← Chapters

မဟာမိတ်

Vol. 40 Ch. 586

မဟာမိတ်

Vol. 40 Ch. 586

ဖန်တီးခြင်းရှေးဟောင်းမြေကို စည်းမျဉ်းနှစ်ခု ကန့်သတ်ထားသည်။

တစ် -လျှို့ဝှက်မြေသို့ ဝင်ဖူးပြီးသူသည် နောက်တစ်ကြိမ် ဝင်၍မရ။

နှစ် - လျှို့ဝှက်မြေသို့ ဝင်သူများသည် နယ်မြေအကြောင်း အချက်အလက်များကို အပြင်ဘက်တွင် ထုတ်ပြောခွင့်မရှိ။

ထိုစည်းမျဉ်းနှစ်ခု၏ ရည်ရွယ်ချက်က စမ်းသပ်မှုများ တတ်နိုင်သမျှ တရားအမျှတဆုံးဖြစ်စေဖို့ ချမှတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ယခုရှိနေသည့် နတ်ဆိုးမျိုးနွယ်ဖြစ်စေ လူသားမျိုးနွယ်ဖြစ်စေ ဖန်တီးခြင်းလျှို့ဝှက်မြေအကြောင်း ဘာမှမသိကြ။

ထိုစည်းမျဉ်းများက ပြောင်းလဲမရသည့် ကန့်သတ်ချက်မျိုးတော့မဟုတ်။ အမယွမ်သာရှိလျှင် ရှေးဟောင်းမြေကို အတားအဆီးမရှိ ဝင်နိုင်ထွက်နိုင်ပေလိမ့်မည်။

သို့သော် လုယန်နှင့်မုန်ကျင်းကျိုးအတွက်က ထိုသို့လုပ်နိုင်ဖို့ ခက်ခဲလွန်းသည်။

"ဒီရှေးဟောင်းမြေဟာ ကမ္ဘာဦးခေတ်ကတည်းက ရှိခဲ့တာ။ အတော်ရှုပ်ထွေးလောက်တယ်။ မဟာမိတ်တစ်ယောက်လောက် ရှာကြမလား"

လုယန် အကြံပြုသည်။

ရွှေသန္ဓေအဆင့်သည် ကျင့်ကြံသူတစ်ယောက် အသွင်ပြောင်းမှုအမြင့်ဆုံးအဆင့်ဖြစ်သည်။

ရွှေသန္ဓေအဆင့်အတွင်း ကျင့်ကြံခဲ့ပုံနှင့် သန္ဓေတည်ဆောက်မှုရလာဒ်များက တစ်သက်တာကျင့်စဉ်လမ်းကို လွှမ်းမိုးသွားသည်။

နတ်မယ်သည် ဥပမာကောင်းတစ်ခုဖြစ်သည်။ ပြိုင်ဘက်ကင်းသန္ဓေတည်ဆောက်သည်။ သန္ဓေခွဲ၍ နတ်ဝိညာဉ်တည်ဆောက်ခဲ့သော်လည်း ယနေ့ထက်တိုင် ပြိုင်ဘက်ကင်းသန္ဓေ၏လွှမ်းမိုးမှု ရှိနေသေးသည်။

ထို့ကြာင့် ဖန်တီးခြင်းရှေးဟောင်းမြေသည် ရွှေသန္ဓေအဆင့်ကို ဝင်ခွင့်အဆင့်အဖြစ်သတ်မှတ်ထားသည်။

နတ်ဆိုးနယ်မြေတစ်ခုလုံးတွင် လုယန်နှင့်မုန်ကျင်းကျိုးက အပြင်လူများဖြစ်သည်။

တိုက်ရည်ခိုက်ရည် ဘယ်လောက်ကောင်းသည်ဖြစ်စေ နတ်ဆိုးနယ်မြေပါရမီရှင်များ အုပ်စုလိုက်စုပြုံလာလျှင် ပြိုင်ဘက်ကင်းသန္ဓေပိုင်ဆိုင်ထားလည်း ဘာမှထူးမည်မဟုတ်။

