွေ့၏တာအိုလက်တွဲဖော်အား ဆိုင်ရှင်ကျောက် သတိရသွားသည်။ ဤကဲ့သို့သော ကျင့်ကြံသူတစ်ဦး၏အကူအညီဖြင့်သာဆိုလျှင်၊ ဆေးလုံးအမြောက်အများ အသုံးပြု၍ အချိန်တိုအတွင်း ချီသန့်စင်ခြင်း အဆင့်(၄)သို့ ရောက်ရှိခြင်းက အံ့ဩစရာမရှိတော့ပေ။ ယင်းသည် ဝိညာဉ်ကျောက်တုံးများ အလုံအလောက်သုံးနိုင်ခြင်းပင် ဖြစ်သည်။
ဤအတွေးနှင့်အတူ၊ မနာလိုမှုများ ဒီရေတက်သလို တိုးပွားလာလေသည်။ ဤသာမန်ကောင်လေးသည် ဤကဲ့သို့သော အဆင့်မြင့်အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ မျက်နှာသာပေးခြင်းအား မည်သို့ ရရှိခဲ့သနည်း။ သူ၏ဘိုးဘေးများ ဘယ်လောက်တောင် ဘုရားတရား သိတတ်ခဲ့လို့ ဒီလောက်ကံကောင်းရသနည်း။ အတိအကျ သူ့တွင် ဘာများ ရှိသနည်း။
ဤလူငယ်သည် အမျိုးသမီးကျင့်ကြံသူများအား ဤမျှအလွယ်တကူ ဆွဲဆောင်နိုင်သည်လော..။
မည်သို့ပင်ဖြစ်စေ၊ အမူအရာမပျက် တည်ငြိမ်သော မျက်နှာထားအား သူ ထိန်းထားနိုင်ခဲ့ပေသည်။
“ကျွန်တော် သစ်သားတွေကိုပဲ ထူးထူးခြားခြား စားသောက်တဲ့ ပိုးတစ်မျိုးကို ရှာနေတာ၊ အဲ့ဒါ ခင်ဗျားမှာ ရှိလား။” ကျိုးစွေ့က တဲ့တိုးသာ မေးလိုက်သည်။
“သစ်သားစားတဲ့ပိုး..။ မင်းပြောတာ သစ်သားပိုး ဖြစ်မယ်။ ဒါက သစ်သားဝိညာဉ်ဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းတွေထဲက တစ်ခုပဲ။ ကံကောင်းစွာနဲ့ ငါ့ဆီမှာ လက်ကျန်လေးတွေ ရှိသေးတယ်။ ဒါပေမဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးရာတော့ ကျမယ်။” ဆိုင်ရှင်ကျောက်က ခဏတာစဉ်းစားပြီးနောက် ဈေးနှုန်းတစ်ခုအား ပြောလိုက်သည်။
“ကျွန်တော်ယူမယ်။”
ကျိုးစွေ့က ချက်ချင်းသဘောတူလိုက်သည်။ ယင်းမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးရာသာ ဖြစ်ပြီး ဘာမှစိုးရိမ်စရာမရှိပေ။ စာအုပ်ကူအား သန့်စင်ခြင်းက ပို၍ အဖိုးတန်လေသည်။
“ကြည့်ရတာ ရှောင်ကျိုး၊ ဝိညာဉ်ကျောက်တုံး ဒီလောက်ထုတ်သုံးနိုင်တာကို ထောက်ရင် မင်း တကယ်ပဲ ငွေကောင်းကောင်းရှာထားပုံပဲ။”
