← Chapters

စမ်းသပ်မှုစတင်ခြင်း

Vol. 40 Ch. 587

စမ်းသပ်မှုစတင်ခြင်း

Vol. 40 Ch. 587

ချုန်းချီအကြီးအကဲက ကန်ထန်ကို စားမတတ်ဝါးမတတ်ကြည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"မိစ္ဆာမမိုယင်၊ သွေးခွဲအပုပ်ချတဲ့စကားတွေမပြောနဲ့။ ငါတို့ချုန်းချီမျိုးနွယ်က ဒီလိုအလုပ်မျိုး မင်းကိုဘယ်တုန်းကခိုင်းဖူးလို့လဲ"

မိုယင်စပေါ်လာချိန်တွင် လူအုပ်က ဝိုင်းဖမ်းရန်ပြန်ကြသည်။ သို့သော် ထိုအခြေအနေကိုကြည့်၍ ပါးနပ်စွာ ကိုယ်ရှိန်သပ်လိုက်သည်။

မည်သို့ဆိုစေ မိုယင် ဒဏ်ရာအပြင်းအထန် ရထားသည်။ ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်။

သူ့လုပ်ရပ်များနောက်ကွယ်တွင် ဘယ်သူရှိသည်သိဖို့ အခွင့်ကောင်းတစ်ခုဖြစ်သည်။

"ဘယ်တုန်းကလုပ်ခိုင်းလို့လဲတဲ့လား"

ကန်ထန် လှောင်ပြုံးပြုံးသည်။

"ကိုယ့်လုပ်ရပ်ကိုယ် ဝန်မခံရဲဘူးပေါ့။ ငကြောက်တွေ။အရင်က နင်တို့ချုန်းချီမျိုးနွယ် ငါ့ဆီကို လူလွှတ်ဆက်သွယ်တယ်။ မျိုးနွယ်စုံရဲ့ နောက်ခံအင်အားကို လျှို့ဝှက်စုံစမ်းချင်တယ်လို့ပြောတယ်။ ရှေးဘိုးဘေးတွေ သက်ရှိထင်ရှားရှိမရှိ အဓိကထားပြီး စုံစမ်းခိုင်းတယ်။

နင်တို့ချုန်းချီက ငွေတွေပုံပေးတော့ ဒီအလုပ်ကို ငါလက်ခံခဲ့တယ်။ ငါ့အသက်ကိုရင်းပြီး မျိုးနွယ်စုံ ဂူသင်္ချိုင်းတွေကို သွားစုံစမ်းခဲ့တယ်။ ပထမတော့ နင်တို့ချုန်းချီတွေ ဘာကြောင့် ဒီလိုလုပ်မှန်း ငါနားမလည်ဘူး။

အခုတော့ နားလည်သွားပြီ။ နင်တို့ချုန်းချီတွေဟာ အစကတည်းက တိကျန်းဘိုးဘေးနဲ့ မဟာမိတ်ဖွဲ့ထားပြီးသား။ ဒါကြောင့် မျိုးနွယ်စုံရဲ့ နောက်ခံအင်အားကိုစုံစမ်းပြီး အားလုံးကိုထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပဲ။

အခုတိကျန်းဘိုးဘေး ဩဇာတက်လာပြီဆိုတော့ နင်တို့ကငါ့ကို အသုံးမလိုတဲ့ အမှိုက်တစ်ခုလိုသဘောထားပြီး နှုတ်ပိတ်ဖို့ကြိုးစားတယ်လေ"

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့ကွ။ ငါတို့ချုန်းချီမျိုးနွယ်ဟာ ဆင်းရဲလွန်းလို့ မုန်မိသားစုဆီကတောင် ငွေချေးခဲ့ရတာ အားလုံးအသိပဲ။ မင်းကို ဘယ်ကငွေတွေ ပုံပေးနိုင်မှာလဲ။

ငါတို့သာ တိကျန်းနဲ့မဟာမိတ်ဖွဲ့ထားရင် ငါတို့အခုလောက် အခြေအနေဆိုးနေပါ့မလား"