အကောင်းဆုံးနည်းလမ်းက မဟာမိတ်ရှာဖို့သာဖြစ်သည်။

"ရှာကြတာပေါ့"

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

သူတို့သည် လူသားမျိုးနွယ်ဖြစ်သည့်အပြင် တာအိုလမ်းစဉ်ဂိုဏ်းနှင့် မုန်မိသားစုဟူသည့် နောက်ခံနှစ်မျိုးလည်း ပိုင်ဆိုင်ထားသည်။

သူတို့သရုပ်မှန်ပေါ်သွားလျှင် ဖြစ်လာမည့်ကံကြမ္မာက အကောင်းထက်အဆိုးဖြစ်ဖို့များသည်။

"ဖီးနစ်မျိုးနွယ်ဆိုရင်ရော ဘယ်လိုလဲ။ ဖီးနစ်တွေက တာအိုလမ်းစဉ်ဂိုဏ်းနဲ့ အဆက်အသွယ် နည်းနည်းရှိတယ်။ ဖီးနစ်မျိုးနွယ်ထဲမှာ ငါနဲ့အသိအကျွမ်းတွေရှိတယ်"

ကန်ထန်က ဘေးမှအကြံပြုသည်။ လောလောဆယ် သူ့နားရွက်နှစ်ဘက်က ကျားနားရွက်များဖြစ်နေသည်။ မျက်လုံးကို ပဝါအုပ်ထားသည်။ ကျားမြီးတစ်ချောင်း သူ့နောက်တွင် လှုပ်ယမ်းနေသည်။

ချုန်းချီမျိုးနွယ်ဝင်အဖြစ် ခဏဟန်ဆောင်ထားခြင်းဖြစ်သည်။

"ဖီးနစ်မျိုးနွယ်လား... အမသုံး၊ 'နဂါးနှင့်ဖီးနစ်အသွင်ပြောင်း'နည်းကျမ်းကို ဘယ်သူရေးခဲ့လဲသိလား"

"မသိဘူး"

"ကျုပ်တို့ဆရာရေးခဲ့တာ"

ကန်ထန် ခဏမင်သက်မိသွားသည်။ သူတကယ်ထိုအကြောင်းလုံးဝမသိခဲ့။

သို့သော် သူ့ဆရာလုပ်ခဲ့သည့် အရှုပ်တော်ပုံများကို ပြန်တွေးမိသည်။ များလွန်းသဖြင့် မှတ်တမ်းတင်ဖို့ပင်မလွယ်။ နောက်ထပ်အရှုပ်တစ်ခုခု ဘယ်အချိန်ထလုပ်မလဲဟုသာ တွေးနေရသည်။

သူသက်ပြင်းချသည်။

"ဒီအကြောင်းသိခဲ့ရင် ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက နဂါးနဲ့ဖီးနစ်တွေအပေါ် ငါခပ်ကြမ်းကြမ်းတိုက်ခိုက်ခဲ့မိမှာမဟုတ်ဘူး"

"ကြမ်းတာက ဘယ်လောက်တောင်ကြမ်းခဲ့လို့လဲ"

မုန်ကျင်းကျိုး သတိဖြင့်မေးသည်။

"သူတို့ရဲ့အနာဂတ်ကျင့်စဉ်လမ်းမှာ ငါက သူတို့ရဲ့ အတွင်းနတ်ဆိုးဖြစ်လာနိုင်တယ်။

ကဲပါ လောလောဆယ် ဒီအကြောင်းတွေ မပြောတော့ဘူး။ ငါတို့လက်ရှိအခြေအနေနဲ့လည်း မသက်ဆိုင်ဘူး။

နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေက ဆရာ့ရဲ့လုပ်ရပ်ကို မသိလောက်သေးဘူး။ အတူပူးပေါင်းလို့ရမှာပါ"

"နဂါးမျိုးနွယ်နဲ့ရော ပူးပေါင်းမှာလား"