ဆိုင်ရှင်ကျောက်၏ အတွင်းစိတ်ထဲတွင် တိုးပွားလာသော မနာလိုစိတ်များက ကြီးမားလာလေသည်။ ဤဝိညာဉ်ကျောက်တုံးများအား ကျိုးစွေ့ရှာဖွေခဲ့သည်ဟု သူ မယုံကြည်ပေ။ ၎င်းမှာ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူကြောင့်သာ ဖြစ်ရပေမည်။ ဤကောင်လေးက ထိုသို့သော အလှပဂေးတစ်ဦးအား မည်သို့ ကျေနပ်အောင် စွမ်းဆောင်နိုင်ခဲ့သနည်း။
သူမက သူ့အား ဤမျှများပြားသော ဝိညာဉ်ကျောက်တုံးများကိုပင် သုံးစွဲနိုင်ရန် ရက်ရက်ရောရော ပေးခဲ့ချေသည်။ ဤသည်မှာ မည်မျှဇိမ်ကျသော ဘဝဖြစ်သည်အား သူသိခဲ့ပါက၊ သူသည်လည်း ထိုအတိုင်း ပြုလုပ်ခဲ့ပေမည်။
ဝမ်းနည်းစရာကောင်းသည်မှာ၊ သူသည် အသက်ကြီးလာပြီ ဖြစ်ကာ၊ ယခင်ကကဲ့သို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ရာ မည်သည့်အမျိုးသမီးကျင့်ကြံသူမျှ သူ့အား မျက်စိကျမည် မဟုတ်ပေ။
“မဟုတ်ရပါဘူးဗျာ။ ကျွန်တော့်မှာ ရှိသမျှ ဒါအကုန်ပါပဲ။ တကယ်ပါ၊ ဘာမှ မကျန်တော့ပါဘူး။”
“ဒါနဲ့၊ သစ်သားပိုး အပြင်၊ တခြားပစ္စည်းလေးတွေလည်း လိုသေးတယ်။ ကျေးဇူးပြုပြီး ရောင်းပေးပါအုံး။”
ကျိုးစွေ့က နိမ့်ချစွာ ပြန်ဖြေပြီး ပစ္စည်းများ ထပ်မံဝယ်ယူလေသည်။
“ဒါက…”
ဆိုင်ရှင်ကျောက်သာမက၊ ဘေးနားရှိ အကူဝန်ထမ်းများပါ မနာလိုစိတ်ဖြင့် မျက်နှာများ စိမ်းဖန်သွားသည်။ “ဒါအကုန်ပါပဲ” ဟု ဘုရားစူး ပြောပြီး၊ ဝိညာဉ်ကုန်ကြမ်းများစွာ ဝယ်ယူနေသော ဤခွေးကောင်သည် မည်မျှချမ်းသာနေသနည်း…။
သံသယဖြစ်စရာမလို၊ ထိုငွေများသည် အသက်ကြီးကြီး အမျိုးသမီးကျင့်ကြံသူထံမှ ဖြစ်ပေမည်။
မဟုတ်ပါက ဤသို့သော ဝိညာဉ်ကျောက်တုံးများစွာအား သူ မည်သို့ ပိုင်ဆိုင်မည်နည်း။
ဤသာမန်ရုပ်ရည်ရှိသော လူငယ်သည် သကြားမေမေတစ်ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယခုအခါ ဤမျှ မာနကြီးစွာ ပြုမူနေပေသည်။ မျက်တောင်တစ်ချက် မခတ်ဘဲ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာအား သုံးစွဲနေသည်။
ယင်းက မာနကြီးပြခြင်းမှလွဲ၍ ဘာမှမဟုတ်တော့ပေ။
သူ့ဘေးရှိ ဝန်ထမ်းများသည်လည်း အံ့ကြိတ်ကာ မနာလိုစိတ်များ တစ်ဖွားဖွားဖြစ်နေလေသည်။
သို့သော် သူတို့ ဘာမှ မတတ်နိုင်ပေ။ သူတို့တာဝန်အတိုင်းသာ ဆက်လက်၍ ကျိုးစွေ့လိုအပ်သော ကုန်ကြမ်းများအား ရှာဖွေပေးရလေသည်။
မည်သို့ပင်ဖြစ်စေ၊ သူ့တွင် ငွေရှိပြီး သူတို့၏ဖောက်သည်ဖြစ်လေသည်။ သူကသာ ဘုရင်ဖြစ်၏။