ချုန်းချီအကြီးအကဲ ဒေါသတကြီး ပြန်ပြောသည်။

ကန်ထန် ခဏတွေဝေသွားသည်။ ထိုစကား သဘာဝကျသည်ဟု ယူဆနေဟန်ရှိသည်။

"နေဦး၊ တိကျန်းဘိုးဘေးနဲ့ ပထမဆုံးပူးပေါင်းခဲ့တဲ့မျိုးနွယ်ဟာ ကျိုးယင်မျိုးနွယ်ပဲ။ ငါ့ကိုငှားတဲ့လူ ပထမဆုံး စုံစမ်းခိုင်းခဲ့တာကလည်း ကျိုးယင်မျိုးနွယ်အကြောင်းပဲ"

ရုတ်တရက် ကန်ထန် ကျိုးယင်အကြီးအကဲကို လက်ညှိုးလှမ်းထိုးသည်။ သူ့တစ်ကိုယ်လုံး တုံရင်နေသည်။ ဒဏ်ရာများကြောင့်မဟုတ်။ ဒေါသကြောင့်ဖြစ်သည်။

"ငါ့ကိုငှားခဲ့တာ နင်တို့ကျိုးယင်မျိုးနွယ်ပဲ။ နင်တို့ကိုသံသယမဝင်အောင် နင်တို့ရဲ့ကျိုးယင်မျိုးနွယ်ဂူသင်္ချိုင်းကို ပထမဆုံးစုံစမ်းခိုင်းခဲ့တာပဲ"

ကျိုးယင်အကြီးအကဲ သွေးအန်မတတ်ဖြစ်သွားသည်။

ကြည့်ကောင်းကောင်းဖြင့် သူကြည့်နေခဲ့သည်။ ဘာကြောင့် သူ့ဆီမြားဦးလှည့်လာသည်မသိ။

"အဓိပ္ပါယ်မရှိတာမပြောနဲ့ကွ"

ကန်ထန် လှောင်ပြုံးပြုံးသည်။

"အဓိပ္ပါယ်ရှိမရှိ နင့်စိတ်ထဲမှာ အသိဆုံးဖြစ်မှာပါ။ ဒီနေ့ငါ့ကိုလုပ်ကြံဖို့ကြိုးစားတဲ့ရန်ကြွေး နောင်တစ်ချိန်နင်တို့ပြန်ပေးဆပ်ရမယ်"

ထိုသို့ပြောပြီး ကန်ထန်ထွက်သွားရန်ပြင်သည်။

"သူ့ကိုမြန်မြန်တားကြဟေ့"

မျိုးနွယ်စုံအကြီးအကဲများ ကန်ထန်ကို ချက်ချင်းပိတ်ဆို့တားဆီးရန် ကြိုးစားကြသည်။

အခြေအနေမကောင်းသည်ကိုမြင်ရသဖြင့် ကန်ထန် သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

နောက်ဆုံးလက်ကျန်စွမ်းအားကိုသုံး၍ သားရဲသားရေချပ်ကို အသက်သွင်းလိုက်သည်။

သားရေချပ်က လေဟာနယ်ကို အကြိမ်ကြိမ်ခုန်ကူးပြီးနောက် ပျောက်ကွယ်သွားသည်။ နတ်ဆိုးအုပ်စု ဒေါသတကြီးဆဲဆိုကြိမ်းမောင်းရင်း ကျန်ရစ်ခဲ့သည်။ ကျိုးယင်မျိုးနွယ်၏ဆဲဆိုသံများက အကျယ်လောင်ဆုံးဖြစ်သည်။

နာရီဝက်ကြာပြီးနောက် ကန်ထန် ရုပ်ဖျက်၍ ဖီးနစ်မျိုးနွယ်ဆီ ပြန်ရောက်လာသည်။ ခုနက ဒဏ်ရာရခဲ့သည့်လူတစ်ယောက်နှင့် လုံးဝမတူ။

ဖီးနစ်မျိုးနွယ်အကြီးအကဲပင် သိစိတ်အသံလှိုင်းမှ မေးလိုက်မိသည်။

"ကျိုးယင်မျိုးနွယ်က မင်းကိုတကယ်ငှားခဲ့တာလား"

"ဘယ်ဟုတ်မလဲ၊ တမင်ပြောလိုက်တာပေါ့။ ခုနက ချုန်းချီမျိုးနွယ်အကြီးအကဲကို အသုံးချပြီး ငါသရုပ်ဆောင်ခဲ့တာ။ ဒီလိုလုပ်လိုက်တဲ့အတွက် ချုန်းချီမျိုးနွယ်အပေါ် အားလုံးသံသယရှင်းပြီးသား ဖြစ်သွားတယ်လေ။