"သူတို့နဲ့ သိပ်အဆင်မပြေလောက်ဘူး။ အရင်က တိုက်ရင်းခိုက်ရင်း တိုးတက်အောင်လုပ်ဖို့အတွက် နဂါးတွေကို မကြာခဏတစ်ယောက်ချင်း ငါစိန်ခေါ်တိုက်ခိုက်ခဲ့တာ။ သူတို့နဲ့ ဆက်ဆံရေးသိပ်မကောင်းဘူး။

အဲဒီ့တုန်းက ငါက ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်ပါ။ အဆင့်တက်ဖို့ ကြိုးစားနေတာ။ နဂါးနယ်မြေမှာ ငါလှည့်ပတ်သွားတယ်။ စွမ်းအားအဆင့်တူတဲ့သူတွေကို စိန်းခေါ်တိုက်ခိုက်တယ်။ ငါမနိုင်တဲ့အဆင့်တွေဆို ရှောင်ပုန်းနေတယ်။

နဂါးမျိုးနွယ်တင်မဟုတ်ဘူး၊ ကျားဖြူမျိုးနွယ်၊ ကျူးယန်မျိုးနွယ်၊ ထောင်ကျူးမျိုးနွယ်တွေနဲ့လည်း ငါတိုက်ခိုက်ခဲ့တယ်"

"..."

အမသုံး၏ဆုကြေးသည်လည်း မနိမ့်လောက်ဟု သူတို့နှစ်ယောက်တွေးနေသည်။

"ပြီးခဲ့တဲ့တစ်ခေါက် ဖီးနစ်မျိုးနွယ်ဖမ်းဆီးတာကို ငါခံရတယ်။ အမယွမ်ကို အကူအညီတောင်းလိုက်တယ်။ သူက မျိုးနွယ်အကြီးအကဲတွေနဲ့ ဆွေးနွေးပြီး ငါနဲ့မျိုးဆက်တူဖီးနစ်တွေနဲ့ တိုက်ခိုက်ခွင့်ပေးတယ်။

ဖီးနစ်မျိုးနွယ်က ငါ့သရုပ်မှန်ကို သိကြပေမယ့် အခုထိလျှို့ဝှက်ထားတာကိုကြည့်ရင် ယုံကြည်စိတ်ချရတဲ့သဘောပဲ"

"ဒါဆို ဖီးနစ်မျိုးနွယ်နဲ့ ပူးပေါင်းကြတာပေါ့"

လုယန်တို့လည်း ခေါင်းငြိမ့်လိုက်သည်။

သုံးယောက်သား ဖီးနစ်မျိုးနွယ်ဆီ ချဉ်းကပ်သွားသည်။ ဖီးနစ်များနှင့် နောက်လိုက်ငှက်မျိုးနွယ်များက သူတို့ကို သတိမပြတ်စောင့်ကြည့်နေသည်။

"ရပ်စမ်း၊ မင်းတို့ဘယ်သူလဲ"

ကျန်းရှန် အော်မေးသည်။ အထူးသဖြင့် ကန်ထန်ကို သူသေချာစိုက်ကြည့်နေသည်။ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသောကြောင့်ဖြစ်သည်။

"ငါကန်ထန်ပါ"

ကန်ထန်က အေးအေးလူလူမိတ်ဆက်သည်။

နားမည်ကြားသည်နှင့် ကျန်းရှန် နောက်သို့ခြေသုံးလေးလှမ်းဆုတ်သွားသည်။

ကျန်းရှန်သာမဟုတ်။ မြေပေါ်လှဲသိပ်၍ ကန်ထန်၏ရိုက်နှက်ခြင်းခံခဲ့ရဖူးသည့် နောက်ထပ်ဖီးနစ်နှစ်ယောက်လည်း နောက်ဆုတ်သွားသည်။

ကျန်းရှီရှီကို လိုက်ပို့သည့် အကြီးအကဲက ယွမ်ကျိနှင့် ကျင့်စဉ်အမြင်ဖလှယ်ဖူးသည်။ ကန်ထန်အကြောင်း သိနေသည်။