တိကျန်းဘိုးဘေးက စွမ်းအားသုံးပြီး နတ်ဆိုးနယ်မြေကိုလွှမ်းမိုးဖို့ကြိုးစားတာ။ မျိုးနွယ်တွေ မကျေမနပ်ဖြစ်နေကြမှာပဲ။ အခုချိန် ကျိုးယင်မျိုးနွယ်ကို သင်ခန်းစာပေးပြီး မျိုးနွယ်တွေကြား သွေးခွဲပေးဖို့ အချိန်ကောင်းပဲ"

"မင်းပထမဆုံးစုံစမ်းခဲ့တာ ကျိုးယင်မျိုးနွယ်လား"

"တမင်ပြောလိုက်တာပါ။ ယုံယုံမယုံယုံ ရလာဒ်ကအတူတူပဲလေ"

ကျိုးယင်ကို ချောက်တွန်းဖို့ သူ့အတွက် သက်သေအထောက်အထားမလို။

စွပ်စွဲနိင်မည့် သံသယဖြစ်စရာအကြောင်းရှိရုံဖြင့် လုံလောက်သည်။

"ကျိုးယင်မျိုးနွယ်က သူတို့သခင်လေးကို မောက်မာခွင့်ပေးခဲ့တဲ့အတွက် ထိုက်တန်တဲ့တန်ကြေးကို သူတို့ပြန်ပေးဆပ်ရမှာပဲ"

ကန်ထန် အေးစက်စက်ပြောသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ကတော့ ထိုအဖြစ်အပျက်အကြောင်း မသိနိုင်ကြတော့။ ရှေးဟောင်းမြေ၏စည်းမျဉ်းများကို အာရုံစိုက်၍ နားထောင်နေကြသည်။

လျှို့ဝှက်မြေထဲသို့ဝင်ချိန်တွင် ကျားမမကွဲပြားသည့်စကားသံတစ်ခု အထက်မှပေါ်လာသည်။

"လျှို့ဝှက်မြေကနေကြိုဆိုပါတယ်။ လျှို့ဝှက်မြေကို အလွှာသုံးခုခွဲထားတယ်။ ဒုတိယအလွှာကိုဝင်နိုင်မှပဲ အခွင့်အလမ်းဆုလာဒ်တွေ ရပါမယ်။ အလွှာတိုင်းမှာ စွမ်းဆောင်ရည်မြင့်လေ အခွင့်အလမ်းရနိုင်ခြေ ပိုများလေပါ"

သုံးထပ်မျှော်စင်တစ်ခု အားလုံးရှေ့တွင်ပေါ်လာသည်။ အထပ်တိုင်းက သီးခြားလေဟာနယ်တစ်ခုကို ကိုယ်စားပြုသည်။ ဖန်တီးခြင်းရှေးဟောင်းမြေ၏ ပုံစံငယ်တစ်ခုဖြစ်သည်။

လက်ရှိတွင် သူတို့အားလုံး ပထမအလွှာဝင်ပေါက်သို့ ရောက်နေသည်။

"ဒီအလွှာမှာ နတ်ဝိညာဉ်အဆင့် နတ်ဆိုးသားရဲတွေ အများကြီးရှိတယ်။ နတ်ဆိုးသားရဲတစ်ကောင်သတ်ရင် ဝိညာဉ်သန္ဓေတစ်ခုရမယ်။

ဝိညာဉ်သန္ဓေဆယ်ခုရရင် ပထမအလွှာရဲ့စမ်းသပ်မှုကို အောင်မြင်တဲ့သဘောပဲ။ ပထမအလွှာစမ်းသပ်ပွဲအတွက် အချိန်သတ်မှတ်ချက်က ဆယ်ရက်ပါ။

ပထမအလွှာရဲ့အတွင်းအကျဆုံးနေရာမှာ ဒုတိယအလွှာကိုတက်တဲ့ လှေခါးတစ်ခုရှိတယ်။ ဝိညာဉ်ကျောက်အတိုင်းအတာတစ်ချို့ရှိရင် ဝင်ခွင့်ရမယ်။