"ဖီးနစ်မျိုးနွယ်ဝင်တွေနဲ့ပတ်သက်တဲ့ကိစ္စတစ်ခု ဆွေးနွေးချင်တယ်။ တိတ်ဆိတ်တဲ့တစ်နေရာမှာ သွားရအောင်"

နောက်လိုက်ဖီးနစ်များ မကြားစေလိုခြင်းဖြစ်သည်။ ဖီးနစ်မျိုးနွယ်များသည် ယုံကြည်၍ရနိုင်သည်။ သို့သော် သူတို့နောက်လိုက်ငှက်မျိုးနွယ်များက ထိုသို့ဟုတ်ချင်မှဟုတ်မည်။

"ကောင်းပြီလေ"

ဖီးနစ်အကြီးအကဲ၊ ကျန်းရှန်နှင့် ကျန်းရှီရှီတို့ကို ကန်ထန်က ဘေးသို့ခေါ်ထုတ်လာသည်။

"ငါ မိတ်ဆက်ပေးမယ်။ ဒီနှစ်ယောက်က ငါ့ဂိုဏ်းတူမောင်လေးတွေ၊ လုယန်နဲ့ မုန်ကျင်းကျိုးတဲ့"

ထိုနာမည်များကြားသည်နှင့် ကျန်းရှီရှီက လုယန်တို့နှစ်ယောက်ကို တအံ့တဩလှမ်းကြည့်သည်။

ဖီးနစ်မျိုးနွယ် ပါရမီရှင်၊ အနာဂတ်မျိုးနွယ်ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင်ကြိုးစားပြီး မဟာရှားပါရမီရှင်များအခြေအနေကို သူအမြဲနားစွင့်ထားသည်။

အထူးသဖြင့်မျိုးဆက်တူပါရမီရှင်များကို အာရုံစိုက်သည်။

ဤနှစ်ယောက်၏သတင်းကို သူမကြာခဏကြားခဲ့ရသည်။

လုယန်၏ မှော်ပညာသည် ပြိုင်ဘက်ကင်းသည်။ ဓားကျင့်ကြံသူဖြစ်သော်လည်း သူဓားထုတ်သည်ကိုမမြင်ဖူးဟု ဆိုကြသည်။

မုန်ကျင်းကျိူးက သန့်စင်ယန်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်။ သရဲများ မကောင်းဆိုးဝါးဝိညာဉ်များကို နှင်ထုတ်နိုင်သည်။ ခန္ဓာကျင့်ကြံသူအဖြစ် ဇွဲကောင်းကောင်းကျင့်ကြံခဲ့သည်။ မှော်ပညာနှင့်လက်သီးပညာ ပေါင်းစပ်နိုင်ခဲ့သည်။ သူ့စွမ်းရည်များကို အပြည့်အစုံမသိရသေး။

ကျန်းရှီရှီသည် ကိုယ့်ကိုယ်ကို ထူးခြားပါရမီရှင်ဟု ယူဆထားသော်လည်း ထိုနှစ်ယောက်ကို အနိုင်ယူနိုင်မယူနိုင် သူသေချာမသိ။

"မင်းတို့က ဘယ်လိုလုပ်ချင်လို့လဲ"

ဖီးနစ်အကြီးအကဲကမေးသည်။

"မဟာမိတ်ဖွဲ့ပြီး ရှေးဟောင်းနယ်မြေထဲကို ဝင်ချင်တာပါ"

ဖီးနစ်အကြီးအကဲ ချက်ချင်းမငြင်းပယ်။ အခြေအနေကို အလေးအနက်တွက်ဆနေသည်။

ဤနှစ်ယောက်သည် မဟာရှားမှ ရွှေသန္ဓေအဆင့်တို့တွင် စွမ်းအားအကြီးဆုံးများဖြစ်သည်။ တိုက်ခိုက်စွမ်းအားက ဖီးနစ်မျိုးနွယ်မှ ကျန်းရှီရှီ၏နောက်လိုက်များထက် များစွာပိုမြင့်မားသည်။

ထို့ပြင် တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်သည်။

ကျန်းရှီရှီသည် မွေးကတည်းက ပိုးမွေးသလို ပြုစုစောင့်ရှောက်ခံခဲ့ရသူဖြစ်သည်။

စိတ်ဖြူစင်လွန်းသည်။ ရိုးသားလွန်းသည်။ မျိုးနွယ်ခေါင်းဆောင်ဖြစ်ဖို့မသင့်တော်သေး။

တာအိုလမ်းစဉ်ဂိုဏ်း၏ ဉာဏ်နီဉာဏ်နက်များ နည်းနည်းလွှမ်းမိုးခံရလျှင် ကောင်းလိမ့်မည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် နာမည်ဆိုးဖြင့်ကျော်ကြားသော်လည်း ကိုယ့်လူကိုယ် လိမ်ညာလှည့်စားလေ့မရှိကြောင်း ဖီးနစ်အကြီးအကဲသိသည်။ အာမခံချက်ရှိသည်။

"ဖြစ်နိုင်ပါတယ်"

"မိတ်ဆွေကျန်း၊ ကျုပ်ခင်ဗျားဆီကနေ ပညာယူနိုင်မျှော်လင့်ပါတယ်"

လုယန်က ပြုံး၍ ကျန်းရှီရှီကိုပြောသည်။

ကျန်းရှီရှီ ခဏတွေသွားပြီးနောက် ပြန်လှန်နှုတ်ဆက်သည်။

"မိတ်ဆွေလုဆီကနေ ပညာယူနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်"

"အကိုကျန်းရှန်၊ မတွေ့တာအတော်ကြာပြီနော်"

"နောက်ဆုံးတွေ့တုန်းက မင်းတို့နှစ်ယောက် အခြေတည်အဆင့်ပဲရှိသေးတာ။ အဲဒီကတည်းက မင်းတို့ ရွှေသန္ဓေအဆင့်ရောက်ရင် နာမည်ကြီးလာမယ်ဆိုတာ ငါကြိုသိပါတယ်။ ဒါပေမယ့် ဒီလောက်ထိစွမ်းအားကြီးလာမယ်တော့ ထင်မထားမိဘူး"

ကျန်းရှန်က အံ့ဩလေးစားရိပ်အပြည့်ဖြင့်ပြောသည်.

"ရှီရှီ၊ ဒီနှစ်ယောက်က ဘယ်သူလဲ"

ကျယ်လောင်သည့်ရယ်မောသံတစ်ခု ပေါ်လာသည်။ ကျိုးယင်မျိုးနွယ် သခင်လေးဖြစ်သည်။ ကျိုးယင်မျိုးနွယ်မှ ကာကွယ်သူတစ်ယောက်လည်း အတူပါလာသည်။ ထိုလူထံမှ သိမ်မွေ့ပြင်းထန်သည့် ဖိအားတစ်ခုထွက်ပေါ်နေသည်။

ရယ်မောသံက နှစ်လိုဖွယ်ရှိသော်လည်း မျက်လုံးများက မှုန်မှိုင်းနေသည်။ လုယန်နှင့် မုန်ကျင်းကျိုးကို ဝေ့ကြည့်သည်။

ကျန်းရှီရှီမျက်မှောင်ကျုံ့သွားသည်။ ကျိုးယင်မျိုးနွယ်သခင်လေးလေသံကို အလိုမကျဖြစ်သွားဟန်ရှိသည်။

"ချင်ဖုန်း၊ ငါတို့ချင်းအဲလောက်မရင်းနှီးဘူး။ အဲလိုအသုံးအနှုန်းမျိုးမခေါ်နဲ့လို့ ငါဘယ်နှစ်ခါပြောရမလဲ"

"သူကဘယ်သူလဲ"

လုယန်က ကျန်းရှန်ကို သိစိတ်အာရုံမှ လှမ်းမေးသည်။

"ကျိုးယင်မျိုးနွယ်သခင်လေး ချင်ဖုန်းပါ။ ကူးဖြတ်ခြင်းအဆင့် ကျိုးယင်အကြီးအကဲတစ်ယောက်ရဲ့ လက်သပ်မွေးထားတဲ့တပည့်။ သူ့အဆင့်အတန်းက ကျိုးယင်မျိုးနွယ်ခေါင်းဆောင်ထက်မနိမ့်ဘူး။