ပထမအလွှာရဲ့စမ်းသပ်ပွဲ ပြီးသွားမှ ဒုတိယအလွှာစမ်းသပ်ပွဲစမယ်ဆိုတာ သိထားဖို့အ‌ရေးကြီးပါတယ်။

အခု ပထမအလွှာရဲ့စမ်းသပ်ပွဲစတင်ပါပြီ"

ကြီးမားသည့်သဲနာရီတစ်ခု ကောင်းကင်တွင်ပေါ်လာသည်။ ပထမအလွှာ ဘယ်နေရာကကြည့်ကြည့် မြင်ရသည်။

သဲများကဖြေးညှင်းစွာကျဆင်းလာပြီး ဆယ်ရက်တာကို စတင်ရေတွက်နေသည်။

"နတ်မယ်၊ ဒီလျှို့ဝှက်မြေကို အရင်ကမြင်ဖူးလား"

နတ်မယ်ခေါင်းခါသည်။

"ဟင့်အင်း၊ မမြင်ဖူးဘူးလို့ထင်တာပဲ။ ငါသေပြီးမှ ပေါ်လာတာလည်းဖြစ်ကောင်းဖြစ်မယ်"

နတ်ဆိုးမျိုးနွယ်ပါရမီရှင်အများစုက စည်းမျဉ်းများကို နားထောင်ကြပြီးနောက် ပထမအလွှာသို့ဝင်ရန် နေရာစုံသို့ခွဲထွက်၍ နတ်ဆိုးသားရဲများကိုရှာကြသည်။

နတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲများကိုသတ်ဖြတ်ဖိ့ မလွယ်ကူလှ။ လူတိုင်းက လုယန်နှင့်မုန်ကျင်းကျိုးလို ကိုယ့်ထက်စွမ်းအားအဆင့်မြင့်သူများကို တိုက်ခိုက်နိုင်သည်မဟုတ်။

အလွှာတစ်ခုစီအတွက် စွမ်းဆောင်ရည်မြင့်လေ ဆုလာဒ်ပိုများလေဟု စည်းမျဉ်းများက ဖော်ပြထားသည်။

နတ်ဆိုးသားရဲများများသတ်လေ ပိုကောင်းလေဖြစ်မည်။

မုန်ကျင်းကျိုး ငြိမ်ရပ်လျက် မေးစေ့ကိုကုတ်နေသည်။ စည်းမျည်းများက တင်းကြပ်လွန်းသည်ဟု ယူဆသည်။

သို့သော် သေချာပြန်စဉ်းစားလျှင် အသုံးချနိုင်လောက်သည့် ဟာကွက်တစ်ချို့တော့ရှိသည်။

လုယန်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် သူလှမ်းကြည့်သည်။

လုယန်ကလည်း အထာပေါက်ဟန်ဖြင့် ပြန်ကြည့်သည်။

သွေးပူအနေဖြင့် နတ်ဆိုးသားရဲအနည်းငယ်စသတ်ဖြတ်ကြည့်မည်။

"ရှင်တို့နှစ်ယောက် နတ်ဆိုးသားရဲတွေသတ်ဖို့ ကျွန်မတို့နဲ့အတူ ပူးပေါင်းချင်လား"

ကျန်းရှီရှီကမေးသည်။ ပထမအလွှာအတွက် အခြေအနေက ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ကောင်းမွန်သည်။

လှုပ်ရှားမှုပိုထိရောက်စေရန် နှစ်ယောက်အတူလှုပ်ရှားနိုင်သည်။ တစ်ယောက်က ရထားသည့်အကျိုးအမြတ်များ တစ်ခြားလူလုမယူနိုင်စေရန် ကာကွယ်နိုင်သည်။

ကျန်းရှီရှီ၏နောက်လိုက်များကလည်း ကိုယ်အစုနှင့်ကိုယ် နတ်ဆိုးသားရဲများကိုသတ်၍ လှေခါးထိပ်ရောက်မှ ဆုံကြမည်။

နောက်လိုက်များသည် သက်တော်စောင့်မဟုတ်။ နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည် လေ့ကျင့်ဖို့အခွင့်ကောင်းဖြစ်သည်။