သူစကျင့်ကြံချိန်ကတည်းက ရှီရှီကို ပိုးပန်းခဲ့တာ။ ဒါပေမယ့် မအောင်မြင်ဘူး။ မင်းတို့နှစ်ယောက်ကို သူက ပြိုင်ဘက်လို့မြင်လာတာဖြစ်မယ်။ မင်းတို့သတိထားသင့်တယ်"

"ကောင်းပါပြီ"

ချင်ဖုန်းက ကြာကြာဆက်မနေ။ လုယန်နှင့်မုန်ကျင်းကျိုးကို အကြည့်ဖြင့် သတိပေးပြီးနောက် ထွက်သွားသည်။

ကျိုးယင်ကာကွယ်သူက အစမှအဆုံးထိ လုံးဝစကားမပြော။ သို့သော် သူတမင်ထုတ်လွှတ်သည့်စွမ်းအင်ဖိအားကြောင့် သူ့ရည်ရွယ်ချက်က ရှင်းလင်းပြီးသားဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကန်ထန်မျက်မှောင်နည်းနည်းကျုံ့သွားသည်။

နောက်ထပ်နှစ်နာရီအကြာတွင် ရှေးဟောင်းနယ်မြေဖွင့်သည်။

လုယန်တို့လည်း ကျန်းရှီရှီနှင့်အတူ နယ်မြေသို့ဝင်ကြသည်။

မျိုးနွယ်စုံမှကာကွယ်သူများ အပြင်ဘက်တွင်ကျန်ခဲ့သည်။

ကန်ထန် ဖီးနစ်မျိုးနွယ်လူစုနားမှ ထွက်လာခဲ့သည်။ မထွက်ခွာမီ ဖီးနစ်များကို မှာခဲ့သည်။

"ခဏနေလို့ငါပြန်ရောက်လာရင် ငါ့ကိုမသိချင်ယောင်ဆောင်နေပါ"

နာရီဝက်အကြာတွင် သွေးတစ်စက်စက်ကျနေသည့် သားရေချပ်တစ်ခုကိုစီး၍ ကန်ထန်ရောက်လာသည်။ ပျံသန်းပုံက ဒယိမ်းဒယိုင်ဖြစ်နေသည်။

သားရေးချပ်မှ ကျနေသည့်သွေးများက သူ့ကိုယ်ပိုင်သွေးများဖြစ်သည်။

ကန်ထန် ဒဏ်ရာအပြင်းအထန်ရထားသည်။

"ကြည့်ကြဟေ့၊ အဲဒါ မိုယင်ပဲ"

မျက်လုံးလျင်သည့်နတ်ဆိုးတစ်ယောက်က ကန်ထန်ကို မှတ်မိသွားသည်။

"ဟုတ်တယ်၊ သူပဲ။ သူဘယ်လို ဒဏ်ရာရခဲ့တာလဲ"

ဒဏ်ရာအပြင်းအထန်ရထားသည့် ကန်ထန်က နှုတ်ခမ်းတင်းတင်းကိုက်လျက် အားတင်းပြီးပျံသန်းလာသည်။ ဒေါသတကြီးအော်ဟစ်သည်။

"ချုန်းချီမျိုးနွယ်။ နင်တို့အရှက်မရှိဘူး။ မျိုးနွယ်စုံက ဘိုးဘေးဂူသင်္ချိုင်းတွေ စူးစမ်းလေ့လာဖို့ ငါ့ကိုငှားတယ်။ ပြီးတော့မှ သစ္စာဖောက်ပြီး ငါ့နောက်ကိုလုပ်ကြံရေးသမားတွေလွှတ်တယ်။

ငါသေရမယ်ဆိုရင်တောင် နင်တို့ကိုငါနဲ့အတူ အပါခေါ်သွားမယ်"

*********************************

All Chapters