ကျန်းရှီရှီကို သူတို့ကာကွယ်ပေးနေဖို့မလို။

"နတ်ဆိုးသားရဲတွေရဲ့ အရည်အသွေးကို အရင်စစ်ဆေးကြည့်တာပေါ့"

လုယန် အတော်သတိထားသည်။

သူတို့လိုပါရမီရှိသည့် နတ်ဝိညာဉ်သားရဲတစ်ကောင်နှင့်တွေ့ခဲ့လျှင် ဝိညာဉ်ပြောင်းအဆင့်တိုက်ခိုက်စွမ်းအားမျိုး ရှိနေနိုင်သည်။

"ကောင်းပြီလေ"

လျှို့ဝှက်မြေထဲမဝင်မီ ကျန်းရှီရှီကို သူ့အကြီးအကဲက ပြဿနာတစ်ခုခုကြုံလျှင် ထိုလူနှစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးဖို့ အကြံပေးလိုက်သည်။

ပထမအလွှာသည် တောနက်ကြီးတစ်ခုဖြစ်သည်။ တောနက်အတွင်းပိုင်းတွင် နတ်ဝိညာဉ်အဆင့်သားရဲများ သွားလာလှုပ်ရှားနေသည်။

သုံးယောက်သား သတိဖြင့် ဝိညာဉ်အာရုံဖြန့်လိုက်သည်။

မလှမ်းမကမ်းမှ တိုက်ခိုက်သံများကြောင့် သစ်ပင်ထက်တွင်ပုန်းနေသည့် မျောက်ဝံကြီးတစ်ကောင် လန့်ဖျတ်သွားသည်။

မျောက်ဝံ၏ရင်ဘတ်တွင် အဖြူရောင်အမွှေးစုတစ်ခုရှိသည်။ ရင်ဘတ်ကို တဘုန်းဘုန်းထု၍ သစ်ပင်တစ်ပင်မှတစ်ပင် ခုန်ကူးလာသည်။

ကျယ်လောင်စွာအော်ဟစ်၍ သစ်ပင်ပေါ်မှ အရှိန်ပြင်းစွာခုန်ဆင်းလာသည်။

တိုက်ပွဲအတွေ့အကြုံကြွယ်သည့် လုယန်တို့နှစ်ယောက်က မျောက်ဝံကို ကြိုမြင်ပြီးဖြစ်သည်။

"အရဟတ်လက်သီး"

"ဖျောင်း"

နှစ်ယောက်သား ပြိုင်တူလှုပ်ရှားသည်။

မုန်ကျင်းကျိုး၏အရဟတ်လက်သီးက မျောက်ဝံ၏လက်သီးများနှင့်ရင်ဆိုင်တွေ့သည်။

မျောက်ဝံ အားချင်းမယှဉ်နိုင်ဘဲ လေထဲသို့လွင့်တက်သွားသည်။

လုယန်က ခြေနှစ်ချောင်းအားပြု၍ ခုန်ထွက်သွားပြီး ဓားကိုတစ်ချက်ဆွဲထုတ်သည်။ ထို့နောက် ဓားအိမ်ထဲပြန်သွင်းသည်။ မျောက်ဝံခန္ဓာကိုယ် နှစ်ခြမ်းပြတ်သွားသည်။

ဦးခေါင်းပြတ်ကလိမ့်ထွက်လာပြီး မင်သက်မိနေသည့် ကျန်းရှီရှီခြေရင်းတွင်ရပ်သွားသည်။

နတ်ဝိညာဉ်ထိပ်ဆုံးအဆင့် သွေးဆက်သန့်စင်သည့်မျောက်ဝံဖြစ်သည်။ ထိုနှစ်ယောက် ရှင်းပစ်ပုံက လွယ်လွန်းနေသည်။

"ပြီးပြီ"

လုယန်နှင့်မုန်ကျင်းကျိုး လက်ဝါးချင်းရိုက်ကြသည်။ အတော်စိတ်အေးလက်အေးဟန်ပန်မျိုးရှိသည်။

"ကြည့်ရတာအားလုံးက သာမန်နတ်ဝိညာဉ်အဆင့်တွေဖြစ်လောက်ပါတယ်။ ငါတို့အကြံအစည်ကို အကောင်အထည်ဖော်လို့ရတယ်"

**********************************

All Chapters